အပိုင်း (၈၅)
Vol. 7 Ch. 85
မြို့တော်ဝန်လီဖန်သည် အမှန်ပင် အနည်းငယ် တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။
သခင်လေးရှမ့်... ခင်ဗျားက ကျုပ်ကို စိတ်ပျက်အောင်လုပ်မှာ မဟုတ်ဘူးလို့ ကျုပ်သိသားပဲ။ ဒါပေမဲ့... ခင်ဗျား ဒီလောက်တောင် ထူးချွန်ပြောင်မြောက်ပြီး လက်ရဲဇက်ရဲနိုင်လိမ့်မယ်လို့တော့ ကျုပ်လုံးဝ ထင်မထားခဲ့ဘူး။ ကျုပ်အရာရှိ တစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ခင်ဗျားလိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့ လူငယ်တစ်ယောက်ကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပဲ။
၎င်း၏ လုပ်ရပ်တိုင်းသည် တစ်ဖက်သားအား လွတ်လမ်းမရှိအောင် အပြီးတိုင် ချေမှုန်းဖျက်ဆီးပစ်နေသလိုပင်။
ရှမ့်လန် သည် ဝမ်ရှီမင်နှင့် အခြားသူများဘက်သို့ လှည့်၍ ပြောလိုက်သည်။ “ခင်ဗျားတို့ မြင်ကြလား။ ဒါက ပုန်ကန်ဖို့ ကြံစည်တဲ့အမှုပဲ။ ခင်ဗျားတို့လို ငတုံးတစ်သိုက်က သူများအတွက် အပြစ်ပုံချခံဖို့ စဉ်းစားနေကြ တုန်းလား။ ပြည်နှင်ဒဏ်ခံရပြီးနောက်မှာ တစ်စုံတစ်ယောက်က ခင်ဗျားတို့ မိသားစုတွေကို ငွေကြေး ထောက်ပံ့လိမ့်မယ်လို့ မျှော်လင့်နေကြတုန်းပဲလား။ အဲလောက် အယုံမလွယ်ကြစမ်းပါနဲ့”
ရှမ့်လန်သည် ပြုံးလျက် ဆက်ပြော၏။ “ခင်ဗျားတို့ ကျွန်းကိုတောင် မရောက်သေးဘူး။ လမ်းမှာတင် သက်သေဖျောက်တဲ့အနေနဲ့ အသတ်ခံရမှာ သေချာတယ်။ ခင်ဗျားတို့ သေသွားပြီးတဲ့နောက်မှာ အိုမင်းနေပြီ ဖြစ်တဲ့ အဖေ၊ အမေတွေ ဘယ်လိုဆက်နေကြမလဲ။ နုပျိုလှပတဲ့ မယားငယ်လေးကိုရော ဘယ်လိုလုပ်မလဲ။ ငယ်ရွယ်ချောမောတဲ့ ညီမလေးတွေရော ဘယ်လိုလုပ်ကြမလဲ။”
ကျူးဝမ်ဟွာသည် ဒေါသကြောင့် အမှန်ပင် ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။ “ရှမ့်လန်... မင်း.. မင်းအမေ ငါ xxxx ... မင်း ပြောချင်တာတွေလျှောက်ပြောနေတယ်ဆိုရင်တောင်မှ အတိုင်းအတာဆိုတာ ရှိသင့်တယ်”
သို့ပေမည့် ဝမ်ရှီမင်တို့ သုံးယောက်မှာတော့ ရှမ့်လန်၏ ကြံရာပါကိုပါ ရှင်းလင်းပစ်မည့် အကြံအစည်ကြားထဲတွင် အထင်အရှားပင် ထိတ်လန့်ကြောက်ရွံ့နေကြ၏။
နောက်ဆုံးမှာတော့ ထိုလူများထဲမှ တစ်ယောက်သည် သည်းမခံနိုင်တော့ဘဲ ထကာ အော်ဟစ်လိုက်သည်။ “ဒါက သခင်လေးကျူးဝမ်ဟွာ ခိုင်းတာပါ။ သူက တန်းရှန်ရဲ့ စာအုပ်ဆိုင်ကို မီးရှို့ဖို့ ကျုပ်တို့ကို ငွေပေးပြီး ငှားရမ်းခဲ့ တာပါ။ အထဲမှာ 'မူဝါဒသစ် ဘုရင့်အမိန့်တော်' ရှိမှန်း ကျုပ်တို့ တကယ်မသိခဲ့ပါဘူး။ အထဲမှာ ရှမ့်လန်ရဲ့ စာအုပ်တွေပဲရှိတယ်လို့ သခင်လေး ကျူးဝမ်ဟွာက ပြောပြီးခိုင်းခဲ့တာပါ”
“သခင်လေးရှမ့်... သခင်လေးရဲ့စာအုပ်ကို ကျုပ် ဒီနေ့ပဲ ဖတ်ပြီးပါပြီ။ အရမ်းကောင်းလွန်းလို့ ကျုပ်က သခင်လေးရဲ့ ပရိသတ်တစ်ယောက်တောင် ဖြစ်နေပါပြီ။ ကိုယ့်လူအချင်းချင်း မှားယွင်းပြီး မထိခိုက်မိပါစေနဲ့”
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ် သခင်လေးရှမ့် သခင်လေးရဲ့စာအုပ်ကို ကျုပ်လည်း ဝယ်ဖတ်ပြီးပါပြီ။ နှစ်အုပ်တောင် ဝယ်ထားတာ။ ဘာလို့လဲဆိုတော့ အိမ်ရောက်မှ အတွင်းကသရုပ်ဖော်ပုံတချို့ စုတ်ဖြဲခံ ထားရတာကို တွေ့လိုက်ရလို့လေ။ ဒါနဲ့ပဲ နောက်တစ်အုပ် ထပ်ဝယ်ခဲ့ရတာပါ”
“ကျုပ်တို့တွေက ကိုယ့်လူအချင်းချင်းတွေပါ။ မတော်တဆ ထိခိုက်မိတာမျိုး မဖြစ်စေချင်ပါဘူး”
ရှမ့်လန်သည် ထိုအခိုက်အတန့်တွင် အနည်းငယ် ဆွံ့အသွားသည်။
ကျုပ်ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် အရှက်မဲ့တဲ့လူလို့ ထင်ထားတာ၊ ခင်ဗျားတို့လို ကျောင်းသားတွေက ဒီလောက်တောင် အရှက်ကင်းမဲ့လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။
မည်သို့ပင်ဖြစ်စေ ကျူးဝမ်ဟွာကို လက်ညှိုးထိုးပြီး သက်သေခံပေးလိုလျှင် အတိုင်းထက်အလွန် ကောင်းပေ၏။
“ခင်ဗျားတို့ကို ဘုရင်မင်းမြတ်ရဲ့ 'မူဝါဒသစ် အမိန့်တော်' ကို မီးရှို့ဖို့ လှုံ့ဆော်ခဲ့တာ ကျူးဝမ်ဟွာဆိုတာ သေချာ ရဲ့လား” ရှမ့်လန်က မေးလိုက်သည်။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်”
လူတစ်ယောက်က ပြောလိုက်သည်။ “ကျူးဝမ်ဟွာပါပဲ”
ရှမ့်လန်က ဆက်မေးလိုက်၏။ “သူ မူဝါဒသစ်အပေါ်မှာ အမြဲတမ်း မကျေမနပ်ဖြစ်နေတတ်သလား။ သူ့မိသားစုက မြေယာပိုင်ဆိုင်မှုနဲ့ စစ်တပ်အင်အားကို လက်လွှတ်လိုက်ရတာ သိပ်မကြာသေးဘူး မဟုတ်လား။ ဒါကြောင့် ဘုရင်မင်းမြတ်ကို မကျေနပ်ကြောင်း ခဏခဏ ရေရွတ်နေတတ်မဟုတ်လား”
ကျောင်းတော်သားတချို့သည် အံ့အားသင့်သွားကြသည်။ ကျူးဝမ်ဟွာထံမှ ထိုသို့သောစကားကို သူတို့ မကြားဖူးခဲ့ပေ။
ရှမ့်လန်၏ အကြည့်တို့က ရုတ်တရက် အေးစက်သွားသည်။
ထိုအကြည့်ကို မြင်ရချိန်မှာတော့ ကျောင်းတော်သားတို့သည် ခေါင်းကို တဆတ်ဆတ်ညိတ်ကာ ပြောလိုက်ကြ၏။ “ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကျူးဝမ်ဟွာက မူဝါဒသစ်အပေါ် အမြဲတမ်း မကျေမနပ် ဖြစ်နေတတ်ပါတယ်”
“အရှက်မရှိတဲ့ကောင်တွေ၊ အရှက်မရှိတဲ့ကောင်တွေ...”
ကျူးဝမ်ဟွာသည် ကျောင်းတော်သားများကို လက်ညှိုးထိုးရင်း စိတ်ထဲ၌ အလွန်အမင်း နာကြည်း ခံပြင်းနေမိသည်။ “ပုံမှန်အချိန်တွေမှာ ခင်ဗျားတို့က ကျုပ်ဆီမှာစား၊ ကျုပ်ဆီမှာ သောက်ပြီး ခွေးလိမ်မာလေး တွေလို ယဉ်ကျေးပြနေကြတာ။ အခုတော့ ကျုပ်ကို ပြန်ပြီး စွပ်စွဲရဲကြတယ်ပေါ့။ ကျုပ်ကို ပြန်ကိုက်ရဲတယ်ပေါ့”
ရှမ့်လန်က ပြောလိုက်၏။ “မြို့တော်ဝန်လီ... လူသက်သေရော၊ ပစ္စည်းသက်သေပါ အစုံအလင်ရှိနေပြီ ဖြစ်တဲ့အတွက် အခုပဲ အမှုဖွင့်လို့ ရပါပြီ”
မြို့တော်ဝန်လီဖန်သည် ချက်ချင်း စကားပင် မပြောနိုင်တော့ချေ။ မြင်နေရသည့်မြင်ကွင်းကို ကြည့်ရှုပြီး အလုံးစုံ ဆွံ့အနေမိသည်။ ပြီးနောက် ရှမ့်လန်အား အသာလက်ယပ်ခေါ်လိုက်သည်။ “ရှမ့်သခင်လေး... ဒီကို ခဏကြွပါ”
“ကျုပ်က လာရမယ်လား။ အဲဒါ မကောင်းဘူးထင်တယ်။ ကျုပ်က ဂုဏ်သိက္ခာကို အလေးထားဆုံးလူ။ ပြီးတော့ ရွှမ်ဝူမြို့စားကြီးရဲ့ တစ်ဦးတည်းသော သားမက်တစ်ယောက်။ ခင်ဗျားကခေါ်တိုင်း ကျုပ်က လာရမှာလား” ရှမ့်လန်သည် ရပ်မြဲအတိုင်း မလှုပ်မယှက် ရပ်နေလိုက်သည်။
မြို့တော်ဝန်လီဖန်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ရှမ့်လန်ထံသို့ လျှောက်လှမ်းလာခဲ့သည်။ ပြီးနောက် ပြောလိုက်သည်။ “ရှမ့်သခင်လေး... ခင်ဗျားနဲ့ကျုပ် တစ်မနက်လုံး စိတ်ချင်းဆက်သွယ်နေခဲ့ကြတာပဲ။ ခင်ဗျားရဲ့ ‘မာယာမျဉ်းပြိုင်' စာအုပ် ကတော့ တကယ်ကို အံ့မခန်းပါပဲ။ အဲဒါက ကျုပ်ခေါင်းအုံး ဘေးမှာ အမြဲ ဆောင်ထားရမယ့်အရာတစ်ခု ဖြစ်လာမှာ သေချာတယ်။ ဆယ်ခေါက်၊ အခေါက် နှစ်ဆယ်လောက်တော့ ဖတ်ဖြစ်မှာ သေချာတယ်”
ရှမ့်လန်သည် အလွန်ပိန်လှီသော ထိုမြို့တော်ဝန်ကို ကြည့်လိုက်၏။
ဆယ်ခေါက်၊ အခေါက် နှစ်ဆယ်လောက် ဖတ်ရင် ခင်ဗျားရဲ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိပါ့မလား။
သို့ပေမည့် သူသည် နှုတ်မှဖွင့်၍ မပြောခဲ့ပေ။ အကြောင်းမှာ မြို့တော်ဝန်လီဖန်သည် နောက်ဆက်တွဲစကားများကို ပြောလာမည်ဖြစ်ကြောင်း သိရှိနေသောကြောင့်ပင်။ ထိုသို့ဆိုလျှင် အသာစီးရမည့် အခွင့်အရေးကို လက်လွှတ် ဆုံးရှုံးသွားပေလိမ့်မည်။ သူသည် ဆရာကြီးတစ်ယောက်ကဲ့သို့ ခပ်မဆိတ်နေထိုင်ရမည်။ ‘ထောင်တန်သည့် စကား ရယ်ပေါ့’ ဆိုသလို လုပ်၍မဖြစ်ချေ။
သို့ဖြင့် မြို့တော်ဝန်လီဖန်က ပြောလိုက်သည်။ “ဒုတိယအတွဲက ဘယ်တော့လောက် ထွက်မှာလဲ။ ကျုပ်နှလုံးသား ထဲမှာ တကယ်ကို ယားကျိကျိနဲ့ ခံရခက်နေပါပြီ။ အရမ်းကို ဆက်ဖတ်ချင်နေတာ သခင်လေးရှမ့်”
ရှမ့်လန်သည် အပြစ်ပြောစရာမရှိအောင် ပြည့်စုံသော အပြုံးတစ်ခုကို ပြုံးပြလိုက်၏။
မြို့တော်ဝန်လီဖန်သည် ပို၍ပင် ဆွံ့အသွားရသည်။ မျက်စိရှေ့မှ ဤချောမောသော ကောင်လေးသည် စိတ်ကူးထဲမှာ ထင်ထားသည်ထက်ပင် ပို၍ စဉ်းလဲကောက်ကျစ်လှသည်။ ‘မာယာမျဉ်းပြိုင်' ကို ရေးသားခဲ့သူ ပီသပါပေသည်။
မြို့တော်ဝန်လီဖန်က ပြောလိုက်၏။ “ဒီနေရာမှာတော့ ကျုပ်က ရှမ့်သခင်လေးကို တောင်းပန်စကား ဆိုရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျူးဝမ်ဟွာက လူအုပ်ကိုဦးဆောင်ပြီး ခင်ဗျားရဲ့စာအုပ်ကို မီးရှို့ဖို့ ကြံစည်နေတာကို ကျုပ်တားဆီးနိုင်ခဲ့ပေမယ့် မတားခဲ့လို့ပဲ။ ဒါပေမဲ့ ကျုပ်က ဒီလိုထူးဆန်းတဲ့စာအုပ်ကို ရေးနိုင်တဲ့လူဆီမှာ ဘယ်လို အရည်အချင်းမျိုးရှိမလဲဆိုတာ တကယ်သိချင်ခဲ့တာ။ ဒီလို သေးငယ်တဲ့ အကျပ်အတည်းကိုတောင် မဖြေရှင်းနိုင်ဘူး ဆိုရင်တော့ ကျုပ်ကို စိတ်ပျက်စေမှာပဲ။ ဒါပေမဲ့ လက်ရှိအခြေအနေကတော့ ကျုပ်တကယ်ကို ထင်မထားခဲ့တဲ့ အရာပဲ။ တော်လွန်းပါပေတယ် သခင်လေးရှမ့်”
မြို့တော်ဝန်လီဖန်က ချီးကျူးစကား ဆိုလိုက်သည်။ သူပြောနေသည်မှာ အမှန်တရားပင် ဖြစ်သည်။ ကျူးဝမ်ဟွာသည် ရှမ့်လန်၏စာအုပ်ကို မီးရှို့ရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံးတွင် ရှမ့်လန်က ၎င်းအား လက်တစ်ဖက်ဖြင့် ပြန်လည်ရိုက်ချလိုက်ပြီး ၎င်း၏မိသားစုတစ်ခုလုံးကိုပါ ရေထဲသို့ဆွဲချရန် ကြိုးစားနေသည်။ ဤသို့သော လက်စားချေလိုစိတ်၊ ဤသို့သော လက်စားချေနိုင်စွမ်းသည် အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှသည်။
ရှမ့်လန်က ပြောလိုက်သည်။ “မြို့တော်ဝန်လီဖန်.. ခင်ဗျား မှားနေပြီ။ ကျူးဝမ်ဟွာ မီးရှို့တာက ကျုပ်စာအုပ် မဟုတ်ဘူး။ သူ မီးရှို့တာက ဘုရင်မင်းမြတ်ရဲ့ 'မူဝါဒသစ် အမိန့်တော်' ပဲ။ သူက ပုန်ကန်ဖို့ ကြံစည်တာ။ ကျုပ်က အနားက ဖြတ်သွားရုံသက်သက်ပဲ။ ကျုပ်နဲ့ လုံးဝမပတ်သက်ဘူး” ရှမ့်လန်က အခိုင်အမာ ပြောဆိုလိုက်သည်။
ကျူးဝမ်ဟွာသည် ကျောင်းသားများကို မူဝါဒသစ်အား ဆန့်ကျင်ရန် လှုံ့ဆော်ခဲ့ပြီး ပုန်ကန်ရန် ကြံရွယ်ခဲ့၏။
မြို့တော်ဝန်လီဖန်သည် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ “ရှမ့်သခင်လေး... ကျုပ်သိပါတယ်... ခင်ဗျားက ဒီကျူးဝမ်ဟွာကို သတ်ချင်နေတာ၊ ကျူးမျိုးနွယ်တစ်ခုလုံးကိုပါ ရေထဲ ဆွဲချချင်နေတာကိုး။ ဒါပေမဲ့ အဲဒါက မဖြစ်နိုင်ဘူး”
ရှမ့်လန်က ဂရုမစိုက်ဘဲ နေလိုက်၏။ မြို့တော်ဝန်လီဖန်သည် စကားကို ပိုမိုရှင်းလင်းစွာ ပြောဆိုလိုက်သည်။ “လန်ရှန်မြို့စားလေး ကျူးလန်ထင်က မြေယာပိုင်ဆိုင်မှုနဲ့ စစ်အင်အားကို လက်လွှတ်လိုက်တာ သိပ်မကြာသေး ဘူး။ ဘုရင်မင်းမြတ်က သူ့ကို တော်ဝင်မျိုးနွယ်တို့ရဲ့ စံပြပုဂ္ဂိုလ်အဖြစ် ချီးကျူးထောမနာပြုထားခဲ့တယ်။ ဒီအချိန်လေးအတွင်းမှာ ကျူးဝမ်ဟွာက မူဝါဒသစ်ကို ဆန့်ကျင်ခဲ့တယ် ဆိုတဲ့ အဖြစ်အပျက်ကို ဖန်တီးလိုက်ရင် အရှက်ရမှာက ဘုရင်မင်းမြတ်ပဲ။ အကယ်၍ ဘုရင်မင်းမြတ်က လန်ရှန်မြို့စားအိမ်တော်ကို အပြစ်ပေးလိုက်မယ် ဆိုရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ ခင်ဗျားသိရဲ့လား”
ဘယ်လိုအကျိုးဆက်ဖြစ်မည်နည်း။ သဘာဝကျစွာပင် တော်ဝင်မျိုးနွယ်ဟောင်းများစွာတို့သည် တစ်ဦးနှင့်တစ်ဦး ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြပေလိမ့်မည်။ လူတိုင်းသည် လန်ရှန်မြို့စားလေးကျူးလန်ထင်သည် မြေယာ ပိုင်ဆိုင်မှုနှင့် စစ်အင်အားကို လက်လွှတ်လိုက်သည့်တိုင် ဘုရင်မင်းမြတ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု ရှုမြင်ကြပေမည်။ ထို့ကြောင့် လူတိုင်းသည် ဆန့်ကျင်တော်လှန်ရမည်။ စစ်အင်အားနှင့် မြေယာပိုင်ဆိုင်မှုကို လက်မလွှတ်နိုင်ဟု ဆုံးဖြတ်ကြပေလိမ့်မည်။
မြို့တော်ဝန်လီဖန်က ပြောလိုက်၏။ “ဒါကြောင့် ကျူးဝမ်ဟွာက ခင်ဗျားရဲ့ လုပ်ကြံစွပ်စွဲခြင်းကို ခံရတာဖြစ်စေ၊ သူက တကယ်ပဲ ရန်ငြိုးထားပြီး မူဝါဒသစ်ကို ဆန့်ကျင်ခဲ့တာဖြစ်စေ၊ အများဆုံးကတော့ လန်ရှန်မြို့စားလေးက သူ့ကို တိတ်တဆိတ် အကျယ်ချုပ်ထားရုံပဲ ရှိမှာပဲ။ သူ့ကို တကယ်တမ်း အပြစ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး”
ဤအချက်များကို ရှမ့်လန်သည် သေချာပေါက်သိပြီးဖြစ်သည်။ ကျူးလန်ထင်သည် သူ၏မြေယာပိုင်ဆိုင်မှုနှင့် စစ်အင်အားကို လက်လွှတ်လိုက်သည့်အချိန်၊ တော်ဝင်မျိုးနွယ်ဟောင်းတို့၏ စံပြပုဂ္ဂိုလ် ဖြစ်လာသည့် အချိန်တည်းက ၎င်း၌ နိုင်ငံရေးအရ အကာအကွယ်ပေးထားသည့် အဆောင်တစ်ခု ရှိနေခဲ့ပြီးဖြစ်သည်။
ရှင်းရှင်းပြောရလျှင် ၎င်းတကယ်တမ်း မပုန်ကန်သရွေ့ ဘုရင်မင်းမြတ်သည် သူ့ကို အပြစ်ပေးရန် လုံးဝ မဖြစ်နိုင်ပေ။ အကြောင်းမှာ မူဝါဒသစ်သည် အောင်မြင်ခြင်းမရှိသေးဘဲ၊ တော်ဝင်မျိုးနွယ်ဟောင်းများစွာ၏ လက်ထဲတွင် စစ်အင်အားနှင့် မြေယာပိုင်ဆိုင်မှုများ ရှိနေသေးသောကြောင့်ပင်။
လီဖန်က ဆို၏။ “ဒါကြောင့် ရှမ့်သခင်လေး... ခင်ဗျားက ပုန်ကန်ကြံစည်မှုဆိုတဲ့ စွဲချက်ကို ကျူးဝမ်ဟွာ ခေါင်းပေါ် ပုံချချင်နေတာက အလကားပဲ။ ကျုပ်ကိုယ်တိုင်က ဒီအမှုကို လက်ခံဖို့မဝံ့ရဲဘူး။ ကျူးဝမ်ဟွာကို ဖမ်းဆီးဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ဘူး။ မဟုတ်ရင် ဘုရင်မင်းမြတ်ကို အခက်တွေ့စေပြီး ကြီးမားတဲ့ နိုင်ငံရေးအမှားတစ်ခုကို ကျူးလွန်ရာ ရောက်သွားလိမ့်မယ်။ ဒါကြောင့် ရှမ့်သခင်လေး... ခင်ဗျားရဲ့ အစွမ်း ပြတာတွေကို ရပ်လိုက်ပါတော့။ ကျုပ်က ကျူးဝမ်ဟွာကို ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး”
ရှမ့်လန်က ပြုံးစစဖြင့် ပြောလိုက်သည်။ “ဒီအချက်ကို ကျုပ် သေချာပေါက်သိပြီးသားပါ။ ဒါကြောင့်ပဲ မြို့တော်ဝန်က အနားမှာရပ်ပြီး ပြဇာတ်ကြည့်နေခဲ့တာ မဟုတ်လား။ အကယ်၍ ခင်ဗျားက မြို့စားလေး ကျူးလန်ထင်ရဲ့ လှိုင်းလုံးတွေအောက်မှာ ဖိနှိပ်မခံချင်ဘူးဆိုရင်တော့ ခင်ဗျားနဲ့ကျုပ် ကောင်းကောင်း ပူးပေါင်း ဆောင်ရွက်သင့်တယ်”
မြို့တော်ဝန်လီဖန် “..........”
ရှမ့်လန်သည် အပြစ်ပြောစရာမရှိအောင် ပြည့်စုံသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ မြို့တော်ဝန်လီဖန်၏ နှလုံးသားသည် တုန်လှုပ်သွားသည်။ ဤလောကကြီးတွင် ယောက်ျားမာယာရှင်ဟူ၍ ရှိနိုင်ပါသလား။ ရှိနိုင်သည်။ ရှိနိုင်လောက်၏။
………….
ထိုအချိန်အတွင်းမှာပဲ ကျူးဝမ်ဟွာသည် အနည်းငယ် တည်ငြိမ်လာခဲ့သည်။ သူသည်လည်း အဖြစ်မှန်ကို လျင်မြန်စွာ နားလည်သဘောပေါက်သွားသည်။ ရှမ့်လန်သည် ပုန်ကန်ကြံစည်မှုစွဲချက်ကို သူ၏ခေါင်းပေါ်သို့ ပုံချရန် ကြိုးစားနေသော်လည်း အောင်မြင်နိုင်မည် မဟုတ်ပေ။ ကျူးမျိုးနွယ်သည် မြေယာပိုင်ဆိုင်မှုနှင့် စစ်အင်အားကို လက်လွှတ်လိုက်သည့်အချိန်တည်းက သူတို့မိသားစု၌ နိုင်ငံရေးအရ သေဒဏ်မှ လွတ်ငြိမ်းခွင့်ရသည့် ရွှေပြားတစ်ချပ် ရှိနှင့်ပြီးသားဖြစ်သည်။ တကယ်တမ်းသာ မလုပ်ခဲ့လျှင် မည်သည့်ကိစ္စမျှ ဖြစ်လာမည်မဟုတ်ပေ။
“ရှမ့်လန်... မင်းက တစ္ဆေတစ်ကောင်လို စဉ်းလဲကောက်ကျစ်တာတော့ အမှန်ပဲ”
ကျူးဝမ်ဟွာက လှောင်ပြောင် ပြောဆိုလိုက်သည်။ “ဒါပေမဲ့ မင်းက မျိုးနွယ်နိမ့်ကျတဲ့ဘဝက လာခဲ့တာဆိုတော့ အထက်တန်းလွှာတွေရဲ့ နိုင်ငံရေးကို နားလည်မှာမဟုတ်ဘူး။ မင်းက မူဝါဒသစ်ကို ပုန်ကန်တဲ့စွဲချက်နဲ့ ကျုပ်ခေါင်းပေါ် လုပ်ကြံပုံချချင်နေတာက အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်ပဲ။ ငါ မတရားစွပ်စွဲခံရတာကိုထားအုံး။ တကယ်လို့ ငါက ဒီကိစ္စကိုလုပ်တယ်ဆိုရင်တောင် မြို့တော်ဝန်လီဖန်နဲ့ တခြားအရာရှိတွေက ဒီအချက်ကို အသေအလဲ ငြင်းဆန်ပြီး ငါ့အတွက် အပြစ်ဖုံးကွယ်ပေးကြမှာပဲ။ မင်းလို အညတရ ရှမ့်လန်တစ်ယောက်က ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ နည်းနည်းလေးတောင် ထိခိုက်အောင် မလုပ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ငါတို့ ကျူးမျိုးနွယ်က ဘုရင်မင်းမြတ်ရဲ့ဘက်မှာ လုံးဝရပ်တည်နေခဲ့လို့ပဲ။”
ရှမ့်လန်သည် ကျူးဝမ်ဟွာအား ပေါ့ပေါ့ပါးပါး ကြည့်လိုက်သည်။ အနည်းငယ်မျှပင် ပြန်လည်ဖြေကြားလိုစိတ် မရှိခဲ့ပေ။ ဤသည်မှာ စစ်တုရင်ကစားခြင်းနှင့် တူပေသည်။
“တုံးလိုက်တဲ့ကောင်၊ မင်း ဘာမှနားမလည်ဘူး။ မင်းကိုယ်တိုင် မကြာခင် ဘာတွေခံစားရတော့မလဲ ဆိုတာ နားမလည်သေးဘူး” ရှမ့်လန်သည် စကားမပြောချင်တော့သည့် အမူအရာဖြင့် ဆိုလိုက်သည်။ ကျူးဝမ်ဟွာ အား ကြည့်နေသောအကြည့်မှာ ဦးနှောက်မမှန်သူတစ်ဦးကို ကြည့်နေသည့်အလားပင်။
“ငါနည်းနည်းပင်ပန်းနေပြီ။ မင်းအဖေရောက်လာမှပဲ ဆက်ပြောကြတာပေါ့”
ရှမ့်လန်က လက်ယပ် ခေါ်လိုက်သည်။ “လာကြအုံး။ ကျုပ်အတွက် ထိုင်ခုံတစ်လုံး ယူလာပေးစမ်း”
ချက်ချင်းပင် ရွှမ်ဝူမြို့စားအိမ်တော်မှ စစ်သည်နှစ်ဦးသည် ထိုင်ခုံတစ်လုံးကို မ ယူလာ၏။ ရှမ့်လန်သည် ထိုထိုင်ခုံပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းလိုက်၏။
“ဟား ဟား ဟား...”
ကျူးဝမ်ဟွာက ရယ်မောလိုက်သည်။ “ငါ့အဖေကို မင်းနဲ့ တွေ့ခိုင်းချင်သေးတယ်ပေါ့။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ။ မင်းက ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ မိန်းမနာမည်ကို မျိုးရိုးအဖြစ်ယူထားရတဲ့ သားမက်ငယ်လေး တစ်ယောက်ပဲ။ ကျွန်တစ်ယောက်ထက် နည်းနည်းလေးပဲ အဆင့်အတန်းမြင့်တယ်။ မင်းကို ထားလိုက်အုံး။ အမွေဆက်ခံသူ ကျင်းမူကုန်းကိုယ်တိုင် လာရင်တောင် ငါ့အဖေနဲ့တွေ့ဖို့ အရည်အချင်း မရှိဘူး”
သို့ပေမည့် ထိုအချိန်မှာပဲ လမ်းမပေါ်တွင် မြင်းခွာသံများ ပဲ့တင်ထပ်သွားသည်။ စစ်သူကြီးတစ်ဦးကဲ့သို့ ထက်မြက်သောရုပ်ရည်ရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် စစ်သည်တစ်ဒါဇင်ကျော်ကို ဦးဆောင်၍ အရှိန်ပြင်းစွာဖြင့် မြင်းစီးလာနေသည်။
တော်ဝင်မျိုးနွယ်ဟောင်းတို့၏ ဘုံရန်သူ၊ လန်ရှန်မြို့စား ကျူးလန်ထင်ပင်တည်း။
“အဖေ၊ အဖေ... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ” ကျူးဝမ်ဟွာသည် အံ့ဩတကြီး မေးလိုက်သည်။
မြို့တော်ဝန်လီဖန်သည် ရှေ့သို့တိုး၍ ခါးကိုင်းညွှတ်ကာ ရိုကျိုးစွာ နှုတ်ဆက်လိုက်၏။။ “မြို့စားလေးကို ဂါရဝပြုပါတယ်”
ကျူးလန်ထင်သည် လက်သီးကိုဆုပ်၍ ပြန်လည် အရိုအသေပေးလိုက်သော်လည်း သူ၏ အမူအရာမှာမူ အလွန်မာန ထောင်လွှားနေပေသည်။ သူ၏ဘွဲ့သည် ရွှမ်ဝူမြို့စားထက် အဆင့်တစ်ဆင့် နိမ့်သော်လည်း သူသည် ဘုရင်မင်းမြတ်၏ဘက်တွင် ရပ်တည်နေသူ၊ တော်ဝင်မျိုးနွယ်တို့၏ အလံတစ်ခု ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဤအချိန်တွင် လန်ရှန်မြို့တော်ဝန်ကို အထင်သေးစွာဆက်ဆံခြင်းသည် သဘာဝကျသောအပြုအမူပင် ဖြစ်သည်။
“ရှမ့်လန်... တူလေးလား”
မြို့စားလေးကျူးလန်ထင်သည် နွေးထွေးသော အပြုံးတစ်ခုကို ပြုံးပြလိုက်၏။ “မင်းရဲ့မင်္ဂလာပွဲက မြန်မြန်ဆန်ဆန်လုပ်လိုက်တာဆိုတော့ မင်္ဂလာပွဲတက်ဖို့တောင် အချိန်မမီခဲ့ဘူး။ နှစ်ပေါင်းတစ်ရာကြာ နေထိုင်ခဲ့တဲ့ အိမ်နီးနားချင်းတွေအနေနဲ့ တကယ်ကို ရိုင်းပြရာကျသွားပါတယ်”
ထို့နောက် မြို့စားလေးကျူးလန်ထင်သည် ရှမ့်လန်ထံသို့ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။ တော်ဝင် မျိုးနွယ်တို့အကြား ပြုလုပ်လေ့ရှိသည့် ဓလေ့ထုံးစံအတိုင်း တစ်ဦးနှင့်တစ်ဦး လက်မောင်းချင်းကိုင်၍ တစ်ပိုင်းတစ်စ ပွေ့ဖက်သည့်ပုံစံမျိုး ပြုလုပ်ရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။
သို့ပေမည့် ရှမ့်လန်သည် ထိုင်ခုံပေါ်တွင် ပျင်းရိစွာလှဲလျောင်းနေရင်း နောက်သို့ဆုတ်လိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “မြို့စားလေးကျူးလန်ထင်... ခင်ဗျားနဲ့ကျုပ်က ရင်းနှီးတာမှမဟုတ်တာ။ အရမ်း ရင်းနှီးကျွမ်းဝင်တဲ့ ပုံစံမျိုး မလုပ်ပြစမ်းပါနဲ့”