အပိုင်း (၉၁)
Vol. 7 Ch. 91
ဆရာကြီးလင်းသည် နည်းဗျူဟာသမားဖြစ်၏။ သူ၏မျက်လုံးထဲတွင်တော့ ရှမ့်လန်သည် တကယ်ကို ဉာဏ်ကောင်းပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် အစီအစဉ်များကို ဖန်တီးနိုင်သည့် လူတစ်ယောက်ပင်။
သို့ပေမည့် ဤအရာက အရေးကြီးဆုံး မဟုတ်ချေ။ ဗျူဟာသမားတစ်ယောက်အနေနှင့် အရေးကြီးဆုံးကိစ္စသည် ကစားပွဲတစ်ခုကို ထွင်းဖောက်မြင်နိုင်သည့် အကြောင်းအရာဖြစ်ပြီး ရန်သူ မည်သို့လှုပ်ရှားမည်၊ မည်သည့်အရာများကို ဆက်လက်ပြုလုပ်မည်ဆိုသည့် အကြောင်းကို သိရှိနေခြင်းပင် ဖြစ်သည်။ ထိုမှသာလျှင် ကျိန်းသေပေါက် ပြိုင်ဘက်ကင်းသည့် လူမျိုးဖြစ်ပေမည်။ ထိုကဲ့သို့သော နည်းဗျူဟာသမားများသည် စာအုပ်ထဲ၌သာ ရှိသည့်လူမျိုးဖြစ်၏။ ယခုလို တွေ့ရလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။
“တကယ်ကို အံ့အားသင့်စရာပဲ။ ကျုပ်တို့နဲ့ ကျန်းချုံးကြားမှာ ရှိနေတဲ့ တိုက်ပွဲက ကျင်းချန်ကျွန်းကို မူတည်ပြီးတော့ အနိုင်အရှုံး သတ်မှတ်လာလိမ့်မယ်။ ကျင်းချန်ကျွန်းကို ရှုံးနိမ့်ရခြင်းဆိုတာ ဝမ်ကျားကျွန်းကို ရှုံးနိမ့်ရခြင်းပဲ။ ပြီးရင် စစ်တပ်ကြီးတစ်ခုလုံးကို ဆုံးရှုံးရခြင်းပဲ။ ပိုင်နက်မြေတွေ အကုန်လုံးကို ဆုံးရှုံးရခြင်းပဲ။ ကျင်းချန်ကျွန်းကို ပြန်လည်ယူဆောင်ရခြင်းရဲ့ အဓိပ္ပာယ်က အားလုံးကို အနိုင်ရရှိခြင်းပဲ။ ကျုပ်တို့အနေနဲ့ ကျုပ်တို့ရဲ့ စစ်တပ်ကြီးတစ်ခုလုံးကို ပိုပြီး ချဲ့ထွင်နိုင်လိမ့်မယ်။ ပိုပြီး အားကောင်းလာလိမ့်မယ်။ ကျုပ်တို့ မြို့စားအိမ်တော်ကြီးရဲ့ သီးသန့်စစ်တပ်ကလည်း မပြည့်စုံသေးဘူးမလား”
ရွှမ်ဝူအိမ်တော်သည် ကျင်းချန်ကျွန်းကိုသာ ပြန်လည်ရယူနိုင်မည်ဆိုပါက ယင်ယွမ်အဖွဲ့အစည်းအနေနှင့် မြို့စားကြီးအိမ်တော်ဆီသို့ ရောက်ရှိလာပြီး အကြွေးတောင်းရဲလိမ့်မည် မဟုတ်ချေ။ ၎င်းတို့သည် ညံ့ဖျင်းတုံးအလွန်းသည်မှသာလျှင် အကြွေးတောင်းမှာ ဖြစ်၏။ မြို့စားကြီးအနေနှင့် ကျင်းချန်ကျွန်းကို ပြန်လည်ရယူနိုင်သည်ဆိုပါက အရာအားလုံးက အဆင်ပြေသွားပေလိမ့်မည်။
ဆရာကြီးလင်းက ပြောလိုက်၏။ “ဒါပေမဲ့ ကျင်းချန်ကျွန်းတိုက်ပွဲက ကျင်းဟိုင်မြို့စားကြီးနဲ့ ရင်ဆိုင်နေရုံမ ဟုတ်ဘူး။ ကျန်းချုံး၊ ကျူးကျွင်း သူတို့ရဲ့ နောက်ကွယ်မှာ အရှင်မင်းမြတ်တောင် ရှိမယ်နဲ့တူတယ်”
အားလုံး၏အမြင်အရဆိုလျှင် ရွှမ်ဝူအိမ်တော်အနေဖြင့် ဤတစ်ကြိမ်တွင် အနိုင်ရရှိရန်မှာ အလွန် ခက်ခဲလွန်းပေမည်။ မဖြစ်နိုင်သလောက်နီးပါးပင်။ ရန်ဝူကျိနှင့် ကျန်းချုံးတို့ ထိုက်ချူးစီရင်စုဆီသို့ လာရောက်စဉ်တည်းက ကျင်းချန်ကျွန်းတိုက်ပွဲတွင် မည်ကဲ့သို့အနိုင်ရရှိအောင် ပြုလုပ်ရမည်ဖြစ်ကြောင်း ရှမ့်လန်က သေသေချာချာ စဉ်းစားတွေးတောထားခဲ့ပြီး ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ကျင်းချန်ကျွန်းတိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျုပ်တို့ ချိုးဖျက်လို့ မရနိုင်တဲ့ အချက်အလက် နှစ်ခု ရှိတယ်။ ဒီအချက်အလက်နှစ်ခုကို ချိုးဖျက်နိုင်ပြီဆိုတာနဲ့ ကျုပ်တို့နိုင်ပြီ”
ဆရာကြီးလင်းသည် ဦးညွှတ်ကာ ပြောလိုက်သည်။ “အခုကစပြီးတော့ သမက်တော် ဘာတာဝန်ကိုပဲပေးပေး ကျုပ် အကောင်းဆုံး ကူညီပါ့မယ်”
ရှမ့်လန် ဝတ္ထုရေးသားစဉ်အချိန်က မြို့စားကြီး စဉ်းစားခဲ့ဖူး၏။ ထိုကဲ့သို့ ဝတ္ထုရေးသားရာတွင် ရှမ့်လန်သည် ကျင်းမူကုန်းကိုပါ ခေါ်ဆောင် ရေးသားစေခဲ့၏။ ရှမ့်လန်အဘယ်ကြောင့် ထိုသို့လုပ်သနည်းဟု သူ မေးမြန်းခဲ့ဖူး၏။
ရှမ့်လန်က ပြောခဲ့သည်။ “ကျင်းချန်ကျွန်းတိုက်ပွဲအတွက် အနိုင်ရဖို့ လမ်းကြောင်းတစ်ခု ဖန်တီးခဲ့ရုံပါ”
ရွှမ်ဝူမြို့စားကြီးသည် သက်ပြင်းချကာ ပြောလိုက်၏။ “လန်အာ... မင်း ငါတို့အိမ်တော်ဆီကို မလာခဲ့သင့်ဘူး။ မင်းရဲ့ ပါရမီကို ဖြုန်းတီးသလို ဖြစ်နေပြီ။ မင်းဟာ အရှင်မင်းမြတ်ကို သွားပြီး ကူညီနေသင့်တဲ့ လူမျိုးပဲ”
ရှမ့်လန်၏ နှုတ်ခမ်းထောင့်များသည် ကွေးညွတ်သွားသည်။ “မူလန်က ကျုပ်ရဲ့ အရှင်မလေ။ အိပ်ရာထဲမှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ်ပေါ့”
ပြောပြီးသည့်နောက် ရှမ့်လန်သည် ချက်ချင်း ပါးစပ်ကို ပိတ်လိုက်မိ၏။ သူ၏ ယောက္ခထီးရှေ့တွင် ဤကဲ့သို့သော စကားများကို ပြောဆိုခြင်းဆိုသည်မှာ ကောင်းမွန်သည့် အရာမျိုး မဟုတ်ချေ။
သူ၏ ယောက္ခထီးမှာတော့ အံ့ဩတုန်လှုပ်စွာဖြင့် ပါးစပ်အဟောင်းသားဖြင့် သူ့ကို ကြည့်ရှုလျက် ရှိနေ၏။
“........”
ရှမ့်လန်သည် လျင်လျင်မြန်မြန်ပဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “အဖေ ဘာလို့ အဘိုးက ပိုက်ဆံတွေ ဒီလောက်အများကြီး ချေးငှားခဲ့ရတာလဲ”
“အဘိုး ကလား”
မြို့စားကြီးသည် သူ၏အဖေအကြောင်း ပြောဆိုနေခြင်းဖြစ်ကြောင်း သိရှိလိုက်၏။ ထို့ကြောင့် သက်ပြင်းချကာ ရှင်းပြလိုက်၏။ “ငါ့ရဲ့အဖေက စစ်သည် သုံးထောင်ကို ငှားရမ်းခဲ့တယ်။ ဒါပေမဲ့ အဲဒီစစ်သည်တွေ အားလုံး သေဆုံးသွားခဲ့ကြတယ်”
“ကောင်းကင်ဘုံ” ရှမ့်လန် တုန်လှုပ်သွားခဲ့သည်။
မြို့စားအိမ်တော်၏ ယခင်မျိုးဆက်သည် မည်သို့သော လူဖြစ်နေသနည်း။ စစ်သည်သုံးထောင်ကျော်ကို ငှားရမ်းခဲ့ပြီး ရေတပ်ကြီးတစ်ခုလုံးကို ဦးဆောင်ကာဖြင့် ဘာလုပ်ရန် ကြိုးစားနေသနည်း။ ပြောရမည်ဆိုလျှင် ဤအရာသည် နိုင်ငံသေးလေးတစ်ခုသာလျှင် တတ်နိုင်သည့် စစ်သည်အင်အားမျိုးဖြစ်၏။ မြို့စားကြီး တစ်ယောက်အနေနှင့် ထိုကဲ့သို့သောအရာမျိုးကို ပြုလုပ်ရန်ဆိုသည်မှာ တတ်နိုင်သည့် အရာမျိုးမဟုတ်ချေ။
စစ်သည်သုံးထောင်ကျော်နှင့် ရေတပ်ကြီးအင်အားစု တစ်ခုလုံး သေဆုံးသွားခဲ့ခြင်း။ ထိုအရာအတွက် ပိုက်ဆံ မည်မျှ ပြန်လည်ပေးဆပ်ရမည်နည်း။ နှစ် နှစ်ဆယ်ကြာခဲ့သည်ဆိုလျှင်တောင်မှ မြို့စားကြီးကျင်းကျိုးသည် ထိုအကြွေးကို ပြန်လည်မပေးဆပ်နိုင်ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။
ရှမ့်လန်အနေနှင့် မြို့စားကြီး မည်မျှအကြွေးတင်ခဲ့သည် ဖြစ်ကြောင်းကို မေးမြန်းချင်သေး၏ သို့ပေမည့် သူ ပြုလုပ်ရန် မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် ပိုက်ဆံသည် သတ်မှတ်ထားသည့် ပမာဏတစ်ခုဆီသို့ ရောက်ရှိသည့် အချိန်တွင် ဂဏန်းအရေအတွက်တစ်ခုဖြစ်သွားခဲ့သည်။
သို့သော်ငြား ပိုက်ဆံမည်မျှ ချေးငှားသည်ဆိုဆို သူတို့၏ ကြွယ်ဝချမ်းသာကြွယ်ဝမှုကို သက်ရောက်လိမ့်မည် မဟုတ်ချေ။ သူတို့အနေနှင့် ကျင်းချန်ကျွန်းတိုက်ပွဲကို အနိုင်ယူနိုင်ပြီဆိုပါက ဤအကြွေးများသည် ဘာမှမဟုတ်ဘဲ ပျောက်ကွယ်သွားပေလိမ့်မည်။
“အဖေ... ပိုက်ဆံတွေ အများကြီး အကြွေးတင်နေတဲ့အချိန်မှာ လူတစ်ယောက်က ဘာလုပ်သင့်လဲဆိုတာ သိလား” ရှမ့်လန်က မေးမြန်းလိုက်၏။
မြို့စားကြီးက ပြောလိုက်သည်။ “အင်း … ပြောစရာရှိတာကို ပြောလိုက်စမ်းပါ”
ရှမ့်လန်က ပြောလိုက်၏။ “ပိုက်ဆံတွေနဲ့ ပတ်သက်ပြီးတော့ စိတ်ထဲမှာ ဘာမှမထားဘဲ သက်သောင့်သက်သာ ဘဝမျိုးနဲ့ နေထိုင်ဖို့ပဲ။ ပိုက်ဆံပြန်ပေးဖို့ ဘယ်တော့မှ မတွေးနဲ့တော့”
မြို့စားကြီးသည် အသာပြောလိုက်သည်။ “အင်း... ဆရာကြီး ရှမ့်လန်ရဲ့ စဉ်းစားပုံနည်းလမ်းက သာမန်လူတွေ လိုက်ပြီးတော့ လေ့လာလို့ရမှာ မဟုတ်ဘူး။ ငါအပါအဝင်ပေါ့”
ရှမ့်လန်က ပြောလိုက်၏။ “အဖေ … အဖေက အရာအားလုံးမှာ တော်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို အရမ်း အထင်ကြီးလွန်းတယ်။ တခြားသူတွေအပေါ်ကိုလည်း အရမ်းကို ကြင်နာလွန်းနေတယ်။ ယောက်ျားတစ်ယောက် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ပြင်ဆင်သင့်တယ်”
မြို့စားကြီးသည် သူ၏ဘဝအကြောင်းနှင့် ပတ်သက်၍ သူ၏သမက်နှင့် စကားပြောဆိုရန် အဆင်သင့် မဖြစ်သေးချေ။ ဆက်လက်ကာ ပြောဆိုနေမည်ဆိုပါက သူအနေနှင့် ကျိန်းသေပေါက် ကြာပွတ်တစ်ချောင်းကို ထုတ်ကာဖြင့် သူ၏ သမက်ကို ရိုက်နှက်မိပေလိမ့်မည်။
ရှမ့်လန်သည် သက်ပြင်းချလိုက်၏။ သူ၏အဖေသည် တယူသန်ဆန်လွန်း၏။ ဘဝအတွေ့အကြုံများနှင့် ပတ်သက်၍ သူ သင်ကြားပြသ၍ ရနိုင်မည့် လူမျိုးမဟုတ်ကြောင်း နားလည်လိုက်သောကြောင့်ပင်။
မြို့စားကြီးသည် လေးလေးနက်နက် ပြောလိုက်၏။ “လန်အာ... စေ့စပ်ပွဲကို သွားတဲ့အချိန်မှာ တစ်ခုခုဖြစ်မှာ စိုးရတယ်။ မင်းက အရမ်း ဉာဏ်ကောင်းတယ်ဆိုပေမဲ့ ဟိုဘက်မှာရှိတဲ့ လူတွေအကုန်လုံးနဲ့ ရင်ဆိုင်ဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မယ်”
ရှမ့်လန်က ပြောလိုက်သည်။ “သူတို့ ကျုပ်ကို ရိုက်လို့ရလား”
မြို့စားကြီးက ပြောလိုက်၏။ “အဲဒီလိုတော့ လုပ်မှာ မဟုတ်ပါဘူး”
“အင်း ဒါဆိုရင် ရပါပြီ” ရှမ့်လန်က ပြောလိုက်သည်။
မြို့စားကြီးက ပြောလိုက်၏။ “ဒါပေမဲ့ သူတို့ မင်းကို ရရာနေရာကနေ ထိုးနှက်ကြလိမ့်မယ်။ သူတို့ဆီမှာ အောက်ခြေစည်းမျဉ်း ၊ အကန့်အသတ်ဆိုတာတောင် ရှိမှာမဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း ကျုပ်ဆီမှာလည်း အောက်ခြေစည်းမျဉ်းမရှိပါဘူး အဖေ။ ကျုပ် ကျမ်းသစ္စာ ကျိန်ဆိုမှု ပြုလုပ်ခဲ့မယ်။ သူတို့ဆီမှာ ရန်သူဘယ်လောက်များများ ကျုပ်သာ မတိုက်ခိုက်နိုင်ဘူးဆိုရင် ...... ဒီနေ့ ကျုပ်ရှုံးခဲ့တယ်ဆိုပါတော့။ ဒါဆိုရင် ကျုပ်ရဲ့ မျိုးရိုးနာမည်ကို ကျင်းအဖြစ် ပြောင်းပစ်မယ်”
“ခွေးကောင်။ သုံးမရတဲ့ကောင်”
မြို့စားကြီးသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ဒီစကားကြားရင် မင်းမိဘတွေ ဘယ်လောက် ဝမ်းနည်းမလဲ ဆိုတာ သိလား။ ဟင်း … ”
ယောက္ခထီးသည် တကယ်ပင် ပျင်းရိစရာကောင်းလွန်းသည်။ အနည်းငယ်လေးပင် ဟာသလုပ်၍ မရချေ။ သူ၏ ယောက္ခမကြီးသည် အဘယ်သို့သည်းခံပြီး နှစ်ပေါင်းများစွာ အတူတကွ နေနိုင်သနည်းဆိုသည်ကို သူ နားမလည်နိင်တော့ချေ။
ရှမ့်လန်က ပြောလိုက်၏။ “ဒီည စေ့စပ်ပွဲမှာ တစ်ယောက်ချင်းစီတိုင်းကို ကျုပ် မရိုက်နှက်နိုင်ဘူးဆိုရင် ကျင်းမိသားစုက လွယ်လွယ်ကူကူနဲ့ အနိုင်ကျင့်လို့ရတဲ့လူတွေလို့ ထင်နေကြလိမ့်မယ်။ ဒါပေမဲ့ ကျုပ် ဘာကြောင့်လဲ မသိဘူး။ အရမ်းစိတ်လှုပ်ရှားနေတယ်။ လက်တွေတောင် ယားနေသလိုပဲ”
ဆရာကြီးတစ်ယောက်၏ ဟန်ပန် အမူအရာအပြည့်နှင့် ရှမ့်လန်သည် ဟန်ထုတ်လျက် ရှိနေ၏။ ရန်သူမည်မျှ များသနည်းကို ဆိုသည်ကို သူ မမေးချေ။ ရန်သူများ မည်သည့်နေရာတွင် ရှိနေသည်ဆိုသည်ကိုသာ သူမေး၏။ ရန်သူများနှင့် ရင်ဆိုင်သည့် နေရာတွင် သူသည် ထိုသူတို့၏ မျက်နှာများကို တဖြောင်းဖြောင်းနှင့် ပိတ်ရိုက်ရန် စီစဉ်ထားခဲ့သည်။
“ဟား ဟား ဟား ဟား ဟား ဟား ...။”
မြို့စားကြီးသည် သူ၏ သမက်ကို ဆွံ့အစွာဖြင့် ကြည့်ရှုနေမိ၏။ သူ၏ သမက်ကို ကြည့်ရသည်မှာ ဘာမှန်းမသိသည့် ခံစားချက်များနှင့် ပျော်ရွှင်နေသည့်ပုံပင်။
“ကောင်းပြီ အဖေ။ စေ့စပ်ပွဲက စတော့မယ်။ ဒီတော့ ရေသွားချိုးတော့မယ်။ အဝတ်အစား ကောင်းကောင်းမွန်မွန် ဝတ်သွားမှ ဖြစ်မယ်” ရှမ့်လန်က ပြောလိုက်၏။
ထိုစကားစုသည် မြို့စားကြီးကို အံ့အားသင့်သွားစေသည်။ အဝတ်အစား ဝတ်မည်ဟုတ်လား။ ယောက်ျား တစ်ယောက်အနေနှင့် ဤကဲ့သို့ ထူးထူးခြားခြား အဝတ်အစားဝတ်ကာ လှလှပပ သွားရောက်ရန် လိုအပ် နေသေးသည်လား။ ကျင်းမူကုန်း၏ ပါးစပ်ဆီမှ ထိုစကားစု ထွက်ပေါ်လာသည်ဆိုပါက ၎င်းသည် ယနေ့ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။
ရှမ့်လန်သည် တံခါးထဲမှ လျှောက်ထွက်သွားပြီးသည့်နောက် လှမ်းပြောလိုက်သည်။ “ဒါနဲ့ အဖေ .... ကျုပ်တို့ ဘယ်သူ့ကို အကြွေးတင်နေတာလဲ”
မြို့စားကြီးက ပြောလိုက်၏။ “ယင်ယွမ်အဖွဲ့အစည်းလေ”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါဆိုရင် နည်းနည်း ပြင်ဆင်ထားသင့်တယ်။ ယင်ယွမ်အဖွဲ့အစည်းက လူတွေက ကျိန်းသေပေါက် ဒီကို လာကြလိမ့်မယ်။ အများဆုံး ဆယ့်ငါးမိနစ်လောက်အတွင်းပေါ့။ သူတို့ ဘာပဲပြောပြော ခေါင်းညိတ်ပြီးတော့ ‘ဟုတ်ပါပြီ’ လို့သာ ပြောလိုက်။ ဒါပေမဲ့ စိတ်ထဲမှာ ဘာမှမထည့်နဲ့။ လျစ်လျူရှုထားလိုက်”
ပြီးနောက် ရှမ့်လန်က ထွက်ခွာသွားခဲ့၏။ သူသည် ရေမိုးချိုးကာ အဝတ်အစားဝတ်ခဲ့၏။ ယနေ့ညတွင် သူသည် အချောမောဆုံးသော လူတစ်ယောက်ဖြစ်ရပေလိမ့်မည်။ သူ့အား ယှဉ်နိုင်သူ အခြားမည်သူမှ မရှိချေ။
မြို့စားကြီးသည် နှလုံးသားထဲတွင် အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ ရှမ့်လန်သည် ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားများ ထင်မှတ်နေသည်လား။ ဘယ်လိုများ ခန့်မှန်းသွားသနည်း။ ယင်ယွမ်အဖွဲ့အစည်းအနေနှင့် ဆယ့်ငါးမိနစ် အတွင်း ရောက်ရှိလာမည်ဟု အဘယ်ကြောင့် ပြောဆိုနိုင်သနည်း။
ရှမ့်လန်သည် အလွန်ကောင်းမွန်လွန်းသည့် ပိုးထည်ဝတ်စုံကို ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်၏။ ကျောက်စိမ်း ခါးပတ်၊ ရွှေရောင်သရဖူတစ်ခုကိုပင် ဆောင်းထား၏။ ဤပြင်ဆင်မှုများအတွက် ရွှေဒင်္ဂါး တစ်ရာ့ကိုးဆယ် တိတိ ကုန်ကျ၏။ ထိုအရာအားလုံးကို ယွမ်နှင့်သာ လဲလိုက်မည်ဆိုပါက များပြားလွန်းသည့် ပမာဏပင်။ သူ့ကို ကြည့်ရှုလျှင် မည်သူကမှ ဆင်းရဲနွမ်းပါးသည့် လူတစ်ယောက်ဟု ထင်မည် မဟုတ်ချေ။ ကျိန်းသေပေါက် အလွန်ချမ်းသာလွန်းသည့် လူတစ်ယောက် လှမ်းလျှောက် ဝင်ရောက်လာသကဲ့သို့ပင် ထင်မှတ်ကြမှာ သေချာ၏။
သူ့အနေနှင့် ထိုဝတ်စုံကို ချုပ်လုပ်ရန် အဆိုပြုခဲ့စဉ်က သူ၏ ယောက္ခမကြီးနှင့် မူလန်တို့ နှစ်ယောက်လုံးသည် တစ်ချက်ကလေးမှ နှောင့်နှေးခြင်းမရှိဘဲ သဘောတူညီခဲ့၏။ ကျင်းမူကုန်း တစ်ယောက်တည်းသာလျှင် အနည်းငယ် တီးတိုးရေရွတ်ကာ စောဒက တက်ခဲ့သည်။
“ကျုပ် ဒီနှစ်ဝက်အတွင်း အဝတ်အစားအသစ် တစ်ခါမှ မရသေးဘူး”
သူ၏ယောက္ခမကြီးသည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “မိသားစုရဲ့ ငွေကြေးအခြေအနေက မကောင်းဘူး ဆိုတာ မင်းမသိဘူးလား မူကုန်း”
“......”
ကျင်းမူကုန်းသည် ဆွံ့အသွားခဲ့၏။ ရှမ့်လန်အတွက် ရွှေဒင်္ဂါး တစ်ရာ့ကိုးဆယ်ကျော်အထိ အသုံးပြုခဲ့၏။ သို့ပေမည့် သားအရင်းဖြစ်သော သူ့အတွက်တော့ ပိုက်ဆံ ကျပ်လို့နေ၏။ သူ့အနေနှင့် မွေးဖွားလာစဉ်တည်းက လက်ရှိအချိန်အထိ ဝတ်ဆင်ခဲ့သည့် အဝတ်အစားများ၏တန်ဖိုးသည် ရွှေဒင်္ဂါးကိုးဆယ်ပင် ကျော်လိမ့်မည် မဟုတ်ချေ။
နောက်ဆုံးမှာတော့ သူ၏ ယောက္ခမကြီးသည် ကျင်းမူကုန်းကို ထကာ ရိုက်နှက်တော့၏။
“မင်းရဲ့ပုံစံနဲ့ အဝတ်အစားကောင်းတွေ ဝတ်တော့ရော ဘာထူးသွားမှာမလို့လဲ။ ဖြုန်းတီးသလို ဖြစ်နေမှာပေါ့” ကျင်းမူကုန်းသည် မျက်ရည်အဝိုင်းသားနှင့် ထွက်သွားခဲ့သည်။
.........
လက်ရှိအချိန်မှာတော့ ရှမ့်လန်သည် တကယ်ကို ကောင်းမွန်လွန်းသည့် ရွှေရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားခဲ့၏။ ကျောက်စိမ်းဖြူရောင် ခါးပတ်ကိုလည်း ဆင်မြန်းထားသေး၏။ စကားလုံးတစ်ခုနှင့် ဖော်ညွှန်း ရမည်ဆိုလျှင် လောကသားအားလုံး မျက်လုံးကန်းသွားနိုင်လောက်အောင်ပင် သူက ချောမော၏။ ဤကဲ့သို့သော ချောမောမှုမျိုးသည် ရောက်သည့်နေရာတိုင်းတွင် တောက်ပသည့် အလင်းတန်းများကို ပေးစွမ်းနိုင်သည့် အရာမျိုးပင်။
မူလန်သည် အနည်းငယ် တွေဝေနေခဲ့၏။ သူမ၏ မျက်လုံးများသည်လည်း ဝေဝါးလျက်ရှိနေ၏။ နှလုံးခုန်သံ များသည်လည်း အနည်းငယ် မြန်ဆန်လာခဲ့၏။
ရှောင်ပင်းသည် ရှမ့်လန်ကို ခဏလောက် ကြည့်ရှု၏။ ပြီးနောက် နှမြောတသသလို ခံစားနေမိ၏။ အဘယ်ကြောင့် ထိုညက သူမ ငြင်းပယ်ခဲ့မိသနည်း။ ထိုအချိန်က ငြင်းပယ်ခဲ့ခြင်းသာ မရှိပါက လက်ရှိအချိန်တွင် ဗိုက်တောင် ပူနေလောက်ပြီ ဖြစ်သည်။
“တကယ်တမ်း ကိုယ်ဝန်ရှိသွားမယ်ဆိုရင် ယောက်ျားလေးဖြစ်မလား။ မိန်းကလေးဖြစ်မလား။ အင်း .... ငါတို့ကလေးတွေကို ဘယ်လိုနာမည်ပေးရင် ကောင်းမလဲ”
မူလန်က ပြောလိုက်၏။ “ယောက်ျား ဒီနေ့ စေ့စပ်မယ့် သတို့သားရဲ့ အရှိန်အဝါတွေကို ဖိနှိပ်ဖို့ ကြိုးစားချင်နေတာလား”
“မဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ဒီနေ့ စေ့စပ်ပွဲကို လာတဲ့ ယောက်ျားမှန်သမျှ ငါ့ရဲ့အလင်းရောင်အောက်မှာ မှေးမှိန်သွားစေရမယ်။ ငါက ရှစ်ချင်းချင်း ဘယ်လိုမှ ထိတွေ့လို့မရနိုင်တဲ့ နတ်ဘုရားတစ်ပါးလိုပဲ ဖြစ်ရမယ်။”
ရုတ်တရက် မူလန်သည် မည်သည့်စကားမှ မဆိုနိုင်တော့ချေ။ အသာလှည့်ကာ ထွက်လျှောက်သွားခဲ့၏။ သူမ၏ မျက်လုံးထဲရှိ ချောမောသည့် လူတစ်ယောက်၏ ပုံပန်းသဏ္ဍာန် မြင်ကွင်းသည် အလုံးစုံ ပျက်စီးသွားခဲ့သည်။ သူမ၏ ယောက်ျားသည် ကြီးကြီးကျယ်ကျယ်များ အလွန်ပြော၏။
ပြီးနောက် ရှမ့်လန်နှင့် မူလန်တို့သည် မင်းသားမင်းသမီး နှစ်ပါးကဲ့သို့ပင် ကောင်းမွန်လွန်းသည့် အဝတ်အစားများ ကို ဝတ်ဆင်ပြီး ကျင်းကျင်းနှင့် ရှစ်ချင်းချင်းတို့၏ စေ့စပ်မင်္ဂလာပွဲဆီသို့ ဦးတည်လိုက်သည်။
..........
မြို့စားကြီးရွှမ်ဝူသည် အနည်းငယ် အဆင်မပြေသလို ခံစားနေမိ၏။ သူသည် ရှမ့်လန်အပေါ်တွင် ယုံကြည်ချက် ရှိသည်ဆိုသော်လည်း ယနေ့ည၏ အခြေအနေသည် တကယ်ပင် အန္တရာယ်များလွန်းလှ၏။ ယခင်က ပြောဆိုခဲ့ပြီးသည့်အတိုင်းပင် ဤစေ့စပ်ပွဲတွင်ရှိနေမည့် လူအားလုံးတို့သည် ရွှမ်ဝူအိမ်တော်ကို တိုက်ခိုက်မှာ သေချာ၏။ ရှမ့်လန်ဝင်လာသည်နှင့် တစ်ပြိုင်နက် ရန်သူများ၏ ဝိုင်းဝန်းဖိနှိပ်ခြင်းကို ခံရပေလိမ့်မည်။ ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိသည်ဆိုလျှင်တောင်မှ ထိုသူတို့ကို ခုခံရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။
ထိုအချိန်မှာတော့ ကျင်းကျူး၏ အသံသည် အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ “သခင်ကြီး.. မြောက်ပိုင်းက ဧည့်သည်တွေ ရောက်ရှိလာပါတယ်”
ရွှမ်ဝူမြို့စားကြီးသည် ကြောင်အသွားခဲ့၏။ အိမ်တော်ထဲတွင် မြောက်ပိုင်းမှ ဧည့်သည်ဟု ခေါ်ညွှန်းရသည့် အရာသည် တစ်ခုတည်းသာ ရှိ၏။ ထိုအရာသည် ယင်ယွမ်အဖွဲ့အစည်းသာလျှင် ဖြစ်၏။ ထွက်ခွာခါနီးအချိန်တွင် ရှမ့်လန်သည် ဤအဖွဲ့အစည်း လာရောက်လည်ပတ်မည်ဟု သေသေချာချာ သတိပေးခဲ့၏။ ဆယ့်ငါးမိနစ်အတွင်း ရောက်ရှိလာမည်ဟုပင် ပြောဆိုခဲ့၏။ တကယ်ပင် အချိန်ကို တိကျစွာ တွက်ချက်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ဤကလေးသည် မထင်မှတ်ထားလောက်အောင်ပင် ဉာဏ်ကောင်းလွန်းလှသည်။
သို့ပေမည့် မကြာခင်မှာပင် မြို့စားကြီးက နားလည်သွားခဲ့၏။
ရှမ့်လန်သည် ကြုံရာခန့်မှန်းခဲ့ခြင်း မဟုတ်ပေ။ သူသည် ရှစ်ချင်းချင်းနှင့် ကျန်းကျင်းတို့၏ စေ့စပ်မင်္ဂလာပွဲ အချိန်နှင့် နှိုင်းယှဉ် တွက်ချက်ထားခြင်း ဖြစ်၏။ ယင်ယွမ်အဖွဲ့အစည်း၏ သံတမန်သည် စေ့စပ်ပွဲမစခင် ကြိုတင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
“ဧည့်သည်တွေကို အထဲ ဖိတ်ခေါ်လိုက်” မြို့စားကြီးက ပြောလိုက်၏။
မကြာခင်မှာပဲ အဖြူရောင်အဝတ်အစားကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာခဲ့၏။ ၎င်း၏ မျက်နှာသွင်ပြင်သည် သာမန်ဆန်လွန်းပြီး ပုံပန်းသွင်ပြင်ကလည်း သာမန်ပင်။ “ယင်ယွမ်အဖွဲ့အစည်းရဲ့ မိုရှုက ရွှမ်ဝူကို နှုတ်ဆက်ပါတယ်”
ထိုသူသည် လေးလေးစားစားဖြင့် ဦးညွှတ်လိုက်သည်။
မြို့စားကြီးက ပြောလိုက်၏။ “လူကြီးမင်းမို.. နောက်ဆုံးအကြိမ်တွေ့ခဲ့တည်းက ခင်ဗျား ကျန်းမာရေး ကောင်းကောင်းမွန်မွန်နဲ့ ရှိနေလိမ့်မယ်လို့ ကျုပ် ယုံကြည်ခဲ့ပါတယ်။ ဒါနဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က ပို့ခဲ့တဲ့ ရွှေဒင်္ဂါးတွေကို လက်ခံရရှိရဲ့လား”
မိုရှုက ပြောလိုက်သည်။ “အင်း ဒါ ပင်လယ်ထဲကို လည်းရောက်နေပါပြီ။ နောက် ဆယ်ရက်အတွင်းမှာ ကျုပ်တို့ရဲ့ သိုလှောင်ရုံထဲကို ရောက်သွားမှာ သေချာပါတယ်”
မြို့စားကြီးက ပြောလိုက်၏။ “ဒါဆိုရင် အခု လူကြီးမင်းမို လာလည်တာ ဘာအတွက်လဲ”
မိုရှုက ပြောလိုက်သည်။ “မြို့စားကြီး ... ကျုပ်တို့အဖွဲ့အစည်းရဲ့ ရှုတင်းယုက ကျန်းကျင်းရဲ့ စေ့စပ်မင်္ဂလာပွဲကို တက်ဖို့ ရွှမ်ဝူမြို့ကို လာတယ်ဆိုတာကို သိပြီး ဖြစ်ပါလိမ့်မယ်”
တခြားသော တော်ဝင်မျိုးနွယ်တစ်ယောက်ယောက်သာ ဆိုပါက လက်ရှိအခြေအနေတွင် အလွန် အံ့အားသင့်သွားဟန်ဖြင့် ဟန်ဆောင်ပေမည်။ သို့ပေမည့် မြို့စားကြီးသည် ထိုကဲ့သို့ သရုပ်ဆောင်ရခြင်းကို မနှစ်သက်ချေ။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်၏။ “ခင်ဗျားတို့အဖွဲ့အစည်းက ကျုပ်ရဲ့ နေရာကို ပြောင်းလဲဖို့ ကြိုးစားနေတာလား”
“လုံးဝ မဟုတ်ပါဘူး”
မိုရှုက ပြောလိုက်သည်။ “တော်ဝင်ရွှဲ့နိုင်ငံတော်မှာ အရှင်မင်းမြတ်တွေ တစ်ဒါဇင်ကျော်ရှိပြီး တော်ဝင်မျိုးနွယ်ဟောင်းတွေဆိုတာ ရာချီပြီး ရှိကြတယ်။ ဒီကြားထဲမှာရှိတဲ့ ကိစ္စရပ်တွေကို ကျုပ်တို့ စိတ်မဝင်စားပါဘူး။ တော်ဝင်မျိုးနွယ်တွေရဲ့ ရာထူးရာခံ၊ အခွင့်အာဏာ ပြောင်းလဲခြင်းတွေနဲ့ ပတ်သက်ပြီးလည်း ကျုပ်တို့ စိတ်ပါဝင်စားမှု မရှိပါဘူး”
မြို့စားကြီးက ပြောလိုက်၏။ “ဒါဆိုရင် ခင်ဗျားတို့ အခုလုပ်နေတဲ့ အပြုအမူတွေက တကယ်ကို အံ့အားသင့်စရာ ကောင်းနေပြီ”
မိုရှုသည် မချိပြုံး ပြုံးလိုက်မိသည်။ “လူတွေအကုန် ရုန်းကန်နေကြရတယ်။ ကျုပ်တို့ ယင်ယွမ်အဖွဲ့အစည်းကလည်း ခြွင်းချက် မရှိဘူးလေ။ အခု အရှင်မင်းမြတ်ရဲ့ စည်းမျဉ်းသစ်တွေက အလှည့်အပြောင်း အရမ်းများတယ်။ ဒါကြောင့် ကျုပ်တို့အဖွဲ့အစည်းတွေအပေါ်မှာလည်း အနည်းငယ်တော့ သက်ရောက် လာခဲ့တာပေါ့။ ကျေးဇူးပြုပြီးတော့ ယုံကြည်ပေးပါ ရွှမ်ဝူ။ ကျုပ်တို့ ခင်ဗျားအပေါ်မှာ ထောက်ပံ့မှုကတော့ လျော့ကျ မသွားပါဘူး”
မြို့စားကြီးရွှမ်ဝူသည် မေးခွန်းထုတ်ရန် ပြင်ဆင်လိုက်သည်။ သို့ပေမည့် ရှမ့်လန်ပြောခဲ့သည်ကို သတိရသွားမိ၏။ ဘာပဲပြောပြော ခေါင်းညိတ်လိုက်။ စိတ်ထဲမှာ လျစ်လျူရှုထားလိုက်။ အဲဒါ အကုန်လုံး ပေါက်ကရတွေ။
ထို့ကြောင့် ရွှမ်ဝူသည် အဆင်မပြေသော်လည်း သူ့သမက်၏အကြံပြုချက်ကို နားထောင်ပြီး မိုရှုအား ယဉ်ကျေးကျေး ဟန်ဆောင် ဆက်ဆံနေရ၏။
..........
ကျန်းကျင်း၏ အိမ်ဟောင်းထဲမှာတော့ စေ့စပ်ပွဲမင်္ဂလာမစခင် နာရီဝက်နီးပါးခန့် လိုသေးသည်။
ရှစ်ကွမ်းယွမ်က ပြောလိုက်၏။ “ခွေးကောင် ရှမ့်လန်နဲ့ ရင်ဆိုင်ဖို့ အားလုံး အဆင်သင့်ဖြစ်ပြီလား”
“သခင်ကြီး အရာအားလုံးက အဆင်သင့်ဖြစ်ပါပြီ”
ကျန်းကျင်းသည် ရှမ့်လန်နှင့် မူလန်တို့အား ယနေ့ညတွင် အောက်ခြေစည်းမျဉ်းဟူ၍ မထားဘဲ တိုက်ခိုက်ရန် စီစဉ်ထား၏။ “အကုန်လုံး ပူးပေါင်းပြီးတော့ ရှမ့်လန်နှင့် ကျင်းမူလန်တို့ကို သတ်ဖြတ်ပစ်ရမယ်။ ရွှမ်ဝူအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ကျိန်းသေပေါက် ဖျက်ဆီးပစ်ရမယ်”
ယနေ့အချိန်မှာတော့ ရွှမ်ဝူမိသားစုတစ်ခုလုံးသည် အရှက်တရားအောက်တွင် အသက်ရှူရပ်ရမည့် အခြေအနေမျိုး သို့ ရောက်ရှိရပေလိမ့်မည်။