← Chapters

အပိုင်း (၉၄)

Vol. 7 Ch. 94

အပိုင်း (၉၄)

Vol. 7 Ch. 94

ရှစ်အိမ်တော်၏ အိမ်စေကြီးသည် ပေါင်ရိုးကျိုးသွားချိန်၌ သည်းခြေပျက်လုမတတ် နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။

… …

သို့ပေမည့် မထင်မှတ်ဘဲ လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသော ရှမ့်လန်ထံမှလည်း နာကျင်စွာ အော်ဟစ်လိုက်သည့်အသံ ထွက်ပေါ်လာ၏။

ကြည့်ရှုနေသည့် လူအများတို့သည် ကြောင်အသွားကြသည်။ ဘာတွေ ကလီကမာ ထပ်ကာ ပြုလုပ်ဦးမည်နည်း။

ရှမ့်လန်သည် နာကျင်ခံရခက်နေသည့် မျက်နှာပေးဖြင့် သူ၏ခါးကိုကိုင်ကာ ပြောလိုက်သည်။ “မိန်းမ၊ မြန်မြန်... မြန်မြန်လာပါအုံး။ ငါ အရိုက်လွန်ပြီး ခါးလိမ်သွားပြီ၊ နာလိုက်တာ”

ရှမ့်လန်သည် ဟန်ဆောင်နေခြင်းမဟုတ်ပေ။ အမှန်တကယ် ခါးလိမ်သွားပြီး မျက်ရည်ပင်လည်သည်အထိ နာကျင်နေ၏။

ထိုမြင်ကွင်းကို မြင်ရချိန်မှာတော့ ပွဲလာပရိသတ်အားလုံးတို့သည် မျက်နှာလွှဲလိုက်မိကြသည်။

အထူးသဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရှစ်အိမ်တော် အိမ်စေကြီးပင်။ ၎င်းသည် စိတ်ထဲတွင် များပြားလှသော ဆဲမျိုးမျိုးစုံတို့ဖြင့် အားရပါးရ ဆဲဆိုလျက်ရှိ၏။ ခွေးမသားရှမ့်လန်… ပေါင်ကျိုးတာက ငါကွ။ မင်းက ဘယ်လိုလုပ် နာရတာလဲ။

မူလန်သည် ရှေ့သို့တိုးလာပြီး ရှမ့်လန်၏ခါးကို ညင်သာစွာ နှိပ်နယ်ပေးလိုက်သည်။ သူမ၏ လက်မှာ အလွန် စွမ်း၏။ တခဏအတွင်းမှာပဲ ရှမ့်လန်၏ ခါးနာခြင်းသည် သက်သာသွားခဲ့၏။

“မိန်းမ… မင်းနောက်ဆုတ်နေ။ သွေးတွေ စင်ကုန်မယ်” ရှမ့်လန်၏ လေသံမှာ ရုတ်ခြည်း ရက်စက် ကြမ်းကြုတ်သော လူသတ်သမားတစ်ယောက်၏ လေသံသို့ ပြောင်းသွားသည်။

မူလန်မှာ ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်လိုက်၏။ သူမ၏ ယောက်ျား ထပ်မံအားစိုက်ပြီး ခါးလိမ်သွားမည်ကို သူမ စိတ်ပူနေမိသည်။ သို့ပေမည့် လွတ်ပေးထားရန်သာ ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက သုံးရက်လောက် စိတ်ကောက်နေပေဦးမည်။ အဆိုးဆုံး အခြေအနေအဖြစ် ခဏနေလျှင် ခါးပြန်နှိပ်ပေးရုံသာ ရှိ၏။

ပြီးနောက် ရှမ့်လန်သည် သစ်သားတုတ်ကို မြှောက်ကိုင်ကာ ရှစ်အိမ်တော် အိမ်စေကြီး၏ ခြေထောက် နှစ်ဖက်လုံး ကို အားကုန်ရိုက်နှက်လေတော့သည်။

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ....။

ရိုက်ချက်တိုင်းမှာ အားကုန်ထည့်၍ ရိုက်နှက်ခြင်းဖြစ်၏။ တစ်ချက်ရိုက်လိုက်တိုင်း ရှစ်အိမ်တော် အိမ်စေကြီးထံမှ ကြေကွဲဖွယ်ရာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ သွေးများမှာ ရေကဲ့သို့ ပန်းထွက်ကာဖြင့် မြေပြင်တစ်ခုလုံး ရဲရဲနီ စွေး သွား၏။

မကြာမီမှာပင် ရှမ့်လန်သည် မောဟိုက်ကာ ချွေးသံတရွှဲရွှဲ ဖြစ်လာသည်။ “ဘယ်သူက ဒီတုတ်ကို ဒီလောက် လေးအောင် လုပ်ထားသလဲမသိဘူး။ ကျုပ်ကို ပင်ပန်းပြီးသေအောင် လုပ်နေသလိုပဲ”

သို့ပေမည့် ရှစ်အိမ်တော်အိမ်စေကြီးမှာမူ မြေပြင်ပေါ်တွင် သွေးသံရဲရဲဖြင့် မလှုပ်မယှက် ဖြစ်နေလေပြီ။ ရှမ့်လန်သည် အားမရှိဟု ထင်ရသော်လည်း လူကိုရိုက်ရာတွင်မူ အလွန်ရက်စက်ကြမ်းကြုတ်ပြီး အဆုံးစွန်ထိ ပြုမူခဲ့သည်။ ရှစ်အိမ်တော် အိမ်စေကြီး၏ ခြေထောက်အရိုးနှစ်ချောင်းလုံးသည် လေးဆယ့်ငါးပိုင်းမျှ ကျိုးကြေ သွားခဲ့ပြီး ဤလောကတွင် ပြန်လည်စပ်နိုင်မည့်လူဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။

ရှစ်ကွမ်းယွမ်၏ မျက်နှာသည် ဖြူထွေးပြီး ရေခဲတမျှ အေးစက်သွားသည်။ ထိုသူမှာ သူဆယ်နှစ်ကျော်ကြာ အားကိုးခဲ့ရသော လူယုံတစ်ယောက် ဖြစ်သည် မဟုတ်ပါလား။

ရှမ့်လန်သည် မောဟိုက်စွာဖြင့် ဒူးထောက်ထိုင်ချလိုက်ပြီး မေးလိုက်သည်။ “သောက်ရူး… အရမ်းနာနေလား”

နာသည်မှာ သေချာသည်။ ငရဲသို့ ရောက်သွားသကဲ့သို့ နာကျင်ပြီး ဤလောကတွင် အသက်ရှင်နေရသည်ကိုပင် နောင်တရမိပေလိမ့်မည်။ ရှစ်အိမ်တော်အိမ်စေကြီး၏ လည်ချောင်းမှာ အော်ဟစ်ရလွန်းသောကြောင့် စုတ်ပြဲကာ အသံပင်ပျောက်နေပြီ ဖြစ်သည်။ မျက်လုံးများမှာလည်း သွေးများဖြင့် နီရဲနေ၏။

ရှမ့်လန်သည် နွေးထွေးစွာ ပြောလိုက်သည်။ “သောက်ရူး … စိတ်မပူပါနဲ့။ မကြာခင် မနာတော့ဘူး။ မကြာခင် မနာတော့ဘူးနော်”

ထို့နောက် ရှမ့်လန်သည် ပြန်ထကာဖြင့် သစ်သားတုတ်ကို ဝှေ့ယမ်းပြီး ရှစ်အိမ်တော် အိမ်စေကြီး၏ ခါးဆစ်ရိုးကို အားကုန်ရိုက်ချလိုက်လေသည်။

… …

အံ့ဩဖွယ်ရာတစ်ခု ဖြစ်ပျက်သွားသည်။ ရှစ်အိမ်တော် အိမ်စေကြီးမှာ အမှန်ပင် မနာကျင်တော့ပေ။ ထို့ထက်ပို၍ တိတိကျကျ ပြောရမည်ဆိုလျှင် သူ၏ခါးအောက်ပိုင်း တစ်ခုလုံးတွင် ခံစားမှုဟူ၍ လုံးဝမရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခါးရိုးကျိုးသွားသောကြောင့်ပင်။

……

သူဘာဖြစ်သွားသည်ကို ချက်ချင်း သဘောပေါက်သွားပြီးနောက် ထိတ်လန့်တုန်လှုပ်ဖွယ် အော်ဟစ်သံကြီးဖြင့် ကျယ်လောင်စွာ အော်လိုက်၏။

ပွဲကြည့်ပရိသတ်အားလုံး၏ မျက်နှာများသည် ဖြူရော်ကာ တုန်ယင်သွားကြသည်။ ရှမ့်လန်ဆိုသည့် ဤချာတိတ်သည် အမှန်တကယ်ပင် ကလိမ်ကကျစ် နိုင်လွန်းသည်။ ရက်ရက်စက်စက် ရိုက်နှက်ပြီးတာတောင်မှ သူ့ဘက်က နစ်နာသလို ဟန်လုပ်လျက်ရှိသေးသည်။

သို့ပေမည့် ရှမ့်လန်ကမူ မိမိကိုယ်မိမိ အလွန် သဘောထားကြီးသည်ဟု ခံစားနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရှစ်အိမ်စေကြီး၏ လည်ပင်းရိုးကို မရိုက်ချိုးခဲ့သောကြောင့်ပင်။ ထိုသို့ဆိုလျှင် ထိုသူမှာ လည်ပင်းအောက်ပိုင်း တစ်ခုလုံး သေသွားပေလိမ့်မည်။

“ကဲ… အပြစ်ပေးတာ ပြီးဆုံးသွားပြီ”

ရှမ့်လန်က ပြောလိုက်သည်။ “ရှစ်အိမ်တော်သခင်… မြန်မြန်လုပ်ပါ။ ခင်ဗျားရဲ့ အိမ်စေကြီးကို သယ်သွားတော့”

ရှမ့်လန်သည် တစ်ပြိုင်နက်တည်းမှာပဲ သနားကြင်နာသော မျက်နှာပေးဖြင့် ပြောလိုက်၏။ “အကောင်းဆုံး သမားတော်ကိုခေါပြီး သူ့ကို ကုသပေးလိုက်ပါ။ ကျုပ် သူ့ကို ရိုက်တာက သူကောင်းဖို့အတွက်ပါ။ အမှားကိုသိပြီး လူကောင်းဖြစ်အောင် ပြုပြင်ရမယ် မဟုတ်လား။ ခင်ဗျားသူ့ကို သမားတော်နဲ့ ကုပေးရမယ်နော်။ မဟုတ်ရင် ကျုပ် စိတ်မကောင်း ဖြစ်ရလိမ့်မယ်”

ရှစ်ကွမ်းယွမ်သည် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပြီး လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားရင်းမှ ဒေါသကြောင့် တက်မတတ် ချက်မတတ်ပင် ဖြစ်နေ၏။ ကုသရမည်လား။ ကုသ၍ ရနိုင်ဦးမည်လား။ ဤလူသည် သုံးစားမရတော့ပြီ မဟုတ်ပါလား။

ကျန်းကျင်းသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “လာစမ်း။ အိမ်စေကြီးရှစ်ကို ရှစ်အိမ်တော်ဆီ ပို့ပြီး သမားတော်နဲ့ သေချာကုသပေးလိုက်စမ်း”

ခဏအကြာတွင် စစ်သည်တချို့ ရောက်လာပြီး အိမ်စေကြီးရှစ်နှင့် ပြည့်တန်ဆာမကို ဆွဲထုတ်သွားကြ၏။ ယခုတော့ ယောက်ျားနှင့်မိန်းမ တန်းတူညီမျှဖြစ်သွားပြီး နှစ်ဦးလုံး၏ ခြေထောက်အရိုးများသည် အပိုင်းပိုင်း ကျိုးကြေသွားခဲ့ပြီ ဖြစ်၏။

“လာစမ်း။ ဒီမြေပြင်ကို သန့်စင်အောင် ဆေးကြောလိုက်စမ်း” ကျန်းကျင်းက အမိန့်ပေးလိုက်သည်။

ချက်ချင်းပဲ အစေခံအချို့ ရောက်လာပြီး ရေပုံးပေါင်းများစွာဖြင့် မြေပြင်တစ်ခုလုံးရှိ သွေးကွက်များနှင့် အညစ်အကြေးများကို ဆေးကြောသန့်စင်လိုက်ကြ၏။

ပထမပွဲစဉ် ပြီးဆုံးသွားပြီ ဖြစ်သည်။ ရှမ့်လန်က ပြိုင်ဘက်ကို အလဲထိုးကာ အောင်ပွဲခံလိုက်သည်။

… …

ကျန်းအိမ်တော်၏ စေ့စပ်ပွဲ အခမ်းအနားသည် ဧည့်သည်များကို ဆက်လက်ကြိုဆိုနေဆဲ ဖြစ်၏။ အရာအားလုံးမှာ အသစ်စက်စက်ကဲ့သို့ တောက်ပနေဆဲပင်။ ကျန်းအိမ်တော်ဟောင်းကြီး၌ မီးပုံးနီများ၊ စိမ်းဖန့်သော သေရည်များနှင့် ပျော်ရွှင်နေသော လူအများတို့ဖြင့် စည်ကားနေဆဲဖြစ်ပြီး စောစောက မည်သည့်အရာမှ မဖြစ်ခဲ့ သကဲ့သို့ပင်။

စစ်သူရဲကောင်းတစ်ဦးကဲ့သို့ ခန့်ညားသော ကျန်းကျင်းနှင့် ချောမောလှပသည့် ရှစ်ချင်းချင်းတို့ တူယှဉ်တွဲကာ လျှောက်လှမ်းလာကြသည်။ ရှမ့်လန်နှင့် ကျင်းမူလန်တို့မှာ ရွှမ်ဝူမြို့စားကြီး၏ ကိုယ်စားလှယ်များဖြစ်ရာ အိမ်ရှင်များအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြိုဆိုရမည်မှာ သဘာဝပင်။

“သခင်မလေးကျင်း…. မြို့စားကြီး အဆင်ပြေရဲ့လား” ရှစ်ချင်းချင်းသည် နူးညံ့သောအသံဖြင့် မေးလိုက်သည်။ ဤအချိန်တွင် သူမ၏မျက်နှာ၌ ရန်လိုမုန်းတီးသည့် အရိပ်အယောင် တစ်စိုးတစ်စိမျှ မတွေ့ရသည်မှာ အမှန်ပင် ဆန်းကြယ်လှ၏။ သို့ပေမည့် ယခင်ကဆိုလျှင် သူမ၌ သခင်မလေးကျင်းနှင့် ဤသို့စကားပြောဆိုခွင့် အရည်အချင်းပင် ရှိသည် မဟုတ်ချေ။ ကြည့်ရသည်မှာ ထက်မြက်သော ခင်ပွန်းတစ်ယောက်ကို ရရှိခြင်းသည် အရေးကြီးလှ၏။

“အဖေ ကျန်းမာပါတယ်။ ကျေးဇူးတင်ပါတယ်” မူလန်က ပြန်ဖြေလိုက်သည်။

သို့ပေမည့် နှုတ်ဆက်နေစဉ်အတွင်း ကျန်းကျင်းနှင့် ရှစ်ချင်းချင်းတို့သည် ရှမ့်လန်ကို လျစ်လျူရှုထားကြသည်။ သူတို့သည် ရှမ့်လန်အား မူလန်အနီးရှိ လေထုတစ်ခုအဖြစ် သဘောထားနေကြသကဲ့သို့ပင်။

ထို့ကြောင့် ရှမ့်လန်သည် မပျော်မရွှင်ဖြစ်သွားသည်။ ရုတ်တရက် ဆိုလိုက်သည်။ “မိန်းမ…. မင်းမှာ ပိုက်ဆံရှိလား”

မူလန်မှာ အံ့အားသင့်သွားသည်။ ဤချစ်လှစွာသော ခင်ပွန်းသည် ဘာပြဿနာရှာဦးမည်နည်း။

သို့ပေမည့် ရှစ်ချင်းချင်း၏ စိတ်ထဲတွင်မူ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

“မရှိဘူး” မူလန်က ပြောလိုက်၏။

ရှမ့်လန်သည် သူ၏ရင်ဘတ်ထဲမှ ရွှေဒင်္ဂါးအိတ်တစ်အိတ်ကို ဆွဲထုတ်ကာ ရှစ်ချင်းချင်း၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ရိုးသားနွေးထွေးစွာ ပြောလိုက်သည်။ “ယောက်ျားတစ်ယောက်မှာ ဘယ်လိုအကြွေးပဲတင်တင်၊ ပြည့်တန်ဆာခတော့ အကြွေးထားလို့ မဖြစ်ဘူး။ ဒီမှာ မင်း ငါနဲ့ သုံးလတာ အတူအိပ်စက်ခဲ့တဲ့ အဖိုးအခ။ ရော့… ယူလိုက်”

ထိုခဏ၌ အားလုံးသော သူတို့မှာ ကြက်သေသေသွားကြသည်။

ယခင်က ရှစ်အိမ်တော်သည် ညစ်ပတ်သောရေဖြင့် ပက်ဖျန်းသည့်နည်းကိုသုံးကာ ယုတ်ညံ့သော ပြည့်တန်ဆာမ တစ်ယောက်ကို ငှားရမ်းပြီး ရှမ့်လန်အား ပြည့်တန်ဆာနှင့် ပျော်ပါးပြီး ပိုက်ဆံမပေးဟု စွပ်စွဲခဲ့သည် မဟုတ်ပါလား။ ယခု ပြန်လည် တုံ့ပြန်ခံလိုက်ရပြီ ဖြစ်၏။

တကယ်ဆိုလျှင် ထိုကိစ္စသည် ပြီးစီးပြီးသွားသည့် ကိစ္စဖြစ်သည်။ အိမ်စေကြီးရှစ်၏ အောက်ပိုင်းတစ်ခုလုံး သေသွားခဲ့ပြီး ပြည့်တန်ဆာမသည်လည်း ခြေကျိုးသွားခဲ့သည်။ ရှမ့်လန် ကျေနပ်သင့်ပြီ ဖြစ်၏။

သို့ပေမည့် သခင်လေးရှန်သည် မိမိကို လျစ်လျူရှုဆက်ဆံသည်ဟု ခံစားရပြီး မကျေမနပ်ဖြစ်လာသည်။ ထို့ကြောင့် သူ၏ပါးရိုက်ချက်မှာ အဆင်သင့်ပင် ရှစ်ချင်းချင်း၏ မျက်နှာဆီသို့ ရက်ရက်စက်စက် ကျရောက်သွားခဲ့၏။ အဓိကအချက်မှာ သူ၏လုပ်ရပ်မှာ အလွန်သဘာဝကျသည့်အပြင် နူးညံ့သိမ်မွေ့မှု တစ်စိုးတစ်စိမျှ မရှိခြင်းပင်။

ရှမ့်လန်သည် ရိုးသားစွာ ပြောလိုက်သည်။ “ဟိုပြည့်တန်ဆာမကတော့ တစ်ခါကို ငွေပြားတစ်ဝက်ပဲ ရတယ်၊ ရှစ်ချင်းချင်း... မင်းက ဒီလောက်လှတယ်ဆိုတော့ အနည်းဆုံး ဆယ်ဆလောက်တော့ ဈေးတင်ပေးရမှာပေါ့။ လင်မယား တစ်ညတာက သံယောဇဉ် ရက်တစ်ရာတဲ့၊ တစ်ရက်ကို ပျမ်းမျှ နှစ်ခါဆိုရင် အကြိမ်နှစ်ရာပေါ့။ ဒါဆိုရင် ငွေစ တစ်ထောင်၊ ရွှေဒင်္ဂါး ငါးဆယ်ပေါ့။ မှားနေလားလို့ စစ်ကြည့်လိုက်အုံး။ ဟုတ်သားပဲ၊ မင်းရဲ့ အနီရောင်မြင်ရတဲ့နေ့တွေနဲ့ ကြုံရင် ပိုက်ဆံပိုပေးရမှာ မဟုတ်လား။ ဘယ်လောက် ပိုထည့်ပေးရမလဲ၊ ကျုပ်အကြွေးစာချုပ် ရေးပေးရမလား။ လိုရင် နောက်မှပေးမယ်”

လူယုတ်မာ၏ လက်စားချေခြင်းသည် အချိန်မဆွဲပေ။ မနက်မှ ညအထိ စောင့်ဆိုင်းခြင်းမရှိဘဲ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း တုံ့ပြန်တတ်သည်။ ပရိသတ်အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရှမ့်လန်၏ အရူးအမူး မျက်နှာရိုက်ခြင်းကို တစိမ့်စိမ့် ကြည့်နေကြ၏။

ရှစ်ချင်းချင်းသည် ကျောက်မီးသွေးခဲပူများပေါ်တွင် ခြေဗလာဖြင့် ရပ်နေရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး လောင်ကျွမ်းကာ ခုန်ပေါက်နေရမလိုပင်။ ကျန်းကျင်းမှာမူ ဒေါသအထွတ်အထိပ်သို့ ရောက်လုမတတ် ဖြစ်နေ၏။ သူ၏လက်သီးကို တင်းတင်းဆုပ်ထားရာ လက်သည်းများက လက်ဖဝါးထဲသို့ စိုက်ဝင်ပြီး သွေးပင် ထွက်နေလေသည်။ သူ… သူ အမှန်ပင် သည်းမခံနိုင်တော့ဘဲ ရှမ့်လန်ကို လက်သီးဖြင့် ထိုးသတ်ပစ်ချင်စိတ် ပေါက်နေပြီဖြစ်သည်။

ရှမ့်လန်သည် မူလန်၏ နောက်သို့ လျင်မြန်စွာ ပုန်းကွယ်လိုက်သည်။ ကျန်းကျင်းသည် သူ့ကို ရိုက်မည် မဟုတ်ကြောင်း သူသိသော်လည်း မတော်တဆဖြစ်လာနိုင်မှုကို ကာကွယ်ရပေမည်။

“ဟေး… ကျုပ်မိန်းမရဲ့ သိုင်းပညာက ကျုပ်သိုင်းပညာပဲ။

မူလန်၏ ဖြူနုသောလက်သည် သူမ၏ ခါးပတ်နေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် ဓားပျော့တစ်ချောင်း ရှိသည်။ အကယ်၍ ကျန်းကျင်းသည်သာ ရှမ့်လန်ကို ရိုက်ရန် ကြိုးစားမည်ဆိုပါက သူမ၏ဓားသည် လျှပ်စီးကဲ့သို့ ထွက်ပေါ်လာပေလိမ့်မည်။

… …

ဤလျှပ်တစ်ပြက် ထိပ်တိုက်တွေ့ဆုံမှုသည် လျှပ်စီးမိုးကြိုးများကဲ့သို့ပင်။ ရှစ်ချင်းချင်း၏ ပါးပြင်သည် ချက်ချင်း နီရဲသွားပြီး မျက်ဝန်းများ၌ ဒေါသများဖြင့် ပြည့်နှက်နေသည်။ ကျန်းကျင်း၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး လက်သီးဆုပ်ထားရာမှ သွေးများပင် စီးကျလာသည်။

သို့သော်လည်း သုံးစက္ကန့်မျှအကြာမှာတော့ သူတို့နှစ်ဦးတို့သည် မိမိတို့ကိုယ်ကိုယ် အတင်းအကျပ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့သည် သူတို့၏ စေ့စပ်ပွဲဖြစ်သောကြောင့်ပင်။ ရှမ့်လန်ဆိုသည့် ဤလူမိုက်သည် မည်သည့်အရာကိုမျှ ဂုဏ်သိက္ခာမဲ့ ပြုလုပ်နိုင်သော်လည်း သူတို့မှာမူ မပြုလုပ်နိုင်ပေ။

“နှစ်ယောက်လုံး ကြွပါ” ရှစ်ချင်းချင်းက ပြောလိုက်သည်။ သူမသည် မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ရမည်ဖြစ်ပြီး ရှမ့်လန်ပေးသော ရွှေဒင်္ဂါးကိုပင် ပြန်ပေး၍ မဖြစ်ပေ။ အကယ်၍ ပြန်ပေးလိုက်ပါက ရှမ့်လန်၏ ပါးစပ်မှ မည်သို့သော ရိုင်းစိုင်းသည့် စကားများ ထွက်လာမည်ဖြစ်ကြောင်း မသိနိုင်ပေ။

“ခဏနေ သခင်မလေးကျင်းကို အရက်ခွက်တိုက်ပါ့မယ်” ရှစ်ချင်းချင်းက ပြောဆိုပြီး နောက်ဧည့်သည် တစ်ဦးအား ကြိုဆိုရန် အလျှင်အမြန် ထွက်ခွာသွားသည်။ သူမသည် ရှမ့်လန်၏ရှေ့တွင် တစ်စက္ကန့်မျှပင် မနေလိုတော့ပေ။

ရှမ့်လန်သည် မူလန်ကို ဖက်ကာ ခန်းမဆောင်ကြီးဆီသို့ လျှောက်ဝင်သွားလိုက်သည်။

… …

ရှမ့်လန်နှင့် ကျင်းမူလန်တို့ ရောက်ရှိလာခြင်းမှာ အချက်ပြမီးသဖွယ်ဖြစ်ပြီး လူကြီးမင်းများအားလုံး အထဲသို့ ဝင်ရောက်နိုင်ပြီဟု ပြောကြားလိုက်သကဲ့သို့ပင်။ နောက်ထပ် ဝင်ရောက်လာသူမှာ ဘုရင့်အထည် ရက်လုပ်ရေးစံအိမ်မှ သခင်ကြီး နင်ပိုချီ ဖြစ်ပြီး သူသည် ရက်လုပ်ရေးစံအိမ်တွင် တတိယအဆင့် ရာထူးကို ပိုင်ဆိုင်ဖြစ်သည်။ ရှစ်မိသားစု၏ဆွေမျိုးတော်စပ်သူမှာ ရာထူးအဆင့်ငါးသာရှိသော်လည်း ရှစ်မိသားစု၏ မျက်လုံးထဲတွင်တော့ ဘိုးဘေး တစ်ပါးကဲ့သို့ပင်။

ရွှဲ့နိုင်ငံ၏ ဘုရင်မျိုးနွယ်မှာ နင်မျိုးရိုးဖြစ်သောကြောင့် ဤသခင်ကြီး နင်ပိုချီနှင့် ဘုရင်မင်းမြတ်မှာ ဆက်စပ်မှု ရှိနေသည်လား။ အနည်းငယ်တော့ ရှိပေသည်။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာခန့်က တစ်မျိုးတစ်နွယ်တည်း ဖြစ်ခဲ့ဖူးဟန်တူသည်။

သခင်ကြီး နင်ပိုချီ ရောက်ရှိလာသောအခါ ပွဲလာပရိသတ်အားလုံးမှာ ထ၍ ကြိုဆိုကြသည်။ သို့ပေမည့် ရှမ့်လန်နှင့် ကျင်းမူလန်တို့မှာမူ မလှုပ်မယှက် ထိုင်နေကြ၏။

ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့သည် သခင်ကြီး နင်ပိုချီကို စတုတ္ထအဆင့်အမြင့်ဆုံးနေရာသို့ ရိုသေစွာ ပို့ဆောင်ပေးလိုက်ကြသည်။ ရှမ့်လန်နှင့် မူလန်တို့၏ နေရာမှာ အဆင့်ဘယ်လောက်ရှိသနည်းဟု စာဖတ်သူတို့ မေးပေလိမ့်မည်။ နဝမတန်းစားနေရာကပင်။ ရှေ့တန်းဟု ဆိုနိုင်သော်လည်း ရွှမ်ဝူမြို့စားစံအိမ်တော်၏ ဂုဏ်ဒြပ်နှင့် လုံးဝမထိုက်တန်ပေ။ ချိုးနှိမ်ထားခြင်းပင်။

“ဒါ ငါတို့ကို သိသိသာသာ အောက်ချဆက်ဆံတာပဲ” ရှမ့်လန်မှာ သည်းမခံနိုင်တော့သလိုပင် ခံစားလိုက်ရသည်။

“ကျင်းဟိုင်မြို့စားစံအိမ်တော်မှ အိမ်ရှေ့စံနှင့် ပြည်နယ်အုပ်ချုပ်ရေးမှုးစံအိမ်တော်မှ သံတမန်တို့ ကြွရောက်လာပါပြီ” အပြင်ဘက်မှ နာမည်ခေါ်သူသည် ကြက်သွေးထိုးထားသကဲ့သို့ပင်။ ၎င်း၏အသံမှာ အထူးတလည် သြဇာအာဏာပါလာပြီး စိတ်ထဲရှိ အဆုံးမရှိသော လေးစားမှုကို ထုတ်ဖော်ပြသနေသကဲ့သို့ပင်။

ချက်ချင်းပဲ ကျန်းကျင်း၊ ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့ သုံးဦးသည် တံခါးဝသို့ သွားရောက်ကာ ဂုဏ်သရေရှိ ဧည့်သည်တော်နှစ်ဦးကို ကြိုဆိုကြသည်။ ထိုဧည့်သည်တော်နှစ်ဦး ရောက်လာပြီးနောက် ပရိသတ်အားလုံးမှာ ခါးကိုင်းကာ အရိုအသေပြုကြသည်။

ဘုရင်ခံစံအိမ်တော်မှ ဤတစ်ကြိမ် စေလွှတ်လိုက်သော သံတမန်မှာ ရန်ဝူကျိမဟုတ်ဘဲ လူငယ်တစ်ဦး ဖြစ်သည်။

ဤသူ၏အမည်မှာ ကျူးဝူပိုင်ဖြစ်ပြီး သခင်ကြီးကျူးကျွင်း၏ တူတော်၊ စစ်သူကြီး၏ သားတော်ဖြစ်ကာ စစ်ဘက်အရာရှိတစ်ဦးဖြစ်ပြီး အလားအလာကောင်းများကို ပိုင်ဆိုင်သူဖြစ်သည်။ အမှန်ပင် ခန့်ညား ထည်ဝါလှ၏။

သို့ပေမည့် ရှမ့်လန်သည် ထိုသူ့ကို တစ်ချက်သာ ကြည့်ပြီး အခြားတစ်ယောက်ကို စိုက်ကြည့်နေမိသည်။ထိုသူမှာ လက်ရှိ ရွှမ်ဝူမြို့စားစံအိမ်တော်၏ ရန်သူတော်၊ ကျင်းဟိုင်မြို့စားစံအိမ်တော်၏ ဆက်ခံသူ ထန်ယွင် ပင်တည်း။

၎င်းကို ပထမဆုံး မြင်လိုက်ရချိန်၌ ရှမ့်လန်သည် စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ကျင်းမူကုန်းကို သေအောင် ရိုက်သတ်ပစ်ချင်စိတ်ပင်။

ကြည့်စမ်းပါအုံး။ အားလုံးက မြို့စားစံအိမ်တော်ရဲ့ ဆက်ခံသူတွေချည်းပဲ။ တခြားသူတွေ ဘယ်လောက်တောင် ထက်မြက်လိုက်သလဲ .... ကြည့်စမ်း။ မင်း ... ကျင်းမူကုန်းက အသုံးမကျတဲ့ကောင်ပဲ။

ထန်ယွင်သည် ထက်မြက်တာထက်ပင် ပိုနေသေးသည်။ ဤကျင်းဟိုင်မြို့စားစံအိမ်တော် ဆက်ခံသူ၏ မောက်မာမှုသည် ၎င်း၏ဦးထုပ်ကိုပင် ဖောက်ပြီး ကောင်းကင်ပေါ်တက်သွားမတတ်ပင်။ ၎င်း၏ ရုပ်ရည်သည် အလွန်ခန့်ညားသော်လည်း လူအများသတိပြုမိစေသောအရာမှာ ၎င်း၏ မောက်မာမှုပင် ဖြစ်သည်။

ဤ ထန်ယွင်၏ မျက်နှာနှင့် မျက်လုံးများတွင် စာသားများ ရေးထိုးထားသကဲ့သို့ပင်။ ‘ကျုပ်က လူတိုင်းကို အထင်သေးနေတာ’

သို့ပေမည့် အဘယ်ကြောင့်မှန်းမသိ မောက်မာသော ကျန်းကျင်းသည်ပင် ဤမောက်မာသော ထန်ယွင်၏ ရှေ့တွင် အလွန်ရိုကျိုးနေသည်ကို တွေ့ရသည်။ ကျူးဝူပိုင်၏ အဆင့်အတန်းမှာ အလွန်မြင့်မားသည်။ သူ၏ဦးလေးသည် ထျန်းနန်စီရင်စု၏ အုပ်ချု်ပရေးမှုးဖြစ်ပြီး ဖခင်မှာ စစ်သူကြီးဖြစ်သော်လည်း သူသည် ထန်ယွင်၏ နောက်တွင် ခြေတစ်လှမ်းမျှ နောက်ကျကျန်နေခဲ့သည်။

မြို့တော်ဝန် လျှိုဝူယမ်မှာမူ ထန်ယွင်ကို အားကျကြည်ညိုသော မျက်ဝန်းများဖြင့် ကြည့်နေ၏။

ရှမ့်လန်က မေးလိုက်သည်။ “မိန်းမ... ငါက ပိုချောလား၊ သူက ချောလား”

မူလန်က ပြောလိုက်၏။ “ယောက်ျားက ပိုချောတယ်”

ရှမ့်လန်က မေးလိုက်သည်။ “သူက ဘာလို့ အဲလောက်တောင် ချောနေရတာလဲ”

မူလန်က ပြောလိုက်၏။ “သူက ကျင်းဟိုင်မြို့စားစံအိမ်တော်ရဲ့ ဆက်ခံသူဖြစ်ရုံတင်မကဘူး။ စာပေရော စစ်ရေးမှာပါ ထူးချွန်တဲ့လူငယ်တစ်ယောက်လေ။ ဒီနှစ်ရဲ့မြို့တော်အဆင့် စာမေးပွဲမှာ တတိယ၊ နန်းတွင်း စာမေးပွဲမှာ စတုတ္ထရတယ်”

“........”

လူအားလုံးတို့အား အမှိုက်ကဲ့သို့ သဘောထားသော မျက်နှာပေးမျိုး ရှိသည်မှာ အံ့ဩစရာမရှိပေ။ ရှမ့်လန်ကဲ့သို့ ဇနီးသည်၏ နာမည်ကို ယူထားသော သားမက်ငယ်လေးမှာ ထန်ယွင်၏ မျက်လုံးထဲတွင် အမည်ပင်မရှိသော ဖြတ်သွားဖြတ်လာ တစ်ယောက်သာ ဖြစ်သည်။

ဤအချက်သည် ရှမ့်လန်ကို အလွန် စိတ်အနှောင့်အယှက် ဖြစ်စေ၏။ “မင်းက ဒီလောက်တောင် မောက်မာတဲ့ ပုံစံပြနေတာ၊ ကျုပ် မရှိဘူးလို့ ထင်နေလား။ ရွှမ်ဝူမြို့တော်မှာ ကျုပ်ရှမ့်လန်ထက် ပိုအံ့အားသင့်စရာ ကောင်းတဲ့သူ ရှိလို့မဖြစ်ဘူး”

All Chapters