← Chapters

အပိုင်း (၈၈)

Vol. 7 Ch. 88

အပိုင်း (၈၈)

Vol. 7 Ch. 88

ဤကဲ့သို့သော လှုပ်လှုပ်ရှားရှားအသံများကို ကြားရသည့်အချိန်မှာတော့ ရှစ်ကွမ်းယွမ် နှင့် ရှစ်ချင်းချင်းတို့သည် မျက်မှောင်ကြုတ်မိလိုက်ကြသည်။

ရှစ်ကွမ်းယွမ်က မေးလိုက်၏။ “ဘာကိစ္စလဲ၊ ဘာလို့ ဒီလောက်တောင် အလျှင်စလို ဖြစ်နေရတာလဲ”

သမီးဖြစ်သူသည် အုပ်ချုပ်ရေးမှူး၏သားနှင့် မကြာမီ လက်ထပ်တော့မည်ဖြစ်ရာ ရှစ်ကွမ်းယွမ်၏ အဆင့်အတန်း သည် ရုတ်တရက်မြင့်တက်လာပြီး သူ၏ မာနသည်လည်း ပိုမိုကာ ကြီးမားလာခဲ့သည်။ ရှစ်မျိုးနွယ်သည် မကြာမီတွင် ချမ်းသာကြွယ်ဝပြီး ဩဇာအာဏာရှိသော မိသားစုတစ်ခု ဖြစ်လာပေတော့မည်။ တည်ငြိမ်မှုမရှိဘဲ အုတ်အော်သောင်းနင်း လှုပ်လှုပ်ရွရွ ဖြစ်နေခြင်းကို သူ မနှစ်မြို့ချေ။

ယုံကြည်ရသော အစေခံတစ်ယောက်သည် တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။ “သခင်ကြီး၊ သခင်မလေး၊ ရှမ့်လန်ဆိုတဲ့ တိရစ္ဆာန်က ‘မာယာမျဉ်းပြိုင်’ ဆိုတဲ့ စာအုပ်ကို ရေးခဲ့ပါတယ်”

ရှစ်ကွမ်းယွမ်က မေးလိုက်၏။ “အဲတာ ဘာဖြစ်လို့လဲ”

ရှမ့်လန်၏ ဤစာအုပ်အကြောင်းကို ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့ သိကြသည်။ အဘယ်ကြောင့်ဆိုသော် စာအုပ်မရောင်းမီကပင် ရှမ့်လန်သည် လူများစွာကို ငွေပေးငှားရမ်း၍ အရှိန်မြှင့်ကြော်ငြာခဲ့သောကြောင့်ပင်။ မဖွယ်မရာ ကောလဟလအမျိုးမျိုး ထွက်ပေါ်လာခဲ့ပြီး ဤစာအုပ်ကိုဖတ်လျှင် ယောက်ျားအင်္ဂါ မထောင်မတ် နိုင်ခြင်း (ပန်းသေခြင်း)ကို ကုသပေးနိုင်သည်ဟုပင် ဆိုကြသည်။

မြို့တစ်ခုလုံး ဆူညံပွက်လောရိုက်အောင် ကြော်ငြာခဲ့သည်။ ရွှမ်ဝူမြို့ တစ်မြို့လုံး ဤစာအုပ်ကို မသိချင်၍ပင် မရပေ။ သို့ပေမည့် အစစ်အမှန်စာအုပ်ကိုတော့ သူတို့ မမြင်ဖူးသေးပေ။ လန်ရှန်မြို့နှင့် ရွှမ်ဝူမြို့သည် လီပေါင်း နှစ်ရာနီးပါး ကွာဝေးသောကြောင့်ဖြစ်သည်။ သို့သော်ငြား မည်သို့ပင်ဆိုစေကာမူ ရှမ့်လန်၏စာအုပ်အပေါ် ရှစ်မျိုးနွယ်၏သဘောထားမှာတော့ အထင်အမြင်သေးခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် ဂရုမစိုက်ခြင်းပင် ဖြစ်၏။

“ရှမ့်လန်ဆိုတဲ့ တိရစ္ဆာန်လေးက ကြီးကြီးကျယ်ကျယ်တွေ လုပ်နေတာပဲ။ ဒီလို အောက်တန်းကျတဲ့အရာတွေကို ရေးပြီး ပိုက်ဆံလိမ်ယူနေတာ။ ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ ဂုဏ်သတင်းကို လုံးဝ ညှိုးနွမ်းစေတာပဲ။ ဒါအပြင် ဒီစာအုပ်ကို ရှမ့်လန်နဲ့ ကျင်းမူကုန်းတို့ ပူးပေါင်းရေးသားတယ်လို့တောင် ကြေညာထားသေးတယ်”

ရှစ်ကွမ်းယွမ်သည် အံ့ဩမိသည်။ အဘယ်ကြောင့် ရွှမ်ဝူမြို့စားအိမ်တော်မှ တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိသနည်း။ မြို့စားကျင်းကျိုး၏ စရိုက်အရဆိုလျှင် ဤတိရစ္ဆာန်ငယ်လေးနှစ်ကောင်ကို အတူတကွ သုတ်သင်ပစ်သင့်သည်။

အိမ်တော်ထိန်းက ပြောလိုက်၏။ “နာရီပိုင်းလေးအတွင်းမှာ စာအုပ် သုံးထောင်ကျော် ပြောင်သလင်းခါ သွားပါတယ်”

ရှစ်ကွမ်းယွမ်က မထီမဲ့မြင် ပြောလိုက်သည်။ “ဒါက ဘာများ အရေးကြီးလို့လဲ။ စာအုပ် သုံးထောင်ကျော်က ပိုက်ဆံ ဘယ်လောက်များ ရမှာမို့လို့လဲ။ ဒီလို အမှိုက်သရိုက်မျိုးတွေ များများရောင်းလေ၊ ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ ဂုဏ်သတင်းကို ပိုထိခိုက်လေပဲ”

အိမ်တော်ထိန်းသည် တုန်ယင်စွာ ပြောလိုက်၏။ “သခင်ကြီး၊ သခင်မလေး... ကြည့်လိုက်ပါအုံး”

ပြီးနောက် ၎င်းသည် ရှစ်ကွမ်းယွမ်အား ‘မာယာမျဉ်းပြိုင်’ စာအုပ်ပေးလိုက်သည်။

ရှစ်ကွမ်းယွမ်သည် မျက်နှာဖုံးကို ကြည့်လိုက်သည်။ ၎င်းသည် အံ့အားမသင့်ဘဲ မနေနိုင်ချေ။ ဤမျက်နှာဖုံးသည် အရမ်းကို အသက်ဝင်လှသည်။ ထို့အပြင် ဤမျက်နှာဖုံးသည် တကယ်ပင် အရှက်မဲ့လှသည်။ ယောက်ျား တစ်ယောက်နှင့် မိန်းမတစ်ယောက်တို့သည် အခန်းထဲ၌ ဖောက်ပြန်နေကြပြီး သက်လတ်ပိုင်း အရွယ် လူတစ်ယောက်သည် အပြင်ဘက်မှ ချောင်းကြည့်နေသော ပုံပင်။

ရောင်းအားကောင်းခြင်းမှာ အံ့ဩစရာမရှိပေ။ ဤသို့ စိတ်လှုပ်ရှားဖွယ်ကောင်းသော မျက်နှာဖုံးသည် လူတိုင်း၏ အာရုံကို အမှန်ပင် ဆွဲဆောင်နိုင်ပေသည်။ သို့ပေမည့် ရှစ်ကွမ်းယွမ်သည် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိ လိုက်သည်။ အကြောင်းမှာမူ မျက်နှာဖုံးပေါ်မှ အမျိုးသမီးကို တော်တော်လေး ရင်းနှီးသလို ခံစားနေရသောကြောင့်ပင်။ တစ်နေရာရာမှာ မြင်ဖူးသကဲ့သို့ပင်။ သို့ပေမည့် ပုံထဲမှ မိန်းကလေးသည် အဝတ်အစား မဝတ်ထားသောကြောင့် သူ ရုတ်တရက် မမှတ်မိနိုင်ပေ။

ရုတ်တရက် ရှစ်မျိုးနွယ်ခေါင်းဆောင်သည် ခေါင်းကိုမော့လိုက်သည်။ စာအုပ်မျက်နှာဖုံးပေါ်မှ အမျိုးသမီးသည် သူ၏သမီး ရှစ်ချင်းချင်းနှင့် အလွန်တူနေပါတကား။

သူသည် ပိုမို၍ ကြောက်စရာကောင်းသော အချက်တစ်ချက် ကို တွေ့ရှိသွားသည်။ မျက်နှာဖုံးပေါ်မှ ချောင်းကြည့်နေသော ယုတ်မာသည့် သက်လတ်ပိုင်းအရွယ်လူသည် သူ၏ရုပ်ရည်နှင့် အလွန်တူညီပြီး အဝတ်အစားများပင်လျှင် တစ်ထပ်တည်း ကျနေ၏။ ရှစ်ကွမ်းယွမ်သည် မျက်လုံးများ ပြာဝေသွားသည်။

ရှစ်ချင်းချင်းသည် စာအုပ်ကို လှမ်းယူ၍ မျက်နှာဖုံးကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများသည် ချက်ချင်းပင် နီရဲသွားသည်။ ခန္ဓာကိုယ် တကိုယ်လုံး ရေခဲတမျှ အေးစက်သွား၏။ “အရမ်းကို ယုတ်မာရက်စက်တဲ့ ရှမ့်လန်။ မိုးကြိုးပစ်ခံရမယ့် ရှမ့်လန်.. ကောင်းကင်ဘုံ၊ ဘာလို့ ဒီတိရစ္ဆာန်ကို မိုးကြိုးမပစ်ချတာလဲ”

သူမသည် မကြာမီ စေ့စပ်တော့မည်ဖြစ်ပြီး ဧည့်သည်တော်များစွာကိုလည်း ဖိတ်ကြားထားသည်။ ရှမ့်လန်သည် ဤသို့သောအချိန်မျိုးတွင် စာအုပ်ကို ဈေးကွက်တင်ရန် ရွေးချယ်ခဲ့သည်။ မည်သည့် အကျိုးဆက်တွေ ဖြစ်လာမည်နည်း ဆိုသည်ကို စဉ်းစားကြည့်ရုံနှင့် သိရှိနိုင်သည်။

“ရှမ့်လန်ဆိုတဲ့အကောင်က ငါ့ဂုဏ်သတင်းကို လုံးဝဖျက်ဆီးပစ်ဖို့၊ ရှစ်မျိုးနွယ်တစ်ခုလုံးရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးပစ်ဖို့ ကြံစည်နေတာပဲ” ရှစ်ချင်းချင်း၏ မျက်လုံးထဲမှ မျက်ရည်များ အရူးအမူး ကျဆင်းလာ၏။

ရှစ်နှစ်...

ကြီးမားသည့် ဂုဏ်ကျက်သရေကို ပိုင်ဆိုင်နိုင်ရန်အတွက် ၊ နုကျန့်စီရင်စု၏ ပါရမီရှင်အမျိုးသမီး၊ အလှဘုရင်မ တစ်ယောက် ဖြစ်လာရန်အတွက် သူမသည် ရှစ်နှစ်တိုင်တိုင် ကြိုးစားတည်ဆောက်ခဲ့ရသည်။ သူမ မည်မျှ ငွေကုန်ခဲ့သနည်း။ အပြုံးမည်မျှဖြင့် မျက်နှာချိုသွေးခဲ့ရသနည်း။ စာပေမည်မျှ လေ့လာခဲ့ရသနည်း။ ကဗျာရွတ်ပွဲ၊ ဇာတ်ညွှန်းဖတ်ပွဲတိုင်းတွင် သူမသည် ဩဇာအာဏာရှိသော အရာရှိများ၏သမီးများ၊ လူငယ်ပါရမီရှင်များ၊ ကျောင်းတော်သားများကို ဖိတ်ကြားခဲ့ရသည်။ ဤအရာအားလုံးသည် ငွေကုန်ကြေးကျများသည်။

အိပ်ရာပေါ်မှာ ဧည့်ခံခြင်းမှလွဲ၍ ရှစ်မျိုးနွယ်သည် အရာအားလုံးကို လုပ်ဆောင်ခဲ့သည်ဟု ဆိုနိုင်သည်။ စားအတူ၊ သောက်အတူ၊ ကစားအတူ အစစအရာရာ ဧည့်ခံခဲ့ရသည်။ ရှစ်နှစ်၊ ကိုးနှစ်တိုင်တိုင် ကြိုးစားပြီးမှသာ နုကျန့်စီရင်စု၏ ပါရမီရှင်အမျိုးသမီး၊ အလှဘုရင်မ ရှစ်ချင်းချင်းဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့၏။

“ဂုဏ်ကျက်သရေဆိုတာ တည်ဆောက်ရတာ အရမ်းနှေးကွေးပေမယ့် ဖျက်ဆီးပစ်ဖို့ကတော့ မျက်စိတစ်မှိတ် အတွင်းပဲ လိုတယ်”

ဤအချက်ကို အနုပညာလောကမှ လူအချို့ နက်နက်ရှိုင်းရှိုင်း ခံစားဖူးပေလိမ့်မည်။

ထိုအချိန်မှာပင် ရှစ်ချင်းချင်းသည် အပြင်ဘက်၌ အနည်းငယ်ဆူညံနေကြောင်း ရုတ်တရက် ကြားလိုက်သည်။ သူမသည် ပြတင်းပေါက်ကို မဖွင့်ဘဲမနေနိုင်တော့ချေ။

ပြတင်းပေါက်တံခါးကို အသာဖွင့်ကာ ကြည့်ရှုလိုက်ချိန်မှာတော့ ရှစ်မျိုးနွယ်စံအိမ် အပြင်ဘက်တွင် လူများစွာ ဝိုင်းအုံနေသည်။ ၎င်းတို့သည် ယောက်ျားများသာဖြစ်ပြီး ၎င်းတို့၏မျက်လုံးများ၌ စူးစမ်းလိုစိတ်များအပြင် ယုတ်ညံ့သည့်အကြည့်များနှင့် ပြည့်နှက်နေ၏။

ပြတင်းပေါက် ပွင့်လာပြီးနောက် ရှစ်ချင်းချင်း၏ လှပသောမျက်နှာက ပေါ်ထွက်လာသည်။ အပြင်ဘက်မှ ယောက်ျားများစွာက အော်ဟစ်ကြသည်။ “ဟုတ်တယ် ... သူပဲ။ ဒီမျက်နှာပဲ”

“ရှစ်မန်ဝမ်ဝမ်၊ ရှစ်မန်ဝမ်ဝမ်”

“အဝတ်အစားတွေ ဝတ်ထားရင်တောင် ငါမှတ်မိနေတုန်းပဲ”

အလွန်ကြီးမားသော အရှက်တရား - ရှစ်ချင်းချင်းသည် ပထမဆုံးအကြိမ်အဖြစ် ယောက်ျားရာပေါင်းများစွာ၏ မဖွယ်မရာအကြည့်များဖြင့် စော်ကားခြင်းကို ခံလိုက်ရသည်။ ထို့နောက်တွင်တော့ သည်းမခံနိုင်စရာကိစ္စများ ထပ်ကြုံရပေဦးမည်။ သူမသည် ပြတင်းပေါက်ကို ခပ်ကြမ်းကြမ်း ပိတ်လိုက်သည်။

“ဘာလို့လဲ။ ဘာလို့လဲ”

ရှစ်ချင်းချင်းသည် စူးရှစွာ အော်ဟစ်လိုက်၏။ “ရှမ့်လန်.. ကျွန်မနဲ့ ရှင့်ရဲ့ကြားမှာ ဘယ်လို မပြေလည်နိုင်တဲ့ အမုန်းတရားတွေ ရှိနေလို့လဲ။ ရှင် ဘာလို့ ကျွန်မရဲ့သိက္ခာကို ဒီလိုဖျက်ဆီးပစ်ရတာလဲ။ ကျွန်မက ရှင့်ကို အိမ်ကနေ နှင်ထုတ်ခဲ့ရုံပဲလေ။ ဒါပေမဲ့ ဒါကပုံမှန်ပဲ မဟုတ်ဘူးလား။ ဘယ်သူက အသုံးမကျတဲ့ကောင်ကို ခင်ပွန်းအဖြစ် အတည်လက်ခံမှာလဲ။ အနည်းဆုံးတော့ ရှင် ကျွန်မအိမ်မှာ လပေါင်းများစွာ သူဌေးသား တစ်ယောက်လို ဇိမ်ကျကျနဲ့ နေခဲ့ရသေးတယ်လေ။ ရှင်ဘာလို့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး လုပ်ရက်ရတာလဲ”

ရှစ်ချင်းချင်း၏ မျက်ရည်များသည် အရှိန်ကောင်းကောင်းနှင့် စီးဆင်းလာခဲ့သည်။

ရှစ်ကွမ်းယွမ် (ကွမ်းယွမ်သည် သခင်ကြီးဟု အဓိပ္ပာယ်ရသည်) သည် စားပွဲခုံကို လက်သီးဖြင့် ပြင်းထန်စွာ ထုပြီး အော်ဟစ်လိုက်၏။ “ငါ ဒင်းကိုသတ်မယ်။ ဒင်း ကိုသတ်ရမယ်။ ဘယ်လောက်ပဲပေးရပေးရ ဒင်းကိုသတ်မယ်။ သတ်ပစ်မယ်”

...........

မကြာသေးမီကပင် သူတို့သားအဖနှစ်ယောက်သည် ရှမ့်လန်အား ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့သောကြောင့် သေဆုံးသွားခဲ့သော ထျန်းဟန်အား လှောင်ပြောင်ခဲ့ကြသေးသည်။ သို့ပေမည့် ယခုအခါမှာတော့ သူတို့သည် ထိုအချိန်က ထျန်းဟန်၏စိတ်အခြေအနေကို အမှန်တကယ် နားလည်သွားကြပြီဖြစ်၏။ ကြောက်မက်ဖွယ်ရာ ကောင်းပြီး နက်ရှိုင်းစွာ စွဲနစ်နေသော အမုန်းတရားသည် အမှန်ပင် အကျိုးအကြောင်း ၊ ဆင်ခြင်တုံတရား အားလုံးကို ဖုံးလွှမ်းသွားစေနိုင်သည်။

ရုတ်တရက် ရှစ်ချင်းချင်းသည် ပိုအရေးကြီးသော ကိစ္စတစ်ခုကို သတိရလိုက်သည်။ မျက်နှာဖုံးပေါ်တွင် သူမနှင့် မဖွယ်မရာ ပြုလုပ်နေသော ယောက်ျားသည် မည်သူနည်း။

ချက်ချင်းသတိရသွားသည်။ သူမနှင့်မဟုတ်ပေ။ ရှီးမိန်ဝမ်ဝမ် နှင့် မဖွယ်မရာပြုလုပ်နေသော ယောက်ျားသည် မည်သူနည်း။ ဤယောက်ျားကိုလည်း အလွန်ရင်းနှီးနေသလိုပင်။

မကြာမီ သူမ စဉ်းစားမိသွားသည်။ ဤသူမှာ လန်ရှန်မြို့စားအိမ်တော်မှ ဒုတိယသား ကျူးဝမ်ဟွာဖြစ်ပြီး အုပ်ချုပ်ရေးမှူးကျန်းချုံး၏ သမီး ကျန်းချွမ်းဟွာ ကို အမဲလိုက်နေသူပင်။

မည်သို့ဖြစ်မည်နည်း။ သူမသည် ထိုအရာကို ခြေဖနောင့်ဖြင့်ပင် စဉ်းစားနိုင်သည်။ မရေမတွက်နိုင်သော လူများသည် သူမနှင့် ကျူးဝမ်ဟွာတို့ ဖောက်ပြန်နေကြသည်ဟု ထင်ကြပေလိမ့်မည်။ အကြောင်းရင်းမှာ သူမ၏ ကဗျာရွတ်ပွဲတိုင်းတွင် ကျူးဝမ်ဟွာ၏ အရိပ်အယောင်ကို အမြဲတွေ့ခဲ့ရသည်။ ပေါင်းသင်းဆက်ဆံရင်း ဖောက်ပြန်မိခြင်းမှာ ပုံမှန်ပင်။ သို့ပေမည့် သူမနှင့် ကျူးဝမ်ဟွာသည် ဖြူစင်ကြပြီး နှစ်ဦးစလုံးသည် တစ်ဦးနှင့်တစ်ဦး မနှစ်သက်ကြပေ။

ရှစ်မျိုးနွယ်သည် အလွန်ချမ်းသာပြီး အာဏာကိုသာ လိုအပ်သည်။ ကျူးဝမ်ဟွာတွင်လည်း ဂုဏ်သတင်းနှင့် ငွေရှိပြီး အာဏာကိုသာ လိုအပ်သည်။ ထို့ကြောင့် ဤနှစ်ဦးသည် အုပ်ချုပ်ရေးမှူး ကျန်းချုံး၏ သားသမီးများကို မျှော်လင့်နေကြခြင်းပင်။

ကျန်းချုံးသည် ငွေမရှိသော်လည်း ကြီးမားသော အာဏာရှိသည်။ ထို့ကြောင့် ပေါင်းဖက်ချင်နေကြခြင်းပင်။ သို့ပေမည့် ကျန်းကျန်းသည် သူမကို သံသယဝင်နိုင်သည်။ ထို့အပြင် နောင်နှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်သော ယောက်ျားများသည် ရှစ်ချင်းချင်း၏ သရုပ်ဖော်ပုံကို ကိုင်၍ လျှို့ဝှက်သောအရာအချို့ကို နေ့စဉ်ပြုလုပ်ကြပေလိမ့်မည်။

အိမ်တော်ထိန်းက ပြောလိုက်၏။ “သခင်ကြီး၊ သခင်မလေး ... အတွင်းက အကြောင်းအရာတွေကို ဖတ်ကြည့်လိုက်ပါအုံး”

ရှစ်ချင်းချင်းသည် စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်၍ စာအုပ်ကိုဖွင့်ကာ လျှင်လျှင်မြန်မြန် ဖတ်ရှုလိုက်သည်။ ပထမ စာမျက်နှာတွင် စာလုံးအနည်းငယ်ကို အနီရောင်မင်ဖြင့် ရေးသားထားသည်။

“ဤဇာတ်လမ်းသည် စိတ်ကူးယဉ် ဇာတ်လမ်းဖြစ်ပြီး တူညီနေပါက တိုက်ဆိုင်ခြင်းသာဖြစ်သည်။ ထိုသို့ တိုက်ဆိုင်သည့်အတွက် ဂုဏ်ယူလိုက်ပါရန်”

ချက်ချင်းပင် ရှစ်ချင်းချင်းသည် နှလုံးသားတစ်ခုလုံး‌ လေးပင်သွားပြီး ဦးရေပြားတစ်ခုလုံး ထုံကျင်သွားသည်။ အမှန်ပင်။ ပထမစာမျက်နှာကို ဖွင့်လိုက်ပြီးနောက် သူမသည် အဓိက စကားစုအနည်းငယ်ကို တွေ့လိုက်ရသည်။

[ …………………………….]

ဤသည်မှာ သွယ်ဝိုက်စော်ကားခြင်းထက် များစွာသာလွန်ပြီး အမည်များကို တိုက်ရိုက်ရည်ညွှန်းနေခြင်းပင်။ ထို့နောက် ရှစ်ချင်းချင်းသည် ဆက်တိုက်ဖတ်ရှုလိုက်သည်။ သူမသည် အလွန်အမင်း ဒေါသထွက်နေသော်လည်း ဝန်ခံရပေမည်။ ဤစာအုပ်သည် အလွန်ကောင်းမွန်စွာ ရေးသားထားသည်။

ဤစာအုပ်အတွင်းမှ စာရေးဟန်သည် ရှစ်ချင်းချင်းကိုပင် အံ့အားသင့်စေခဲ့သည်။ သူမ၏ ပါရမီရှင်အမျိုးသမီး ဟူသော ဂုဏ်ပုဒ်သည် ငွေဖြင့်ပုံဖော်ထားခြင်း ဖြစ်သော်လည်း သူမ၌ ထူးခြားသည့် စာပေအမြင်တော့ ရှိ၏။

ကျူးဝမ်ဟွာသည် ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း ၎င်းရေးသားသော စာအုပ်သည် ရှမ့်လန်၏စာအုပ် ရှေ့တွင် အားနည်းလွန်းသော ကလေးငယ်တစ်ဦးကဲ့သို့ပင်။

ရှမ့်လန်၏စာအုပ်သည် လောက၏ ပျော်ရွှင်မှုနှင့် ခါးသီးမှုတို့ကို လုံးဝနားလည်သော ပညာရှိတစ်ဦးကဲ့သို့ပင် လမ်းညွှန်ပြသနေသည်။ စာပိုဒ်တိုင်းနီးပါးတွင် ရင့်ကျက်မှုနှင့် ဉာဏ်ပညာတို့ကို ထုတ်ဖော်ပြသထားသည်။

ရှစ်ချင်းချင်းသည် ချက်ချင်းပဲ ကောက်ချက်ချလိုက်သည်။ ရှမ့်လန်၏ ဤစာအုပ်သည် အောင်မြင်ရုံသာမက နှစ်ပေါင်းများစွာအတွင်း မမြင်တွေ့ခဲ့ရဖူးသော ဂန္ထဝင်စာပေတစ်ခု ဖြစ်လာလိမ့်မည်။ အထူးသဖြင့် အာဏာရှိသော အထက်တန်းလွှာ ပုဂ္ဂိုလ်ကြီးများ အလွန်နှစ်သက်ကြပေလိမ့်မည်။

ရွှဲ့တိုင်းပြည်တစ်ခုလုံးရှိ စာပေတတ်မြောက်သော အရာရှိတိုင်းသည် အိပ်ရာခေါင်းရင်းတွင် ဤစာအုပ်ကို ထားရှိပေလိမ့်မည်။

စားပွဲခုံပေါ်တွင်မဟုတ်ဘဲ ခေါင်းရင်းတွင် ထားရှိခြင်းဖြစ်သည်။ အကြောင်းမှာ စားပွဲခုံပေါ်မှ စာအုပ်များသည် သူတစ်ပါးကို ပြရန်သာဖြစ်ပြီး မိမိကိုယ်တိုင် ဘယ်တော့မှ မဖတ်ပေ။ ခေါင်းရင်းနှင့် အိမ်သာထဲတွင်ထားသော စာအုပ်များသာလျှင် ဖတ်ရန်ဖြစ်၏။

သို့ဖြစ်သောကြောင့် သူမ၏အခြေအနေသည် ပို၍ဆိုးရွားသွားသည်။ သူမ ရှစ်ချင်းချင်းနှင့် ရှစ်ကွမ်းယွမ်တို့၏ ဂုဏ်သတင်းသည် ယန်ကျင်းမြစ်ထဲသို့ ခုန်ချလျှင်ပင် ဆေးကြော၍ ရနိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်မှာတော့ အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ ဒေါသနှင့် သတ်ဖြတ်လိုသော အငွေ့အသက် များသည် ပတ်ဝန်းကျင်တစ်ခုလုံး၌ ပြည့်နှက်လာသည်။

ဒုန်း

တံခါးသည် ဝုန်းခနဲပွင့်လာ၏။

ကျန်းကျင်းသည် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး မျက်လုံးနှစ်လုံးမှာလည်း နီရဲနေ၏။ ၎င်း၏အမူအရာသည် လူသတ်တော့မည့် အလားပင်။ ၎င်းသည် ရှစ်ချင်းချင်း၏ ရှေ့သို့ပြေးဝင်လာပြီး လှပလွန်းသည့် မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဖြောင်း

All Chapters