← Chapters

အပိုင်း (၈၉)

Vol. 7 Ch. 89

အပိုင်း (၈၉)

Vol. 7 Ch. 89

ရှစ်ချင်းချင်းသည် ပါးရိုက်ခံလိုက်ရသောကြောင့် ကြောင်အသွားသည်။

သို့ပေမည့် ရှစ်ကွမ်းယွမ် သည် တားဆီးခြင်းမရှိ၊ ဆူပူကြိမ်းမောင်းခြင်းမရှိဘဲ မမြင်ချင်ယောင်ဆောင်နေ၏။

ပါးတစ်ချက် ရိုက်ပြီးနောက် ကျန်းကျင်းသည် နှလုံးသားထဲတွင် အနည်းငယ် နောင်တရသွားသည်။ ရှစ်ချင်းချင်း ကို ရိုက်လိုက်မိသောကြောင့် သနားစိတ်ဖြင့် နောင်တရခြင်း မဟုတ်ပေ။ ယောက်ျားတစ်ယောက်အနေဖြင့် မိန်းမ တစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ ရိုက်နှက်သည့်အချိန်ဆိုသည်မှာ အစွမ်းအစအမဲ့ဆုံး အချိန်ပင်ဖြစ်ပြီး မိမိ၏ မိန်းမအပေါ်တွင်သာ ဒေါသပုံချနိုင်သည့် အရည်အချင်းမဲ့ ယောက်ျားမျိုး ဖြစ်သွားသည်။

သူ ကျန်းကျင်းသည် ဂုဏ်သရေရှိအုပ်ချုပ်ရေးမှူး၏ သားဖြစ်ရာ အဘယ်သို့ အစွမ်းအစမဲ့မည်နည်း။

ရှစ်ချင်းချင်းသည် ရှင်းပြခြင်းမရှိခဲ့ပေ။ ဥပမာအားဖြင့် 'ကျွန်မနဲ့ ကျူးဝမ်ဟွာက ဖြူစင်ပါတယ်' စသည်ဖြင့်။ သူမသည် ကျန်းကျင်းကို ကြည့်နေရင်း အသံမထွက်ဘဲ တိတ်တိတ်နေလိုက်သည်။ အကြောင်းမှာ ရှင်းပြရန် မလိုအပ်သောကြောင့်ပင်။

သူမသည် ရေကဲ့သို့ကြည်လင်ပြီး ကျောက်စိမ်းကဲ့သို့ စင်ကြယ်သောကြောင့် မဟုတ်ဘဲ လုံလောက်သော အကျိုးအမြတ် မရရှိသေးပါက ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းကိုမျှ ပေးအပ်ရန် စိတ်ကူးရှိသူမဟုတ်ပေ။ အနမ်းတစ်ပွင့်ကိုတောင် မည်သူကိုမှမပေးဖူးရာ ဟိုကိစ္စမျိုးဆိုလျှင် ပြောစရာပင်မလိုအပ်ချေ။

“ဘာလို့ တိရစ္ဆာန်ကောင်ကို အဲဒီအချိန်က မသတ်ခဲ့တာလဲ။ ဘာလို့ သူ့ကိုမသတ်ခဲ့တာလဲ”

ကျန်းကျင်းသည် ဤသို့သာ ပြောနိုင်သည်။ 'ဘာလို့ အဲဒီတိရစ္ဆာန်ကို ရန်သွားစရတာလဲ' ဟု မပြောနိုင်ပေ။ အကြောင်းမှာ ရန်စခြင်းသည် ရှောင်လွှဲမရနိုင်ခဲ့သောကြောင့်ပင်။

ရှစ်ချင်းချင်းက အေးစက်စက် ပြောလိုက်သည်။ “ကျန်းသခင်လေး... ရှင့်ရဲ့စေ့စပ်ထားတဲ့ မိန်းကလေး နစ်နာနေတဲ့အချိန်မှာ ရှင့်အနေနဲ့ သူမအပေါ်မှာပဲ ဒေါသဖြေတတ်တာလား။ တခြားဘာကိစ္စမှ မလုပ်နိုင် တော့ဘူးလား”

ဤသို့သော စကားမျိုးကို ပြောဆိုခြင်းသည် ရှစ်ချင်းချင်းအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ သူမသည် အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး ကျန်းကျင်းကို ကြည့်သောအကြည့်သည်လည်း လေးစားကြည်ညိုမှုတို့ဖြင့် ပြည့်နှက် နေတတ်၏။ သို့သော်ငြား ယခုမဟုတ်တော့ချေ။

ကျန်းကျင်းသည် လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်သည်။ ပြီးနောက် နံရံကို ထိုးလိုက်ရာ ချိုင့်ခွက်တစ်ခု ဖြစ်သွား၏။

“တကယ် နောင်တရတယ်။ အဲအချိန်တုန်းက အဲဒီတိရစ္ဆာန်ကို မသတ်ခဲ့မိဘူး”

ကျန်းကျင်းသည် အံကြိတ်ကာ ပြောလိုက်သည်။ “ဘာလို့ အဲဒီအချိန်က မသတ်ခဲ့မိတာလဲ”

ရှစ်ချင်းချင်းသည် မည်သည့်စကားမှမဆိုဘဲ ကျန်းကျင်းအား လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်ပြီး ပိုးပဝါဖြင့် ကျန်းကျင်း၏ လက်ဖမိုးကို ညင်သာစွာ သန့်စင်ပေးလိုက်သည်။ ဤလှုပ်ရှားမှုသည် နွေဦးလေပြေတစ်ချက်လိုပင် ကျန်းကျင်း၏ နှလုံးသားထဲသို့ တိုက်ခတ်သွားသည်။ ကျန်းကျင်းက ပြောလိုက်၏။ “ကျုပ် အဖေ့ကို သွားရှာမယ်”

ဆိုလိုရင်းမှာ ရှင်းလင်းသည်။ နိုင်ငံရေးအာဏာကိုသုံး၍ တန်းရှန်၏စာအုပ်ဆိုင်ကို ပိတ်ပင်ရန်ပင်။ ထို့နောက် ကျန်းကျင်းသည် အမြန်ဆုံးအရှိန်ဖြင့် မြင်းစီးကာ ရန်ကျားစီရင်စုသို့ ထွက်ခွာသွားသည်။

အုပ်ချုပ်ရေးမှူးစံအိမ်၏ စာကြည့်ခန်းတွင် ကျန်းကျင်းသည် ရှမ့်လန်၏ ‘မာယာမျဉ်းပြိုင်’ စာအုပ်ကို တွေ့လိုက်ရသည်။

“တကယ် ကောင်းကောင်းရေးနိုင်တာပဲ”

ကျန်းချုံးသည် သက်ပြင်းချလိုက်၏။ “တကယ့် ပါရမီရှင်ပဲ။ လူငယ်တစ်ယောက်အနေနဲ့ ဒါမျိုးလုံးဝ မရေးနိုင်သင့်ဘူး။ ရက်စက်ပြတ်သားတယ်”

ကျန်းကျင်းသည် ဝင်လာသည်နှင့် ရင်ဘတ်ပေါ်သို့ ဓားတစ်စင်းဖြင့် အထောက်ခံလိုက်ရသလိုပင်။ ဤအုပ်ချုပ်ရေးမှူးသည် အနည်းငယ်မျှပင် ဒေါသထွက်ပုံမရဘဲ အလွန်ကောင်းမွန်သည့်အရာကို ဖတ်ရှုခဲ့ရသလို တစိမ့်စိမ့် ရေရွတ်နေလေသည်။

သားဖြစ်သူ ဒေါသတကြီး ဝင်လာသည်ကိုမြင်တော့ ကျန်းချုံးသည် စုတ်တံကိုကိုင်၍ စာရေးရန် ပြင်လိုက်၏။

ကျန်းကျင်းသည် အဖေဖြစ်သူ 'တည်ငြိမ်ခြင်း' ဟူသော စာလုံးကို ရေးလိမ့်မည်ဟု ထင်ခဲ့သော်လည်း 'သတ်' ဟူသော စာလုံးတစ်လုံးကို ရေးလာကြောင်း မြင်ခဲ့ရသည်။။ ဤ 'သတ်' ဆိုသည် အဓိပ္ပာယ်နက်ရှိုင်းစွာ ပါဝင်နေပြီး သတ်ဖြတ်လိုစိတ်ကို ခပ်ရေးရေးခံစားမိစေသည်။

“ဒီစာအုပ်ကို လုံးဝပိတ်ပင်ဖို့ လာပြောတာလား” ကျန်းချုံးက မေးလိုက်၏။

“ဟုတ်ပါတယ်” ကျန်းကျင်းက ပြောလိုက်သည်။

ကျန်းချုံးက ပြောလိုက်၏။ “ဒီစာအုပ်ကို တားမြစ်ဖို့က မခက်ခဲဘူး။ စာအုပ်ရောင်းတဲ့ တန်းရှန်ကို ဖမ်းလိုက်ရုံပဲ”

တန်းရှန်တွင် အမှန်တကယ် နောက်ခံရှိသည်။ ၎င်းသည် ယန်ဝူစီရင်စုအုပ်ချုပ်ရေးမှူး၏ မယားငယ်များထဲမှ တစ်ယောက်၏ အစ်ကိုဖြစ်သည်။ သို့သော်ငြား ကျန်းချုံးသာ တကယ်တမ်း ဖမ်းဆီးမည်ဆိုလျှင် မည်သူမှ တားဆီးနိုင်မည် မဟုတ်ပေ။

ကျန်းချုံးက ဆက်ပြောလိုက်သည်။ “နုကျန့်ခရိုင်မှာတင် မဟုတ်ဘူး။ ထျန်းနန်စီရင်စု တစ်ခုလုံးမှာတောင် တန်းရှန်ရဲ့ ဒီစာအုပ်ကို ပိတ်ပင်တားမြစ်နိုင်တယ်”

သူသည် အမှန်ပင် လုပ်ဆောင်နိုင်သည်။ ဘုရင်ခံအိမ်တော်သို့သွား၍ သခင်ကြီးကျူးကျွင်းအား စကားတစ်ခွန်း ပြောလိုက်ရုံပင်။ လက်ရှိတွင် ကျန်းချုံးသည် ထက်မြက်သော အုပ်ချုပ်ရေးမှုး အရာရှိတစ်ဦးဖြစ်ရာ သူပြောသောစကားအချို့ကို ပြည်နယ်အုပ်ချုပ်ရေးမှူး ကျူးကျွင်းက အလေးအနက် ထားပေလိမ့်မည်။

“ဒါပေမဲ့...”

ကျန်းချုံးက ပြောလိုက်၏။ “ကျုပ် အဲဒီလိုလုပ်မှာမဟုတ်ဘူး။”

ကျန်းကျင်းက မေးလိုက်သည်။ “ဘာကြောင့်လဲ”

ကျန်းချုံးသည် ပြန်လည် မေးခွန်းထုတ်လိုက်၏။ “မင်းသိလား၊ ဘယ်စာအုပ်က အကျော်ကြားဆုံးလဲ”

ကျန်းကျင်း၏ နှလုံးသားထဲတွင် အဖြေကို သိသော်လည်း ဒေါသသည် စိတ်ကိုစိုးမိုးထားသည်။

“တားမြစ်ထားတဲ့စာအုပ်”

ကျန်းချုံးက ပြောလိုက်၏။ “မင်းပိုတားလေ၊ အဲစာအုပ်က ပိုရေပန်းစားလေပဲ”

ဤအုပ်ချုပ်ရေးမှူးသည် အမှန်တရားကို ပြောဆိုနေခြင်းပင်။ တားဆီးပိတ်ပင်ခံရသော စာအုပ်များသည် လူစိတ်ဝင်စားမှုကို ပိုရသည်။

“ဒီစာအုပ်ရဲ့ ကျော်ကြားမှုကို လုံးဝဖျက်ဆီးပစ်ဖို့ တစ်ခုတည်းသောနည်းလမ်းက ရှမ့်လန် သေဆုံးသွားဖို့ပဲ”

ကျန်းချုံးက ပြောလိုက်၏။ “ဒါပေမဲ့ ရှမ့်လန်ကို သေစေချင်ရင် အရင်ဆုံး ရွှမ်ဝူမြို့စားအိမ်တော်ကို ဖျက်ဆီးပစ်ရမယ်။ ဒါဆိုရင် အဓိက ပြဿနာအပေါ်ကို ပြန်ရောက်သွားတာပဲ”

ကျန်းကျင်းက ပြောလိုက်သည်။ “ဒီတိရစ္ဆာန်က ရှစ်ချင်းချင်းရဲ့ ဂုဏ်သတင်းကို ညစ်နွမ်းအောင်လုပ်ခဲ့တယ်။ ဒါကို ဒီအတိုင်း ကြည့်နေရမှာလား။ ကျုပ်တို့ ကျန်းမျိုးနွယ်က ရယ်စရာဖြစ်နေမှာပေါ့။”

ကျန်းချုံးက မေးလိုက်၏။ “မင်းလက်ထပ်မှာက ရှစ်ချင်းချင်းလား။ ရှစ်မျိုးနွယ်ရဲ့ ပိုက်ဆံလား”

သဘာဝကျစွာပင် ရှစ်မျိုးနွယ်၏ ပိုက်ဆံဖြစ်သော်လည်း ကျန်းကျင်းသည် ဤမေးခွန်းကို မဖြေဆိုနိုင်ခဲ့ပေ။

“ကျုပ်တို့ ကျန်းမျိုးနွယ်က ဂုဏ်သတင်း မလိုဘူးလား” ဟု ကျန်းကျင်းက မေးလိုက်သည်။

ကျန်းချုံးက ပြောလိုက်၏။ “ငါက အစိုးရအရာရှိတစ်ယောက်၊ ဘုရင်မင်းမြတ်လက်ထဲက ဓားတစ်စင်းပဲ။ ထာဝရကျော်ကြားမှုနဲ့ ဟိတ်ဟန်ထုတ်ပြီးနေရမယ်ါ မြို့စားကြီးလည်းမဟုတ်ဘူး။ ဂုဏ်သတင်းက ဘာလုပ်ဖို့လဲ”

ဤစကားသည် အဓိကအချက်ကို တည့်တည့်ထိမှန်သွားသည်။

“ဒေါသက မင်းရဲ့စိတ်ကို မစိုးမိုးစေနဲ့။ အဲဒီလိုဆိုရင် ဆင်ခြင်တုံတရား ဆုံးရှုံးသွားလိမ့်မယ်”

ကျန်းချုံးက ပြောလိုက်၏။ “ငါတို့ရဲ့ပန်းတိုင်က တစ်ခုတည်းပဲ။ ရွှမ်ဝူမြို့စားအိမ်တော်ကို ဘယ်လိုအနိုင်ယူမလဲ။ ဒီနှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိတဲ့ တော်ဝင်မျိုးနွယ်ကို လုံးဝပျောက်ကွယ်သွားအောင် ဘယ်လိုလုပ်မလဲ။ အရေပြား မရှိတော့ရင် အမွေးက ဘယ်လိုတွယ်ကပ်နိုင်မှာလဲ။ အဲဒီအချိန်ကျရင် တန်းရှန် ဆိုတဲ့ ယင်ကောင်က အလိုလိုနင်းခြေခံရပြီး သေဆုံးသွားမှာပဲ။ ပြန်တော့။ ဘာမှမဖြစ်ခဲ့သလို သဘောထားလိုက်”

ကျန်းချုံးက ဆက်ပြောလိုက်သည်။ “ရှမ့်လန် ပျော်ပါစေ။ ရွှမ်ဝူမြို့စားအိမ်တော်ရဲ့ သေရေးရှင်ရေးတိုက်ပွဲက စတင်တော့မယ်။”

ကျန်းကျင်းသည် မူလနေရာတွင် မလှုပ်မယှက် ရပ်နေ၏။

ကျန်းချုံးက ရုတ်တရက် မေးလိုက်သည်။ “မင်း ရှစ်ချင်းချင်းကို ရိုက်ခဲ့လား။”

ကျန်းကျင်းသည် အံ့အားသင့်သွား၏။ “အဖေ ဒါကိုတောင် မှန်အောင် ခန့်မှန်းနိုင်တာလား”

“ကိုယ့်ကိုယ်ကိုယ် အထင်သေးအောင် လုပ်မိခဲ့ပြီ”

ကျန်းချုံးက ပြောလိုက်သည်။ “ပြန်သွားပြီးရင် ကောင်းကောင်းမွန်မွန် ဆက်ဆံလိုက်”

ရုတ်တရက် ကျန်းကျင်းက မေးလိုက်၏။ “အဖေ..ကျုပ်တို့ ပိုက်ဆံဘယ်လောက် လိုနေတာလဲ”

ကျန်းချုံးသည် ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ “ရွှေဒင်္ဂါးတစ်သိန်း”

ကျန်းကျင်းက ပြောလိုက်၏။ “ယန်ကျိုးပြည်နယ် အုပ်ချုပ်ရေးမှူးရာထူးကို ရဖို့အတွက် ရွှေဒင်္ဂါး တစ်သိန်းတောင် လိုတာလား။ အဖေသာ ရွှမ်ဝူမြို့စားအိမ်တော်ကို ချေမှုန်းပြီးရင် ထိုက်တန်တဲ့အရည်အချင်းကို ပြသ လိုက်တာပဲလေ။ ကျူးမျိုးနွယ်ကလည်း အဖေ့ကို ဒီရာထူးရအောင် ဆုချမှာပဲ။ ဘာလို့ ပိုက်ဆံပေးပြီး ဝယ်နေရ သေးတာလဲ”

ကျန်းချုံးသည် စားပွဲခုံကို ခပ်ပြင်းပြင်းထုကာ ပြောလိုက်သည်။ “ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ယန်ကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးက ပိုက်ဆံနဲ့ တိုင်းတာလို့ ရလား။ ပြီးတော့ ရာထူးရဖို့ ဒီရွှေဒင်္ဂါးတွေကို သုံးမှာ မဟုတ်ဘူး။ ဆန့်ကျင်မဲ့သူတွေရဲ့ ပါးစပ်ပိတ်အောင် သုံးရမှာ။ ပြဿနာရှာမယ့်သူတွေကို တားဖို့ သုံးရမှာ။ ဒီပိုက်ဆံလောက်ကို ပြည်နယ်အုပ်ချုပ်ရေးမှုး ဘုရင်ခံကျူးက စိတ်ဝင်စားမယ်ထင်လို့လား။”

ကျန်းကျင်းသည် ချက်ချင်းပင် ဦးညွှတ်အရိုအသေပေးလိုက်၏။ “သား မိုက်မဲခဲ့မိပါတယ်”

“မြန်မြန်လုပ်”

ကျန်းချုံးက ပြောလိုက်သည်။ “မင်းနဲ့ ရှစ်ချင်းချင်းရဲ့ စေ့စပ်ပွဲကို ရွှမ်ဝူမြို့က ငါတို့ အိမ်ဟောင်းမှာ ကျင်းပမယ်”

“ဟုတ်ကဲ့” ကျန်းကျင်းက ပြောလိုက်၏။

ကျန်းချုံးက ပြောလိုက်သည်။ “မှတ်ထား။ မင်းရဲ့စေ့စပ်ပွဲက နိုင်ငံရေးပြဇာတ်တစ်ခုပဲ။ ရွှမ်ဝူမြို့စားအိမ်တော်ကို တိုက်ခိုက်မယ့် နိဒါန်းနဲ့ သွေးပူလေ့ကျင့်ခန်းပွဲပဲ”

ကျန်းကျင်းသည် ဦးညွှတ်ရင်း ပြောလိုက်၏။ “ဘယ်လောက်လေးနက်လဲ သား သိပါတယ်”

ကျန်းချုံးက ပြောလိုက်သည်။ “ဒီစေ့စပ်ပွဲမှာ ရွှမ်ဝူမြို့စားအိမ်တော်ကို အရပ်ရှစ်မျက်နှာကနေ ဝိုင်းဝန်း တိုက်ခိုက်မယ့် အခြေအနေမျိုး ဖန်တီးရမယ်။ အပေါ်က ကြည့်နိုင်ဖို့ ကြိုးစား။ တန်းရှန်လိုလူနဲ့ အထအန ကောက်မနေနဲ့။ မင်းရဲ့ပန်းတိုင်ကို အမြဲတမ်းမှတ်ထား ... အဲတာ ရွှမ်ဝူမြို့စားအိမ်တော်ကို ဖျက်ဆီးဖို့ပဲ”

“ဟုတ်ကဲ့”

အရပ်ရှစ်မျက်နှာမှ မြို့စားအိမ်တော်ကို ဝိုင်းဝန်းတိုက်ခိုက်ခြင်း ...။

...........

ရှမ့်လန်သည် မီတာဝက်မြင့်သော ခုံပေါ်တွင်ရပ်ကာ အိပ်ခန်းနံရံပေါ်တွင် ရန်သူအသစ်နှစ်ဦး၏ အမည်များကို ရေးချလိုက်၏။

ကျူးလန်ထင်၊ ကျူးဝမ်ဟွာ။

“မိန်းမ... ငါ အရမ်းကြိုးစားခဲ့တာပဲ၊ ဒါပေမဲ့ ဘာလို့ နံရံပေါ်က ရန်သူနာမည်တွေက မလျော့ဘဲ တိုးလာရတာလဲ” ရှမ့်လန်က ဝမ်းနည်းပူဆွေးစွာ မေးလိုက်မိသည်။

“ထျန်းဟန်ကို ခက်ခက်ခဲခဲနဲ့ ဖယ်ရှားခဲ့ရတယ်။ ဒါပေမဲ့ အခုနာမည်နှစ်ခု ထပ်တိုးလာပြန်ပြီ။ ဒီအဆုံးမရှိတဲ့ လက်စားချေခြင်း က ဘယ်တော့မှ အဆုံးသတ်ပြီး ပျော်ရွှင်တဲ့နေ့ရက် ရောက်လာနိုင်မှာလဲ”

“ရှမ့်လန်... ရန်သူနာမည်တွေ ဘာလို့ များများလာရတာလဲဆိုတာကို ရှင်တကယ် မသိဘူးလား။ ရှင့်ရဲ့ အသေးအဖွဲကိစ္စလေးတွေကိုတောင် လက်စားချေတတ်တဲ့ စရိုက်နဲ့ဆိုရင် ဒီတစ်ဘဝလုံး ရန်သူကင်းမှာ မဟုတ်ဘူး။ ရှင့်ကိုရှင် ကြည့်စမ်းပါအုံး။ ခေါင်းကို လက်ညိုးနဲ့ထိုး၊ နည်းနည်းလောက် ဆဲလိုက်ရင်ကို ရှင့်ရန်သူ ဖြစ်သွားပြီ။”

တကယ်တော့ ထိုသို့ ပြောရပေမည်။

သို့ပေမဲ့ မူလန်သည် ချစ်စဖွယ်ပြုံး၍ ပြောလိုက်၏ “ယောက်ျားရဲ့ ရန်သူက ကျွန်မရဲ့ ရန်သူပါပဲ”

ရှမ့်လန်က ပြုံးလိုက်သည်။ “မိန်းမ... မင်းက တကယ်ကို ထူးချွန်တယ်။ ဒီယောက်ျားနဲ့ မိန်းမကြားက အချစ်စစ်ပွဲမှာ ငါမရှုံးချင်ဘူး။”

ရှမ့်လန်သည် ပိုးပဝါတစ်ထည်ကိုယူ၍ သူ၏လက်နှစ်ဖက်ကို ညင်သာစွာ သန့်စင်လိုက်သည်။ ပြီးနောက် ပြောလိုက်၏။ “မိန်းမ... ဒီည ကျန်းကျင်းနဲ့ ရှစ်ချင်းချင်းတို့ရဲ့ စေ့စပ်ပွဲကို တက်ရမယ်”

မူလန်က ပြောလိုက်သည်။ “အင်း”

“ဒါကြောင့် ဒီည လူသတ်ရမယ်”

မူလန်သည် အံ့အားသင့်သွားသည်။ “ယောက်ျား ... လူသတ်မယ်ဟုတ်လား။ ဘယ်လိုသတ်မှာလဲ။”

“ဟုတ်တယ်၊ လူသတ်ရမှာ” ရှမ့်လန်က ခပ်တည်တည် ပြောလိုက်၏။ “ကျူးဝမ်ဟွာလိုမျိုး မဟုတ်ဘဲ တကယ် လူသတ်တာ။ စိတ်ဝိညာဉ်ရော ၊ ရုပ်ခန္ဓာကိုယ်ပါ လုံးဝဖယ်ရှားပစ်တာ”

ဤအချိန်မှာတော့ ရှမ့်လန်သည် မပြုံးတော့ချေ။ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည်။

“ဒီညစေ့စပ်ပွဲက စေ့စပ်ပွဲ မဟုတ်ဘူး။ တိုက်ပွဲအကြိုပဲ။ ဘယ်သူခုန်ထွက်ပြီး တိုက်ခိုက်လာရဲလဲဆိုတာ ကြည့်ရမယ်။ ပြီးတော့ ခုန်ထွက်လာတဲ့ကောင် သေရမယ်”

All Chapters