← Chapters

ဟိုး…ကောင်းကင်က ကြယ်တာရာတွေဆီ

Vol. 34 Ch. 492

ဟိုး…ကောင်းကင်က ကြယ်တာရာတွေဆီ

Vol. 34 Ch. 492

...

အာရန်သည် ဤသို့သော သူမ၏ လျစ်လျူရှုဟန်လေသံကြောင့် အံ့အားသင့်ကာ လည်ချောင်းတစ်ချက်ရှင်းလိုက်ရသည်။

သူသည် သန့်စင်ပရောဟိတ်မပြီးနောက် ဤအနောက်ဘက်တိုက်တွင် အမြင့်ဆုံးအာဏာကိုပိုင်ဆိုင်ထားသော သန့်စင်ဧကရာဇ်အဖြစ်ဟန်ဆောင်ထားခြင်း ဖြစ်လေသည်။

ထိုသို့ဆိုလျှင် သူမ၏လေသံတွင် အနည်းငယ်မျှသော လေးစားမှုလေးတစ်ခုကိုပင် အဘယ်ကြောင့် မခံစားမိခဲ့ရသနည်း။

သူမသည် အနောက်တိုက်ရှိ မိသားစုကြီးတစ်ခုမှ ဖြစ်နေမည်ဆိုလျှင်ပင် တော်ဝင်မိသားစုထက်တော့ ပိုမိုမြင့်မြတ်နိုင်မည်မဟုတ်ပေ။

ထိုသို့ဆိုပါက ထိုလျစ်လျူရှုမှုသည် ပို၍ပင် စိတ်ဝင်စားစရာကောင်းလာခဲ့လေသည်။

သူမသည် သူ့အပေါ် လေးစားမှုမရှိရုံသာမက စေ့စပ်ထားသူတစ်ဦးအဖြစ် ချစ်ခင်တွယ်တာမှုမျိုးပင် အနည်းငယ်မျှ ရှိနေပုံမရပေ။

တစ်စုံတစ်ခုမှားယွင်းနေသည်ဟု အာရန်တစ်ယောက် ခံစားမိလိုက်သည်။

ထို့နောက်အာရန်သည် အခန်းထဲသို့ လျှောက်ဝင်လာလိုက်ပြီး သူတို့နှစ်ဦးကြားရှိ အကွာအဝေးကို ကျဥ်းမြောင်းစေခဲ့၏။

“ဝန်ခံရရင်တော့ မင်းရဲ့ ရုတ်တရက် ပေါ်လာမှုက ငါကိုယ်တော်ကို အတော်လေး အံ့အားသင့်စေခဲ့တယ်” ဟု အာရန်သည် တလေးတစားရှိသော်လည်း သတိထားနေသည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

ထိုမိန်းကလေးသည် အာရန်၏စကားကို ကြားသော်လည်း ဆက်လက်၍ တိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့ပြီး သူမသည် အာရန်အား ဆက်လက်၍ ကျောပေးထားဆဲပင်။

အာရန်သည် သူမ၏ပတ်ဝန်းကျင်တွင် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ ပိုမို၍ကြီးထွားလာသည်ဟု ခံစားမိလိုက်သည်။

သူမသည် အမှန်တကယ် မည်သူနည်း။

အဘယ်ကြောင့် ယခုလိုအချိန်မျိုးတွင်မှ ရုတ်တရက် ပေါ်လာခဲ့ရသနည်း။

ထို့နောက်အာရန်သည် သူမအား ကျော်ဖြတ်သွားခဲ့ကာ သူမကိုအနည်းငယ်မျှပင် လှည့်မကြည့်တော့ပေ။

ထို့နောက်အာရန်သည် ရာဇပလ္လင်ရှိရာဆီသို့သာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

ပလ္လင်ပေါ်တွင် ထိုက်လိုက်ပြီးမှသာ နောက်သို့လှည့်ကြည့်လိုက်ရာ မိန်းကလေး၏ မျက်နှာကို ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရတော့သည်။

“ဟင်”

အာရန်၏ မျက်နှာအမူအရာများ ရုတ်တရက် တောင့်တင်းသွားခဲ့ရ၏။ ထိုမိန်းကလေးသည် အမှန်တကယ်ပင် စွဲမက်ဖွယ်ကောင်းသောအလှအပအချို့ကို ပိုင်ဆိုင်ထားသည်မှာ မှန်သော်လည်း အာရန်၏ အာရုံကို အဓိက ဖမ်းစားလိုက်သည်မှာ သူမ၏ မျက်ဝန်းများပင်။

သူမတွင် ကမ္ဘာကြီးတစ်ခုလုံးကိုပင် ပြာအဖြစ် လောင်ကျွမ်းစေနိုင်သော နေမင်းကဲ့သို့ ရွှေရောင်မျက်လုံးများ ရှိနေခဲ့၏။

သူမ၏ မျက်လုံးများကို ကြည့်မိလိုက်သည်နှင့် သူ၏ စိတ်ဝိညာဉ်အတွင်း၌ ပူလောင်မှုတစ်ခုကို ခံစားမိလိုက်သည်။

အကယ်၍ ထိုအချိန်တွင် အာရန်၏စိတ်ဝိညာဉ်သာ သန်မာမှုရှိမနေခဲ့ပါက သူမ၏ မျက်လုံးများကို ကြည့်မိလိုက်ရုံဖြင့်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိမည်ဖြစ်ကြောင်း သူ သေချာနေခဲ့၏။

အကယ်၍ အစစ်အမှန် သန့်စင်ဧကရာဇ်ဖြစ်ပါက သေဆုံးသွားလောက်ပြီဖြစ်ကြောင်း အာရန်တစ်ယောက် တွေးမိလိုက်သည်။

ထိုမိဖုရားလောင်းဆိုသူသည် သူမ၏ ချစ်သူကို အဘယ်ကြောင့် သတ်ဖြတ်လိုနေရသနည်း။

သို့မဟုတ် သူမသည် သူ့အား အစစ်အမှန် သန့်စင်ဧကရာဇ် မဟုတ်ကြောင်း ကြိုတင်သိနှင့်နေသောကြောင့်ပင်လော။

အာရန်တစ်ယောက် မသေချာနိုင်တော့ပေ။

သူသည် ခဏတာမျှ စကားပင်မပြောနိုင်ပဲ ဖြစ်သွားခဲ့ရသည်။

“ဟင်..”

ထိုမိန်းကလေး၏ အေးစက်စက်မျက်လုံးများတွင် အနည်းငယ်သော စိတ်ခံစားမှုလှုပ်ရှားမှုများ ပေါ်လာပုံရသော်လည်း ထိုအရာသည် မကြာမီပင် လုံးဝပြန်လည် ပျောက်ကွယ်သွားခဲ့၏။

သို့‌သော် သူမသည် ဆဌမအာရုံကိုပင်ပိုင်ဆိုင်ထားသော အာရန်၏ အကြည့်အောက်မှမူ မလွတ်မြောက်နိုင်ခဲ့ပေ။

သူမ၏ တုံ့ပြန်မှုမှတစ်ဆင့် ဧကရာဇ်သည် အနည်းငယ်မျှပင် မထိခိုက်ခဲ့သည့်အတွက် သူမသည် အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့ရသည်။

ထိုအပြုအမူအရ ထိုမိန်းကလေးသည် သူ့အား သန့်စင်ဧကရာဇ် မဟုတ်ကြောင်း မသိရှိထားဟု အာရန် တစ်ယောက် မှတ်ယူလိုက်သည်။

ထိုအစား သူမသည် အစစ်အမှန် သန့်စင်ဧကရာဇ်အား အမှန်တကယ်ပင် သေစေလိုနေခဲ့ဟန်ရပြီး သူမ၏မျက်လုံးများကို ကြည့်ပြီးနောက် သူ မသေသေးသည့်အတွက် အံ့အားသင့်နေခြင်းသာဖြစ်ရပေမည်။

‘သန့်စင်ဧကရာဇ်... သန့်စင်ဧကရာဇ်....မင်းရဲ့ ကံကြမ္မာက ဘယ်လောက်တောင် ဆိုးလိုက်သလဲကွာ.... မင်းရဲ့မိဖုရားလောင်းကတောင် မင်းကို သတ်ချင်နေခဲ့တာတဲ့လား’

အာရန်သည် အစစ်အမှန် မသန့်စင်ဧကရာဇ်အကြောင်းကို မတွေးိဘဲ မနေနိုင်တော့ပေ။

အာရန်သည် ဤကမ္ဘာသို့ ပထမဦးဆုံး ရောက်လာခဲ့စဥ်က သူ၏ကံကြမ္မာကို ဆိုးလှပြီဟု တွေးမိခဲ့သည်။

သို့သော် ယခုမှသာ သူသည် ကံဆိုးခြင်း၏ အဓိပ္ပာယ်ကို နားလည်ခဲ့တော့သည်။ ဤကမ္ဘာတွင် ကံဆိုးခြင်းဟူသည် သန့်စင်ဧကရာဇ်ကိုပင် အဓိပ္ပာယ်ဖွင့်ဆိုရမည့်ပုံပင်။

သန့်စင်ဧကရာဇ်သည် သူ၏တော်ဝင်မိသားစု ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရာရာကို ခေါင်းငုံ့ခံကာ သူ၏ဘဝကို အများ၏ လှောင်ရယ်စရာ ရုပ်သေးဘုရင်အဖြစ် ပြုမူ နေထိုင်ခဲ့ရသည်။

ထိုသို့ ဖြစ်နေခဲ့သည့်တိုင် သန့်စင်ပရောဟိတ်မက သူ့အား သတ်လိုနေခဲ့သည်။

သူ၏ကံဆိုးမှုသည် ထိုမျှနှင့် မလုံလောက်သေးသည့်အလား ကမ္ယာကူးပြောင်းလာသူတစ်ဦးကပင် သူ၏ ခန္ဓာကိုယ်ကို အပိုင်စီးသွားခဲ့သေးသည်။ ထို့နောက် အာရန် ရောက်ရှိလာပြီး ထိုကမ္ဘာကူးလာသူကို ပြန်လည်သတ်ဖြတ်ခဲ့ခြင်းဖြစ်၏။

ထို့ပြင် ယခုလည်း သူ၏မိဖုရားလောင်းက သူ့အား သေစေလိုနေသည်တဲ့လား...။

‘ဒီကမ္ဘာကြီးက မင်းကို တကယ်ပဲ အသက်ဆက်ရှင်စေချင်ပုံ မပေါ်ဘူးပဲ’

အာရန်သည် တိတ်ဆိတ်စွာ ထိုင်နေရင်း သန့်စင်ဧကရာဇ်အပေါ် သနားစိတ်အနည်းငယ်ပင် ဝင်မိလိုက်သည်။

“ရုတ်တရက် ဘာကိစ္စရှိလို့ ရောက်လာတာလဲဆိုတာ ကျုပ် သိခွင့်ရှိမလား”

အာရန်သည် သူ့အား သတ်ရန် ကြိုးစားခဲ့ကြောင်း သိရှိနေသည့်အချက်အား ဖော်ထုတ်ခြင်းမရှိဘဲ သူ၏ ရှေ့မှ မိန်းကလေးအား မေးလိုက်၏။

သူသည် ထိုမိန်းကလေးနှင့်ပတ်သတ်သည့် မည်သည့်အရာကိုမျှ သိမထားသေးပေ။

ဝှက်ဖဲထားခြင်းသည် စောစောစီးစီး ထုတ်ဖော်ပြသလိုက်သည့် ကဒ်များထက် ပိုမိုအသုံးဝင်သောကြောင့် အလျင်စလိုလုပ်မိခြင်းကြောင့် အမှားအယွင်း မလုပ်မိစေလိုခဲ့ပေ။

“ကျွန်မတို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းချင်လို့ပါ” ဟု ထိုမိန်းကလေးက ပြန်ဖြေလိုက်သည်။

သူမ၏မျက်လုံးများမှာမူ အာရန်အား ပိုးမွှားတစ်ကောင်ကို ကြည့်နေသကဲ့သို့ အေးစက်စွာ ကြည့်နေဆဲပင်ဖြစ်၏။

အာရန်သည် ထိုအကြည့်ကြောင့် စိတ်မဆိုးနိုင်ခဲ့ပေ။

၎င်းသည် သူ့အား ပိုးမွှားတစ်ကောင်ကဲ့သို့ အထင်သေးစွာ ကြည့်ခြင်းခံရဖူးသည်ကား ယခုသည် ပထမဆုံးအကြိမ်မဟုတ်တော့သောကြောင့်ပင်တည်း။

သို့သော် သူ့အား ထိုသို့ ကြည့်သူများ‌ေသည် အရှင်သခင်များသာဖြစ်ခဲ့ကာ ယခုကဲ့သို့ အခြားသူတစ်ဦးအနေဖြင့်မူ ပထမဆုံးအကြိမ် ဖြစ်လေ၏။

‘ဒါက ဇာတ်လိုက်ကို ဒဏ္ဍာရီတစ်ခု ဖန်တီးပေးဖို့ လှုံ့ဆော်မှုပေးတဲ့ စေ့စပ်ပွဲဖျက်သိမ်းခြင်း ဇာတ်ကွက်မျိုးမဟုတ်လား။ ဒါပေမဲ့ လှုံ့ဆော်မှုလိုအပ်တဲ့သူက သေသွားပြီဆိုတာ မင်းမသိဘူးလား..။ အခုမှ ဒီဇာတ်ကွက် လာဆင်နေရတဲ့ အကြောင်းအရင်းက ဘာအဓိပ္ပါယ်လဲ’

အာရန်သည် သူ၏ အတွေးများကို အသံထွက်မပြောဘဲ ထိုထူးဆန်းသည့် မိန်းကလေးအား တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။

ယခင် သန့်စင်ဧကရာဇ်နှင့်မတူဘဲ သူသည် ဤလှုံ့ဆော်မှုမျိုး မလိုအပ်ပေ။

အသက်ရှင်လိုသော ဆန္ဒသည်သာ သူ့အတွက် လုံလောက်သော လှုံ့ဆော်မှု ဖြစ်နေနှင့်ပြီးဖြစ်လေသည်။

သို့ဖြစ်သည့်တိုင်အောင် သူသည် ဤဇာတ်လမ်းတွင် ပါဝင်ကပြရခြင်းမှာ သိပ်‌တော့ မဆိုးလောက်ဟု တွေးမိလိုက်သည်။

ထိုအရာက ဇာတ်လိုက်အဖြစ်သူ၏ ကံကြမ္မာကို အနည်းငယ် ပိုကောင်းပေး နိုင်လောက်သည်ဟု တွေးမိလိုက်သည်။

“စေ့စပ်ပွဲတစ်ခုကို လွယ်လွယ် ဖျက်သိမ်းလိုက်တာက တော်ဝင်မိသားစုအတွက် ဘယ်လောက်တောင် အရှက်ရစရာကောင်းလဲဆိုတာ မင်းသိရဲ့လား။ ငါကိုယ်တော်ရဲ့ မိသားစုတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကို မင်းက ချနင်းချင်နေတာလား” ဟု အာရန်သည် ထိုတောင်းဆိုမှုအပေါ် သူ၏ မကျေနပ်မှုအား ထုတ်ဖော်ပြသလိုက်သည်။

ဤဇာတ်လမ်းမျိုးတွင် ထိုကဲ့သို့သော မိန်းကလေးများသည် အလွန်ခေါင်းမာလွန်းကြမှန်း သူ သိနှင့်ပြီးဖြစ်၏။

သူက သူမအား မည်သို့ပင် ကျိုးစားဖျောင်းဖျစေကာမူ သူမ၏ ဆုံးဖြတ်ချက်သည် ပြောင်းလဲသွားမည် မဟုတ်ပေ။

သို့သော် သူသည် အသဲကွဲ ဇာတ်လိုက်တစ်ဦး၏ အခန်းကဏ္ဍကို ဆက်လက် သရုပ်ဆောင်ရဦးမည်မဟုတ်ပါလား...။

“ကျွန်မက ဟိုးကောင်းကင်က ကြယ်တာရာတွေဆီကို ခရီးနှင်တော့မယ့်အချိန်မှာ ဒီလို အရေးမပါတဲ့ တော်ဝင်မိသားစုတစ်ခုရဲ့ ဂုဏ်သိက္ခာကို ဂရုစိုက်နေရဦးမှာလား” ဟု ထိုမိန်းကလေးက အာရန်၏မေးခွန်းအား အေးစက်စွာဖြင့် တန်ပြန်မေးခွန်းတစ်ခု ထုတ်လိုက်သည်။

ပထမတွင် သူမသည် သူ့အား သတ်ပစ်လိုက်ခြင်းက သာ၍ကောင်းမည်ဟု တွေးမိခဲ့သည်။

ထိုသို့ဆိုပါက ဤကိစ္စကို သူမ အလွယ်တကူ ကိုင်တွယ်နိုင်ပေလိမ့်မည်။

သို့သော် သူမ၏ ကျရှုံးမှုက သူမအား အနည်းငယ် တွန့်ဆုတ်သွားစေခဲ့သည်။

သူမသည် သန့်စင်ဧကရာဇ်တွင် သူ၏ အသက်အား ကာကွယ်ရန် အခြားနည်းလမ်းများ ရှိနေဦးမည်ကို စိုးရိမ်မိခဲ့သည်။

သူ၏ အသက်ကို သတ်ရန် ပထမအကြိမ် ကြိုးစားမှု မအောင်မြင်ခဲ့သောကြောင့် သူမသည် ဒုတိယနည်းလမ်းကိုသာ ကြိုးစားရန်ဆုံးဖြတ်လိုက်ရသည်။

သူသည် ဆက်၍ခေါင်းမာနေသေးပါက သူမတွင် တတိယနည်းလမ်းတစ်ခု အဆင်သင့် ဆက်လက်ရှိနေခဲ့ကာ ထိုအရာက ဧကရာဇ်အား သူ့ကိုယ်သူ သူမအတွက် မည်မျှ အရေးမပါကြောင်း သိမြင်စေလိမ့်မည်ဖြစ်၏။

“ မင်းက ကြယ်တာရာတွေဆီကို ခရီးနှင်တော့မယ့်ဆိုတော့ တော်ဝင်မိသားစုက မင်းအတွက် အရေးမပါဘူးပေါ့ ဟုတ်လား “

အာရန်သည် စကားပင် ပြန်မပြောနိုင်တော့အောင် ဖြစ်သွားခဲ့ရသည်။

အာရန်အနေဖြင့် သူမ၏စကားများကို ပို၍တွေးမိလေလေ ထိုစကားများက ပိုမို၍ထူးဆန်းလာလေလေပင်။

ပုံမှန်အားဖြင့် ဤကဲ့သို့ စေ့စပ်ပွဲဖျက်သိမ်းခြင်း ဇာတ်လမ်းမျိုးတွင် ထိုမိန်းကလေးသည် ကမ္ဘာပေါ်ရှိ နောက်ခံကြီးမားသော ဂိုဏ်းကြီးတစ်ခုခုက ရွေးချယ်ထားခြင်းကို ခံထားရပြီး ဖြစ်ပေလိမ့််မည်။

ဤတိုက်ကြီးတွင်မူကား သန့်စင်ဘုရားကျောင်းသည် နောက်ခံခွန်အား အကြီးဆုံးဖြစ်လေ၏။

သို့သော် သူမကို သန့်စင်ဘုရားကျောင်းက ရွေးချယ်ထားခဲ့ခြင်းဖြစ်မည်ဆိုလျှင်ပင် တော်ဝင်မိသားစုအား အရေးမပါဟု ပြောဝံ့စရာအကြောင်းမရှိပေ။

ထို့ကြောင့် သူမ၏ ထိုကဲ့သို့ ယုံကြည်မှုမျိုးသည် ဘယ်ကဲ့သို့ နေရာကရောက်လာခဲ့ခြင်းဖြစ်သနည်း။

အာရန်တွင် ထိုကိစ္စအတွက် မကောင်းသော ခံစားချက်တစ်ခု ရှိနေနှင့်ပြီးသားဖြစ်ကာ ထိုခံစားချက်သည် စက္ကန့်တိုင်းတွင် ပိုမို၍ အားကောင်းလာနေခဲ့၏။

#Catfoot

All Chapters