အပိုင်း (၈၆)
Vol. 7 Ch. 86
ထိုစကားကိုကြားရချိန်မှာတော့ ကျူးဝမ်ဟွာ သည် ချက်ချင်းပင် ကြက်သေသေသွားသည်။ ရှမ့်လန်က အရူးလား။ သူက ငါ့အဖေကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့။
ရွှမ်ဝူမြို့စားကြီးကိုယ်တိုင် ရောက်လာလျှင်တောင် သူ၏အဖေကျူးလန်ထင်ကို ဤကဲသို့ အေးစက်စက် ဆက်ဆံရဲမည် မဟုတ်ပေ။ တော်ဝင်မျိုးနွယ်တစ်ယောက်၏ ဂုဏ်သိက္ခာကို ထည့်မတွက်တော့ဘူးလား။
မြို့စားလေး ကျူးလန်ထင်သည်လည်း အနည်းငယ် မှင်သက်သွားသည်။
စည်းမျဉ်းစည်းကမ်းမရှိဘဲ လုပ်ချင်ရာလုပ်တတ်တဲ့လူနဲ့မှ လာတွေ့နေရပါလား။ ဒီလို မျက်နှာသာမပေးတာက သေလောက်အောင် မုန်းတီးတဲ့ ရန်ငြိုးဖွဲ့လိုက်တာနဲ့ အတူတူပဲ မဟုတ်လား။
တော်ဝင်မျိုးနွယ်တွေကြားတွင် အလွန်နက်ရှိုင်းသည့်ရန်ငြိုး ရှိနေသည်ဆိုလျှင်တောင်မှ တွေ့ဆုံချိန်၌ ပြုံးပြုံးရွှင်ရွှင်သာ ဆက်ဆံတတ်ကြသည်။ ထို့ကြောင့် မြို့စားလေး ကျူးလန်ထင်၏ မျက်နှာသည် အနည်းငယ် ပျက်ရွင်းသွား၏။
ရှမ့်လန်သည် ထိုင်ခုံပေါ်တွင် ယခင်အတိုင်း လှဲလျောင်းနေရင်းမှ ပြောလိုက်သည်။ “မြို့စားလေးကျူးလန်ထင်.. ကျုပ်က ဖြောင့်ဖြောင့်ပဲ ပြောတတ်တယ်။ ကွေ့ကောက်တဲ့ကိစ္စတွေကို ကျုပ်မလုပ်တတ်ဘူး။ ခင်ဗျားကတော့ အဲနေရာမှာ ပိုပြီး ထူးချွန်ကောင်းထူးချွန်လိမ့်မယ်။ ကျုပ်က လူတစ်ယောက်ရဲ့ နောက်ကွယ်မှာ ဓားကိုင်လေ့ မရှိဘူး”
ရှမ့်လန်က ဆက်ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ကျုပ်က မျက်နှာချင်းဆိုင် ကိုင်တာမို့လို့ပဲ”
မြို့စားလေး ကျူးလန်ထင်၏ မျက်နှာသည် တစ်ချက်တွန့်သွား၏။
ကျူးဝမ်ဟွာသည် ချက်ချင်းပင် ဒေါသထွက်လာပြီး အေးစက်စွာ ပြောလိုက်သည်။ “ရှမ့်လန်.. မင်းဘယ်သူနဲ့ စကားပြောနေတယ်ဆိုတာ သိရဲ့လား။ မင်းအခု မတ်တပ်ရပ်စမ်း။ ရွှမ်ဝူမြို့စားအိမ်တော်ကို အရှက်မခွဲနဲ့”
ရှမ့်လန်သည် ၎င်းအား လေကိုရှုနေရသကဲ့သို့ သဘောထားပြီး အဖက်မလုပ်ချေ။ ကျူးလန်ထင်ဘက်သို့ လှည့်၍ ပြောလိုက်သည်။ “ဒါကြောင့် ကျုပ်က ကွေ့ပတ်မပြောတော့ဘူး။ တောင်းဆိုချက်တွေကို တိုက်ရိုက် ပြောလိုက်မယ်”
မြို့စားလေးကျူးလန်ထင်က ပြောလိုက်၏။ “ခင်ဗျားပြောပါ”
ရှမ့်လန်က ပြောလိုက်သည်။ “ပထမတစ်ချက် ခင်ဗျားသားက ကျုပ်ကို ရန်စခဲ့တယ်။ ခင်ဗျားက အဖေ တစ်ယောက်အနေနဲ့ သားကို မဆုံးမခဲ့တဲ့အမှားရှိတယ်။ ဒါကြောင့် လူအားလုံးရှေ့မှာ သူ့ပါးကို အားကုန်ရိုက်ရမယ်”
ထိုစကားကိုကြားချိန်မှာတော့ ကျူးဝမ်ဟွာသည် ချက်ချင်းပဲ ပေါက်ကွဲပြီး ဓားကို ဆွဲထုတ်လုနီးပါး ဖြစ်သွား၏။
ရှမ့်လန်က ဆက်ပြောသည်။ “ဒုတိယတစ်ချက် ကျူးဝမ်ဟွာရေးတဲ့ စာအုပ်က အမှိုက်သရိုက်ပဲ။ အသိဉာဏ်နည်းတဲ့ မိန်းကလေးငယ်တချို့ဆီက ပိုက်ဆံလိမ်ယူဖို့သက်သက်ပဲ။ မရောင်းရသေးဘဲ ကျန်နေတဲ့ စာအုပ်အားလုံးကို ဒီနေရာမှာ စုပုံပြီး အားလုံးရှေ့မှာ ကိုယ်တိုင်မီးရှို့ခိုင်းလိုက်ပါ။ သူက စာအုပ်မီးရှို့ရတာ ကြိုက်တယ် မဟုတ်လား။ သူ့ကို ပျော်ပျော်ကြီး ရှို့ခိုင်းလိုက်ပါ။ ကျုပ်က အရမ်းစိတ်သဘောထားကြီးတယ်။ ဒီတောင်းဆိုချက်နှစ်ခုပါပဲ” ရှမ့်လန်သည် ပြောပြီးနောက် ထိုင်ခုံပေါ်သို့ ပြန်လှဲချလိုက်သည်။
“ဟား ဟား ဟား...”
ကျူးဝမ်ဟွာက ဆို၏။ “ရှမ့်လန်... မင်းရူးနေတာလား။ ဒီလောက်မဖြစ်နိုင်တဲ့၊ အသိဉာဏ်ကင်းမဲ့တဲ့ တောင်းဆိုချက်တွေကို တောင်းဆိုရဲတယ်ပေါ့။ အိပ်မက်ထဲပဲ ရမယ်”
မြို့စားလေး ကျူးလန်ထင်သည် ခပ်ပေါ့ပေါ့ မေးလိုက်သည်။ “ဘာကြောင့်လဲ”
“ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတာကို လူတိုင်းက ရှင်းရှင်းလင်းလင်း သိနေကြတာပဲ။”
ရှမ့်လန်က ပြောလိုက်၏။ “ပထမတစ်ချက် ခင်ဗျားက မြေယာပိုင်ဆိုင်မှုနဲ့ စစ်အင်အားကို လက်လွှတ်ပြီးတဲ့နောက် အရာရှိဘဝလမ်းကြောင်းကို လျှောက်လှမ်းဖို့ စီစဉ်ထားတယ်။ ခင်ဗျားရဲ့သားကြီးက စစ်အရာရှိ၊ ဒုတိယသား ကျူးဝမ်ဟွာက အရပ်ဘက်အရာရှိဖြစ်ဖို့ နန်းတွင်းစာမေးပွဲလမ်းကြောင်းကို လျှောက်လှမ်းနေပြီး အုပ်ချုပ်ရေးမှူး ကျန်းချုံးနဲ့လည်း တစ်စုံတစ်ခု ပတ်သက်ဖို့ စီစဉ်ထားတယ် မဟုတ်လား”
မြို့စားလေး ကျူးလန်ထင်သည် ပြန်မဖြေခဲ့ပေ။ သို့ပေမည့် အဖြစ်မှန်မှာ ထိုအတိုင်းပင် ဖြစ်သည်။ မြေယာ ပိုင်ဆိုင်မှုနှင့် စစ်အင်အားကို ဆုံးရှုံးသွားပြီးနောက် ထိုင်စားနေ၍မဖြစ်ချေ။ နှစ်ပေါင်းတစ်ရာကြာ မိသားစု၏ ဂုဏ်ကိုလည်း အကျမခံနိုင်ပေ။ ထို့ကြောင့် မြို့စားလေးကျူးလန်ထင်သည် ဘုရင်မင်းမြတ်၏ဘက်တွင် ချက်ချင်း ရပ်တည်လိုက်ပြီး သူ၏သားနှစ်ဦးကို တွန်းတင်ရန် အစွမ်းကုန်ကြိုးစားနေသည်။
ကျူးဝမ်ဟွာသည် ကျန်းချုံး၏သမီးကို အရူးအမူး လိုက်နေဆဲဖြစ်သော်လည်း အမှန်တကယ်တွင် နှစ်ဖက် မိဘများကြောင့် လက်ထပ်ပွဲသည် အခြေခံအားဖြင့် သေချာသလောက်ဖြစ်နေသည့် ကိစ္စပင်။
မြို့စားလေး ကျူးလန်ထင်က ဆို၏။ “ရှမ့်လန် .... မင်းရဲ့စာအုပ်ကို ငါဖတ်ပြီးပြီ။ မင်းက ကျူးဝမ်ဟွာကို စွပ်စွဲပြီး အဆုံးစွန်ထိ ညစ်ပတ်အောင်လုပ်ခဲ့တယ်။ ဒါပေမဲ့ မင်းက ကျူးမျိုးနွယ်နဲ့ အုပ်ချုပ်ရေးမှူးကျန်းချုံးတို့ရဲ့ လက်ထပ်ပွဲကို ဖျက်ဆီးချင်တယ်ဆိုရင်တော့ မှားနေပြီ”
ရှမ့်လန်က ပြုံးလျက် ပြောလိုက်သည်။ “အုပ်ချုပ်ရေးမှူးကျန်းချုံးက ဘယ်လိုလူစားမျိုးလဲဆိုတာ ကျုပ် သေချာပေါက်သိပါတယ်။ သူက လက်တွေ့ကျတယ်ဆိုပေမဲ့ သူ့မျက်စိထဲမှာ အကျိုးအမြတ်ပဲရှိတယ်။ အခြေအမြစ် မရှိတဲ့ ဂုဏ်သတင်းကို ဂရုစိုက်မယ့်လူ မဟုတ်ဘူး။ ဒါပေမဲ့...”
ရှမ့်လန်က ခပ်အေးအေး ဆက်ပြောလိုက်၏။ “ခင်ဗျားရဲ့သားကြီး ကျူးဝမ်ထန်က အနောက်ဘက် စစ်သူကြီးအိမ်တော်နဲ့ လက်ဆက်ချင်နေတာလေ။ အဲဒီစစ်သူကြီးကျန်းထော်ကတော့ ဂုဏ်သိက္ခာကို အလေးထားဆုံး ပုဂ္ဂိုလ်ပဲ။ အကယ်၍ ကျုပ်ရဲ့ နောက်ထွက်မယ့်စာအုပ်ထဲမှာ ကျူးဝမ်ဟွာအကြောင်း မဟုတ်ဘဲ ခင်ဗျားရဲ့သားကြီး ကျူးဝမ်ထန်အကြောင်းကို ထည့်ရေးလိုက်ရင်ရော”
ထိုစကားကိုကြားလိုက်သည့်အချိန်မှာတော့ မြို့စားလေးကျူးလန်ထင်၏ မျက်နှာသွင်ပြင်သည် ချက်ချင်းပဲ ပြောင်းလဲသွားသည်။
ရှမ့်လန်က ဆက်ပြောလိုက်၏။ “မာယာမျဉ်းပြိုင် တတိယအတွဲမှာ ခင်ဗျား အကြောင်းကိုရေးပြီး သွေးရင်းသားရင်း မကြားဝံ့မနာသာ ဇာတ်ကွက်မျိုးတွေပါ ထည့်လိုက်ရင် ...... ခင်ဗျား ဘယ်လိုထင်လဲ။ အဲဒီအချိန်ကျရင် တခြားလူတွေက ခင်ဗျားတို့မိသားစုရဲ့ ဖောက်ပြန်မှု လျှို့ဝှက်ဇာတ်လမ်းကို အရူးအမူး ပြောဆိုနေကြတော့မှာပဲ။ ဒါဆိုရင် အနောက်ဘက်စစ်သူကြီးက သူ့သမီးကို ခင်ဗျားရဲ့သားကြီးနဲ့ လက်ထပ်ပေး အုံးမှာလား”
“ကောလာဟလရဲ့စွမ်းအား၊ လူ့နှုတ်ဖျားက ထွက်တဲ့စကားဟာ ကြောက်စရာကောင်းတယ်။ အဲဒီအချိန်ကျရင် လူတိုင်းက အုပ်ချုပ်ရေးမှူးကျန်းချုံးရဲ့သမီးက ကျူးဝမ်ဟွာ တစ်ယောက်တည်းကို လက်ထပ်တာ မဟုတ်ဘဲ ခင်ဗျားတို့ သားအဖသုံးယောက်လုံးကို လက်ထပ်တာလို့ ထင်မြင်ကြလိမ့်မယ်။ အနောက်ဘက် စစ်သူကြီးရဲ့ သမီးကလည်း ကျူးဝမ်ထန်တစ်ယောက်တည်းကို လက်ထပ်တာမဟုတ်ဘဲ ခင်ဗျားတို့ သားအဖ သုံးယောက်လုံး ကို လက်ထပ်တာလို့ ထင်ကြလိမ့်မယ်”
ရှမ့်လန်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ “ဒီလောက်စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်ကွက်ကတော့ သေချာပေါက် လူကြိုက်များမှာပဲ။ ခင်ဗျားဘယ်လိုထင်လဲ”
မြို့စားလေးကျူးလန်ထင်၏ ခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်ယင်နေသည်။ လူတစ်ယောက်သည် ဤမျှလောက်အထိ အရှက်မဲ့နိုင်လိမ့်မည်ဟု သူတကယ် ထင်မထားခဲ့ပေ။ ဤချောမောသော ကောင်လေးသည် လူရှေ့သူရှေ့တွင် ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်နေသည်လား။
အနီးအနားမှ မြို့တော်ဝန်လီဖန်သည်လည်း တုန်လှုပ်ခြောက်ခြားသွားသည်။ သူသည် ရှမ့်လန်၏ တိုက်ခိုက်နိုင်စွမ်းကို အထင်ကြီးခဲ့သည်မှာ မှန်သော်လည်း ဤကောင်လေးသည် ဤမျှလောက်အထိ အောက်တန်းကျလိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။
ရှမ့်လန်က ခပ်အေးအေး ပြောလိုက်၏။ “မြို့စားလေး.. ကျုပ်ရဲ့ မာယာမျဉ်းပြိုင် စာအုပ်က ဘယ်လောက် ရေပန်းစားနေလဲဆိုတာ ခင်ဗျားမသိဘူးလား။ ဒီနေ့တစ်နေ့တည်းမှာပဲ လန်ရှန်မြို့တစ်မြို့တည်းမှာ စာအုပ်ပေါင်း သုံးထောင်ကျော် ရောင်းခဲ့ရတယ်။ တခြားမြို့၊ နိုင်ငံတွေဆီ မီးလိုပျံ့နှံ့သွားရင် ဘယ်လိုအခြေအနေမျိုး ဖြစ်သွားမလဲ။ သေချာတာကတော့ စိတ်ကူးနဲ့တောင် မှန်းဆလို့ မရနိုင်ဘူး”
ဖျော်ဖြေရေးခန်းမတွေက ဘယ်လောက်တောင် ဝယ်သွားကြလဲ။ ဒီလိုသာဆိုရင် ရွှဲ့ပြည်နယ်တစ်ခုလုံး ကျော်ကြားသွားမှာပဲ။ နိုင်ငံတကာအထိတောင် ကျော်ကြားသွားပြီး နိုင်ငံအတွက် ဂုဏ်ဆောင်ပေးနိုင် မလားတောင် မသိဘူး။ အကယ်၍ ကျုပ်က ခင်ဗျားတို့ သားအဖသုံးယောက်အကြောင်းကို ရေးလိုက်မယ်ဆိုရင် ခင်ဗျားတို့မိသားစုက နာမည်ပျက်တော့မှာပဲ။ ခင်ဗျားရဲ့ လန်ရှန်မြို့စားလေး အိမ်တော်က နှစ်ပေါင်း တစ်သောင်းတိုင်အောင် နာမည်ဆိုးနဲ့ ကျန်ရစ်နေမယ့် အခွင့်အရေးမျိုးတောင် ရနိုင်တယ်နော်။ ဟားဟား”
ကျူးဝမ်ဟွာသည် သည်းခံနိုင်စွမ်းကုန်ဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် အသံစူးစူးဖြင့် ဝင်ကာ အော်လိုက်သည်။ “ရှမ့်လန်.. မင်းပဲ ဒါကို လုပ်နိုင်တယ်လို့ ထင်နေတာလား။ ငါလည်း မင်းမိသားစုအကြောင်း၊ ရွှမ်ဝူမြို့စားအိမ်တော်အကြောင်းကို စာအုပ်ထဲမှာ ထည့်ရေးပြီး အဆုံးစွန်ထိ ညစ်ပတ်အောင် လုပ်နိုင်တယ်”
“လုပ်လေ၊ ကြိုက်သလိုရေး”
ရှမ့်လန်က လက်နှစ်ဖက်ကို ဖြန့်ကာ စိန်ခေါ်လိုက်၏။ “ကျုပ် ဂရုမစိုက်ဘူး၊ ကျုပ်အကြောင်းကို ကြိုက်သလိုသာရေး”
ထို့နောက် ရှမ့်လန်က ခပ်အေးအေး ပြောလိုက်သည်။ “ကျုပ်က နန်းတွင်းစာမေးပွဲလည်း မဖြေဘူး၊ အရာရှိလည်း မလုပ်ဘူး။ ကျုပ်က မိန်းမရဲ့ထမိန်နားခိုပြီးစားနေရတဲ့ ချောမောတဲ့ကောင်လေးတစ်ယောက်ပဲ။ ဘာသိက္ခာ၊ ဘာဂုဏ်သတင်းကို လိုချင်နေရအုံးမှာလဲ။ ကျုပ်က မျက်နှာနဲ့ ထမင်းစားနေတာ။ ဂိုဏ်သိက္ခာနဲ့ မဟုတ်ဘူး။ ဒီတော့ ကျုပ်တို့က ကွာခြားတယ်”
ထိုစကားကိုကြားရချိန်မှာတော့ ရှိနေသည့်လူအားလုံးတို့သည် အံကြိတ်မိကြသည်။ မင်းရဲ့ အရှက်မဲ့မှုကတော့ တကယ်ကို အဆုံးမရှိပါလား။
ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျားရဲ့ လန်ရှန်မြို့စားလေးအိမ်တော်ကတော့ မတူဘူး။ မြေယာ ပိုင်ဆိုင်မှုနဲ့ စစ်အင်အားကို လက်လွှတ်လိုက်ပြီ။ ကိုယ်နဲ့ကပ်ပါလာတဲ့အရာ ဘာမှမရှိတော့ဘူး။ စစ်သူကြီးနဲ့ အရပ်ဘက်အရာရှိ လမ်းကြောင်းကို လျှောက်လှမ်းဖို့ ပြင်ဆင်နေတယ်။ ဂုဏ်ပကာသနအတွက် လက်ထပ်ထိမ်းမြားဖို့ ရှိနေတယ်ဆိုမှတော့ ဂုဏ်သတင်းကို အထူးတလည် တန်ဖိုးထားရမှာပဲ”
“ကျူးဝမ်ဟွာက ဒီနေ့ ဘုရင်မင်းမြတ်ရဲ့ 'မူဝါဒသစ် အမိန့်တော်' မီးရှို့ခဲ့တယ်။ ဒေသအရာရှိတွေကတော့ ဒီအမှုကို မမြင်ချင်ယောင်ပဲ ဆောင်နေလိမ့်မယ်။ ဒါပေမဲ့ ကျုပ်က မရမက လိုက်တိုင်ရင်ရော။ အကယ်၍ ကျုပ်က ဘုရင်ခံအိမ်တော်ဆီ တိုင်တန်းပြီး ဘုရင်မင်းမြတ်အထိ ရောက်အောင်လုပ်ရင်ရော ... ခင်ဗျားတွေးကြည့်လေ။ ဘုရင်မင်းမြတ်က ဟန်ဆောင်လုပ်ပြရုံ သက်သက်ဆိုရင်တောင် အနည်းငယ်တော့ အပြစ်ပေးရမှာပဲ”
“ဒါပေမဲ့ ဘုရင်မင်းမြတ်က အနည်းငယ်အပြစ်ပေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ကျူးဝမ်ဟွာရဲ့ နန်းတွင်း စာမေးပွဲ ဝင်ဖြေမယ့် လမ်းကြောင်းတစ်ခုလုံးကို ပျက်စီးသွားစေနိုင်တယ်”
ရှမ့်လန်၏ နှလုံးသားကို ထိုးနှက်သော စကားလုံးများသည် တစ်လုံးပြီးတစ်လုံး ပေါက်ကွဲထွက်လာသည်။
မြို့စားလေး ကျူးလန်ထင်၏မျက်နှာသည် အလွန်အမင်း ပျက်ရွင်းလျက်ရှိသည်။ ၎င်းသည် အေးစက်စွာ ပြောလိုက်၏။ “ရှမ့်လန်... မင်း တကယ်ပဲ ဒီလို တိုက်ခိုက်သွားချင်နေတာလား။ မင်းသိရဲ့လား၊ ဒါက သေမလောက် မုန်းတီးတဲ့ရန်ငြိုးကို ဖွဲ့လိုက်တာပဲ”
“ဟုတ်တယ်လေ။ ကျုပ်က ခင်ဗျားနဲ့ သေမလောက်မုန်းတီးတဲ့ ရန်ငြိုးဖွဲ့နေတာပဲ။ ခင်ဗျားက ကျုပ်ကို ဘာလုပ်နိုင်မှာမို့လို့လဲ”
ရှမ့်လန်က ခပ်အေးအေး ပြောလိုက်သည်။ “ခင်ဗျားက ဒီနေရာမှာ ကျုပ်ကို ရိုက်ရဲလို့လား။ သတ်ရဲလို့လား”
“......”
ရှမ့်လန်က ရိုးသားစွာ ပြောလိုက်၏။ “ကျူးလန်ထင်... ခင်ဗျားက တော်ဝင်မျိုးနွယ်ဟောင်းတွေကို သစ္စာဖောက်လိုက်တဲ့အချိန်တည်းက ကျုပ်တို့ကြားမှာ ဘာမှမရှိတော့ဘူး။ ဟန်ဆောင်နေစရာ မလိုဘူး။ ကျူးဝမ်ဟွာက ကျုပ်ကို ရန်စခဲ့တဲ့အချိန်တုန်းကရော ကျုပ်က သူ့ရဲ့ရန်သူဖြစ်နိုင်လိမ့်မယ်လို့ တွေးခဲ့ဖူးလို့လား”
မြို့စားကျူးလန်ထင်၏ ညာလက်သည် အနည်းငယ် တုန်ယင်နေသည်။ အကြောင်းမှာ သူသည် ဓားကိုဆွဲထုတ်၍ ရှမ့်လန်အား တိုက်ရိုက်သတ်ပစ်ချင်သည့် ပြင်းပြသော စိတ်ဆန္ဒတစ်ခု ပေါ်ပေါက်လာသောကြောင့်ပင်။ သို့ပေမည့် သူသည် စိတ်လိုက်မာန်ပါ လုပ်၍ မဖြစ်ကြောင်း သိနေသည်။
အကယ်၍ သူသာ ရှမ့်လန်အား သတ်ဖြတ်လိုက်ပါက ထိုအကျိုးဆက်မှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်ပေ။ တစ်ခုတည်းသောရလဒ်သည် အသက်ဖြင့် ပြန်ပေးဆပ်ရခြင်းသာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက ရွှမ်ဝူမြို့စား အိမ်တော်၏ စစ်သည်မြင်းသည်တော် ထောင်ပေါင်းများစွာသည် တိုက်ရိုက်သတ်ဖြတ်ရန် ရောက်လာပေလိမ့်မည်။
ရှမ့်လန်သည် ထိုင်ခုံမှထ၍ မြို့စားအိမ်တော်၏ အစောင့်များထံသို့ လျှောက်သွားရင်း ပြောလိုက်သည်။ “သဘောမတူရင်လည်း ကိစ္စမရှိဘူး၊ ကျုပ်ပြန်ပြီး စာဆက်ရေးလိုက်မယ်။ ကျင်းမူကုန်းက စာရေးတဲ့နေရာမှာ အရှိန် အရမ်းမြန်တယ်။ ငါးရက်အတွင်း ဒုတိယအတွဲကို အပြီးသတ်နိုင်တယ်။ အလွန်ဆုံး ရက် နှစ်ဆယ် အတွင်းမှာ မြို့စားလေး ကျူးလန်ထင်... ခင်ဗျားတို့ သားအဖသုံးယောက်က တောင်ပိုင်းပြည်နယ်တစ်ခုလုံးမှာ မီးလို ပျံ့နှံ့ပြီး နောက်ဆုံး .... ရွှဲ့တိုင်းပြည်တစ်ခုလုံးထိ ကျော်ကြားသွားတော့မှာပဲ။ အဲဒီအချိန်ကျရင် တခြားလူတွေက ခင်ဗျားတို့ကို ဘယ်လိုနာမည်ပြောင်ပေးကြမလဲ။”
ရှမ့်လန်သည် အစောင့်များထံသို့ ရောက်ရှိသွားချိန်မှာတော့ ပြောလိုက်သည်။ “သွားမယ်။ အိမ်ပြန်ပြီး စာရေးမယ်။ စာရေးရင်းနဲ့ တိုင်စာတစ်စောင်ပါ ရေးရမယ်။ ခင်ဗျားတို့ကို တရားစွဲဖို့ မြို့တော်အထိ သွားရမှာပဲ”
ပြီးနောက် ရှမ့်လန်သည် တကယ်ပင် ထွက်ခွာသွားသည်။
မြို့စားလေး ကျူးလန်ထင်၏ မျက်နှာသည် နှင်းခဲကဲ့သို့ အေးစက်နေသည်။ “ရှမ့်လန်... မင်း ... တိရစ္ဆာန်ကောင် .... စောင့်နေလိုက်။ မင်းကို အရေခွံခွာ၊ အရိုးကြေမွအောင်ချေပြီး ပြာချပစ်မယ်”
“ခဏနေအုံး”
မြို့စားလေး ကျူးလန်ထင်က ပြောလိုက်၏။ “ငါသဘောတူတယ်”
ရှမ့်လန်သည် ခေါင်းလှည့်ကာ ပြောလိုက်သည်။ “သဘောတူတယ်ဆိုရင် စလိုက်တော့လေ”
ကျူးဝမ်ဟွာသည် တုန်ယင်သောအသံဖြင့် ခေါ်လိုက်၏။ “အဖေ။”
ကျူးလန်ထင်၏ ကျူးဝမ်ဟွာကို ကြည့်သောအကြည့်တို့သည် ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။ ရှမ့်လန်လို အဆိပ်ပြင်းတဲ့မြွေကိုမှ သွားရန်စရသလား။ မင်းကြောင့်သာမဟုတ်ရင် ငါတို့ကျူးမျိုးနွယ်က ဒီနေ့လို အရှက်ရစရာ အကြောင်းရှိမှာလား။
မြို့စားကျူးလန်ထင်သည် လက်ကိုမြှောက်၍ သူ၏သား ကျူးဝမ်ဟွာ၏ ချောမောသောမျက်နှာဆီသို့ အားကုန်လွှဲကာ ရိုက်ချလိုက်၏။
ဖြောင်း... ဖြောင်း... ဖြောင်း... ဖြောင်း...
တစ်ဖက်ပြီးတစ်ဖက် ဘယ်ညာ ရိုက်နှက်လျက်ရှိသည်။
မြို့စားလေး ကျူးလန်ထင်သည် တကယ့်ကို ဒေါသကြီးသူတစ်ယောက်ပင်။ သူ၏ သားအား ဒေါသထွက်စွာဖြင့် အားရပါးရ တွယ်လျက်ရှိ၏။
ကျူးဝမ်ဟွာ၏ ချောမောသောမျက်နှာသည် ဝက်ခေါင်းတစ်ခုကဲ့သို့ ဖြစ်သွားသည်။ လူရုပ်ပင်မပေါ်တော့ချေ။ မျက်နှာတစ်ခုလုံး၌ သွေးများ တစိမ့်စိမ့်ထွက်နေသည်။ အရမ်းကို သနားစရာကောင်းလှသည်။