← Chapters

နောက်ထပ်ချစ်သူတစ်ဦးလား

Vol. 34 Ch. 490

နောက်ထပ်ချစ်သူတစ်ဦးလား

Vol. 34 Ch. 490

….

သန့်စင်ပရောဟိတ်မသည် ထိုသေခြင်းရှင်ခြင်းမြစ်ရှိ တည်ရှိမှုတစ်ခုအကြောင်းကို လွန်ခဲ့သည့်ကာလများကတည်းက သတိပေးခံခဲ့ရဖူးသည်ကို ပြန်လည်အမှတ်ရလိုက်သည်။

သူမတစ်သက်တာတွင် ဤကမ္ဘာ၌ နတ်ဘုရားမအနေနှင့် ကြောက်လန့်ဘူးသောအရာဟူ၍ ထို သေခြင်းရှင်ခြင်းမြစ်ရှိ အိပ်ပျော်နေသည့် ဖြစ်တည်မှု တစ်ခုတည်းသာလျှင် ရှိကြောင်းသိရှိထား၏။

ဤကမ္ဘာ၏ နိယာမများက သန့်စင်နတ်ဘုရားမအား ဤကမ္ဘာသို့ ဆင်းသက်ခြင်းမှ တားမြစ်ထားသော်လည်း ထိုဖြစ်တည်မှုအတွက်မူ ကွဲပြားခြားနား၏။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဤကမ္ဘာ၌ ကနဦးမူလအစကတည်းကပင် တည်ရှိနေပြီးသား ဖြစ်နေခဲ့သောကြောင့်ပင်တည်း...။

ထို့ကြောင့်ပင် ၎င်းအား ဤလောက၏ ဖုံးကွယ်ထားသော ဖြစ်တည်မှုဟု ခေါ်ဆိုခြင်းသည် အလွန်အမင်းတော့ မဟုတ်ပေ။

ထိုတည်ရှိမှုကို အရှင်သခင် လေးဦးစလုံးပင် ကြောက်ရွံ့ခဲ့ကြရခြင်းဖြစ်သည်။

သို့သော် ကံကောင်းစွာဖြင့် ထိုဖြစ်တည်မှုသည် သေခြင်းရှင်ခြင်းမြစ် အတွင်းမှတစ်ကြိမ်တစ်ခါမျှ ထွက်ခွာဖူးခြင်းမရှိခဲ့ချေ။

၎င်းအတွက် ဤကမ္ဘာလောကသည် အနည်းငယ်မျှပင် အရေးမပါသကဲ့သို့ပင်။

သန့်စင်ပရောဟိတ်မသည် သူမ မှတ်မိသလောက်ဆိုပါက ထိုမြစ်အတွင်း မည်သည့်လှုပ်ရှားမှုနှင့် မည်သည့် ဆိုးရွားသည့်ဖြစ်မှုမျိုးမှ မရှိခဲ့ဖူးပေ။

“တကယ်လို့ အဲဒီဖြစ်တည်မှုသာ ဒီနေရာကို ရောက်လာခဲ့မယ်ဆိုရင် ဒီခန်းမဆောင်တောင်မှ လုံခြုံတဲ့နေရာ ဖြစ်တော့မှာမဟုတ်ဘူး။ ဒါကြောင့် အဲဒါက သူဖြစ်နိုင်မှာမဟုတ်ဘူး”

ထိုအခိုက်အတန့်တွင် သန့်စင်ပရောဟိတ်မ၏ရှေ့၌ ရွှေရောင်စာလုံးများ ထပ်မံ ပေါ်ပေါက်လာခဲ့ပြီး သူမ၏ အာရုံကို ဖမ်းစားထားလိုက်သည်။

သန့်စင်ပရောဟိတ်မသည် ထိုစကားများကို နောက်ဆုံးတွင် လက်ခံလိုက်ရသည်။

နတ်ဘုရားမနှင့် မတူဘဲ ထိုဖုံးကွယ်ထားသော ဖြစ်တည်မှုသည် သူသာ အလိုရှိခဲ့ပါက ဤကမ္ဘာရှိ မည်သည့်အရေးကိစ္စကိုမဆို တိုက်ရိုက်ဝင်ရောက် စွက်ဖက်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော...။

အကယ်၍ ထိုဖြစ်တည်မှုသာ အလိုရှိခဲ့ပါက ဤကမ္ဘာရှိ တိုက်ကြီးလေးခုစလုံးကို တစ်စက္ကန့်အတွင်း ဖျက်ဆီးပစ်နိုင်စွမ်းရှိလေ၏။

သို့ဖြစ်ပါက အဘယ်ကြောင့် သူတစ်ပါးကို အားကိုး၍ ထိုသို့သော လှည့်ကွက်မျိုးကို ဖန်တီးစရာလိုအပ်နေဦးမည်နည်း။

၎င်းက နတ်ဘုရားမကို ထိခိုက်စေနိုင်သည့် တစ်ခုတည်းသော ဖြစ်တည်မှုဖြစ်နေသော်လည်း ထိုဖြစ်တည်မှုက ယခုကိစ္စများကို ပြုလုပ်ခဲ့ခြင်းမဟုတ်သည်မှာတော့ ရှင်းလင်းသွားခဲ့သည်။

ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ကျန်တော့သည်။

သန့်စင်ဧကရာဇ်သည် ရှေးပဝေသဏီကတည်းကပင် ပျောက်ဆုံးနေသော ထူးဆန်းသည့် ရှေ့ဟောင်းအမွေအနှစ်ပစ္စည်းတစ်ခုခုကို အသုံးပြုခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။

သူသည် နတ်ဘုရားမ၏ တည်ရှိမှုကို သိရှိနေခဲ့ခြင်းလား။

သို့မဟုတ် ကာဒီနယ်ရဟန်းအမတ်များ စောစီးစွာပြန်လည် ရောက်ရှိလာမည်ကို စိုးရိမ်မိသောကြောင့် ထိုရှေ့ဟောင်းအမွေအနှစ်ပစ္စည်းကို ကောင်းမွန်စွာ အသုံးမချနိုင်ခဲ့ခြင်းများလား။

သူမ သေချာမသိနိုင်ပေ။

သန့်စင်ပရောဟိတ်မသည် သူမ၏ အတွေးများထဲ နစ်မြုပ်သွားခဲ့ပြီး သန့်စင်ဧကရာဇ်သည် ရှေ့ဟောင်းအမွေအနှစ်ပစ္စည်းပစ္စည်းတစ်ခုခုကို အသုံးပြုခဲ့ခြင်းသာဖြစ်မည်ဟု ယုံကြည်သွားမိခဲ့သည်။

....

တစ်ချိန်တည်းမှာပင် အာရန်ကိုယ်တိုင်မှာမူ ပရောဟိတ်မမှ သူ့နှင့်ပတ်သက်၍ တွေးထင်နေသော သီအိုရီများကို လုံးဝမသိရှိနိုင်ခဲ့ပေ။

သူသာ ထိုအမျိုးသမီး၏ အတွေးများကို ကြားသိခဲ့မည်ဆိုပါက မည်သို့ တုံ့ပြန်ရမည်ကိုပင် မသိဖြစ်သွားခဲ့ရပေလိမ့်မည်။

ရှေ့ဟောင်းအမွေအနှစ်ပစ္စည်းဟုတ်လား...။

သူသည် ကောင်းချီးစွမ်းအင်များဖြာထွက်နေခဲ့သည့်ထိုအခန်းတွင်း မည်သည့်အရာများ ရှိနေသည်ကိုပင် မသိနိုင်ခဲ့ဘဲ လျစ်လျူရှုခဲ့ခြင်းမျိုးလည်း မရှိပေ။

စနစ်၏ သတိပေးချက်သာမရှိခဲ့ပါက သူသည် ထိုနေရာအတွင်းသို့ အတင်းအကျပ် ဝင်ရောက်ခဲ့မိပေလိမ့်မည်။

ထိုအခါ နတ်ဘုရားမ၏ ရုပ်တုက သူ့အား ကြိုဆိုနေမည်မှာ အသေအခြာပင်ဖြစ်၏။

အာရန်သည် သူ့၏စနစ်ကြောင့် သေခြင်းတရားဆီမှ သီသီလေးကပ်၍ ရှောင်လွှဲနိုင်ခဲ့သည်ကို မသိရှိနိုင်ခဲ့ပေ။

ကံမကောင်းစွာဖြင့် သူရှောင်လွှဲ၍မရနိုင်သည့် အခြားသော သေခြင်းတရားများကလည်း သူ့အားစောင့်ကြိုလျှက်ရှိနေသေး၏။

အာရန်သည် အဘယ်ကြောင့်မှန်း မသိသော်လည်း မိစ္ဆာဂိုဏ်းမှ မဟာအကြီးအကဲနှစ်ဦးဖြစ်သည့် ဇီယာနှင့် ရှုယင်တို့ကြားတွင် ရန်လိုမှုများစွာ ရှိနေသည်ကိုတော့ ခံစားမိလိုက်သေးသည်။

၎င်းတို့သည် အချင်းချင်းပင် ကောင်းမွန်စွာ စကားမပြောနိုင်ကြတော့ပေ။

သူပြန်ရောက်လာသည့် အချိန်မှစ၍ ရှုယင်သည် သူ၏ အနားတွင်သာ ကပ်နေခဲ့ပြီး ဇီယာကမူ သူ့အား သံသယအပြည့်ဖြင့် အဆက်မပြတ် စိုက်ကြည့်နေခဲ့လေ၏။

သူ၏ ကိုယ်ပွားသည် ဤအခြေအနေကို မည်သို့ရှင်းပြရမည်မှန်းပင် မသိသကဲ့သို့ အာရန်၏မေးခွန်းများကို ရှောင်ရှားရန်သာ ကြိုးစားနေလေသည်။

“ဒီအခြေအနေက ဘာလဲဆိုတာ မင်းသိလား”

အာရန်သည် တစ်စုံတစ်ရာ သိထားပုံရသည့် သူ၏ ကိုယ်ပွားအား ထပ်မံ၍ မေးမြန်းလိုက်သည်။

“ငါ့ပြောတာ ယုံလိုက်။ မင်းအဖြေကို သိချင်မှာ မဟုတ်ဘူး။ ဒီလိုကိစ္စမျိုးက သတိမထားမိလေ ပိုကောင်းလေပဲ”

အာရန်အား သူ၏ကိုယ်ပွားက အတွေးဖြင့် ဆက်သွယ်မှုအသုံးပြု၍ ပြန်ဖြေလိုက်သည်။

အာရန်သည် သူ၏ကိုယ်ပွားထံမှ မှတ်ဉာဏ်များကို တိုက်ရိုက်စုပ်ယူနိုင်သော်လည်း သူသည် ထိုသို့လုပ်ဆောင်ခြင်းကို ပုံမှန်အားဖြင့် ရှောင်ရှားလေ့ရှိခဲ့သည်။

အကြောင်းမှာ ထိုသို့လုပ်ဆောင်ခြင်းက အရေးမပါသော မှတ်ဉာဏ်များကိုသာ ရရှိနိုင်မည်ဖြစ်ပြီး သူ့အား ထပ်မံ၍ ခေါင်းကိုက်ဝေဒနာကို ခံစားရစေနိုင်သောကြောင့်လည်းဖြစ်လေသည်။

ကံမကောင်းစွာဖြင့် ယခုအခြေအနေက ထိုသို့လုပ်ဆောင်ရန် လိုအပ်နေခဲ့သည်။

သူ၏ကိုယ်ပွားက ထိုအခြေအနေနှင့်ပတ်သက်၍ မသိနားမလည်ဘဲ ရှိနေခြင်းက ပိုကောင်းသည်ဟု ပြောနေခဲ့သော်လည်း အာရန်သည် ထိုသို့ပြောလေလေ ပိုမိုသိချင်လေလေဖြစ်ခဲ့ရသည်။

ထို့နောက်အာရန်သည် သူ၏ကိုယ်ပွားဆီမှ မှတ်ဉာဏ်များကို ပြန်လည်ထုတ်ယူလိုက်သည်။

သူထင်ထားသည့်အတိုင်းပင် ထိုအထဲမှ မှတ်ဉာဏ်အများစုသည် အရေးမပါပေ။ ၎င်းတို့သည် အင်ပါယာ၏ ပြဿနာများ၊ ရှင်းလင်းရေးများလုပ်ပြီးနောက် တော်ဝင်စစ်တပ်ကို ပြန်လည်ဖွဲ့စည်းခြင်းတို့နှင့် ဆက်ဆိုင်သည့် အရေးမပါသည့် အကြောင်းကိစ္စများသာဖြစ်လေ၏။

ဤသို့ဖြင့် ကိုယ်ပွား၏ မှတ်ဉာဏ်များကိုဆက်လက်မွှေနှောက်ခဲ့ရာ အဆုံးသတ်တွင် သူရှာဖွေနေသည့် အရာကို တွေ့ရှိခဲ့တော့သည်။

အာရန်သည် ထိုမှတ်ဉာဏ်ကို ရရှိပြီးသွာသောအခါ သူ၏ မျက်နှာအမူအရာများ ပိုမို၍ ပျက်ယွင်းလာခဲ့ရလေသည်။

ယခုအခါ သူသည် အရာရာကို သိရှိသွားပြီဖြစ်၍ အမှန်တကယ်ပင် အဘယ်သို့ ဆက်လက်ပြုမူရမည်ကိုပင် မသိတော့ပေ။

အာရန်သည် အစောပိုင်း သူ၏ကိုယ်ပွားပြောခဲ့သည့် စကားကိုနားထောင်ပြီး သိရန်မကျိုးစားပဲ ဒီအတိုင်းနေခဲ့သင့်သည်ဟုပင် တွေးမိလိုက်သည်။

ရှုယင်သည် သူ၏ တရားဝင်ချစ်သူတစ်ဦးဖြစ်လေသည်။

၎င်းကို ငြင်းပယ်၍မရနိုင်ပေ။

သို့သော် ဇီယာသည်လည်း သူ့ကို ချစ်မိနေသည်တဲ့လား။

၎င်းမှာတော့ ကွဲပြားခြားနားသော အရာတစ်ခုဖြစ်လေသည်။

ဤသို့ဖြင့် အမျိုးသမီးနှစ်ဦးသည် သူ့အတွက်နှင့် စတင်၍ တိုက်ခိုက်နေကြပြီတဲ့လား။

သူသည် ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ပြီး ရှုယင်ဘက်မှ ဝင်ရောက် ကာဆီးပေးနိုင်သော်လည်း ထိုသို့လုပ်မည်ဆိုပါက ဇီယာအား စိတ်မကောင်းဖြစ်စေခြင်းနှင့်သာ အဆုံးသတ်သွားပေလိမ့်မည်။

သူမ စိတ်ထိခိုက်သွားပါက သူ့အတွက်လည်း အဆင်ပြေလိမ့်မည်မဟုတ်ပေ။

အာရန်သည်လည်း ဇီယာအား မနှစ်သက်ခြင်းမျိုးတော့ ရှိမနေခဲ့ပေ။

ကံမကောင်းစွာဖြင့် သူသည် ၎င်းတို့နှစ်ဦးစလုံးကို တစ်ပြိုင်နက် ရွေးချယ်၍ မရနိုင်ပေ။ ထိုသို့ဆိုပါက ရှုယင်ကို စိတ်ဆိုးစေမိပေလိမ့်မည်။

၎င်းသည် အမှန်တကယ်ပင် စိတ်ရှုပ်စရာကောင်းသော ကိစ္စတစ်ရပ်ဖြစ်နေခဲ့သည်။

“ဖန်းယုနဲ့ငါရဲ့ ပတ်သတ်မှုအကြောင်းကိုသာ သူတို့နှစ်ယောက်ထပ်ပြီးသိသွားရင် ဘယ်လိုတုံ့ပြန်ကြမလဲမသိဘူး”

အာရန်သည် သူနှင့်မိစ္ဆာဂိုဏ်းချုပ်တို့၏ နောက်ပိုင်းပြောင်းလဲသွားခဲ့သော ရင်းနှီးမှုအချို့ကိုပြန်တွေးမိလိုက်သဖြင့် သူ့၏ နဖူးကိုသာ ပြန်လည်ပွတ်သတ်လိုက်မိတော၏။

နေရင်းထိုင်ရင်း ခေါင်းကိုက်မှုဝေဒနာသည် ပိုမို၍ တိုးပွားလာသကဲ့သို့ ခံစားမိလိုက်သည်။

သူသည် ဤပြဿနာကို အနာဂတ်တွင် ပို၍ ဆိုးရွားလာခြင်းမရှိမီ ဖြေရှင်းရမည်သာဖြစ်လေ၏။

အာရန်တစ်ယောက် ထိုကဲ့သို့စိတ်ဖိစီးနေစဉ်မှာပင် အစောင့်တစ်ဦး ရောက်ရှိလာပြီး သူ့အား သန့်စင်ဧကရာဇ်အမှတ်ဖြင့် လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီးခင်ဗျာ တစ်စုံတစ်ဦးက အရှင်မင်းကြီးကို တွေ့ဆုံဖို့ ရောက်ရှိနေပါတယ်”

“သန့်စင်ပရောဟိတ်မလား” အာရန်သည် အစောင့်အား မစဥ့်စားပဲချက်ခြင်းပြန်လည် မေးလိုက်သည်။

သူ့၏အစောင့်များအား ဤနေရာသို့ အလောတကြီးချက်ချင်းရောက်လာစေရန် အထိ အရေးပါသူမှာ သန့်စင်ပရောဟိတ်မမှလွဲ၍ အခြားမည်သူများ ရှိနိုင်ဦးမည်နည်း။

“ပရောဟိတ်မမဟုတ်ပါဘူး။ သူမက... အမ် အရှင်မင်းကြီး ကိုယ်တိုင် ထွက်တွေ့လိုက်တာက ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်”

အစောင့်သည် ထိုသူ၏ အမည်ကို ဖော်ပြရန် တုံ့ဆိုင်းနေခဲ့ရာ အာရန်အား ပို၍ပင် ရှုပ်ထွေးသွားစေခဲ့သည်။

ထိုသူသည် အပြင်လူများရှေ့တွင် ဖော်ပြရန်ပင် အစောင့်များအား တုံ့ဆိုင်းစေရလောက်သည်အထိ အမှန်တကယ်ပင် အရေးပါနေသူလား။

“ဒီကဧည့်သည်တော်တွေကို စိတ်ပူစရာမလိုပါဘူး။ ဘယ်သူလဲဆိုတာသာ ပြောပြပါ” အာရန်သည် အစောင့်အား စိတ်ပူစရာမလိုပဲ လျှောက်တင်ရန် ပြောလိုက်သည်။

သူ့တွင် ဖုံးကွယ်ထားရန် မည်သည့်အရာမျှ မရှိခဲ့ပေ။

ထို့အပြင် အာရန်သည် သူ၏မိန်းကလေးများရှေ့တွင် ထိုကဲ့သို့ကိစ္စမျိုးကို အဘယ်ကြောင့် စိုးရိမ်ရမည်နည်း။

အစောင့်သည် သန့်စင်ဧကရာဇ်၏စကားကြောင့် ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။

“အရှင်မင်းကြီးရဲ့ စေ့စပ်ထားတဲ့ မိဖုရားလောင်း ရောက်ရှိလာတာပါ။ သူမက အရှင်မင်းကြီးကို တွေ့ချင်နေပါတယ်”

“အဟွတ်... အဟွတ်...”

အာရန်သည် ရေတစ်ခွက်သောက်လိုက်စဥ်ဖြစ်သဖြင့် ရေများပင် သီးသွားခဲ့ရသည်။

သူနှင့် စေ့စပ်ထားသောမိဖုရားလောင်းဆိုပါလား။

ထိုအရာက မည်သည့်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သနည်း။

သန့်စင်ဧကရာဇ်တွင် ချစ်သူရှိနေသည်တဲ့လား။

အဘယ်ကြောင့် သူမသိခဲ့ရသနည်း။

ဤအနောက်ဘက်တိုက်ကြီး၏ ဝတ္ထုထဲတွင်ပင် အစောပိုင်းကမ္ဘာကူးလာသူ ဖတ်ရှုခဲ့ရသည့် အပိုင်းလောက်အထိ ထိုအရာနှင့်ပတ်သက်၍ ဖော်ပြထားခြင်း မျိုး ရှိမနေခဲ့ပေ။

အာရန်သည် အမျိုးသမီးနှစ်ဦး၏ ပဋိပက္ခကြောင့် ခေါင်းကိုက်နေရစဥ်မှာပင် ယခုအခါ တွေ့ဆုံရမည့် နောက်ထပ်ချစ်သူတစ်ဦး ထပ်မံ၍ ရှိနေသေးသည်တဲ့လား။

အာရန်သည် သူ၏နောက်ကျောတွင် ရှုယင်ဆီမှ စူးရှသော အကြည့်တစ်ချက် ရောက်ရှိနေမည်ဖြစ်ကြောင်း လှည့်ကြည့်စရာပင် မလိုပဲ အလိုလိုသိနေခဲ့လေသည်။

#Catfoot

All Chapters