← Chapters

အပိုင်း (၉၀)

Vol. 7 Ch. 90

အပိုင်း (၉၀)

Vol. 7 Ch. 90

ကောင်းကင်ယံအောက်တွင် ထီးထီးကြီး ရပ်တည်နေသော ရွှမ်ဝူမြို့စားအိမ်တော် ...။

ရွှမ်ဝူမြို့စားကျင်းကျိုး၏ စိတ်အစဉ်သည် အလွန်ပင် ထိုင်းမှိုင်းလျက် ရှိနေ၏။ အကြောင်းမှာ သူလက်ထဲသို့ ရောက်ရှိလာသော စာရင်းသည် ကျန်းကျိုးနှင့် ရှစ်ချင်းချင်းတို့၏ စေ့စပ်ပွဲသို့ တက်ရောက်မည့် ဧည့်သည်တော်များ၏ စာရင်းဖြစ်နေသောကြောင့်ပင်။

အခြေအနေသည် ဆိုးရွားလှချေသည်။ အုပ်ချူပ်ရေးမှူး ကျန်းချုံးသည် နောက်ဆုံးတွင် သူ၏ အဆိပ်ပြင်း လှပါသည်ဆိုသော သွားစွယ်များကို ဖော်ထုတ်လိုက်ချေပြီ။ ရွှမ်ဝူမြို့စားအိမ်တော်ကို အရပ်ရှစ်မျက်နှာမှ ဝိုင်းရံပိတ်ဆို့၍ ဖျက်ဆီးမည့် အနေအထားကို အရိပ်အမြွက် မြင်နေရ၏။ မတက်ရောက်သင့်သော ဧည့်သည်တော်များသည်ပင် မမျှော်လင့်ဘဲ ရောက်ရှိလာကြောင်း မြို့စားကြီးက သတိပြုလိုက်မိသည်။ ။

ပထမဆုံးအနေဖြင့် ပြောရမည်ဆိုလျှင် ကျင်းဟိုင်မြို့စားစံတော်မှ အမွေဆက်ခံသူ ထန်ယွင်။ ကျင်းဟိုင်မြို့စားနှင့် သူ … ရွှမ်ဝူမြို့စားတို့အကြားတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့ပေမည့် ထိုသည်မှာ ဝါရင့်တော်ဝင်မျိုးနွယ်များအကြားမှ အငြင်းပွားမှုတစ်ခု မဟုတ်ပါလား။ အဘယ့်ကြောင့် မူဝါဒအသစ်များဘက်မှ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့လေသနည်း။

ဒုတိယအားဖြင့် ကျန်းပေနယ်စားစံအိမ်၏ ဒုတိယသား နန်ကုန်းဖျင်။

ကျန်းပေနယ်စား နန်ကုန်းအိုသည် ရွှဲ့ပြည်နယ်၏ နာမည်ကျော် စစ်သူကြီးတစ်ဦး ဖြစ်ပြီး မြောက်ပိုင်းစစ်တပ်ကို ကွပ်ကဲနေသူတစ်ဦးလည်း ဖြစ်၏။ ၎င်းသည် စစ်သူကြီးတစ်ဦး ဖြစ်သော်လည်း မှူးမတ်အသစ်များနှင့် မှူးမတ်ဟောင်းများကြားတွင် ရပ်တည်နေသူဖြစ်၏။

ပထမဆုံးအနေဖြင့် သူသည် မြေပိုင်နက် ပိုင်ဆိုင်သော်လည်း သိပ်မကျယ်ဝန်းဘဲ စတုရန်းကီလိုမီတာ ရှစ်ရာသာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဘိုးဘေးသည် တတိယတန်းစား မြို့စားတစ်ဦးသာ ဖြစ်ခဲ့သောကြောင့် နန်းကုန်းအိုသည် စစ်တပ်၌ ဘဝတစ်ခုလုံး ရင်းနှီးမြုပ်နှံ့ပြီး စစ်ပွဲများကို အောင်မြင်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ ထို့ကြောင့်ပင်လျှင် ဘုရင်မင်းမြတ်သည် သူ့အား နယ်စားအဖြစ် တိုးမြင့်သတ်မှတ်ပေးခဲ့သည်။

ကျန်းပေနယ်စားသည် သက်တမ်းရင့်တော်ဝင်မျိုးနွယ်များနှင့် ဘုရင့်မင်းမှုထမ်းသစ်များအကြား ဘက်မလိုက်ဘဲ နေခဲ့သူဖြစ်သော်လည်း ယခု သူ၏ဒုတိယသားကို ကျန်းကျိုး၏ စေ့စပ်ပွဲသို့ မမျှော်လင့်ဘဲ စေလွှတ်လိုက်ချေပြီ။ ဤသည်မှာ ကောင်းမွန်သော လက္ခဏာတစ်ခု မဟုတ်ပေ။ ကျန်းပေနယ်စား၏ ရပ်တည်ချက် ပြောင်းလဲသွားပြီ ဖြစ်ကြောင်း သိသာစေ၏။

သို့ပေမည့် တတိယဧည့်သည်တော်သည် ရွှမ်ဝူမြို့စားကြီးမမြင်ချင်ဆုံးသူ ဖြစ်သည်။ ယင်ယွမ်အဖွဲ့အစည်းသည် ကျန်းကျင်း၏ စေ့စပ်ပွဲကို တက်ရောက်ရန် ၎င်းတို့၏ သံတမန်ကိုပင် စေလွှတ်ခဲ့သည်။

ယင်ယွမ်အဖွဲ့အစည်းသည် နိုင်ငံ၏ အကြီးဆုံး ငွေကြေးဆိုင်ရာလုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး ကြီးမားသော ငွေကြေးဥစ္စာများကို ချုပ်ကိုင်ထားကာ နိုင်ငံပေါင်း ဆယ်နိုင်ငံကျော်တွင် လုပ်ငန်းများ တည်ထောင်ထား၏။

ယင်ယွမ်အဖွဲ့အစည်းနှင့် သက်တမ်းရင့် တော်ဝင်မျိုးနွယ်များ၏ ဆက်ဆံရေးသည် ရာစုနှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ ကောင်းမွန်ခဲ့ခဲ့သည်။ ယင်ယွမ်အဖွဲ့အစည်းသည် သက်တမ်းရင့် တော်ဝင်မျိုးနွယ်များ အတွက် အခိုင်မာ ဆုံးသော နောက်ခံတစ်ခုဟု ဆိုနိုင်ပေသည်။

ယခုအခါ ယင်ယွမ်အဖွဲ့အစည်းသည် ကျန်းကျိုး၏စေ့စပ်ပွဲသို့ ၎င်းတို့၏သံတမန်ကို စေလွှတ်လိုက်ချေသည်။ ဤသည်မှာ မည်သည့်အချက်ကို ဖော်ပြနေသနည်း။ ယင်ယွမ်အဖွဲ့အစည်းသည်လည်း ရပ်တည်ချက်ကို ပြောင်းလဲခဲ့လေသည်လား။

ဤအချက်သည် ရွှမ်ဝူမြို့စားအိမ်တော်အတွက်သာမကဘဲ သက်တမ်းရင့် တော်ဝင်မျိုးနွယ်များအားလုံးအတွက် မကောင်းသည့် အချက်အလက်ပင်။ အရေးအကြီးဆုံး အချက်မှာ ရွှမ်ဝူမြို့စားအိမ်တော်၏ အခြေခံ အုတ်မြစ်သည်လည်း ယင်ယွမ်အဖွဲ့အစည်း၏ လက်ထဲတွင် ရှိနေသေးသည်။ ယခင်မျိုးဆက် ရွှမ်ဝူမြို့စားသည် ယင်ယွမ်အဖွဲ့အစည်းအား ပေးရန် ကြွေးမြီများ တင်ရှိခဲ့သည်။ ယင်ယွမ် အဖွဲ့အစည်းသည် အကြွေးများကို တိုက်ရိုက် တောင်းဆိုခြင်း မရှိသေးသော်လည်း ရွှမ်ဝူမြို့စားအိမ်တော်၏ စီးပွားရေးအခြေအနေကို လူသိရှင်ကြားကြေညာလိုက်ရုံဖြင့် ကြီးမားသော ဘေးဆိုးကြီးကို ကြုံတွေ့ရပေလိမ့်မည်။

အချိန်အတော်ကြာတွန့်ဆုတ်ပြီးနောက် မြို့စားကြီးသည် ရှမ့်လန်ကို ရှာဖွေခဲ့၏။ မြို့စားကြီးသည် တည်ငြိမ်စွာဖြင့် စကားစလိုက်၏။ “လန်အာ၊ ကျန်းကျိုးနှင့် ရှစ်ချင်းချင်းတို့၏ စေ့စပ်ပွဲက...”

ထိုစကားကို ကြားသည်နှင့် ရှမ့်လန်သည် ချက်ချင်းငြင်းပယ်လိုက်သည်။ “ဘာလို့ သွားလို့မရ ရမှာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ဒီမိန်းမက ကျုပ်ရဲ့ ဇနီးဟောင်းဖြစ်ခဲ့ဖူးတယ်။ တစ်ညလောက် ပေါင်းဖက်ခဲ့တယ် ဆိုရင်တောင် ရက်ပေါင်းတစ်ရာ ကျေးဇူးရှိတယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ် မဟုတ်လား”

ယောကျ်ားတစ်ယောက်အနေဖြင့် လုပ်ကိုလုပ်ရမည့် အရာမျိုးရှိသည်။ မိမိ၏ ချစ်သူဟောင်း သို့မဟုတ် ဇနီးဟောင်း၏ စေ့စပ်ပွဲသို့ မတက်ရောက်မီ သူမထက် ပိုမိုလှပသော မိန်းမတစ်ယောက်ကို ဘေး၌ ထားရှိရမည်။ ထို့အပြင် သူမ၏ သတို့သားထက် ပိုမိုတောက်ပသော ရုပ်ရည်အသွင်အပြင် နှင့် အမူအရာကိုလည်း ပြသပေးရမည်။

“လန်အာ... မင်းရဲ့ စကားလုံးတွေက ကြီးကျယ်လွန်းတာပဲ” ဟု မြို့စားကြီးက ပြောလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အဖေ... ကျုပ် ဒီမိန်းမရဲ့ စေ့စပ်ပွဲအတွက် အချိန်အတော်ကြာ ကြိုတင် ပြင်ဆင်ခဲ့ရတယ်။ ဒီမိန်းမအတွက် အထူးသီးသန့် စာအုပ်တစ်အုပ်ရေးခဲ့သလို သီးသန့် အဝတ်အစားတွေကိုလည်း ချုပ်လုပ်ခဲ့ရတယ်။ မသွားဖြစ်ဘူးဆိုရင် ကျုပ်ရဲ့ အဝတ်အစားတွေ အလကားဖြစ်သွားမှာပေါ့။ ထုတ်ထားတဲ့ စာအုပ်ကလည်း အချည်းနှီး ဖြစ်သွားမှာ မဟုတ်လား”

မြို့စားကြီးက ပြောလိုက်သည်။ “ရှစ်ချင်းချင်းက တစ်နေ့လုံး ငိုကြွေးခဲ့ရတယ်။ ရှစ်ကွမ်းယွင်ရဲ့ မိသားစု တစ်စုလုံးရဲ့ ဂုဏ်သိက္ခာကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်။ မင်းရဲ့ စာအုပ်က ဘယ်နေရာမှာ အသုံးမဝင် ဖြစ်နေလို့လဲ”

ထိုတင်သာ မကသေးချေ။ မရေမတွက်နိုင်သော အမျိုးသားများ ရှစ်ချင်းချင်းကို ပစ်မှားမည့် ပန်းချီကိုလည်း ရေးဆွဲခဲ့၏။

မြို့စားကြီးသည် မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။ “လန်အာ.... လက်ရှိအခြေအနေက မကောင်းဘူး။ ကျန်းချုံးက ကြီးမားတဲ့ ပိုက်ကွန်တစ်ခုကို ဖန်တီးပြီး ငါတို့ရွှမ်ဝူမြို့စားအိမ်တော်ကို အရပ်မျက်နှာအနှံ့ကနေ ဝိုင်းပတ်လာတယ်။ စေ့စပ်ပွဲဆိုတာက အယောင်ပြထားတာပဲ မင်းသွားလိုက်တာနဲ့ လူအများရဲ့ ပစ်မှတ်ထားခြင်းကို ခံရပြီး ဆုံးရှုံးမှုတွေ ကြုံရလိမ့်မယ်”

ရှမ့်လန်သည် စိတ်အားထက်သန်စွာ မေးမြန်းလိုက်၏။ “မြောက်ဘက်ရန်သူဖြစ်တဲ့ ကျန်းပေနယ်စားအိမ်တော် ကလည်း လူလွှတ်လိုက်တာလား”

မြို့စားကြီး ခေါင်းညိတ်လိုက်သည်။

ရှမ့်လန်က မေးလိုက်၏။ “ကျုပ်တို့ အိမ်တော်ရဲ့ အကြွေးရှင်တွေလည်း ရောက်လာတာလား”

ထိုအချိန်မှာတော့ မြို့စားကြီးသည် အမှန်တကယ်ပင် အံ့အားသင့်သွား၏။ ပြီးနောက် ဆက်လက်ကာ ပြောလိုက်သည်။ “ဒါတွေအပြင် နောက်ထပ်ရှိသေးတယ်။ တော်ဝင်မျိုးနွယ် တစ်ယောက်လည်း ရှိသေးတယ်။ သူရောက်ရှိလာမှုက ငါတို့ ရွှမ်ဝူမြို့စားအိမ်တော်ကို ကြီးကြီးမားမား ဒုက္ခရောက်စေနိုင်တယ်”

ရှမ့်လန်၏ မျက်လုံးများက မှေးစင်းသွား၏။

နောက်ထပ် တော်ဝင်မျိုးနွယ်တစ်ယောက် … မြို့စားအိမ်တော်၏ အရှိန်အဝါကို လုံးဝအားအင်မရှိအောင် လုပ်နိုင်သောသူ။ ထိုလူသည် မည်သူဖြစ်မည်နည်း။

ထိုသူသည် အလွန်အရေးပါသောသူ ဖြစ်ရမည်။ သူသည် စိတ်ထဲတွင်ရှိသော ပတ်ဝန်းကျင်မှ တော်ဝင်မျိုးနွယ် များကို စဉ်းစားလိုက်သည်။ ‘ကျန်းပေနယ်စားကြီး နန်ကုန်းအို လာတာလား’

ရှမ့်လန်က ပြောလိုက်သည်။ “ဒါက အင်အားအကြီးဆုံး မဟုတ်သေးဘူး”

ထိုအချိန်မှာတော့ မြို့စားကြီးသည် ရှမ့်လန်ကို လုံးဝမယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်နေမိ၏။ သူသည် ထိုစာရင်းကို မကြာသေးခင်ကမှ လက်ခံရရှိထားပြီး မည်သူ့ကိုမှ မပြသရသေးပေ။ ဤလောကတွင် ထိုမျှလောက် ဉာဏ်ကောင်းသောသူ တကယ်ရှိနေသည်လား။ ဤအရာသည် ‘ကျင်းမိသားစု၏ မိသားစုစည်းမျဉ်းစည်းကမ်း စာအုပ်’ ကို တစ်ညအတွင်း အလွတ်ရွတ်နိုင်ခြင်းနှင့် လုံးဝကွဲပြားခြားနားသည်။ ထိုအရာသည် အမှတ်သညာ အားကောင်းခြင်းသာ ဖြစ်ပြီး ဤအရာသည်မူ ဉာဏ်ပညာရှိခြင်းဖြစ်၏။

ရွှမ်ဝူမြို့စားကြီးသည် စာရင်းကို ရှမ့်လန်အား လှမ်းပေးလိုက်သည်။ ထို့နောက် နံရံပေါ်ရှိ မြေပုံကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ “လန်အာ... ငါ တကယ်ပဲ စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးနေပြီ။ လက်ရှိမှာ ငါ့ရဲ့ အခြေအနေက မကောင်းတော့ဘူး။ ပြိုလဲတော့မယ်လို့ ခံစားနေမိတယ်”

“.........

ရှမ့်လန် အံ့အားသင့်သွားသည်။ သူ၏ ယောက္ခထီး ဤမျှ စိတ်ဓာတ်ကျနေသည်ကို သူ တစ်ခါမျှ မတွေ့ဖူးပေ။ အားအင်ရှိသူတစ်ဦးသည် သူတစ်ပါးရှေ့တွင် အားနည်းချက်ကို ဘယ်သောအခါမျှ ထုတ်ဖော်မပြပေ။ ကျင်းကျိုးသည် မွေးရာပါ အရည်အချင်း မမြင့်မားသော်လည်း အမြဲတစေ ပြတ်သားပြီး ခိုင်မာသော ရွှမ်ဝူမြို့စား အဖြစ် နေထိုင်ခဲ့ပြီး မြို့စားအိမ်တော်မှ လူတိုင်းကို သူ၏အတောင်ပံအောက်တွင် ခိုလှုံခွင့်ပေးခဲ့သည်။ သို့ပေမည့် ယခု မိုးပြိုချိန်မှာတော့ တစ်ယောက်တည်း ရပ်တည်ရန် ခက်ခဲသည်ဟု ခံစားလာရပြီး ရှမ့်လန်ရှေ့တွင် အားနည်းချက်ကို ဖော်ထုတ်မိနေ၏။

ရှမ့်လန်၏ မျက်နှာအမူအရာ ပျက်ရွင်းသွားသည်။ ဤသည်မှာ မကောင်းသောလက္ခဏာဖြစ်၏။ သူသည် မိန်းမကို မှီခိုပြီး အသက်ရှင်လိုသည်။ ဇိမ်ခံပစ္စည်းများကို ခံစားလိုသည်။ ဘယ်နှစ်ရက်မှပင် ဇိမ်ခံပြီး မနေရသေးချေ။ သူ ဆက်လက် ဇိမ်ခံနိုင်ရန် ရွှမ်ဝူမြို့စားအိမ်တော်သည် မဖြစ်မနေ ရှိနေရမည်သာမက ပိုမို၍လည်း အင်အားကောင်းလာရမည်။ မဟုတ်သေးပေ။ ယောက္ခမကြီးကို စိတ်အား တက်ကြွလာအောင် လုပ်ပေးရမည်။

....................

ရှမ့်လန်သည် မျက်လုံးများကို မှိတ်ပြီး သေသေချာချာ စဉ်းစားလိုက်သည်။

မျက်လုံးများကို ပြန်ဖွင့်လိုက်ချိန်မှာတော့ ရှမ့်လန်သည် အရာအားလုံးကို ချုပ်ကိုင်ထားသကဲ့သို့ တည်ငြိမ်သော အပြုံးကို ပြုံးကာ ပြောလိုက်၏။

“အဖေ.... လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း သိပါတယ်။ သိပ်ပြီး စိုးရိမ်စရာမလိုပါဘူး။ အန္တရာယ် နည်းနည်းရှိတယ် ဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ တစ်ဖက်လူကို သိရှိနေသရွေ့ ကျုပ်တို့ အနိုင်ရဖို့ မခက်ခဲပါဘူး။ ဘာစိတ်ဓာတ်ကျနေစရာရှိလဲ”

မြို့စားကြီးက ပြောလိုက်သည်။ “အခက်အခဲက ကိုယ့်ကိုယ်ကိုယ်နဲ့ တစ်ဖက်လူကို သိရှိဖို့ ဆိုတာပဲ။ ကျန်းချုံးရဲ့ နည်းလမ်းက အရမ်းအဆိပ်ပြင်းတယ်။ နောက်ဆုံးအကြိမ် တိုင်ကျင်းမြို့စားကို ကိုယ့်ကိုယ်ကိုယ် သတ်သေအောင် ဖိအားပေးနိုင်ခဲ့တယ်။ သူ ဒီလိုအခြေအနေ ရောက်လာတာ အရမ်းတော်လို့ပဲ”

ရှမ့်လန်က လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်၏။ “အဲလောက်လည်း မဟုတ်ပါဘူး။ ကျုပ်မျက်လုံးထဲမှာတော့ အရာအားလုံးက ရှင်းလင်းနေတယ်။ အဖေ့ကို ရှင်းပြရမလား”

မြို့စားကြီးက မေးလိုက်သည်။ “တကယ်လား”

ရှမ့်လန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။ “သေချာပါတယ်”

မြို့စားကြီးက အမိန့်ပေးလိုက်သည်။ “ဆရာကြီးလင်းကို ခေါ်လိုက်”

ခဏအကြာတွင် မြို့စားကြီး၏ အယုံကြည်ဆုံး လက်ထောက်ဖြစ်သော ဆရာကြီးလင်း ရောက်ရှိလာသည်။ ထို့နောက် နှစ်ယောက်စလုံးသည် ရှမ့်လန်၏ ရှင်းလင်းမှုကို စောင့်ဆိုင်းနေကြ၏။

.............

“အဖေ၊ ဆရာကြီးလင်း .. ကျုပ်တို့ မြို့စားအိမ်တော်ရဲ့ အဓိကပြိုင်ဘက်က ကျန်းချုံးလေ။ ကျုပ်က မိန်းမ ထဘီနား ခိုစားပြီး စိတ်ချလက်ချ ဇိမ်ခံနိုင်ဖို့အတွက် ကျုပ်ကိုယ်ကျုပ် ကျန်းချုံးရဲ့ နေရာကနေ မကြာခဏ အစားထိုးပြီး ရွှမ်ဝူမြို့စားအိမ်တော်ကို ဘယ်လိုသတ်ဖြတ်ရမလဲ ဆိုတာ ခေါင်းခြောက်ခံ စဉ်းစားခဲ့တယ်”

“……..”

“ရှမ့်လန်.... သိပ်ပြီး အစားထိုး မလွန်စေနဲ့” မြို့စားကြီးက သတိပေးလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ကြိုတင် စဉ်းစားနိုင်တယ်ဆိုရင် ဘယ်စစ်တုရင်ပွဲကိုမဆို ကစားနိုင်တယ်။ ရန်သူတွေ အကြောက်ဆုံးအရာက ဘာလဲဆိုတာ ကျုပ်တို့ အရင်ဆုံး သိရမယ်။ ကျုပ်တို့ ရွှမ်ဝူမြို့စားအိမ်တော်က ဘယ်အရာကို အကြောက်ဆုံးလဲ။ ပထမဆုံးအချက်က အထီးကျန်မှု ၊ အကာအကွယ်မဲ့မှု ဖြစ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင် ရန်သူတွေပဲ ရှိတယ်လို့ ခံစားရအောင် လုပ်တာပဲ”

“လန်ရှန်မြို့စားလေးက မြေပိုင်နက်နဲ့ စစ်အင်အားကို ပေးအပ်ခဲ့တယ်။ ပြီးတော့ ကျင်းဟိုင်မြို့စားကြီးအိမ်တော်နဲ့ အစိုးရ မင်းမှုထမ်းအသစ်တွေက ကျုပ်တို့ကို ပူးပေါင်းတိုက်ခိုက်ဖို့ လုပ်ဆောင်နေကြတယ်။ အရှင်မင်းမြတ်က ထျန်းနန်စီရင်စု တစ်ခုလုံးမှာ တော်ဝင်မျိုးနွယ်ဆိုလို့ တစ်ခုပဲ ထားချင်ပုံပေါ်တယ်။ အဲတစ်ခုက မြောက်ပိုင်းနယ်စား အိမ်တော်ပဲ”

“ကျန်းပေနယ်စား နန်ကုန်းအိုက စစ်သူကြီးတစ်ယောက်ဖြစ်ပြီး သူရဲ့လက်ထဲမှာ စစ်သည်အင်အား တစ်သိန်းရှိတယ်။ သူ့မိသားစုမှာလည်း စတုရန်းကီလိုမီတာ ရှစ်ရာ မြေပိုင်နက်နဲ့ ကိုယ်ပိုင် စစ်သည် နှစ်ထောင်ကျော် ရှိတယ်။ ပြောရမယ်ဆိုရင် ကျုပ်တို့က ကျန်းပေနယ်စားဆီမှ ခိုလှုံသလိုတောင် ဖြစ်နေတယ် မလား။ အရင်တုန်းက ကျန်းပေနယ်စားက ဘက်မလိုက် ၊ ကြားနေ နေထိုင်ခဲ့ပြီး သက်တမ်းရင့် တော်ဝင်မျိုးနွယ်များနဲ့ ဘယ်လို ဆက်ဆံရေးမျိုးမှ မလုပ်ဘူး။ ကျုပ်ရဲ့ လက်ထပ်ပွဲမှာတောင် သူ ဘယ်သူ့ကိုမှ မလွှတ်ခဲ့ဘူး။”

“ဒါပေမဲ့ ကျန်းချုံးက သူ့ကို ဆွဲဆောင်နိုင်ခဲ့တယ်။ ဒါကြောင့် ရွှမ်ဝူအိမ်တော်က တောင်ဘက်ပိုင်းမှာ ထီးထီးကြီး တစ်ယောက်တည်း ရပ်တည်နေရပြီ”

ရွှမ်ဝူမြို့စားက ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူ၏ ခံစားချက် အမှန်ပင်။ ကျန်းပေနယ်စားသည် ၎င်း၏ ဒုတိယသားကို ကျန်းကျိုး၏ စေ့စပ်ပွဲသို့ စေလွှတ်ခဲ့သည်။ ထိုအရာကို သိရချိန်က သူသည် အမှန်တကယ်ပဲ ကြောက်ရွံ့မှုကို ခံစားခဲ့ရ၏။ ကျန်းပေနယ်စား ထွက်ခွာသွားချိန်မှာတော့ ရွှမ်ဝူမြို့စားအိမ်တော်သည် ပြင်းထန်သော မုန်တိုင်းထဲတွင် တစ်ယောက်တည်း ရပ်တည်နေရပြီ ဖြစ်သည်။

ရှမ့်လန်က ငြင်သာစွာ ပြောလိုက်၏။ “အဖေ... သူများတွေကို အားကိုးလို့ မရဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်။ ကျုပ်တို့ရဲ့ ရွှမ်ဝူမြို့စားအိမ်တော်က ထျန်းနန်စီရင်စုမှာ တစ်ယောက်တည်း ရပ်တည်ရတော့မယ်”

“ကျန်းပေနယ်စားက စတုရန်းကီလိုမီတာ ရှစ်ရာရှိတဲ့ နယ်မြေနဲ့ ကိုယ်ပိုင်စစ်သား နှစ်ထောင်ရှိတယ် ဆိုပေမဲ့ အဲတာက စစ်တပ်အင်အား တစ်သိန်းနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်တော့ဘူး။ ဒါက သူ့ရဲ့ ရပ်တည်ချက် ပြောင်းလဲရတဲ့ အကြောင်းရင်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျန်းချုံးရဲ့ ဒီလှုပ်ရှားမှုက အချည်းနှီး လှုပ်ရှားမှုတစ်ခုပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “သူက ကျုပ်တို့ကို လမ်းမှားစေလိုတာ။ ကျုပ်တို့ရဲ့ အရင်းအမြစ်တွေကို ကျန်းပေနယ်စားရဲ့အိမ်တော်မှာ ရင်းနှီးမြှုပ်နှံစေလိုတာ။ ဒါပေမဲ့ ကျုပ်တို့က ဘာအရင်းအမြစ်ကိုမှ မမြုပ်နှံ့ဘူး။ ကျန်းပေ နယ်စား ဘက်ပြောင်းချင်တယ်ဆိုလည်း ပြောင်းပါလေ့စေ။ ထားလိုက်။”

“ကျုပ်တို့ အကြောက်ဆုံး ဒုတိယအချက်က ငွေကြေးအရင်းအမြစ် ပြိုလဲခြင်းပဲ”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်တို့ မြို့စားအိမ်တော်က ဝင်ငွေနဲ့ စုဆောင်းငွေ နည်းပါးရုံသာမကဘူး။ အကြွေးတွေလည်း အများကြီး ရှိနေတယ်။ ငွေကြေးအရင်းအမြစ် ပြိုလဲသွားခြင်းရဲ့ အကျိုးဆက်က တကယ်ကို ကြောက်စရာ ကောင်းတယ်”

“ရှေ့က အစီအစဉ်နှစ်ခုကို အပြီးသတ်ပြီးတဲ့နောက်မှာ ကျုပ်သာ ကျန်းချုံးဖြစ်မယ်ဆိုရင် အပြင်းထန်ဆုံးသော အဆုံးအဖြတ် လှုပ်ရှားမှုကို ပြုလုပ်မယ်။ ရွှမ်ဝူမြို့စားအိမ်တော်၏ လက်ကို အပြီးအပိုင် ဖြတ်တောက်ပြီး မြို့စားအိမ်တော်၏ အသက်သွေးကို ဖြတ်တောက်ပစ်မယ်”

“ပြီးတော့ တတိယအဆင့် သတ်ဖြတ်မှုအနေနဲ့ ကျင်းချန်ကျွန်းကို လုယူတာမျိုးလုပ်လိမ့်မယ်။ ခန့်မှန်းကြည့်ရမယ်ဆိုရင် အရှင်မင်းကြီးက အမြန်ဆုံး ရည်မှန်းချက်ပြည့်မြောက်အောင် ကျင်းချန်ကျွန်းကို ဘယ်သူပိုင်ဆိုင်သင့်ကြောင်း ကြားဝင် ဆုံးဖြတ်လိမ့်မယ်။

“ဒါပေမဲ့ ကျန်းချုံးနှင့် ကျူးကျွင်းတို့က ကျင်းချန်ကျွန်းကို လုယူရန်အတွက် တစ်နှစ်ခွဲကျော်ကြာ ပြင်ဆင်ထားခဲ့တယ်။ ဒါကြောင့် ကျင်းချန်ကျွန်းကို ကျုပ်တို့ ဆုံးရှုံးရခြင်းဖို့ အခြေအနေ ဖြစ်လာနိုင်တယ်”

“ကျုပ်တို့ ကျင်းချန်ကျွန်းကို အပြီးတိုင် ဆုံးရှုံးသွားပြီဆိုရင် ကျုပ်တို့ရဲ့ အကြွေးရှင်တွေက အကြွေးပြန်ဆပ်နိုင်စွမ်းမရှိဘူးလို့ ယူဆပြီး လူသိရှင်ကြား အကြွေးတောင်းဖို့ ဆုံးဖြတ်လိမ့်မယ်။ အဲလို အခြေအနေမှာ ရွှမ်ဝူမြို့စားအိမ်တော်၏ ကြွေးမြီအကျပ်အတည်း ပေါ်ပေါက်လာမယ် ဆိုရင် ဘာဆက်လုပ်မလဲ”

“အကြွေးမဆပ်ဘဲ နေလို့မရဘူး။ အရှင်မင်းကြီးက အဲအခွင့်အရေးကို အရယူပြီး ဖိအားပေးလာလိမ့်မယ်။ ကျုပ်တို့ရဲ့ ကြွေးမြီ ဘယ်လောက်တောင်ရှိလဲ ကျုပ်မသိဘူး။ ကျုပ်မှန်းတာသာ မှန်မယ်ဆိုရင် အကြွေးက အလွယ်တကူ ပြန်ပေးလို့ရနိုင်တဲ့ ပမာဏမျိုး မဟုတ်လောက်ဘူး။ ဒါအပြင် ဒီအကြွေးရဲ့ အပေါင်ပစ္စည်းက ဝမ်ကျားကျွန်း မလား။ အကြွေးစာချုပ်ကလည်း သက်တမ်းကုန်ဆုံးတော့မယ် မဟုတ်လား”

မြို့စားကြီးသည် ရှမ့်လန်ကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။ ဤလျှို့ဝှက်ချက်များအား သူ မည်သူ့ကိုမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။ သူ၏ သမက်သည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းလှချေသည်။

“တခြားသူဆီကနေ ပမာဏများများ ချေးငှားမယ်ဆိုရင် အပေါင်ပစ္စည်း ရှိရမယ်။ အရင်မြို့စားကြီးက မူလ မြေပိုင်နက်ကို အပေါင်ခံလို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဝမ်ကျားကျွန်းကိုသာ အသုံးပြုနိုင်တယ်”

ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ်တို့ မြို့စားအိမ်တော်ရဲ့ အဓိက ဝင်ငွေကြီးလေးခုက မြေပိုင်နက်မှ သီးနှံတွေ၊ ပိုးထည်တွေနဲ့ ဝမ်ကျားကျွန်းက ဆားနဲ့ သံတို့ပဲ။ ဝမ်ကျားကျွန်းရဲ့ ဆားနဲ့သံ ထုတ်လုပ်မှုကရတဲ့ ဝင်ငွေက နှစ်စဉ် မြို့စားအိမ်တော်ရဲ့ စုစုပေါင်းဝင်ငွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကျော်ရှိတယ်။ အချိန်ရောက်လာတဲ့အခါမှာ ကြွေးရှင်တွေက အရှင်မင်းကြီးကို ဦးတိုက်ထားပြီး ဝမ်ကျားကျွန်းကို အပိုင်သိမ်းဖို့ တောင်းဆိုလာကြလိမ့်မယ်။

ဝမ်ကျားကျွန်းကို ဆုံးရှုံးလိုက်တာနဲ့ ကျုပ်တို့ ရွှမ်ဝူမြို့စားအိမ်တော်က လက်ကျိုးရုံသာမကဘူး ခြေထောက်နှင့်ပေါင်ကိုပါ ဖြတ်တောက်ခံရတာနဲ့ တူသွားလိမ့်မယ်။ ဝင်ငွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းကို ဆုံးရှုံးသွားရင် ကျုပ်တို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက စပ်တပ်ကို ဖျက်သိမ်းဖို့ပဲ။

ဒါပေမဲ့ သက်တမ်းရင့်တော်ဝင်မျိုးနွယ်တစ်ယောက်အနေနဲ့ စစ်တပ်မရှိရင် စဉ့်တီတုံးပေါ်တင်ထားတဲ့ အသားလို ဖြစ်သွားလိမ့်မည်။ ပြီးတော့ ပိုက်နက်မြေတွေကိုလည်း ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး။ အားလုံး ဆုံးရှုံးပျက်စီးသွားလိမ့်မယ်။ ကျုပ်သာ ကျန်းချုံးဆိုရင် ဒီအဆင့်သုံးဆင့် နဲ့ ရွှမ်ဝူအိမ်တော်ကို ဖျက်ဆီးမှာပဲ။ ဆရာကြီးလင်းရော … ဘယ်လိုထင်လဲ”

သေချာရှင်းပြပြီးနောက် ရှမ့်လန်သည် ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်သည်။

မြို့စားကြီးသည် ရုတ်တရက် အလင်းရောင်တစ်ခုကို တွေ့လိုက်ရသကဲ့သို့ ဉာဏ်အလင်းပွင့်သွားသည်။ ရှမ့်လန်၏ ထိုသို့သော ခွဲခြမ်းစိတ်ဖြာမှုကို ကြားပြီးသည့်နောက် မြို့စားကြီးနှင့် ဆရာကြီးလင်းတို့သည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဆုံသွားကြပြီး တစ်ယောက်၏ မျက်လုံးထဲမှ တုန်လှုပ်မှုကို တစ်ယောက်က မြင်လိုက်ကြရ၏။ မယုံကြည်နိုင်စရာပင်။ ဤလောကတွင် ထိုမျှ ဉာဏ်ကောင်းသောသူ တကယ်ရှိနေသည်လား။

All Chapters