အပိုင်း (၈၃)
Vol. 7 Ch. 83
ကြောက်စရာကောင်းလွန်းလှသည့် အစီအစဉ်ကြီးကို ကြည့်ရင်း တန်းရှန်သည် စိတ်ထဲတွင်ပင် မလုံမလဲ ဖြစ်လာမိသည်။ ထို့ကြောင့် ထုတ်ကာ ပြောလိုက်မိ၏။ “သခင်လေးရှမ့်... ခင်ဗျား တော်တော်လေး ကောက်ကျစ်ယုတ်မာတာပဲ”
“.........”
“ဟမ့်” ရှမ့်လန်၏ အေးစက်သော အကြည့်သည် သူ့ထံသို့ စူးရှစွာ ကျရောက်လာသည်။
တန်းရှန်သည် ချက်ချင်းပဲ စကားကို ပြင်လိုက်၏။ “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျေးဇူးရှင်သခင်လေးရှမ့်ရဲ့ ဉာဏ်ပညာက တုနှိုင်းဖွယ်မရှိအောင် ကြီးမြတ်လှပါတယ်”
........
ကျူးဝမ်ဟွာသည် ကျောင်းသားနှစ်ရာကို ဦးဆောင်ကာ တခမ်းတနား ချီတက်လာ၏။ သူသည် စိတ်ထဲတွင် ဤအစီအစဉ်အတွက် ကုန်ကျစရိတ်ကို တွက်ချက်နေသည်။ လူတစ်ယောက်ကို ငွေသုံးပြားစီ ပေးရသဖြင့် ပျမ်းမျှအားဖြင့် ရွှေဒင်္ဂါးပြား သုံးဆယ်နီးပါး ကုန်ကျ၏။ သာမန်လူတစ်ယောက်ဆိုလျှင် ဤမျှကြီးမားသော ပမာဏမျိုးကို မပေးနိုင်ပေ။ သို့ပေမည့် သူ ကျူးဝမ်ဟွာအတွက်မှာတော့ ဤငွေပမာဏသည် ဘာမှ ပြောပလောက်သည့် အရာမဟုတ်ချေ။
ညအချိန်ဖြစ်သော်လည်း ဤလူအုပ်ကြီး၏ အရှိန်အဝါသည် အလွန်ကြီးမားသဖြင့် လန်ရှန်မြို့မှ အရပ်သားများသည် မအံ့ဩဘဲမနေနိုင်ချေ။ စပ်စုတတ်သူအချို့သည် ထိုအဖွဲ့နောက်မှ အသာ လိုက်ပါလာကြသည်။
“ဟား ဟား... ကျုပ်တို့ရဲ့ အသိဉာဏ်မဲ့တဲ့ လူအုပ်ကြီး စင်ပေါ်တက်လာချေပြီ”
နွေဦးရှုခင်းစာအုပ်ဆိုင်ရှေ့သို့ ရောက်ချိန်မှာတော့ လူပေါင်းတစ်ထောင်ကျော်အထိ ရှိနေသည်။ ထို့အပြင် မြို့တော်ဝန်လီဖန်ကလည်း တိတ်တဆိတ် အခြေအနေကို ထိန်းသိမ်းရန် စစ်သားတစ်ရာကျော်ကို စေလွှတ် ထား၏။ သူကိုယ်တိုင်ကမူ မြို့တော်ဝန်အိမ်တော်တွင် ကောင်းမွန်သောရလာဒ် မြင်ရရန် စောင့်မျှော်နေသည်။ “ရှမ့်လန် ..... ကျုပ်ကို စိတ်မပျက်စေနဲ့”
မြို့တော်ဝန်သည် ရှမ့်လန်၏ စာအုပ်ကိုဖတ်ပြီးနောက် စာအုပ်နှင့် ၎င်း၏စိတ်ဝိညာဉ်တို့ ဆက်သွယ်မှု ရရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ စာအုပ်တစ်အုပ်မှတစ်ဆင့် လူတစ်ယောက်၏ စိတ်နှလုံးကို ထွင်းဖောက် မြင်နိုင်ကြောင်း သူယုံကြည်သွားသည်။ ရှမ့်လန်သည် အလွန်တရာမှ ကောက်ကျစ်၍ ဉာဏ်နီဉာဏ်နက်များသော လူတစ်ယောက်ဖြစ်မည်ဟု သူက နက်နက်ရှိုင်းရှိုင်း ခံစားမိနေ၏။
...
နာရီဝက်ခန့်ကြာပြီးနောက် လူတစ်ထောင်ကျော်သည် တန်းရှန်၏ စာအုပ်ဆိုင်ကို ဝိုင်းထားကြသည်။
“တန်းရှန်... ထွက်ခဲ့စမ်း”
ကျူးဝမ်ဟွာသည် ကိုယ်တိုင် အော်ဟစ်ခြင်းမပြုဘဲ လူအုပ်ထဲတွင် ပုန်းကွယ်နေသည်။ သူ၏ အဆင့်အတန်းသည် မြင့်မြတ်လှသည်ဖြစ်ရာ သိုသိုသိပ်သိပ် ပြုမူရ၏။။ ရှေ့တန်းမှ အော်ဟစ်နေသူမှာ သူ၏ ထိပ်တန်းသစ္စာခံခွေး ကျောင်းတော်သား ဝမ်ရှီမင် ဖြစ်၏။
ခဏအကြာမှာတော့ စာအုပ်ဆိုင်တံခါးပွင့်ပြီး တန်းရှန် ထွက်လာသည်။ သူ၏ မျက်နှာသည် ကြောက်ရွံ့မှုကြောင့် စိမ်းဖန့်နေသည်။ “လူကြီးမင်းတို့... ဘာ... ဘာကိစ္စများ ရှိလို့ပါလဲ။ ဘာဖြစ်လို့ ဒီလောက်တောင် အင်အား အလုံးအရင်းနဲ့ လာရတာပါလဲ”
ထိပ်တန်းသစ္စာခံခွေး ဝမ်ရှီမင်က မေးလိုက်၏။ “တန်းရှန်... ခင်ဗျား အမှားကြီးတစ်ခု ကျူးလွန်ထားတာကို သိရဲ့လား”
တန်းရှန်က ပြောလိုက်သည်။ “ကျုပ် မသိပါဘူး”
ကျူးဝမ်ဟွာ၏ လက်ပါးစေက ပြောလိုက်၏။ “မာယာမျဉ်းပြိုင်လို ညစ်ညမ်းစာအုပ်မျိုးကို ခင်ဗျား ထုတ်ဝေရဲတယ်ပေါ့။ ဒါက ကျုပ်တို့ ပညာတတ်တွေရဲ့ စိတ်နှလုံးကို ဖျက်ဆီးနေတာ မဟုတ်ဘူးလား။ ခင်ဗျားက လန်ရှန်မြို့ ပညာတတ်အသိုင်းအဝိုင်းတစ်ခုလုံးကို ပြဿနာရှာခဲ့တာပဲ”
“ထွီ”
တန်းရှန်သည် စိတ်ထဲမှာတော့ တိတ်တဆိတ် တံတွေးထွေးလိုက်သည်။
မျက်နှာအပြောင်ဆုံးက ခင်ဗျားတို့ ပညာတတ်တွေပဲ။ ဒီနေ့ ရောင်းလိုက်ရတဲ့ ‘မာယာမျဉ်းပြိုင်’ စာအုပ်ပေါင်း ၃၀၀၀ကျော် ထဲမှာ အနည်းဆုံး သုံးပုံတစ်ပုံက ခင်ဗျားတို့ ပညာတတ်တွေပဲ ဝယ်သွားတာ။ ဒါအပြင် တချို့ဆို စာအုပ်ဝယ်ပြီးပြီးချင်း ပြည့်တန်ဆာတန်းဘက်ကို လျှောက်သွားသေးတာ။
တန်းရှန် မည်သို့သိသနည်းဟု မမေးနှင့်။ အကြောင်းမှာ မြို့ထဲရှိ ပြည့်တန်ဆာဆောင် ပိုင်ရှင်သူဌေးအချို့သည် သူ့ထံသို့ ပန်းစည်းများ ပို့ပေးခဲ့သောကြောင့်ပင်။ အကြီးဆုံး ပြည့်တန်ဆာဆောင်မှ သူဌေးလီ ပြောခဲ့သော စကား အနည်းငယ်က အမှန်တရားကို တိုက်ရိုက်ရှင်းပြနေ၏။ “ကျုပ်တို့ ကောင်မလေးတွေ သေးပေါက်ချိန်တောင် မရဘူး။”
“သူနဲ့ စကားပြောမနေနဲ့တော့။ ဒီလို ပိုက်ဆံမြင်ရင် ဘာမဆိုလုပ်မယ့် သာမန်စီးပွားရေးသမားမျိုးနဲ့ စကားပြောရတာ အချိန်ဖြုန်းတာပဲ”
ကျူးဝမ်ဟွာ၏ သစ္စာခံခွေး ဝမ်ရှီမင်က ပြောလိုက်၏။ “တန်းရှန်... ကျုပ်တို့ ခင်ဗျားကို အခု နောက်ဆုံး သတိပေးချက်ပေးမယ်။ 'မာယာမျဉ်းပြိုင်' စာအုပ်အားလုံးကို ချက်ချင်းထုတ်ပေး။ လူအားလုံးရဲ့ရှေ့မှာ မီးရှို့ ဖျက်ဆီးပစ်မယ်”
တန်းရှန်သည် ခါးသီးသော အသံဖြင့် ပြောလိုက်သည်။ “လူကြီးမင်းတို့ရယ်... ကျုပ်ဆိုင်မှာ ဒီစာအုပ် တကယ် မရှိတော့ပါဘူး”
ဝမ်ရှီမင်သည် အေးစက်စက် ပြောလိုက်၏။ “ခင်ဗျားက ကျုပ်တို့ကို အရူးလို့ ထင်နေတာလား။ အလိမ္မာနဲ့ပြောလို့မရရင် အကြမ်းနည်းသုံးရလိမ့်မယ်”
“ရှမ့်လန်ဆိုတဲ့ အောက်တန်းစားကောင်... သူ့ရဲ့ အမှိုက်လို အဆိပ်စာအုပ်ကို ရွှမ်ဝူမြို့မှာ မထုတ်ဘဲ ဘာဖြစ်လို့ ကျုပ်တို့လန်ရှန်မြို့မှာ လာထုတ်တာလဲ။ ဒါဟာ ပရိယာယ်ပဲ။ ဘာပညာမှမတတ်တဲ့ ရှမ့်လန်ရဲ့ ယုတ်မာပြီး အရှက်မရှိတဲ့ အကြံအစည်ပဲ။ လာကြ၊ ဒီအောက်တန်းစားစီးပွားရေးသမားရဲ့ စာအုပ်ဆိုင်ကို ဝင်ဖျက်ဆီးကြ။ ရှမ့်လန်ရဲ့ အဆိပ်ပင်စာအုပ်တွေကို မီးရှို့ဖျက်ဆီးပစ်ကြ” ဝမ်ရှီမင်သည် အသံကုန်ခြစ်ကာ အော်လိုက်သည်။
သစ္စာခံခွေး ဝမ်ရှီမင်သည် လက်ကိုမြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်ပြီး ရှေ့သို့ တိုးလိုက်သည်။ အစမှအဆုံး ဤသစ္စာခံခွေး ဝမ်ရှီမင်သာလျှင် အရာရာကို စီမံခန့်ခွဲနေ၏။ ကျူးဝမ်ဟွာဆိုသော ဂုဏ်သရေရှိ ပညာတတ်ကြီး၊ နှစ်ပေါင်းရာချီသော တော်ဝင်မျိုးရိုးမှ ဆင်းသက်လာသည့် သခင်လေးသည် သူ၏ ပုံရိပ်ကို ဂရုစိုက်သည်မှာ သဘာဝကျပေ၏။
သို့ပေမည့် ဤသစ္စာခံခွေး ဝမ်ရှီမင်မှာမူ ကျောင်းတော်သားဘဝကို အလွန်ခက်ခဲစွာ ကြိုးစားပြီးမှ ရရှိခဲ့ခြင်းဖြစ်သည်။ သူ၏ မိသားစုမှာ သာမန်ဖြစ်ရာ စည်းစိမ်ဥစ္စာများ ခံစားလိုလျှင် ဘာလုပ်ရမည်နည်း။ အာဏာရှိသူများထံတွင် သစ္စာခံခွေးအဖြစ် အမှုထမ်းရမည်မှာ သဘာဝကျသည်။ သူကပ်ဖားနိုင်သော အာဏာရှိသူမှာလည်း ကျူးဝမ်ဟွာ တစ်ယောက်သာရှိရာ သူသည် ကျူးဝမ်ဟွာ၏ သစ္စာရှိသောခွေး ဖြစ်လာပြီး ထိုအချိန်မှစ၍ ခမ်းနားထည်ဝါသောဘဝဖြင့် နေထိုင်ခဲ့ရသည်။ ယနေ့ ဤသစ္စာခံခွေး၏ လုပ်ဆောင်ချက်သည် အလွန်ကောင်းမွန်ရာ ကျူးဝမ်ဟွာသည် အမှန်ပင်ကျေနပ်နေမိသည်။
“ငွေထပ်ပေးရမယ်။ ငွေထပ်ပေးရမယ်”
“ဝင်ကြ” သစ္စာခံခွေး ဝမ်ရှီမင်၏ ဦးဆောင်မှုအောက်တွင် ကျောင်းသား တစ်ရာကျော်၊ နှစ်ရာခန့်သည် ဆိုင်အတွင်းသို့ တိုက်ရိုက် ဝင်သွားကြ၏။
တန်းရှန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မလုပ်ကြပါနဲ့၊ တကယ်မရှိတော့ပါဘူး”
သူသည် ထိုကျောင်းသားများကို အစွမ်းကုန် တားဆီးရန် ကြိုးစား၏။ သို့ပေမည့် သူနှင့် အစေခံအနည်းငယ်သည် ဤကျောင်းသား တစ်ရာကျော် နှစ်ရာခန့်ကို မည်ကဲ့သို့ တားဆီးနိုင်မည်နည်း။
“လူကြီးမင်းတို့.. ကျုပ်ပြောတာ နားထောင်ပါ၊ နားထောင်ကြပါ။ ခင်ဗျားတို့ ဒီလိုလုပ်ရင် ဒုက္ခအကြီးအကျယ် ရောက်ကြလိမ့်မယ်” တန်းရှန်သည် ကျယ်လောင်စွာ အော်ဟစ် တားဆီးနေသည်။
ကျူးဝမ်ဟွာသည် ချက်ချင်းပဲ မထီမဲ့မြင် ပြုံးလိုက်၏။ “ဒုက္ခအကြီးအကျယ် ရောက်မယ်လား။ အားနာစရာကြီး .... ဒီနေရာက လန်ရှန်မြို့။ ရွှမ်ဝူမြို့ မဟုတ်ဘူး။ ရွှမ်ဝူမြို့မှာတောင် ဘုရင်မင်းမြတ်ရဲ့ မူဝါဒအသစ် လှိုင်းလုံးတွေက ပြင်းထန်နေတာ၊ ရွှမ်ဝူမြို့စားကြီးက လိပ်ခွံထဲမှာ ခေါင်းဝင်ပုန်းနေလောက်ပြီ။ ရှမ့်လန်ဆိုတာက မြို့စားစံအိမ်က သားမက်တစ်ယောက်သာသာပဲ၊ ဘာမှမဟုတ်တဲ့ အောက်တန်းစားကောင်ပဲ။ ဒီလိုလူရဲ့ စာအုပ်ကို မီးရှို့လိုက်တော့ ဘာဖြစ်လဲ။”
မကြာမီမှာပင် နွေဦးရှုခင်းစာအုပ်ဆိုင်၏ ရှေ့တံခါးသည် ပျက်စီးသွားသည်။ ကျောင်းသား တစ်ရာကျော် ၊ နှစ်ရာခန့်သည် သားရဲရိုင်းများကဲ့သို့ပင် ရက်စက်စွာ ဝင်ရောက်လာကြ၏။
“ငါ့အတွက် ဖျက်ဆီးကြစမ်း” ကျူးဝမ်ဟွာ၏ သစ္စာခံခွေးဆီမှ အမိန့်နှင့်အတူ ကျောင်းသားတစ်ရာကျော်သည် မြင်မြင်သမျှကို ရူးသွပ်စွာ ဖျက်ဆီးကြတော့သည်။ ဤဖျက်ဆီးမှုသည် အလွန်တရာမှ ကျေနပ်ဖွယ် ကောင်းလှသည်။
သဘာဝကျစွာပင် ကျောင်းသားအချို့သည် ဖျက်ဆီးနေရင်း လက်တစ်ဖက်ဖြင့် မိမိခါးကို ဖိကိုင်ထားကြရသည်။ အကြောင်းမှာ ‘မာယာမျဉ်းပြိုင်’ စာအုပ် သည် အလွန်ဆွဲဆောင်မှုရှိသောကြောင့်ပင်။ သူတို့သည် မကြာသေးခင်က စာအုပ်ကိုဖတ်ရင်း စိတ်လှုပ်ရှားကာ သွေးသားဆန္ဒကို အကြိမ်အနည်းငယ် ဖြေလျော့ခဲ့ကြရသည်။ ယခု ဒူးများအနည်းငယ်ခွေနေပြီး ခါးလည်း အနည်းငယ်နာနေသည်။
“ဟို အဆိပ်ပင်စာအုပ်တွေကော”
သစ္စာခံခွေး ဝမ်ရှီမင်က မေးလိုက်၏။ “ရှာပြီး မီးရှို့ပစ်ကြ”
ပြီးနောက် လူ တစ်ရာကျော်သည် နေရာအနှံ့ လှန်လှောရှာဖွေကြ၏။ စာအုပ်ဆိုင်တစ်ခုလုံးကို လှန်လှော ရှာဖွေပြီးသော်လည်း ‘မာယာမျဉ်းပြိုင်’ စာအုပ်များကို ရှာမတွေ့ပေ။
“မဖြစ်နိုင်ဘူး၊ သေချာပေါက်ရှိရမယ်။ မြေကြီးကို သုံးပေလောက်တူးပြီး ရှာရမယ်ဆိုရင်တောင် ရှာကြ” သစ္စာခံခွေး ဝမ်ရှီမင်က ပြောလိုက်၏။ ဆိုင်ရှေ့ခန်းကို ရှာပြီးနောက်၊ နောက်ဖေးခြံဝန်းကို လှည့်ရှာကြသည်။
မိနစ်အနည်းငယ်အကြာတွင် တစ်စုံတစ်ယောက်က ရုတ်တရက် ဝမ်းသာအားရစွာ အော်ပြောလိုက်၏။
“တွေ့ပြီ၊ တွေ့ပြီ။ ဒီ တန်းရှန်ဆိုတဲ့လူ ကောက်ကျစ်လှချည်လား။ စာအုပ်တွေကို မြေအောက်ဂိုဒေါင်ထဲမှာ ဝှက်ထားတယ်” ထိုကျောင်းသားက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သစ္စာခံခွေး ဝမ်ရှီမင်သည် မြေအောက်သိုလှောင်ရုံ၏ တံခါးတစ်ချပ်ပွင့်နေသည်ကို တွေ့လိုက်ရချိန်မှာတော့ မဆိုင်းမတွ လျှောက်ဝင်သွားလိုက်သည်။ အတွင်းဘက်တွင် နေရာအနှံ့ စာအုပ်အသစ်များချည်းဖြစ်ပြီး မင်နံ့ပင် မပျယ်သေးပေ။ စာအုပ် အုပ်တစ်ရာကိုတစ်စည်း စည်းထားပြီး၊ ဆီစိမ်စက္ကူကြီးဖြင့် လုံခြုံစွာပတ်ထား၏။
ဆီစိမ်စက္ကူပေါ်တွင် စာလုံးကြီးများဖြင့် ရှင်းလင်းစွာ ရေးသားထားသေးသည်။ “မာယာမျဉ်းပြိုင်”
အစည်းကြီး ဒါဇင်ပေါင်းများစွာရှိပြီး၊ စာအုပ်ပေါင်း နှစ်ထောင်ကျော် အပြည့်ရှိသည်။ ပထမဆုံး အစည်းသည် လုံခြုံစွာ မပတ်ရသေးဘဲ ရှိနေ၏။ ဆီစိမ်စက္ကူကို လှန်ကြည့်လိုက်ချိန်မှာတော့ အတွင်း၌ အမှန်တကယ်ပင် အသစ်စက်စက် ‘မာယာမျဉ်းပြိုင်’ စာအုပ်များ ဖြစ်နေသည်။
သစ္စာခံခွေး ဝမ်ရှီမင်သည် အလွန်ဝမ်းသာသွား၏။ ကျူးဝမ်ဟွာ သူ့ကို ကတိပေးထားသည်မှာ ဤစာအုပ်ကို တွေ့ပြီး မီးရှို့နိုင်လျှင် စာအုပ်တစ်ရာလျှင် ငွေနှစ်ပြား ရမည်ဟုပင်။ ယခု စာအုပ်ပေါင်း နှစ်ထောင်ကျော် ရှိရာ ငွေဒင်္ဂါးပြား လေးဆယ် ရရှိမည်ဖြစ်ပြီး သူ၏ လပေါင်းများစွာ သုံးစွဲရန် စရိတ်လုံလောက်သွားပေ၏။
“ဒါ သစ္စာဖောက် ရှမ့်လန်ရေးတဲ့ အဆိပ်ပင်စာအုပ်တွေပဲ။ အကုန်လုံး သယ်ထုတ်ပြီး လူအများရှေ့မှာ မီးရှို့ပစ်ကြ” ဝမ်ရှီမင်က အမိန့်ပေးလိုက်သည်။
ချက်ချင်းပဲ သန်မာသော ကျောင်းသားအချို့ လာရောက်ပြီး စာအုပ်များကို တစ်စည်းပြီးတစ်စည်း သယ်ထုတ်ကြ၏။
..........
တစ်နာရီ၏ လေးပုံတစ်ပုံခန့်အကြာတွင် စာအုပ်စည်းပေါင်း နှစ်ဆယ်သည် စာအုပ်ဆိုင်ဝင်ပေါက်ရှေ့ လမ်းမကြီး ပေါ်တွင် တောင်ကုန်းတစ်ခုသဖွယ် စုပုံနေသည်။
ပတ်ဝန်းကျင်မှ ကြည့်ရှုနေသော လူများသည် နှစ်ထောင်မှ သုံးထောင်ခန့်အထိ များပြားလာ၏။
သစ္စာခံခွေး ဝမ်ရှီမင်သည် ကျယ်လောင်စွာ ပြောလိုက်သည်။ “အားလုံးပဲ ရှင်းရှင်းလင်းလင်း ကြည့်ကြပါ။ ဒါ မှန်ကန်တဲ့ စိတ်နှလုံးကို ဖျက်ဆီးတဲ့ အဆိပ်ပင်စာအုပ်တွေ၊ အောက်တန်းကျပြီး ညစ်ညမ်းတဲ့ အမှိုက် စာအုပ်တွေပဲ။ ဒါတွေရှိနေခြင်းက လန်ရှန်မြို့ရဲ့ ရိုးသားဖြူစင်တဲ့အငွေ့အသက်ကို ဖျက်ဆီးပြီး ပညာရှိတို့ရဲ့ အသိအမြင်ကို စော်ကားရာရောက်စေလိမ့်မယ်”
“အခု ကျုပ်က အားလုံးရဲ့ရှေ့မှာ ဒါတွေကို မီးရှို့ဖျက်ဆီးပြီး လန်ရှန်မြို့စာပေလောကကို သန့်စင် တောက်ပစေမယ်။ ဒါက အဆိပ်ပင်စာအုပ်ကိုရေးတဲ့ အရှက်မဲ့ကောင်ရဲ့ မျက်နှာကို ရိုက်လိုက်တာပဲ”
ဝမ်ရှီမင်သည် ပြောပြီးသည်နှင့် မီးတုတ်ကို စာအုပ်ပုံထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်၏။ ချက်ချင်းပဲ မီးတောက်များ တဟုန်းဟုန်း ထတောက်လ၏။
ကျူးဝမ်ဟွာသည် စိတ်ထဲတွင် အလွန်တရာမှ သက်သာရာရသွားပြီး သူ၏ဆံပင်အမြစ်တိုင်းကပင် အသက်ရှူ နေသကဲ့သို့ ခံစားလိုက်ရသည်။
“ကျေနပ်စရာပဲ။ သိပ်ကို ကျေနပ်စရာ ကောင်းတာပဲ။ ရှမ့်လန်... မင်းရဲ့ စာအုပ်က ဘယ်လောက်ပဲ ကောင်းကောင်း၊ ဘယ်လောက်ပဲ ရောင်းကောင်းကောင်း၊ ငါ့လူတွေက မီးရှို့ပစ်လိုက်တာပဲ မဟုတ်လား။ မင်းရဲ့ ကြိုးစားအားထုတ်မှုအားလုံး သဲထဲရေသွန်ဖြစ်ကုန်ပြီမလား။
မင်းလိုလူနဲ့ ငါက တကယ်ကို စိတ်ပျက်စရာကောင်းလောက်အောင် ကွာခြားတယ်။ ငါက အကြံအစည် သေးသေးလေးတစ်ခုကို အကောင်အထည်ဖော်လိုက်ရုံပဲ။ ငါ ... ကျူးဝမ်ဟွာဆိုတာ တိမ်ကို လက်တစ်ဖက်နဲ့ စုစည်းနိုင်ပြီး နောက်တစ်ဖက်နဲ့ မိုးအဖြစ် ရွာသွန်းစေနိုင်တဲ့သူပဲ။ ဟား ဟား ဟား ဟား”
ကျူးဝမ်ဟွာသည် ၎င်း၏ စာအုပ်များ မီးရှို့ခံလိုက်ရသည်ကို ရှမ့်လန် သိလျှင် မည်မျှ ဒေါသထွက်ပြီး စိတ်ပျက်အားငယ်သွားမည်ဖြစ်ကြောင်း စတင်တွေးတောနေမိ၏။ “ဒါပေမဲ့ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ။ ဥပဒေက လူတိုင်းကို အပြစ်မပေးနိုင်ဘူးဆိုတာ သိရဲ့လား”
ကျောင်းသား တစ်ယောက်၊ နှစ်ယောက်သာ ဖျက်ဆီးခဲ့လျှင် ပြဿနာအကြီးအကျယ်တက်နိုင်၏။ သို့ပေမည့် တစ်ရာကျော် နှစ်ရာခန့်က ဖျက်ဆီးလျှင်တော့ ဘာကိစ္စမှ မရှိတော့ပေ။
သို့ပေမည့် ထိုအချိန်မှာပဲ နွေဦးရှုခင်း စာအုပ်ဆိုင်ပိုင်ရှင် တန်းရှန်သည် စာအုပ်ပုံထဲသို့ ရုတ်တရက် ပြေးဝင်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မီးရှို့လို့မရဘူး၊ တကယ်မီးရှို့လို့မရဘူး၊ မြန်မြန် မီးငြိမ်းကြ”
ပြီးနောက် အစေခံအချို့သည် ရှေ့တိုးပြီး အစွမ်းကုန် ရေပက်ကာ မီးငြိမ်းသတ်ကြ၏။
သစ္စာခံခွေး ဝမ်ရှီမင်သည် လူများကို ခေါ်ဆောင်ကာ တန်းရှန်ကို အပြင်သို့ ဆွဲထုတ်လိုက်သည်။ “ဒါက အဆိပ်ပင် စာအုပ်တွေ၊ ဘယ်သူတားရဲလဲ၊ တားရဲသူက လန်ရှန်မြို့ရဲ့ ရာဇဝတ်သားပဲ”
တန်းရှန်သည် ရုန်းကန်နေရင်းမှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဘယ်သူက ဒါကို အဆိပ်ပင်လို့ ပြောတာလဲ။ ဒါက ဘုရင်မင်းမြတ်ကိုယ်တိုင် ထုတ်ပြန်ကြေညာထားတဲ့ 'မူဝါဒသစ် ဘုရင့်အမိန့်တော်' တွေ။ ခင်ဗျားတို့က အဆိပ်ပင်လို့ ပြောရဲတယ်ပေါ့၊ ပြီးတော့ အကုန်လုံးကို မီးရှို့ပစ်တယ်၊ ဒါက ဘုရင်ကို စော်ကားတဲ့ ပြစ်မှုပဲ”
ထိုစကားကို ကြားသည့်အချိန်မှာတော့ ကျူးဝမ်ဟွာသည် အနည်းငယ် တုန်လှုပ်သွား၏။
ဝမ်ရှီမင်၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသည်။ သို့ပေမည့် ၎င်းသည် ရယ်မောကာ ပြောလိုက်သည်။ “အမြတ်ကြီးစား စီးပွားရေးသမား ... ခင်ဗျား ဒီအချိန်မှာတောင် လျှောက်ပြောနေသေးတယ်။ ဘုရင်မင်းမြတ်ကိုတောင် ဆွဲထည့်ရဲသေးတယ်ဟုတ်လား။ တကယ့်လူပဲ”
မှန်ပေ၏။ ဘုရင်မင်းမြတ်သည် “မူဝါဒသစ် ဘုရင့်အမိန့်တော်” ကို ထုတ်ပြန်ခဲ့ပြီး စာလုံးပေါင်း သောင်းချီ ပါဝင်သည်။ သို့သော်လည်း အတင်းအကျပ် ဖြန့်ဝေ၊ ရောင်းချ၍မရပေ။ သာမန်ပြည်သူများသည် မူဝါဒသစ်ကို အဘယ်သို့ စိတ်ဝင်စားမည်နည်း။ ဤသည်မှာ တော်ဝင်မျိုးနွယ်ဟောင်းများကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သည်။ သာမန်စီးပွားရေးသမားတစ်ယောက်က ကျိန်းသေပေါက် ရှုံးမည့် အမိန့်တော်ကို အဘယ်သို့ ပုံနှိပ်ရောင်းချမည်နည်း။
တန်းရှန်သည် ရူးသွပ်သွားသကဲ့သို့ ရုန်းကန်ကာ စာအုပ်တစ်ထုပ်ကို ဆွဲယူလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤစာအုပ်ထုပ်သည် အကုန်အစင် မီးမကျွမ်းသေးချေ။
တန်းရှန်သည် အပြင်ဘက်မှ ဆီစိမ်စက္ကူကြီးကို ဆွဲဖြဲပြီး အတွင်းမှ စာအုပ်ဒါဇင်ပေါင်းများစွာကို ဖြန့်ကျက်ကာ အော်ဟစ်လိုက်သည် “ခင်ဗျားတို့ ကြည့်ကြပါဦး၊ ဒါက ဘုရင်မင်းမြတ်ရဲ့ 'မူဝါဒသစ် ဘုရင့်အမိန့်တော်' တွေ။ ခင်ဗျားတို့က အဆိပ်ပင်လို့ စွပ်စွဲပြီး အကုန်လုံးကို မီးရှို့ပစ်တယ်။ စာအုပ်ပေါင်း နှစ်ထောင်ကျော် .... အကုန်လုံး မီးရှို့ခံလိုက်ရပြီ၊ ဒါဇင်အနည်းငယ်ပဲ ကျန်တော့တယ်”
“အရှင်မင်းကြီး .... လူတချို့က အရှင်မင်းကြီးကို စော်ကားနေကြပါတယ်။ မြန်မြန်လာကြည့်ပါ။ လူတချို့ ပုန်ကန်နေကြပြီ။ လူတချို့ ဘုရင်မင်းမြတ်ကို ပုန်ကန်နေကြပြီ”
ပတ်ဝန်းကျင်တစ်ခုလုံးသည် သင်္ချိုင်းကုန်းကဲ့သို့ တိတ်ဆိတ်သွားသည်။ ကြောက်မက်ဖွယ်ရာ ကောင်းသော လေပြင်းတစ်ချက် တိုက်ခတ်လာပြီး လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့၏။