ရွေးချယ်ခဲ့မှုအတွက် နောင်တ
Vol. 34 Ch. 493
…
အာရန်သည် ထိုမိန်းကလေးပေါ်တွင် ခွဲခြားသတ်မှတ်ခြင်း စွမ်းရည်ကို အသုံးပြု၍မရနိုင်သောကြောင့် အတော်ပင် စိတ်ပျက်သွားခဲ့ရသည်။
သူမ၏ စကားအသွားအလာအရ သူမတွင် ထူးခြားသော နောက်ခံကောင်းကောင်းတစ်ခုခု ရှိနေနိုင်သည်ဟု ခံစားမိစေခဲ့သည်။
အာရန်သည် နန်းတော်ခန်းမသို့ မဝင်မီ အစောင့်များအား ထိုမိန်းကလေး၏ အမည်အား သူတို့၏ နှံ့စပ်မှု ဗဟုသုတများကို စမ်းသပ်နေသည့်အလား ဟန်ဆောင်၍ မေးမြန်းခဲ့သည်။
အံ့အားသင့်စရာကောင်းသည်မှာ အစောင့်များသည်လည်း သူမ မည်သူမည်ဝါဖြစ်မှန်းကို အာရန်နည်းတူ သိမနေခဲ့ကြပေ။
သူတို့သိထားသည်မှာ သူမသည် သူ့နှင့် စေ့စပ်ထားခြင်းဖြစ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်က သူမ၏ဖခင်နှင့်အတူ ဤတော်ဝင်နန်းတော်သို့ တစ်ကြိမ် လာရောက်လည်ပတ်ခဲ့ဘူးခြင်းကိုသာ ဖြစ်လေ၏။
အာရန်သည် ထိုမိန်းကလေးအား ကြည့်နေရင်း သူမ၏ယုံကြည်မှုအပေါ် ပိုမို၍ စိတ်ဝင်စားလာခဲ့သည်။
ပုံမှန်ဇာတ်လမ်းအရဆိုပါက သူသည် ဤစေ့စပ်ပွဲဖျက်သိမ်းခြင်းဖြင့် အရှက်ကွဲခံရတော့မည် ဖြစ်လေသည်။
ထို့နောက်တွင် သူသည် သူမအား အနာဂတ်တွင် စိန်ခေါ်ရမည်ဖြစ်ပြီး သူသည် အမှိုက်ကောင် မဟုတ်ကြောင်း သက်သေပြသရမည်ဖြစ်၏။
ကံမကောင်းစွာဖြင့် ၎င်းသည် သူ ယခု ကပြနေသော ဇာတ်ကောင်အနေနှင့်မူ ပြဿနာအချို့ရှိနေခဲ့သည်။
သန့်စင်ဧကရာဇ်သည် သန့်စင်ဘုရားကျောင်းပင် မတားဆီးနိုင်သည့် နစ်ခရိုမန်ဆာ တစ်ဦးကိုပင် သတ်ပစ်နိုင်ခဲ့သည့် အင်အားကြီးမားသူတစ်ဦး ဖြစ်နေသည်ဟု မှတ်ယူနိုင်လေသည်။
သူသည် ဤမိန်းကလေးအား သင်ခန်းစာပေးနိုင်ရန် အလုံအလောက် ခွန်အားကြီးနေနှင့်ပြီးသား ဖြစ်နေသည်။
ထို့ကြောင့် ထိုဇာတ်ကွက်သည် မစတင်မီကပင် ပြတင်းပေါက်မှ ကန်ထုတ်ခြင်းကို ခံလိုက်ရပြီဖြစ်သည်။
သူက သူမထက် ပို၍ စွမ်းအားကြီးနေနှင့်ပြီးသားဖြစ်နေပြီဖြစ်သဖြင့် နှစ်များစွာကြာပြီးနောက် ပြန်လည် စိန်ခေါ်သော ဇာတ်လမ်းသည် အဓိပ္ပာယ်မဲ့သွားခဲ့ချေပြီ။
သူ့အတွက် မသင့်တော်သော ဇာတ်ကွက်တစ်ခု ဖြစ်နေကြောင်း သိလိုက်ရသည့်အတွက် အာရန်သည် သူ၏ နဖူးကိုသာ ပြန်လည်ပွတ်သပ်နေလိုက်မိသည်။
ယခုအချိန်တွင် သူ့အတွက် ဤမိန်းကလေးနှင့် ပတ်သက်၍ ခေါင်းရှုပ်ခံနေစရာအကြောင်း မရှိတော့ပေ။
သူ့တွင် အာရုံစိုက်ရမည့် ပို၍အရေးကြီးသော ကိစ္စရပ်များစွာ ရှိနေလေသည်။
“ကောင်းပြီလေ။ ဒီလိုဆိုရင်လဲ ဒီစေ့စပ်ပွဲကို ဖျက်လိုက်ကြတာပေ့ါ။ မင်း လွတ်လပ်သွားပါပြီ” ဟု အာရန်က ပေါ့ပေါ့တန်တန်ပင် ပြန်ဖြေလိုက်ရင်း မိန်းကလေးအား ထွက်ခွာသွားနိုင်ပြီဖြစ်ကြောင်း အမူအရာအချို့ ပြသလိုက်၏။
အာရန်သည် သူနှင့်မသက်ဆိုင်သည့် ဇာတ်လမ်းတစ်ပုဒ်ကို အချိန်ကုန်ခံပြီး ဆက်လက်ကပြနေစရာ အကြောင်းမရှိပေ။
ထို့ပြင် သူ့တွင် အချိန်သည်လည်း ထိုမျှ ပေါမနေချေ။
“ဘာ...”
မိန်းကလေးသည် ဧကရာဇ်၏ စကားကြောင့် ပျော်ရွှင်သွားရမည့်အစား အံ့အားသင့်စွာဖြင့် ငေးစိုက် ကြည့်နေမိခဲ့၏။
“ရှင်... သဘောတူလိုက်တာလား”
“အင်လေ ဒါက မင်းလိုချင်နေတဲ့အရာ မဟုတ်ဘူးလား”
အာရန်သည် ပလ္လင်ပေါ်မှ ထရပ်လိုက်ပြီး ထိုမိန်းကလေးနှင့် ဆက်လက် အချိန်ဖြုန်းရန်ပင် စိတ်မဝင်စားတော့ပေ။
“မင်းရဲ့အကြောင်းပြချက်တွေ ဒါမှမဟုတ် မင်းသွားချင်တဲ့ ကြယ်တာရာနယ်မြေ အကြောင်းတွေကို ငါ ဂရုမစိုက်ဘူး။ မင်းရဲ့အရှုပ်ထုတ်တွေကနေသာ ငါ့ကို ဝေးဝေးမှာနေခွင့်ပေးပါ”
အာရန်သည် ထိုမိန်းကလေးအား လှည့်ပင်မကြည့်တော့ပဲ ကျော်ဖြတ်သွားခဲ့ကာ သူမနှင့် အချိန်တစ်ခုပေး၍ ဆက်ဆံလိုက်ရခြင်းအတွက် အနည်းငယ် ပင်ပန်းသွားသည့်အလား ဖြစ်နေခဲ့ဟန်ရသည်။
“ရှင်...ရှင်...”
ထိုမိန်းကလေးသည် မည်သည့်စကားမျှ ဆက်လက်မပြောနိုင်ဖြစ်သွားခဲ့ရသည်။
သူမ၏ မျက်နှာသည် မယုံကြည်နိုင်ခြင်းများနှင့်အတူ ဒေါသထွက်မှုများအကြားတွင် အတက်အကျ မြန်ဆန်စွာ ပြောင်းလဲနေခဲ့သည်။
သန့်စင်ဧကရာဇ်မှ စေ့စပ်ပွဲကို ဖျက်သိမ်းရန် သဘောတူလိုက်သည့်အတွက် သူမ ပျော်ရွှင်နေသင့်ကြောင်း သူမကိုယ်သူမ သိနေခဲ့သော်လည်း ယခုမှာမူ သူမ၏ ရင်ထဲတွင် ခါးသက်မှုတစ်မျိုးကို ခံစားနေခဲ့ရ၏။
ဧကရာဇ်သည် သူမကို အနည်းငယ်မျှပင် ဆွဲထားရန် မကြိုးပမ်းခဲ့ပေ။
သူသည် သူမ၏ခြေသလုံးကိုဖက်၍ တောင်းပန်သင့်သည် သို့မဟုတ် သူမ ထွက်ခွာသွားရသည့်အကြောင်းများကို မေးမြန်းသင့်သည် မဟုတ်ပါလော...။
“ရှင့်နေရာ ရှင်သိတာ ကောင်းပါတယ်။ ကျွန်မက ရှင်လက်လှမ်းမှီနိုင်တဲ့သူမျိုး မဟုတ်ဘူးရှင့်” ဟု သူမက လှည့်ထွက်သွားသော အာရန်အား စိုက်ကြည့်ရင်း အော်ဟစ်ပြောလိုက်သည်။
“မင်းပျော်သလိုသာနေပါ” ဟု အာရန်သည် လက်ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်ကာ သူမအား နောက်ထပ်အကြည့်တစ်ချက်ကိုပင် ထပ်မံ၍ မပေးတော့ပေ။
ထိုမိန်းကလေး မြန်မြန်ထွက်သွားလေလေ သူ့အတွက် ပို၍ကောင်းလေလေဖြစ်၏။ သူမသည် သူ မဆက်ဆံလိုသော မမျှော်လင့်ထားသည့် အချိန်တွင်ပေါ်လာသည့် တစ်စုံတစ်ယောက်ပင် မဟုတ်ပါလော...။
သူမ၏နောက်ကွယ်မှ အရာများကြောင့် ထပ်မံ၍ ပြသနာများ မဖန်တီးမိလိုတော့ပေ။
သို့သော်ရုတ်တရက်....
[ဂုဏ်ယူပါတယ်။ သင့်အတွက် ရွေးချယ်မှုအသစ်များ ထပ်မံရောက်ရှိလာခဲ့ပါပြီ။]
အာရန်သည် နန်းတော်ခန်းမမှ ထွက်ခွာတော့မည့် ဆဲဆဲတွင် သူ၏ ညာဘက်ခြေထောက်မှာ အခန်း တံခါးဝတွင်ပင် ရပ်တန့်သွားခဲ့မိသည်။
သူ့ရှေ့မှ ပေါ်လာသော ရွေးချယ်မှုများကို ကြည့်လိုက်မိသောအခါ မလိုအပ်သော ရှုပ်ထွေးမှုတစ်ခုဆီသို့ အတင်းအကျပ်ဆွဲခေါ်ခံလိုက်ရသည့်အလား ခံစားမိလိုက်သည်။
အချိန်တော်ကြာပြီးနောက်တွင်မူ စနစ်ဆီမှ ဤကဲ့သို့ ရွေးချယ်မှုများပြန်လည် ပေါ်ပေါက်လာခဲ့ပြီဖြစ်ကာ ထိုသို့ပေါ်ပေါက်လာတိုင်းလည်း အမြဲတမ်းလိုလိုပင် သူ့အား ဘေးကျပ်နံကျပ်ဖြစ်စေခဲ့လေ၏။
[အကြောင်းအရာ: တစ်စုံတစ်ဦးသည် သန့်စင်ဧကရာဇ်နှင့် စေ့စပ်ပွဲကို ဖျက်သိမ်းလိုနေခဲ့သည်။ သန့်စင်ဧကရာဇ်၏ နေရာကို ရယူထားသူတစ်ဦးအနေဖြင့် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်မှာ သင်၏ တာဝန်ဖြစ်သည်။ နောက်ဆက်တွဲ လုပ်ဆောင်မည့် အစီအစဉ်ကို ရွေးချယ်ရန် အောက်ပါရွေးချယ်မှုများထဲမှ တစ်ခုကို ရွေးချယ်ပါ။]
[ရွေးချယ်မှု (၁): သူမ ထွက်မသွားမီ သူမ၏ဆုံးဖြတ်ချက်ကို နောင်တရပါစေ။]
[ဆုလာဘ်: အသက်အပို +၁]
[ရွေးချယ်မှု (၂): သူမ၏ စကားများကို လျစ်လျူရှုပြီး သည်အတိုင်း ထွက်သွားလိုက်ပါ။]
[ဆုလာဘ်: ဆွဲဆောင်မှု +၁]
[ရွေးချယ်မှု (၃): ဤကဲ့သို့ တော်ဝင်မိသားစုကို မလေးမစားပြုသူကို သတ်ပစ်ပါ။]
[ဆုလာဘ်: ကောင်းကင်သခင်၏ ရန်ငြိုး]
[ရွေးချယ်မှု (၄): သူမ၏ဆုံးဖြတ်ချက် နောက်ကွယ်မှ အကြောင်းရင်းကို ထုတ်ပြောရန် အတင်းအကျပ် တောင်းဆိုပါ။]
[ဆုလာဘ်: လွတ်မြောက်ခြင်းအဆောင်]
“ကောင်းကင်သခင်ရဲ့ ရန်ငြိုးဟုတ်လား...ဒီကောင်းကင်သခင်ဆိုတာ ဘယ်သူလဲ မသိရသေးပေမယ့် ဒါကို ဆုလာဘ်လို့တောင် ခေါ်ဆိုလို့ ရနိုင်ပါ့မလား?”
အာရန်သည် ဆုလာဘ်များထံမှ များစွာ မျှော်လင့်မထားခဲ့သော်လည်း ဤအရာကို ဆုလာဘ်ဟုသတ်မှတ်ရန်မှာမူ မည်သို့မျှ ကိုက်ညီမှုရှိမနေခဲ့ပေ။
တကယ်တန်းဆိုပါက ၎င်းသည် ခြိမ်းခြောက်မှုတစ်ခုဟုပင် ယူဆ၍ ရနိုင်လေသည်။
အာရန်သည် ဤကမ္ဘာတွင် အတော်ကြာကြာ နေထိုင်ခဲ့ပြီးဖြစ်သော်လည်း ကောင်းကင်သခင်အကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ပေ။
ထိုသူသည် ဤမိန်းကလေး၏ဖခင် ဖြစ်နေမည်လား။
သို့မဟုတ် သူမ၏ ချစ်သူလား။ သူ့တွင်မည်သည့် အချက်အလက်မျှ ရှိမနေခဲ့ပေ။
ထိုအရာကို အတည်ပြုနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ သူမကို တိုက်ရိုက်မေးမြန်းခြင်းသာဖြစ်လေသည်။
ထိုသို့ သိနိုင်ရန် သူမ၏လုပ်ရပ်များနောက်ကွယ်မှ အကြောင်းရင်းကို ပြောပြရန် အတင်းအကျပ် လုပ်ဆောင်ရပေလိမ့်မည်။
ကံမကောင်းစွာဖြင့် ထိုရွေးချယ်မှုအတွက် ဆုလာဘ်မှာ လွတ်မြောက်ခြင်းအဆောင် ဖြစ်နေလေသည်။
၎င်းက ဆိုလိုသည်မှာ ကောင်းကင်သခင်၏ ရန်ငြိုးကဲ့သို့ ‘ဆုလာဘ်’ မျိုး မဟုတ်သော်လည်း သတိပေးချက်တစ်ခုနှင့် မခြားပေ။
သူသည် ဤဆုလာဘ်မျိုးကို ရွေးချယ်မှုတစ်ခုနေရာတွင် ရရှိခဲ့သည့်အခါတိုင်း ထိုရွေးချယ်မှုသည် ၎င်းကို ပြီးမြောက်အောင်မြင်ပြီးနောက် ခွေးပြေးဝက်ပြေး ပြေးလွှားရန် လိုအပ်နိုင်မည်ဖြစ်ကြောင်း အတွေ့အကြုံအရ သိနေခဲ့ပြီးဖြစ်၏။
ယခု သူ၏ ရုပ်ရည်ရူပကာသည် အလွန်ကောင်းမွန်သောအခြေအနေတွင် ရှိနေသဖြင့် ဆွဲဆောင်မှုအနည်းငယ်ကိုလည်း ထပ်မံ၍ မလိုအပ်ပေ။
ဤကမ္ဘာ၏စံနှုန်းများနှင့် နှိုင်းယှဉ်လျှင်ပင် သူသည် အချောဆုံး အမျိုးသားများထဲမှ တစ်ဦးဟု ခေါ်ဆိုနိုင်သည်မဟုတ်ပါလော...။
ထို့ကြောင့် သူ့အတွက် ဆွဲဆောင်မှုစွမ်းရည်များ မလိုအပ်ပေ။
ထိုအရာက ပထမဆုံး ဆုလာဘ်တစ်ခုသာ သူ့အတွက် ရွေးချယ်ရန်ကျန်တော့ပုံရပြီး ထိုအရာကလည်း သူ့အား အစွဲဆောင်နိုင်ဆုံးအရာ ဖြစ်နေခဲ့၏။
ဆိုလိုသည်မှာ ထိုရွေးချယ်မှုကိုသာ အောင်မြင်ခဲ့ပါက သူသည် အပိုအသက်တစ်ခု ရရှိနိုင်တော့မည် ဖြစ်လေသည်။
၎င်းသည် ဘာကိုဆိုလိုကြောင်း သူ မသေချာမသိထားပေ။
ဤကမ္ဘာတွင် သူသေဆုံးပါက ထိုအသက်အပိုဖြင့် သူ၏မူလကမ္ဘာသို့ ပြန်သွားနိုင်မည်လား။
သို့မဟုတ် သူ အသတ်ခံရရင်ပင် ထိနေရာတွင်ပင် ပြန်လည်အသက်ရှင်လာမည်လား။
မည်သို့ပင် ဖြစ်ပါစေ ဤကမ္ဘာတွင် သူ၏အသက်သည် အဆက်မပြတ် ခြိမ်းခြောက်ခံနေရခြင်းဖြစ်လေရာ အပိုအသက်တစ်ချောင်းရှိနေခြင်းသည် အလွန်ကောင်းမွန်သောအရာတစ်ခုဖြစ်လေသည်။
‘ဒါပေမယ့် သူမရဲ့ရွေးချယ်မှုကို ဘယ်လို နောင်တရစေမလဲ။ ပုံမှန်အားဖြင့်တော့ ဇာတ်လိုက်က ကျင့်ကြံမှုတွေလုပ်ပြီး သူမကို ကျော်လွန်သွားနိုင်တဲ့အခါမှသာ အမှိုက်တစ်ယောက်ကနေ ဒဏ္ဍာရီလာ သူရဲကောင်းတစ်ဦး ဖြစ်လာတာကို မြင်ပြီးတော့ မိန်းကလေးက နောင်တရရမှာမဟုတ်လား။ ဒါပေမယ့် ဒီကိစ္စမှာကျ ဒီလိုလုပ်လို့ အဆင်ပြေမယ် မထင်ဘူး’
‘ငါက သူမကို ခုနေ အနိုင်ယူလိုက်ရင်တောင်မှ သူမက ငါ့ကို စွန့်ပစ်သွားတာကို မကျေနပ်လို့ ပြန်အနိုင်ကျင့်နေတာလို့ပဲ သူမက မှတ်ယူသွားလိမ့်မယ်။ ငါက သူမအမြင်မှာ အရှုံးသမားတစ်ယောက်အဖြစ် ဆက်ရှိနေဦးမှာပဲ’
အာရန်သည် သူ၏ ခြေလှမ်းများကို ပြန်ရုပ်သိမ်းလိုက်ရင်း မျက်မှောင်ကြုတ်လိုက်ကာ အတွေးများထဲတွင် နစ်မြောသွားခဲ့သည်။
#Catfoot