စေ့စပ်ထားသူ
Vol. 34 Ch. 491
…
ရှုယင်၏ မျက်လုံးများက ဓားသွားများပမာ သူ့အား ထိုးဖောက်ကြည့်နေခဲ့သဖြင့် အာရန်သည် ကျောရိုးထဲထိပင် အေးစက်လာသည်ဟုခံစားမိလိုက်၏။
ဇီယာသည်ပင် အံ့အားသင့်စွာဖြင့် မျက်ခုံးများပင့်ထားလျက်ရှိနေခဲ့ပြီး အာရန်၏ ကိုယ်ပွားသည်လည်း ဤနေရာမှ ရှောင်ထွက်သွားရန် အကြောင်းပြချက်တစ်ခုခု ရှာနေသကဲ့သို့ပင် ဟိုကြည့်ဒီကြည့်လုပ်နေခဲ့သည်။
တော်ဝင်အစောင့်သည် ရုတ်တရက် အဘယ်ကြောင့် လေထုမှာ ယခုကဲ့သို့ မသက်မသာ ဖြစ်သွားရသည်ကို နားမလည်နိုင်ခဲ့ပေ။
ထို့ထက် ပို၍ ထူးဆန်းသည်မှာ သာမန်တော်ဝင်အစောင့်တစ်ဦးသည် သန့်စင်ဧကရာဇ်နှင့် စားပွဲတစ်ခုတည်းတွင် အတူတူ ထိုင်နေခြင်းပင်ဖြစ်လေ၏။
သူသည် တော်ဝင်တပ်ဖွဲ့တွင် အချိန်အတော်ကြာအောင် အလုပ်လုပ်ခဲ့ဘူးသော်လည်း ထိုပုဂ္ဂိုလ်ကို မြင်ဖူးသည်ဟု မမှတ်မိထားပေ။
ထို့ကြောင့်ထိုအစောင့်သည် သန့်စင်ဧကရာဇ်မှ လျှို့ဝှက်စွာ လေ့ကျင့်ပေးထားပြီး ယခုမှသာ သူ၏ အရည်အချင်းများကို ထုတ်ဖော်ပြသရန် ထွက်လာစေခဲ့ခြင်းများ ဖြစ်နေမည်လားဟုတွေးမိလိုက်သည်။
သို့သော် ဤမေးခွန်းသည် မမေးသင့်ကြောင်း သူကောင်းစွာနားလည်ထား၏။
နန်းတွင်းရှိ အချို့ကိစ္စများသည် မသိထားလေ ပိုကောင်းလေဖြစ်သည်မဟုတ်ပါလော..။
အာရန်သည် မမျှော်လင့်ထားသော အရာတစ်ခုကို ကြားသိလိုက်ရသော်လည်း မိမိကိုယ်ကို ပြန်လည်ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
“ကောင်းပြီ” ဟု သူသည် သတင်းလာပေးသော တော်ဝင်အစောင့်အား ပြန်ဖြေလိုက်သည်။
သူ၏အသံမှာ တည်ငြိမ်သော်လည်း စိတ်ထဲတွင်မူ ရှုပ်ထွေးနေဆဲပင်။
“သူမကို ပင်မခန်းမဆောင်ထဲကို လိုက်ပို့ထားလိုက်ပါ။ ငါကိုယ်တော်သူမကို အဲဒီမှာ လက်ခံတွေ့မယ်။”
တော်ဝင်အစောင့်သည် အာရန်အား လေးစားစွာ ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားခဲ့၏။
တော်ဝင်အစောင့် ထွက်သွားသည်နှင့် အာရန်သည် အခန်းထဲရှိ အမျိုးသမီးနှစ်ဦးဘက်သို့ လှည့်လိုက်သည်။
ရှုယင်သည် လက်ပိုက်ပြီး အာရန်အား မယုံကြည်နိုင်သည့်အမူအရာဖြင့် ရပ်ကြည့်နေခဲ့သည်။
တစ်ဖက်တွင်မူ ဇီယာသည် ဤအခြေအနေကို စိတ်ဝင်စားဖွယ်ရာတစ်ခုကို တွေ့ရှိလိုက်သည့်အလား အသိရခက်သော အပြုံးတစ်ခုဖြင့် ရှုယင်အား စိုက်ကြည့်နေခဲ့သည်။
ရှုယင်သည် အာရန်၏ တရားဝင်တစ်ဦးတည်းသော ချစ်သူဖြစ်နေသည့် ဟူသည့် အချက်တစ်ချက်တည်းကပင် သူမအား အလွန်ဒေါသထွက်စေခဲ့၏။
ရုတ်တရက် အခြားစေ့စပ်ထားသူတစ်ဦး ပေါ်လာသည့်အတွက် ရှုယင် မည်သို့ တုံ့ပြန်မည်ကို သူမအတော်လေး စိတ်ဝင်စားနေမိခဲ့သည်။
အာရန်သည် အစစ်အမှန် သန့်စင်ဧကရာဇ် မဟုတ်သေးသော်လည်း သူသည် ဤရာထူးကို ရယူထားခြင်းဖြစ်လေသည်။
အာရန်သည် သူ့ကိုယ်သူ သန့်စင်ဧကရာဇ် မဟုတ်ကြောင်း မဖော်ထုတ်နိုင်သ၍ ထိုအမျိုးသမီးသည် သူ၏ မိဘုရားလောင်းဖြစ်နေပြီဖြစ်သဖြင့် သူ၏ အနားတွင် ဆက်လက် တွယ်ကပ်နေဦးမည်သာဖြစ်သည်။
“မင်းတို့ နှစ်ယောက် တစ်ခုခုမပြောခင်...”
အာရန်သည် မလွှဲမရှောင်သာ ထိပ်တိုက်ရင်ဆိုင်ရတော့မည့် အရာတစ်ခုကို တားဆီးရန် ပြင်လိုက်သည်။
“ကိုယ် အာမခံပါတယ် ဒီစေ့စပ်ပွဲအကြောင်း ကိုယ် လုံးဝ သိမနေခဲ့ဘူးနော်။ ဒါဟာ မင်းတို့အတွက် အံ့အားသင့်စရာ ဖြစ်နေသလို ကိုယ့်အတွက်လည်း တကယ့်ကို အံ့အားသင့်စရာပါပဲ။”
“သူမက သန့်စင်ဧကရာဇ်နဲ့ စေ့စပ်ထားတဲ့ မိဘုရားလောင်း ဖြစ်နေရင်တောင်မှ၊ အဲဒါက ကိုယ်နဲ့ ဘာမှမဆိုင်ပါဘူး။ ကိုယ်တို့ မိစ္ဆာဂိုဏ်းအတွက် ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုအားလုံးကို ဖယ်ရှားပြီးတဲ့အထိ ဒီသန့်စင်ဧကရာဇ်အဖြစ် ရာထူးကို ထပ်ပြီး ယူထားဖို့လိုအပ်နေသေးတယ်။တကယ်လို့တစ်စုံတစ်ရာ ကြုံတွေ့ခဲ့မယ်ဆိုရင် ဒီအရှုပ်ထုတ်တွေအတွက် ကိုယ်တစ်ယောက်တည်း ခါးဆည်းခံပါ့မယ်”
အာရန်သည် သူ့ကိုယ်သူ လုံးဝ အပြစ်ကင်းကြောင်း ရှင်းပြရန် ကြိုးစားလိုက်သည်။
အာရန်သည် သန့်စင်ဧကရာဇ်၏ နေရာကို ခေတ္တဝင်ယူထားခြင်းဖြစ်သော်လည်း သူ၏လုပ်ဆောင်ချက်များသည် မိစ္ဆာဂိုဏ်း၏ အကျိုးစီးပွား အတွက်သာဖြစ်ကြောင်း ပုံဖော်ပြောဆိုလိုက်သည်။
ရှုယင်၏ မျက်မှောင်ကြုတ်ထားမှုသည် အနည်းငယ် ပြေပျော့သွားခဲ့သော်လည်း သူမ၏ မျက်နှာတွင်မူ ဆက်လက်မဲမှောင်နေဆဲပင်။
“ဒါဆို ရှင် ဘာဆက်လုပ်မှာလဲ”
ဟု ရှုယင်က မေးလိုက်ရာ သူမ၏ အသံတွင်းရှိ စိတ်တိုနေမှုကိုမူ မဖုံးကွယ်နိုင်ပေ။
“သူမက ရှင်ကို သူမရဲ့ ခင်ပွန်းလောင်းလို့ ယုံကြည်နေတာ။ သူမက ရှင်အနားမှာ တစ်ချိန်လုံးကပ်နေမယ်ဆိုရင်ရော... ပြီးတော့...အဲဒါထက် ပိုတဲ့အရာတွေလုပ်ဖို့ ကြိုးစားလာရင်ရော...”
အာရန်သည် ထရပ်လိုက်ပြီး သူ၏ နားထင်ကို ပွတ်သပ်လိုက်ကာ သက်ပြင်းတစ်ချက်ချလိုက်၏။
“ကိုယ် သူမကို တွေ့ဆုံပြီး အမှန်တရားကို ရှာဖွေပါမယ်။ မင်း စိုးရိမ်နေတဲ့အရာတွေ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကိုယ် အာမခံပါတယ်။ ဒါက တော်ဝင်နန်းတော်ပါ။”
“အဲဒီအမျိုးသမီးက ဘယ်လောက်ပဲ မိုက်မဲနေပါစေ၊ လူအများရှေ့မှာ မလျှော်ကန်တဲ့ အပြုအမူတွေ ပြသမိတဲ့အထိတော့ မျက်နှာပြောင်တိုက်လောက်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့်ပဲ ဒီတွေ့ဆုံမှုကို နန်းတော်ထဲက အဓိကခန်းမထဲမှာ စီစဉ်လိုက်တာပါ”
အာရန်သည် သူ၏အပြစ်ကင်းမှုကို ရှင်းလင်းစွာ ဖော်ပြလိုက်သည်။
သူသည် အမှန်တကယ်လည်း ထိုသန့်စင်ဧကရာဇ်၏ မိဘုရားလောင်းဆိုသူကို စိတ်မဝင်စားပေ။
အထူးသဖြင့် ယခုကဲ့သို့ သူ့၌ ဖြေရှင်းစရာ အမျိုးသမီးများ များစွာရှိနေချိန်တွင် ဖြစ်လေ၏။
ဇီယာသည် စိတ်မထိန်းနိုင်တော့ပဲ ညင်သာစွာ ရယ်မောမိလိုက်ပြီး အာရန်၏ အနားသို့ ပို၍ နီးကပ်လာလိုက်သည်။
“အိုး... ဒီတစ်ခါတော့ စိတ်ဝင်စားစရာကောင်းမှာပဲ။ တစ်ခါမှမမြင်ဘူးတဲ့ မိဖုရားလောင်းဆိုပါလား....။ သန့်စင်ဧကရာဇ်ရဲ့ ဘဝကတော့ တကယ့်ကို ဆုလာဘ်တွေနဲ့ ပြည့်နှက်နေတာပဲ”
သူမသည် အခြေအနေကို ပျော်ရွှင်နေဟန်ရသော်လည်း သူမ၏အသံမှာမူ သူမ ခံစားနေရသော မနာလိုစိတ်ကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။
အာရန်သည် ဇီယာအား တစ်ချက်ကြည့်လိုက်ပြီးနောက် သက်ပျင်းတစ်ချက် ထပ်မံချလိုက်မိသည်။
“ကိုယ် မကြာခင်ပြန်လာခဲ့ပါ့မယ်။ အဲဒီအချိန်အထိ မင်းတို့အားလုံး ဒီမှာပဲ စောင့်နေကြပါ။”
အာရန်သည် ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားခဲ့ကာ ရုတ်တရက် မလိုအပ်သော ရှုပ်ထွေးတစ်ခုအတွင်းသို့ ရောက်ရှိသွားသည့်အလား ခံစားမိလိုက်ကာ သူ၏ခြေလှမ်းများသည် နန်းတော်သို့ ဦးတည်နေခဲ့သည်။
သူသည် ထိုမိဖုရားလောင်းဆိုသူ အမျိုးသမီးနှင့် ပေါ့ပေါ့ပါးပါး စကားစမြည်အနည်းငယ် ပြောဆိုပြီးနောက် သူမအား ပြန်ပို့လိုက်ရန် ဆုံးဖြတ်ထားခဲ့၏။
သူ့တွင် ဤအရာအတွက် အချိန်ဖြုန်းရန် အချိန်မရှိပေ။
အထူးသဖြင့် ပင်လယ်နဂါးဧကရီသည် မနက်ဖြန် မနက်တွင် နိုးလာတော့မည် ဖြစ်သောကြောင့်လည်း ဖြစ်လေသည်။
သူသည် ထိုအတွက်လည်း ပြင်ဆင်ထားရဦးမည်ဖြစ်သည်။
....
အာရန်သည် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သည်နှင့် သူ့အား ကျောပေး၍ ရပ်နေခဲ့သော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် ခန်းမဆောင်၏ အလယ်ဗဟိုတွင် ရပ်နေခဲ့ပြီး သူမအတွက် စီစဉ်ပေးထားသော ထိုင်ခုံတွင်ပင် ထိုင်နေခြင်းမရှိခဲ့ပေ။
သူမ၏ ရပ်နေသော သွင်ပြင်နှင့် ဝတ်ဆင်ထားသော အဝတ်အစားများသည် လွန်စွာ ခန့်ညားထည်ဝါလျက်ရှိနေခဲ့၏။
သူမ၏ ပတ်ဝန်းကျင်တွင်လည်း ထူးခြားသော ကျက်သရေရှိသည့် အော်ရာတစ်ခု ရှိနေခဲ့သည်။
အာရန်သည် ထိုအမျိုးသမီး၏ မျက်နှာကို မမြင်ရသေးသော်လည်း သူမ၏ သွင်ပြင်ကြောင့် အနည်းငယ် စိတ်ဝင်စားမိသွားသည်။
သူသည် ဤသန့်စင်ဧကရာဇ်၏ မိဖုရားလောင်းဆိုသူအား မည်သို့သောပုဂ္ဂိုလ်ဖြစ်မည်ကို အတော်လေး သိလိုစိတ်ဖြစ်နေမိ၏။
“ခွဲခြားသတ်မှတ်ခြင်း”
အာရန်သည် အချိန်ဆက်လက်မဖြုန်းတော့ဘဲ သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသုံးပြုလိုက်သည်။
ဤအမျိုးသမီးကို ဝတ္ထုထဲတွင် ဖော်ပြထားခြင်းမရှိသောကြောင့် သူသည် အနည်းငယ် ပိုမို၍ စိတ်ဝင်စားနေခြင်းလည်းဖြစ်လေသည်။
သူမနှင့် ပတ်သက်၍ အကောင်းဆုံးဖြေရှင်းနည်းကို တွေးတောနိုင်ရန် သူမအကြောင်းကို ပိုမို သိထားလိုခဲ့သည်။
“ဟင်း...” အာရန်သည် သူ၏ ရှေ့တွင် ပေါ်လာသော မျက်နှာပြင်တစ်ခု ကိုမြင်တွေ့လိုက်ရသောအခါ အနည်းငယ် မျက်မှောင်ကြုတ်မိသွားခဲ့သည်။
သူ့ကို အံ့အားသင့်စေသည်မှာ ထိုဖန်သားပြင်သည် လုံးဝ ဗလာဖြစ်နေခြင်းပင်ဖြစ်၏။
အခြား အသေးစိတ်အချက်အလက်များ မပြောနှင့် ထိုစနစ်ဖန်သားပြင်ပေါ်တွင် သူမ၏ အမည်ကိုပင် မတွေ့ရှိခဲ့ရပေ။
ဤသို့ အတိုင်းအတာအထိ သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းဖြင့် မဖော်ထုတ်နိုင်သည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင်။
သူသည် အရှင်သခင်များနှင့် မျက်နှာချင်းဆိုင်ပြီး ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသုံးပြုခဲ့ဘူးသည့်တိုင် သူတို့၏ စွမ်းရည်များကို မသိခဲ့ရလျှင်ပင်အနည်းဆုံး သူတို့၏ အမည်များကိုတော့ သိရှိနိုင်ခဲ့သည်ချည်းသာဖြစ်၏။
ထို့ပြင် အမှားပုံစံမျိုး ရံဖန်ရံခါ ပြသဖူးခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ လုံးဝ ဗလာကျင်းဖြစ်နေခြင်းမျိုးဖြစ်လေသည်။
‘ဝတ္ထုထဲမှာ မပါဝင်တဲ့ အမျိုးသမီးတစ်ယောက်၊ အခုတော့ ခွဲခြားသတ်မှတ်ခြင်းအစွမ်းကတောင် သူမအပေါမှာ အလုပ်မလုပ်တော့ဘူးတဲ့လား သူမက တကယ်ပဲ ဘယ်သူများလဲ’
အာရန်၏ မျက်နှာအမူအရာများသည် အနည်းငယ် မှောင်မိုက်လာခဲ့သည်။
သူသည် ဤအမျိုးသမီးထံမှ မည်သည့်ထူးခြားသောစွမ်းအင်တည်ရှိမှုကိုမှ မခံစားမိခဲ့သော်လည်း သူမအကြောင်း ပိုမိုတွေးလေလေ ပို၍ ရှုပ်ထွေးလာလေလေ ဖြစ်လာခဲ့သည်။
သူမ၏ ဝတ်စားဆင်ယင်မှုမှာ မြင့်မြတ်သောအထက်တန်းလွှာအမျိုးသမီးတစ်ဦးဟု သတ်မှတ်နိုင်သည့်အလား လွန်စွာ လှပသေသပ်လွန်းနေခဲ့၏။
သူမသည် မိသားစုကြီးတစ်ခုမှ ဆင်းသက်လာသည့်ဟန်ပန်မျိုး ဖြစ်နေလေသည်။ ထိုအရာက သူ့အတွက် အံ့သြစရာတစ်ခုတော့ မဟုတ်ပေ။
သူမသည် သန့်စင်ဧကရာဇ်ကဲ့သို့သော နိုင်ငံဘုရင်တစ်ဦးနှင့်ပင် စေ့စပ်ကြောင်းလမ်းထားသူဖြစ်နေသဖြင့် သူမ၏မိသားစုနောက်ခံ အရှိန်အဝါသည်လည်း အားနည်းလောက်မည်မဟုတ်ပေ။
အာရန်သည် အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် ခန်းမအတွင်းသို့ ပထမဆုံးခြေလှမ်းကို လှမ်း၍ ဝင်သွားလိုက်သည်။
“စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်”
အာရန်သည် သူ၏ အသံကို ကြားလျှင် ထိုအမျိုးသမီးသည် နောက်သို့ လှည့်ကြည့်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် သူမသည် နောက်သို့တစ်ချက်မျှပင် ပြန်မလှည့်ကြည့်ခဲ့ပေ။
“ကျွန်မ သိပ်အကြာကြီးတော့ မစောင့်လိုက်ရပါဘူး။”
အမျိုးသမီးက ပြန်ဖြေလိုက်ရာ သူမ၏အသံတွင် မထီမဲ့မြင်ပြုနေဟန် တစ်စိတ်တစ်ပိုင်းရောနှော ပါဝင်နေခဲ့၏။
အာရန်သည် သူမ၏တုံ့ပြန်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့ကာ ခဏမျှ ကြောင်၍ ရပ်နေမိခဲ့သည်။
#Catfoot