← Chapters

အပိုင်း (၈၄)

Vol. 7 Ch. 84

အပိုင်း (၈၄)

Vol. 7 Ch. 84

ဤနေရာတွင်ရှိသော ကျောင်းသား တစ်ရာကျော် ၊ နှစ်ရာခန့်သည် ချက်ချင်းပဲ လုံးဝ ကြက်သေသေသွားကြသည်။ ဤညသည် အလွန်မပူသော်လည်း လူများစွာတို့သည် ချွေးစေးများ အဆမတန် ထွက်နေကြသည်။

ထိုအချိန်၌ တန်းရှန်သည် အကောင်းမွန်ဆုံး သရုပ်ဆောင်လျက်ရှိပြီး ရင်ဘတ်ကိုထုကာ ခြေဆောင့် အော်ဟစ်နေ၏။ “ဘုရင်မင်းမြတ်ရဲ့ မူဝါဒသစ်ကို လူပေါင်းများစွာ သိရှိစေဖို့ စိတ်စေသနာအရင်းခံနဲ့ ကျုပ် တန်းရှန်က အရာရာကိုစွန့်လွှတ်ပြီး 'မူဝါဒသစ် ဘုရင့်အမိန့်တော်' စာအုပ်ထောင်ပေါင်းများစွာကို ပုံနှိပ်ခဲ့ရတယ်။ ကျုပ်က အရှင်မင်းမြတ်ကို ကိုးကွယ်ယုံကြည်တဲ့သူပါ”

“အခုအကုန်မီးလောင်ကုန်ပြီ။ ကျုပ် တိုင်မယ်။ မြို့တော်ဝန်အိမ်တော်၊ အုပ်ချုပ်ရေးမှူးရုံးတော်နဲ့ ဘုရင်ခံစံအိမ်တော်အထိ တိုင်ကြားပြီး ခင်ဗျားတို့ကို အရေးယူခိုင်းမယ်”

ဝမ်ရှီမင်သည် သေဆုံးတော့မည့် အန္တရာယ်ကို ခံစားလိုက်ရပြီး ကြောက်ရွံ့မှုကြောင့် အသက်ရှူပင် ရပ်မတတ် ဖြစ်သွားသည်။ သူသည် တစ်ကိုယ်လုံး တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “ဒါဟာ ပရိယာယ်ပဲ။ ဒါ သေချာပေါက် အကွက်ချ စီစဉ်ထားတာပဲ။ မီးရှို့လိုက်တဲ့စာအုပ်တွေက 'မူဝါဒသစ် ဘုရင့်အမိန့်တော်' တွေ မဟုတ်တာ သေချာတယ်”

သူသည် အမှန်တရားကို မှန်းဆမိပြီဖြစ်၏။ စစ်မှန်သော မူဝါဒသစ် ဘုရင့်အမိန့်တော်မှာ တစ်ထုပ်တည်းသာ ဖြစ်ပြီး ကျန်သည်များမှာ မရောင်းရသော အမှိုက်စာအုပ်အဟောင်းများ ဖြစ်သည်။ သို့ပေမည့် အခြား စာအုပ်များမှာ လောင်ကျွမ်းသွားပြီဖြစ်၏။ “မူဝါဒသစ် ဘုရင့်အမိန့်တော်” များပါသော ဤတစ်ထုပ်မှာလည်း တစ်စိတ်တစ်ပိုင်း မီးလောင်ကျွမ်းသွား၏။

တန်းရှန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဒီနေရာမှာရှိတဲ့ လူထောင်ပေါင်းများစွာက ရှင်းရှင်းလင်းလင်း မြင်ပါတယ်။ ခင်ဗျားတို့ မီးရှို့လိုက်တာ 'မူဝါဒသစ် ဘုရင့်အမိန့်တော်' တွေဆိုတာ ထင်ရှားတယ်”

သစ္စာခံခွေး ဝမ်ရှီမင်က ပြောလိုက်၏။ “လျှောက်ပြောမနေနဲ့။ ကျုပ်တို့မီးရှို့လိုက်တဲ့ စာအုပ်ထုပ်တွေရဲ့ အပြင်ဘက် ဆီစိမ်စက္ကူတွေပေါ်မှာ 'မာယာမျဉ်းပြိုင်' လို့ ရှင်းရှင်းလင်းလင်း ရေးထားတာ”

တန်းရှန်သည် တင်းမာခက်ထန်စွာ အော်လိုက်သည်။ “ခင်ဗျားက မဟုတ်မမှန်တာတွေ ပြောနေတာပဲ”

ပြီးနောက် သူသည် စာအုပ်ထုပ်ပိုးထားသော ဆီစိမ်စက္ကူကို ပြလိုက်သည်။ “အပေါ်မှာ 'မူဝါဒသစ် ဘုရင့်အမိန့်တော်' ဆိုတဲ့ စာလုံးကို ထင်းထင်းကြီး ရေးထားတယ်။ ‘မာယာမျဉ်းပြိုင်’ ဆိုတာ ဘယ်မှာရှိလို့လဲ”

ဝမ်ရှီမင်သည် ချက်ချင်းပဲ ကြောင်အသွား၏။ “ဒါ... ဒါ ဘယ်လိုဖြစ်ရတာလဲ။ ခုဏက ဒီဆီစိမ်စက္ကူတွေပေါ်မှာ ရေးထားတာက ‘မာယာမျဉ်းပြိုင်’ ပါ။ မူဝါဒသစ် ဘုရင့်အမိန့်တော် ဆိုတဲ့ စာလုံး လုံးဝမရှိခဲ့ဘူး။ ဒါ... ဒါ ဘာတွေဖြစ်ကုန်တာလဲ”

အကြောင်းအရင်းကို ရှင်းပြရန် မလိုတော့ပေ။ အချို့သောစာလုံးများသည် မီးနှင့်ထိပြီး မီးအပူရှိန်ကြောင့် ထင်ပေါ်လာခြင်းဖြစ်သည်။ ရှမ့်လန် ဤသည်မှာ အသေးအဖွဲ ပညာရပ်တစ်ခုသာဖြစ်သည်။

ထိုအချိန်မှာပဲ ချောမောခန့်ညားလွန်းသော လူတစ်ယောက်သည် အပြင်သို့ လျှောက်ထွက်လာ၏။

ကျူးဝမ်ဟွာ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ဒီအကြံအစည်အားလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်နေတာ မင်းကိုး၊ ရှမ့်လန် …။

ရှမ့်လန်သည် ဖြည်းညှင်းစွာ ပြောလိုက်၏။ “ခင်ဗျားတို့က ဘုရင်မင်းမြတ်ရဲ့ 'မူဝါဒသစ် ဘုရင့်အမိန့်တော်' ကို မီးရှို့လိုက်တယ်။ ဒါဟာ သစ္စာဖောက်မှုပဲ။ ပုန်ကန်ဖို့ ကြံစည်နေတာပဲ”

သစ္စာခံခွေး ဝမ်ရှီမင်၏ ခန္ဓာကိုယ်သည် တုန်ခါသွားသည်။

ရှမ့်လန်က မေးလိုက်၏။ “စာတော်ပြန်မင်း... ဘုရင်မင်းမြတ်ရဲ့ မူဝါဒသစ်ကို ဗြောင်ကျကျ ဖျက်ဆီးတာ ဘယ်လိုပြစ်မှုမျိုး ထိုက်ပါသလဲ”

ကိစ္စများ ရှုပ်ထွေးမည်ကို စိုးရိမ်သောကြောင့် မြို့တော်ဝန်လီဖန်သည် စစ်သည်တစ်ရာကျော်ကို စေလွှတ် စောင့်ကြည့်ခိုင်းထားပြီး ဦးဆောင်လာသူမှာ စာတော်ပြန် စုန့်မင် ဖြစ်သည်။ ဤစာတော်ပြန်မှာ အသက် သုံးဆယ်သာရှိသေးသော လူငယ်တစ်ဦးဖြစ်ပြီး ပညာရှင်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သည်။

ရှမ့်လန်၏ မေးခွန်းကိုကြားချိန်မှာတော့ ထိုသူသည် ရှေ့သို့တိုးလာပြီး ဖြေလိုက်၏။ “ပညာတတ်ဘွဲ့အားလုံးကို ရုပ်သိမ်း၊ ကြိမ်ဒဏ် သုံးဆယ်ရိုက်ပြီး တောင်ဘက်ကျွန်းသို့ နယ်နှင်ဒဏ်ပေးခံရမယ်”

ဤစကားကြောင့် ပြဿနာရှာခဲ့သော ကျောင်းသားများစွာသည် ကြောက်လန့်တကြားဖြင့် သေးများပင် ထွက်ကျလုမတတ် ဖြစ်သွားကြသည်။ ကျောင်းတော်သားအများစု၌ ပညာတတ်ဘွဲ့ မရှိသောကြောင့် ရုတ်သိမ်းခံရမည်ကို မစိုးရိမ်ကြသော်လည်း၊ ကြိမ်ဒဏ်သုံးဆယ်ဆိုသည်မှာ အလွန်ကြောက်စရာကောင်းသည်။ သူတို့၏ နူးညံ့ဖြူဖွေးသော အသားအရေကြောင့် တကယ်ရိုက်ခံရလျှင် တစ်ပိုင်းသေသွားနိုင်သည်။ ထိုတင်သာမကသေးချေ။ တောင်ဘက်ကျွန်းသို့ နယ်နှင်ဒဏ် ခံရခြင်းမှာ ပို၍ကြောက်စရာကောင်းသည်။

ထိုကျွန်းသည် ပင်လယ်ရပ်ခြားတွင် ထီးထီးကြီးတည်ရှိပြီး လူ့အသိုင်းအဝိုင်းနှင့် လုံးဝ အဆက်ပြတ်နေသည်။ လူရိုင်းများမှလွဲ၍ ဘာမှမရှိသလောက်ဖြစ်ပြီး ငှက်ဖျားရောဂါအပြင် သားရဲတိရစ္ဆာန်များဖြင့် ပြည့်နှက်နေသည်။ ထိုနေရာသို့ နယ်နှင်ဒဏ်ခံရခြင်းသည် အခြေခံအားဖြင့် သေလမ်းသို့ သွားရခြင်းပင်ဖြစ်ပြီး၊ အသက် သုံးဆယ့်ငါးနှစ်ထက်ပို၍ အသက်ရှင်နိုင်ဖွယ်မရှိပေ။ သားရဲတိရစ္ဆာန်များ ကိုက်မသတ်လျှင်တောင်မှ လူရိုင်းများ၏ ညှဉ်းပန်းနှိပ်စက်မှုကို ခံရပေလိမ့်မည်။

၎င်းတို့သည် ယခင်က ဝံပုလွေကဲ့သို့ ကြောက်စရာကောင်းအောင် ပြဿနာရှာခဲ့ကြသော်လည်း ယခု အခြေအနေကို ကြုံရချိန်မှာတော့ အိမ်မွေးခွေးများကဲ့သို့ပင် ယဉ်ကျေးသိမ်မွေ့သွားကြသည်။ ဤသည်မှာ ဤကျောင်းတော်သားအုပ်စု၏ အစစ်အမှန် သတ္တိပင်ဖြစ်သည်။ အားလုံးသောသူတို့သည် ငုံးကောင်လေးများများကဲ့သို့ပင် ကြောက်ရွံ့ တုန်လှုပ်နေကြသည်။

ရှမ့်လန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဘာတွေကြောင်ကြည့်နေကြတာလဲ။ ဒီကိစ္စမှာ ခေါင်းဆောင်ကို ဖော်ထုတ်ကြ၊ နောက်ကွယ်ကကြိုးကိုင်သူကို သတင်းပေးတဲ့သူ အပြစ်ပေါ့လျော့ခွင့်ရလိမ့်မယ်”

ဤစကားကိုကြားရချိန်မှာတော့ ကျောင်းသား နှစ်ရာခန့်သည် ပထမ၌ ကြောင်ငေးသွားကြ၏။ ပြီးနောက် လျင်မြန်စွာဖြင့် ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ ကျူးဝမ်ဟွာ၏သစ္စာခံခွေးအချို့နှင့် အကွာအဝေး အနည်းငယ်ခြားလိုက်ကြသည်။

ဝမ်ရှီမင်ဦးဆောင်သော သစ္စာခံခွေးကြီးလေးကောင်သည် တစ်ဖွဲ့တည်း ထီးထီးကြီး ဖြစ်သွား၏။

မည်သို့ပင်ဆိုစေကာမူ ဝမ်ရှီမင်သည် တကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

........

ရှမ့်လန်သည် ဝမ်ရှီမင်၏ ရှေ့သို့ အသာလျှောက်သွားသည်။ ပြီးနောက် ညင်သာစွာ သက်ပြင်းတစ်ချက်ချကာ မေးလိုက်၏။ “လူကောင်းမလုပ်ဘဲ ဘာလို့ ခွေးတစ်ကောင်လို နေချင်ရတာလဲ”

“မင်းကရော ငါ့ထက် ဘယ်သာနေလို့လဲ”

ဝမ်ရှီမင်သည် တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။ “မင်းလည်း ဆင်းရဲသားပဲ။ ဘာဖြစ်လို့ မင်းက အာဏာရှိသူရဲ့အိမ်ကို သားမက်အဖြစ် ဝင်ခွင့်ရပြီး ငါကတော့ ဖွဲထမင်းနဲ့ ဟင်းရွက်ကြမ်း စားနေရတာလဲ”

“ငါ့ရုပ်ရည်ကြောင့်ပေါ့”

ရှမ့်လန်က ပြောလိုက်၏။ “မင်း... ငါ့လို ရုပ်ရည်ချောမောရင် မိန်းမတစ်ယောက်ကို မှီခိုပြီး အေးအေးလူလူနဲ့ ချမ်းသာမှုကို ခံစားလို့ရတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ၊ ဘယ်သူက မင်းကို ရုပ်ဆိုးအောင် မွေးဖွားခိုင်းလို့လဲ”

လွန်လွန်းလှသည်။ ဝမ်ရှီမင်သည် ကြောက်ရွံ့မှုကိုပင် မေ့သွားပြီး နာကြည်းခံပြင်းမှုကို ခံစားလိုက်ရသည်။

ရှမ့်လန်က တီးတိုး ပြောလိုက်၏။ “အမှန်အတိုင်းပြောပြရရင် ဒီနေ့ဖြစ်သမျှအကုန်လုံးက မင်းတို့ကို ထောင်ချောက်ဆင်ဖို့ ငါကိုယ်တိုင် စီစဉ်ထားတာပဲ။ မင်းလည်း တကယ်ကို တုံးအတယ်၊ မစင်စားတဲ့နေရာမှာ မင်းလောက် အားတက်သရော ဘယ်သူမှရှိမှာမဟုတ်ဘူး”

ဝမ်ရှီမင်သည် ချက်ချင်းပဲ ဒေါသထွက်သွားသည်။ ဒေါသတရားများသည် သူ၏စိတ်နှင့် ဦးနှောက်ကို လောင်ကျွမ်းလျက်ရှိနေ၏။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။ “ငါ လူသတ်ချင်တယ်။ ငါ့ရှေ့က ဒီခွေးမသားကို ငါသတ်ပစ်ရမယ်”

ရှမ့်လန်က ပြောလိုက်၏။ “မင်းကို ငါ ထောင်ချောက်ဆင်တယ်။ မင်း ဘာတတ်နိုင်လဲ”

သူ၏အသံသည် တိုးတိုးလေးဖြစ်ပြီး ဝမ်ရှီမင်တစ်ယောက်သာ ကြားနိုင်သည်။

သို့နောက် ရှမ့်လန်က ပြောလိုက်၏။ “မင်း ငါ့ကို ရိုက်ချင်နေမှန်း သိတယ်။ ဒါပေမဲ့ မင်း မရိုက်ရဲဘူး။ သတ္တိရှိရင် ငါ့ကို ရိုက်လိုက်လေ။”

ပြောရင်း ရှမ့်လန်သည် သူ၏ ရင်ဘတ်ကို ပုတ်ပြနေသည်။ “ငါ့ကို ရိုက်မလား။ ရိုက်လိုက်လေ။ သတ္တိမရှိတဲ့ကောင်။ ငါသာ မင်းအဖေဆို မင်းကို မွေးထုတ်ပေးမိတဲ့အတွက် စိတ်ပျက်မိမှာပဲ”

ဝမ်ရှီမင်သည် အမှန်တကယ် မခံနိုင်တော့ဘဲ ကြောက်ရွံ့မှုနှင့် ဒေါသသည် သူ၏ အသိဉာဏ်ကို လုံးဝ လွှမ်းမိုးသွားသည်။ လက်သီးဆုပ်ကာဖြင့် ရှမ့်လန်၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ထိုးချလိုက်၏။

“အား...”

ဝက်သတ်လိုက်သကဲ့သို့ တူညီသော ကြောက်မက်ဖွယ် အော်ဟစ်သံကို ကြားလိုက်ရသည်။ ထိုအသံသည် ရှမ့်လန်၏ အသံမဟုတ်ပေ။ ဝမ်ရှီမင်၏ အသံဖြစ်သည်။ ပြင်းထန်သောနာကျင်မှုနှင့်အတူ ၎င်း၏ လက်မှ အရိုးကျိုးသွားပြီး သွေးများ တစက်စက်ကျနေသည်။

“ရှမ့်လန်၊ မင်းအမေငါ xxx .. ရင်ဘတ်ထဲမှာ သံပြားခံထားရုံတင်မကဘူး။ ဆူးချွန်တွေပါတဲ့ သံပြားကို ခံထားတာကိုး” ဝမ်ရှီမင်သည် နာကျင်မှုကြောင့် သတိလစ်လုမတတ်ဖြစ်နေ၏။

သို့ပေမည့် ရှမ့်လန်သည် မျက်နှာအမူအရာပြောင်းကာဖြင့် အေးစက်စွာ ပြောလိုက်သည်။ “ရိုင်းစိုင်းတဲ့ ဝမ်ရှီမင်... မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့လေ။ စာတော်ပြန်မင်းစုန့်… ခင်ဗျားမြင်တယ်နော်၊ ဒီဝမ်ရှီမင် ကျုပ်ကို ရိုက်တယ်”

“ရွှမ်ဝူမြို့စားစံအိမ်တော်ရဲ့ သားမက်တစ်ယောက်ကို အကြောင်းမဲ့သက်သက် ရိုက်နှက်လိုက်တယ်။ မင်း ငါ့ကိုရိုက်တာလား။ မဟုတ်ဘူး။ မင်းက ရွှမ်ဝူမြို့စားစံအိမ်တော်ရဲ့ မျက်နှာကို ရိုက်တာပဲ။ လာကြစမ်း”

ချက်ချင်းပဲ ကျင်းဟွေ့နှင့် မြို့စားစံအိမ်တော်မှ တခြားစစ်သည်တစ်ဦးသည် ရှေ့တိုးလာသည်။

“လူသတ်သမားရှိတယ်။ လူသတ်သမားရှိတယ်”

ရှမ့်လန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ကျုပ်ကို လာသတ်နေတယ်”

ကျင်းဟွေ့သည် ရှေ့တိုးပြီး ဝမ်ရှီမင်၏ လက်မောင်းနှစ်ဖက်ကို ဖမ်းချုပ်ကာ ခပ်ပြင်းပြင်း ရိုက်ချလိုက်သည်။

“အား...”

ဤကျူးဝမ်ဟွာ၏ သစ္စာခံခွေးသည် လက်မောင်းနှစ်ဖက်စလုံးကျိုးသွား၏။

“အား...”

ဝမ်ရှီမင်ထံမှ ကြောက်မက်ဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာပြီး၊ အလွန်ဝမ်းနည်းကြေကွဲဖွယ်ကောင်းလှသည်။ ၎င်းသည် နာကျင်မှုကြောင့် မြေပေါ်သို့ လဲကျရုံတင်သာမက ပါးစပ်မှ အမြုပ်များပင် ထွက်လျက်ရှိသည်။

ရှမ့်လန်သည် ထိုင်ချလိုက်ပြီး ထိုသနားစရာကောင်းသော ဝမ်ရှီမင်ကို ခံစားချက်မဲ့စွာဖြင့် ကြည့်လိုက်သည်။ ပြီးနောက် ထူးမခြားနားသလို ပြောလိုက်သည်။ “နယ်နှင်ဒဏ်ဆိုတာက အစိုးရက မင်းကိုပေးတဲ့ အပြစ်ဒဏ်ပဲ။ ငါ့ရဲ့ ကိုယ်ပိုင် အပြစ်ဒဏ်လည်း ရှိရမှာပေါ့။ လူတစ်ယောက်က ငါ့ကို ရန်စပြီးရင် ဘေးကင်းလုံခြုံစွာ နေနိုင်မှာ မဟုတ်ဘူး”

ထို့နောက် ရှမ့်လန်က ကျယ်လောင်စွာ ပြောလိုက်၏။ “စာတော်ပြန်မင်းစုန့်.. ခင်ဗျား ရှင်းရှင်းလင်းလင်း မြင်တယ်နော်။ ကျုပ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပါ။ သူက ကျုပ်ကို အရင်ရိုက်တာ”

နောက်ဆုံမှာတော့ လန်ရှန်မြို့ စာတော်ပြန်စုန့်မင်သည် သည်းမခံနိုင်တော့ပေ။ ၎င်းသည် အနီးအနားတွင် ရှိနေသည့် ရွှမ်ဝူမြို့စားစံအိမ်တော်မှ ကိုယ်ရံတော်တစ်ဦးအား တီးတိုး လှမ်းမေးလိုက်သည်။ “ခင်ဗျားတို့ သားမက်တော်က အရှက်ရောရှိသေးရဲ့လား”

ထိုကိုယ်ရံတော်သည် မကြားသကဲ့သို့ နေလိုက်သည်။ နောက်နေသည်လား။ သူ မည်သို့ ပြန်ပြောရမည်နည်း။ သားမက်တော် ရန်ငြိုးထားမှာ ကြောက်ရသည် မဟုတ်ပါလား။ သို့ပေမည့် ရှမ့်လန် လှည့်ထွက်သွားသည့်အချိန်မှာတော့ ကိုယ်ရံတော်သည် လျင်မြန်စွာ ခေါင်းခါယမ်းပြလိုက်သည်။

ရှမ့်လန်သည် ဝမ်ရှီမင်နှင့် အခြားသော သစ္စာခံခွေးများဘက်သို့ လှည့်ကာမေးလိုက်၏။ “အပြစ်ကို ပြန်ဆပ်ချင်လား။ အပြစ်ဒဏ်ပေါ့လျော့ချင်လား။ ဖော်ထုတ်သတင်းပေးရင် ရပြီ။ အားလုံးကို ထုတ်ပြောလိုက်။ ခင်ဗျားတို့ ဘယ်သူ့ရဲ့ ကြိုးကိုင်မှုနဲ့ 'မူဝါဒသစ် ဘုရင့်အမိန့်တော်' ကို မီးရှို့ခဲ့တာလဲ။ ဘယ်သူက ခင်ဗျားတို့ကို မူဝါဒသစ်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်ခဲ့တာလဲ”

ယခုအချိန်တွင် ကျူးဝမ်ဟွာသည် ပုန်းကွယ်ရန် နည်းလမ်းမရှိတော့ပေ။ မြွေတစ်ချက်ပေါက်လျှင် အဆိပ်က သုံးလက်မ ဝင်သည်ဟု ဆိုရိုးစကားရှိသည် မဟုတ်ပါလား။ မင်း ... ရှမ့်လန် ငါ့ကို အသေသတ်မလို့လား။

သာမန်ကျောင်းတော်သားတစ်ယောက် 'မူဝါဒသစ် ဘုရင့်အမိန့်တော်' ကို မီးရှို့လျှင် အများဆုံး နယ်နှင်ဒဏ်ခံရမည်။ သို့ပေမည့် ကျူးဝမ်ဟွာ.. မြို့စားစံအိမ်တော်မှ သခင်လေးတစ်ပါးဆိုလျှင်ရော။ မူဝါဒသစ် အမိန့်တော်ကို မီးရှို့ခဲ့သည်ဆိုခြင်းမှာ ပုန်ကန်ရန် ကြံစည်သည်ဟု အဓိပ္ပာယ် သက်ရောက်နိုင်သည်။

“ရှမ့်လန်... မဟုတ်မမှန် စွပ်စွဲမနေနဲ့”

ကျူးဝမ်ဟွာသည် ထကာ အော်ဟစ်လိုက်၏။ “မင်းတို့ ရွှမ်ဝူမြို့စားစံအိမ်က ပိုက်နက်နယ်မြေနဲ့ စစ်တပ်အာဏာကို မအပ်နှံသေးဘူး။ မင်းတို့ကမှ မူဝါဒသစ်ကို ဆန့်ကျင်နေတာ။ ငါတို့ လန်ရှန်မြို့စားစံအိမ်တော်က ဘုရင်မင်းမြတ်ရဲ့ အမိန့်ကို နာခံပြီး စစ်တပ်နဲ့ ပိုက်နက်ကို အပ်နှံပြီးသား”

“ဒါကြောင့်မို့လို့...”

ရှမ့်လန်က ပြောလိုက်သည်။ “ခင်ဗျားက စိတ်ထဲမှာ မကျေမနပ်ဖြစ်နေတာကိုး။ ဒီကျောင်းသားတွေကို လှုံ့ဆော်ပြီး မြို့တော်ဝန်အိမ်တော်ကို ဝိုင်းခိုင်းတယ်။ 'မူဝါဒသစ် ဘုရင့်အမိန့်တော်' ကို မီးရှို့ခိုင်းတယ်။ ခင်ဗျားတို့ လန်ရှန်မြို့စားစံအိမ်တော်က တကယ်ကို မကောင်းတဲ့ရည်ရွယ်ချက်ရှိတာပဲ။ အပေါ်ယံတစ်မျိုး၊ အတွင်းတစ်မျိုး၊ ပုန်ကန်ဖို့ ကြံစည်တာ ထင်ရှားနေပြီ”

ကျူးဝမ်ဟွာသည် အမှန်တကယ် မူးမေ့လဲသွားချင်နေမိ၏။ “ရှမ့်လန်၊ မင်း... မင်း ဒီလောက် ဆိုးယုတ်ရသလား။ ငါ မင်းရဲ့စာအုပ်ကို မီးရှို့ရုံလေးပဲ။ ငါ့ကို ကိုယ့်ကိုယ်ကိုယ် သတ်သေအောင် တွန်းပို့ရုံတင်မကဘူး။ ငါတို့ ကျူးမိသားစုတစ်မျိုးလုံးကိုပါ ရေထဲဆွဲချချင်နေတာကိုး။ ကိုယ်ရေးကိုယ်တာ ရန်ငြိုးလေးတစ်ခုအတွက်နဲ့ မိသားစုတစ်စုလုံးကို သေစေချင်နေတာလား”

တိတ်တဆိတ် ရောက်လာသော မြို့တော်ဝန်လီဖန်မှာမူ အံ့အားသင့်ရုံသာမက လန့်ဖြန့်၍ပင် နေလေသည်။ “သားမက်တော်ရှမ့်.. ကျုပ်က ခင်ဗျားရဲ့ အရည်အချင်း အနည်းငယ်ကို စမ်းသပ်ကြည့်ရုံလေးပါ၊ ခင်ဗျား... ခင်ဗျားက ရက်ရက်စက်စက်နဲ့ တစ်ဖက်လူကို ချောင်ပိတ်ဖမ်းထားတာပဲ။ ဘယ်လိုရန်ငြိုးမျိုးရှိလို့ ဒီလိုလုပ်ရတာလဲ”

ရှမ့်လန်သည် မျက်စိလျှင်သဖြင့် မြို့တော်ဝန်ကို ချက်ချင်းတွေ့ရှိသွားသည်။ သူက ပြောလိုက်၏။ “မြို့တော်ဝန်လီဖန်... ဒါက ပုန်ကန်မှုကြီးပါ။ စုံစမ်းစစ်ဆေးတာမျိုးမလုပ်ရင် လန်ရှန်မြို့က အန္တရာယ်ရှိနေပါပြီ”

All Chapters