အပိုင်း (၉၅)
Vol. 7 Ch. 95
မြို့တော်ဝန် လျှိုဝူယမ်သည် တတိယအဆင့် အစိုးရအမှုထမ်းတစ်ဦးဖြစ်ရာ ထန်ယွင်၏ရှေ့တွင် ဦးညွတ်ရသည်မှာ သဘာဝကျသည်။ ဤသည်မှာ သာမန်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ချင်းဟွာတက္ကသိုလ်၊ ပေကျင်း တက္ကသိုလ်မှ ကျောင်းသားတစ်ဦးကို တွေ့ရသကဲ့သို့ပင်။ စကားပင်မစရသေးမီ အသံသည် လည်ချောင်းထဲ၌ တစ်ဆို့သွားရသည်။
ပွဲရှိ လူသုံးပုံတစ်ပုံသည် ရှေ့သို့တိုးကာ ထန်ယွင်ကို ခါးကိုင်း၍ အရိုအသေပြုကြ၏။ ကျန်ရှိသော သုံးပုံနှစ်ပုံမှာမူ ရှေ့သို့မတက်ချင်၍မဟုတ်ဘဲ ရှေ့သို့တက်ရန် အရည်အချင်း မရှိသောကြောင့်ဖြစ်သည်။ သူတို့လုပ်နိုင်သည်မှာ ထောင့်တစ်နေရာတွင်ရပ်၍ မျက်နှာချိုသွေးသော အပြုံးများဖြင့် ကြည့်နေရန်သာရှိ၏။
“ကျောင်းနေဖက်... မြို့တော်ကနေ ခွဲခွာလာတာ လပေါင်းများစွာ ကြာခဲ့ပြီ။ လွမ်းနေခဲ့တာ။” ချည်ထည် အဝတ်အစားဝတ်ဆင်ထားသော လူငယ်ပညာတတ်တစ်ဦးက ရှေ့သို့တိုးလာပြီး ထန်ယွင်ကို ဦးညွှတ် အရိုအသေပြုလိုက်သည်။
ထန်ယွင်က အသာအယာ ပြန်ပြောလိုက်သည်။ “ညီတော်လီ... နေကောင်းရဲ့လား”
နောက်ထပ် လူကြီးတစ်ဦး ဝင်ရောက်လာသည်။ ထိုသူသည် ဒုတိယအဆင့် အစိုးရအမှုထမ်းတစ်ဦးဖြစ်ပြီး ရာထူးအသစ်ခန့်အပ်ခံရသော ငွေရောင်ဝတ်စုံတော် ဖြစ်သည်။ ငွေရောင်ဝတ်စုံတော်သည် အသိအမှတ်ပြု စုံစမ်းစစ်ဆေးရေး အရာရှိတစ်ယောက်ဖြစ်ပြီး ဘုရင်မင်းမြတ်၏ အထူးအခွင့်အရေးပေးထားသော တိုက်ရိုက် အထူးစုံစမ်းရေး အဖွဲ့အစည်းတစ်ခုမှ ဖြစ်သည်။ နောက်ပိုင်းတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် လူငယ်အရာရှိများစွာသည် ဤဂုဏ်သတင်းကြီးသော အဖွဲ့အစည်းသို့ ဝင်ရောက်ခဲ့ကြ၏။
ရှမ့်လန် ဤလူ့ကို သိသည်။ ရွှမ်ဝူမြို့တော်၏ အမှန်တကယ် စာဂျပိုးတစ်ဦးပင် ဖြစ်သည်။ ရှမ့်လန်သည် ငယ်စဉ်ကတည်းက ထိုသူ၏အမည်ကို နားရည်ဝနေအောင် ကြားခဲ့ရပြီး နားထဲတွင် အသားမာပင် တက်လုနီးပါး ဖြစ်ခဲ့သည်။
လီဝမ်ကျန့် - ရွှမ်ဝူမြို့တော်၏ ဂုဏ်ဆောင်၊ ရွှမ်ဝူမြို့တော်ရှိ လူငယ်ပညာသင်အားလုံး၏ ရန်သူတော်ပင် ဖြစ်သည်။ အကြောင်းမှာ ဆရာများက တပည့်များကို ရိုက်နှက်ဆုံးမသည့်အခါတိုင်း စကားတစ်ခွန်းကို ပြောလေ့ ရှိသောကြောင့်ပင်။ “... လီဝမ်ကျန့်ကို ကြည့်စမ်း။ မင်းနဲ့ တခြားစီပဲ။ မင်းက တကယ် အသုံးမကျတဲ့ ကောင်ပဲ။”
ထို့နောက် ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း .... ဆုံးမသည့် ကြိမ်လုံးသည် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာတတ်၏။
ရှမ့်လန်သည် ငယ်စဉ်မှစ၍ အရွယ်ရောက်သည်အထိ ဆရာ၏ အရိုက်အနှက်ကို အကြိမ် ရှစ်ရာကျော် ခံခဲ့ရပြီး ကိုးဆယ်ရာခိုင်နှုန်းသော အကြိမ်တွင် အရိုက်မခံရမီ လီဝမ်ကျန့် ဟူသော အမည်သုံးလုံးကို ကြားရလေ့ရှိ၏။ ထို့ကြောင့် သူ၏မှတ်ဉာဏ်ထဲတွင် လီဝမ်ကျန့်ဆိုသည်မှာ အရိုက်ခံရတော့မည့် အချက်ပြသံပင် ဖြစ်သည်။
ရှမ့်လန်သည် ကမ္ဘာမြေမှ ဝိညာဉ်ကူးပြောင်းလာသူ ဖြစ်သော်လည်း ထိုသူကို မြင်လိုက်သည်နှင့် အလိုလို နာကျင်သလို ခံစားလိုက်မိ၏။
ဤလီဝမ်ကျန့်သည် ယခုနှစ်တွင် နှစ်ဆယ့်ရှစ်နှစ် ရှိပြီဖြစ်ပြီး ထန်ယွင်နှင့် တစ်သုတ်တည်း ဒုတိယအဆင့် အမတ်တစ်ဦး ဖြစ်၏။ နှစ်ဆယ့်ရှစ်နှစ် ဆို၍ အသက်ကြီးသည်ဟု မထင်လိုက်ပါနှင့်။ အသက် နှစ်ဆယ့်ရှစ်နှစ်ဖြင့် အစိုးရအမှုထမ်း တစ်ဦး ဖြစ်လာခြင်းမှာ အလွန်ပင် ကြီးကျယ် ခမ်းနားလှသည်။
ရွှမ်ဝူမြို့တော်၏ ထင်ရှားကျော်ကြားသူများထဲတွင် လီဝမ်ကျန့်နှင့် ရှမ့်လန်တို့သည် အဆင့်အတန်း တူညီကြသည်။ သို့ပေမည့် ရှမ့်လန်၏ ကျော်ကြားမှုမှာ အများအားဖြင့် အနုတ်လက္ခဏာဆောင်၏။ မွေးရာပါ ဉာဏ်ရည် မပြည့်ဝသူ၊ မိန်းမထဘီကြားခေါင်းစိုက်နေသူ၊ လောင်းကစားဘုရင်၊ ယခုတော့ ကာမစာပေဘုရင်ကြီး ဟူသော ဘွဲ့တစ်ခုကိုပါ ထပ်ပေါင်းရပေမည်။
လီဝမ်ကျန့်၏ ဘွဲ့အမည်မှာမူ တစ်ခုတည်းသာရှိသည်။ ‘ရွှမ်ဝူမြို့တော်၏ ဂုဏ်ဆောင်’ မည်မျှ တောက်ပ၍ အပေါင်းလက္ခဏာ ဆောင်လိုက်ပါသနည်း။ သူနှင့် ရှမ့်လန်မှာ သာမန်အရပ်သားများမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ ရှမ့်လန်သည် အသုံးမဝင်သောသူ တစ်ယောက်ဖြစ်ပြီး မိန်းမထမီနား ခိုစားနေသူဖြစ်သည်။
လီဝမ်ကျန့်မှာမူ မိမိကိုယ်ကိုယ် တိုးတက်အောင် အားထုတ်ပြီး နောက်ဆုံး၌ ဒုတိယအဆင့် အစိုးရအမှုထမ်းတစ်ဦး ဖြစ်လာခဲ့ရာ ဘဝ၏ စံပြပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်၏။
ရွှမ်ဝူမြို့စားကြီးသည် သားမက်တော်ရွေးသည့်အခါ လီဝမ်ကျန့်ကို လုံးဝ စဉ်းစားခဲ့ခြင်းမရှိပေ။ အကြောင်းမှာ ၎င်း၏ ကျော်ကြားမှုမှာ အလွန်ကြီးမားပြီး ဒုတိယအဆင့် အစိုးရအမှုထမ်းတစ်ဦးဖြစ်နေသောကြောင့်ပင်။
နန်းတွင်းစာမေးပွဲဖြေဆိုပြီးနောက် ဤ လီဝမ်ကျန့်သည် အောင်မြင်မှုများဖြင့် အိမ်ပြန်လာခဲ့သည်။ မြို့ထဲရှိလူအုပ်ကြီးသည် လမ်းပြည့်အောင် ကြိုဆိုခဲ့ကြသည်။ ယခုအခါ သူသည် ငွေရောင်ဝတ်စုံတော် အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေပြီး နိုင်ငံတစ်ဝှမ်းရှိ ခရိုင်အသီးသီးကို စစ်ဆေးရ၏။ ရာထူးမှာ မမြင့်မားသော်လည်း အာဏာမှာ အံ့မခန်းဖြစ်ပြီး ပြည်နယ်အုပ်ချုပ်ရေးမှုးပင်လျှင် သူ့ကို လေးစားရသည်။
ယနေ့ ကျန်းကျင်းနှင့် ရှစ်ချင်းချင်းတို့၏ စေ့စပ်ပွဲတွင် ဤဒုတိယအဆင့်အစိုးရအမှုထမ်းသည် တတိယအဆင့် အမြင့်ဆုံးနေရာ၌ နေရာယူထားသည်။ ရှမ့်လန်နှင့် ကျင်းမူလန်တို့နှင့် နှိုင်းယှဉ်ပါက နေရာခြောက်ခုမျှ ကွာခြားနေ၏။
… …
“ကျန်းပေနယ်စားအိမ်တော်မှ ဒုတိယသခင်လေး နန်ကုန်းဖျင် ကြွရောက်လာပါပြီ”
ဤအသံသည် လူအများကို စိတ်လှုပ်ရှားစေသည်။ ဇာတ်သိမ်းပိုင်း မတိုင်မီ အရေးပါဆုံး ဇာတ်ကောင် ရောက်ရှိလာပြီဖြစ်သည်။
ကျင်းဟိုင်မြို့စားစံအိမ်တော်မှ ဆက်ခံသူ ထန်ယွင်၊ စစ်သူကြီး၏ သားတော် ကျူးဝူပိုင်၊ ဘုရင်ခံ ကျန်းချုံး၏ သားတော် ကျန်းကျင်း၊ ဒုတိယအဆင့်အစိုးရအမှုထမ်း လီဝမ်ကျန့်နှင့် ရွှမ်ဝူမြို့တော်ဝန် လျှိုဝူယမ် ... ဤလူငါးယောက်တို့သည် နေရာမှ ထွက်ခွာသွားကြသည်။ အကြောင်းမှာ ဤလူငါးဦးသာလျှင် ကျန်းပေနယ်စား အိမ်တော်မှ သခင်လေးကို ကြိုဆိုရန် အရည်အချင်းရှိသောကြောင့်ပင်။
ရှစ်ကွမ်းယွမ် နှင့် ရှစ်ချင်းချင်းတို့သည် အိမ်ရှင်များဖြစ်သော်လည်း သွားရောက်ကြိုဆိုရန် အရည်အချင်း မရှိကြပေ။
ဤအချိန်မှာတော့ ထန်ယွင်၏ အကြည့်သည် ကျင်းမူလန်ဆီသို့ ရောက်သွားသည်။ အကြောင်းမှာ မူလန်သည် ရွှမ်ဝူမြို့စားအိမ်တော်၏ တရားဝင်သမီးတော်ဖြစ်ပြီး အဆင့်အတန်းမှာ မြင့်မြတ်သောကြောင့်ပင်။
မူလန်သည် ရှမ့်လန်ကို ကြည့်လိုက်သည်။
“မိန်းမ ငါ မသွားဘူး” ရှမ့်လန်က ပြောလိုက်၏။
မူလန်က ပြောလိုက်သည်။ “ကျွန်မ သွားကြိုလိုက်မယ်”
မူလန်သည် သေသေချာချာ စဉ်းစားရသည်။ ကျန်းပေနယ်စားအိမ်တော်မှာ စစ်ဘက်ဆိုင်ရာ အကြီးအကဲဖြစ်ပြီး တော်ဝင်မျိုးနွယ်ဟောင်းမှ ဆင်းသက်လာသော တော်ဝင်မျိုးနွယ်တစ်ဦးဟု ဆိုနိုင်သော်လည်း ယခုအခါ မူဝါဒသစ်ကို ကိုင်ဆွဲသော နိုင်ငံရေးအုပ်စုသစ်ဘက်သို့ ယိမ်းယိုင်နေသည်။ သို့သော်ငြား တော်ဝင်မျိုးနွယ်ဟောင်းများ၏ ကိုယ်စားလှယ် တစ်ဦးအား မူလန်သည် သွားရောက် ကြိုဆိုရပေမည်။
အဆင့်အတန်း အမြင့်မြတ်ဆုံး လူခြောက်ယောက်တို့သည် သွားရောက်ကြိုဆိုကြ၏။
ခဏအကြာတွင် ကျန်းပေနယ်စားအိမ်တော်မှ သခင်လေး နန်ကုန်းဖျင်သည် ခန်းမဆောင်ထဲသို့ ဝင်ရောက် လာသည်။
ပရိသတ်အားလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
ရှမ့်လန်သည် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ဤကျန်းပေနယ်စားအိမ်တော်မှ ဒုတိယသခင်လေးသည် ရုပ်ရည် ချောမောသော်လည်း ထန်ယွင်ကဲ့သို့ ခန့်ညားခြင်းမရှိ၊ ထန်ယွင်ကဲ့သို့ မောက်မာခြင်းမရှိဘဲ အပြုံးများဖြင့် ပြည့်နှက်နေပြီး လူအများအား နွေးထွေးသော နွေဦးလေပြေကဲ့သို့ ခံစားရစေသည်။
သို့ပေမည့် သူ၏ဘေးတွင် လူတစ်ယောက်ရှိနေသေး၏။ ခန့်မှန်းချက်သည်သာ မှန်ကန်ပါက ထိုသူသည် ယင်ယွမ်အဖွဲ့အစည်းမှ ရှူထင်းယွီ ဖြစ်ပေမည်။ ဤသူ၏အမည်သည် ချောမောသော အမျိုးသားတစ်ဦး၏ အမည်ကဲ့သို့ အသံထွက်သော်လည်း အမှန်တကယ်တွင်မူ ဝတုတ်တုတ်ဖြင့် လူယုတ်မာတစ်ဦး ဖြစ်နေသည်။ သူ၏ မျက်နှာမှာ ပေါက်စီ ထက်ပင် ဖြူဖွေးပြီး ချောမွေ့ဝဖြိုးနေ၏။
ဤယင်ယွမ်အဖွဲ့အစည်းမှ ရှူထင်းယွီသည် အမှန်တကယ် ပြုံးမနေသော်လည်း သူ၏မျက်နှာမှာ အမြဲတစေ ပြုံးနေသကဲ့သို့ ထင်ရသည်။
လူကြီးမင်းအားလုံး ရောက်ရှိနေကြပြီဖြစ်၏။ ကျန်းချုံးမှာ မရောက်ရှိလာချေ။ အသက်အရွယ် ကြီးရင့်သော အကြီးအကဲများမှာလည်း မရောက်ရှိလပေ။ ၎င်းတို့သည် မင်္ဂလာပွဲသို့သာ ရောက်ရှိလာကြမည် ဖြစ်ပြီး စေ့စပ်ပွဲသို့ ရောက်ရှိလာသော အဓိကပုဂ္ဂိုလ်များမှာ လူငယ်မျိုးဆက်များသာ ဖြစ်ကြ၏။
… …
စေ့စပ်ပွဲ စတင်တော့မည်။ ရွှမ်ဝူမြို့စားစံအိမ်တော်ကို အရပ်ရှစ်မျက်နှာမှ ဝန်းရံတိုက်ခိုက်မည့် အကြိုပွဲမှာ တရားဝင် စတင်တော့မည်။ တစ်ဖက်တွင် လူတစ်ဖွဲ့လုံးရှိပြီး နောက်ခံအင်အားမှာ တစ်ဦးထက်တစ်ဦး ပိုမို ကြီးမားကြသည်။
သို့သော်ငြား စိန်ခေါ်မှုကို လက်ခံမည့်ဘက်တွင်မူ ရှမ့်လန် တစ်ဦးတည်းသာ ရှိ၏။
မူလန်က တီးတိုး မေးလိုက်သည်။ “ယောက်ျား... ဘယ်လိုလုပ်မလဲ”
ရှမ့်လန်က ပြောလိုက်၏။ “ပြောသင့်မပြောသင့် မသိတဲ့ စကားအနည်းငယ်ရှိတယ်”
မူလန်က ပြောလိုက်သည်။ “ကျွန်မ နားထောင်ချင်တယ်”
ရှမ့်လန်က ပြောလိုက်၏။ “ဒီပွဲမှာရှိနေတဲ့လူတွေအားလုံးက အမှိုက်တွေ၊ ရွှံ့နဲ့လုပ်ထားတဲ့ကြက်၊ အိုးခြမ်းပဲ့လို ယုတ်ညံ့တဲ့ ခွေးတွေပဲ။ မိန်းမ... မင်းသိလား၊ ဘယ်လိုစစ်တုရင်ပွဲက အဓိပ္ပာယ်အမဲ့ဆုံးလဲဆိုတာ”
မူလန်သည် ဘေးတစ်ဖက်မှ စကားထောက်ပေးလိုက်သည်။ “ဘာလဲဟင်”
ရှမ့်လန်က ပြောလိုက်၏။ “ကစားပွဲမစခင်တည်းက ရန်သူက ပထမအဆင့်မှာ ဘယ်လိုရွှေ့မယ်။ ဒုတိယအဆင့်မှာ ဘယ်လိုရွှေ့မယ်။ တတိယအဆင့်မှာ ဘယ်လိုရွှေ့မယ်ဆိုတာ သိနေတာပေါ့။ ဒါပေမဲ့ ဒါကလည်း ပျော်ဖို့ကောင်းတာပါပဲ”
“ရှစ်မိသားစုရဲ့ ပထမအဆင့်.. ဟိုပြည့်တန်ဆာမက လူကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာ။ ဒါက လိပ်သိုင်းကွက်လိုပဲ။ လုံးဝမထင်မှတ်ထားတဲ့ အကွက်တစ်ခုပဲ။ ဒါပေမဲ့ ရန်သူရဲ့ ဒုတိယအဆင့်၊ တတိယအဆင့် ကတော့ ခန့်မှန်းလို့ရတယ်”
မူလန်က ပြောလိုက်သည်။ “ကျွန်မ မယုံဘူး”
ရှမ့်လန်သည် လက်ချောင်းဖြင့် ဝိုင်ကို တို့ထိကာ စားပွဲပေါ်တွင် လူတစ်ယောက်၏ အမည်ကို ရေးလိုက်၏။ “ဝမ်လျှံ”
ရှမ့်လန်၏ စာကိုမြင်တော့ မူလန်က မေးလိုက်သည်။ “ဒုတိယမြောက် တိုက်ခိုက်မယ့်သူက ဝမ်လျှံ - ဝမ်းကွဲအစ်ကို ဖြစ်လိမ့်မယ်လို့ ယောက်ျားထင်နေတာလား”
ရှမ့်လန်က ခေါင်းညိတ်လိုက်၏။ “ကိုးဆယ်ရာခိုင်နှုန်း”
မူလန်သည် သံသယဝင်သွားသည်။ သူမ၏ခင်ပွန်းသည် အလွန်တော်ကြောင်း သူမ သိသော်လည်း ဤကိစ္စမှာ ခန့်မှန်းရန် မဖြစ်နိုင်ပေ။ သို့ပေမည့် ရှမ့်လန်သည် အလွန်ယုံကြည်မှုရှိသော ပုံစံဖြင့် ရှိနေသည်။
ကျန်းကျင်းသည် အရက်ခွက်ကို မြှောက်ကိုင်ပြီး အခမ်းအနားကို စတင်ဖို့ အမိန့်ပေးရန် ပြင်လိုက်သည်။ သို့ပေမည့် ထိုအချိန်တွင် လူတစ်ယောက်တစ်ခု ပြေးဝင်လာသည်။ ရွှမ်ဝူမြို့တော်ဝန်၏ စာရေး၊、မူလန်၏ ဝမ်းကွဲအစ်ကို、အကျဉ်းထောင်အမှုထမ်း ဝမ်လျှံ။
၎င်းသည် အရက်မူးနေဟန်တူပြီး ခန်းမဆောင်ထဲသို့ ယိုင်ထိုးကာ ဝင်လာသည်။
ကျန်းကျင်းက ပြောလိုက်၏။ “ညီအစ်ကို ဝမ်လျှံ.. နောက်ကျလှချည်လား။ နောက်ကျရင် ဒဏ်အဖြစ် ခွက် သုံးခွက်သောက်ရမယ်”
သူတို့နှစ်ဦးသည် ရန်ငြိုးရှိကြသော်လည်း ဤအချိန်တွင်မူ ရင်းနှီးချစ်ခင်နေကြသည်။ အမှန်ပင် ရန်သူ၏ရန်သူမှာ မိတ်ဆွေပင်။
ဝမ်လျှံသည် ဂရုမစိုက်ဘဲ ကျင်းမူလန်၏ ရှေ့သို့ တိုက်ရိုက်ပြေးဝင်သွားသည်။ သူ၏အကြည့်များသည် အချစ်ရူး ရူးနေသူတစ်ယောက်ကဲ့သို့ပင်။ “မူလန်... ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့ မင်းက ဒီတိရစ္ဆာန်ကို လက်ထပ်ရတာလဲ။ ငါတို့ရဲ့ သစ္စာတရားကို မင်းမေ့သွားပြီလား။ အရင်နှစ် ဆောင်းဦးလလယ်ပွဲတော်ည လရောင်အောက်မှာ ငါတို့နှစ်ယောက် တစ်သက်တာ ပေါင်းဖက်ဖို့ သဘောတူခဲ့ကြတာကို မင်းမေ့သွားပြီလား”
“အဲနေ့က ပန်းများအောက်မှာ、ချစ်ရည်လူးခဲ့ကြတာတွေ။、ဘဝအဆက်ဆက် လင်မယားအဖြစ် ပေါင်းဖက်ဖို့ သဘောတူခဲ့ကြတာတွေကို မင်းမေ့သွားပြီလား။ ဘာဖြစ်လို့ မင်း ငါ့ကို သစ္စာဖောက်ရတာလဲ။ ဘာဖြစ်လို့ ဒီတိရစ္ဆာန်ကို လက်ထပ်နိုင်ရတာလဲ”
“မင်းအတွက်၊ ငါမြို့တော်အဆင့် စာမေးပွဲကိုတောင် သွားမဖြေခဲ့ဘူး။ ငါ ရွှမ်ဝူမြို့တော်မှာ စာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ငါ့ရဲ့ကောင်းမွန်တဲ့ အနာဂတ်ကို စွန့်လွှတ်ခဲ့တယ်၊ အားလုံးက မင်းအတွက်ပဲ။ ကျင်းမူလန်.. မင်းက .... နှလုံးသားမရှိတဲ့မိန်းမ၊ ဘာဖြစ်လို့ ငါ့အပေါ် ဒီလိုလုပ်ရက်ရတာလဲ။ အဲဒီညက ချစ်ရည်လူးခဲ့ကြတာတွေက မင်းအတွက် အိပ်မက်တစ်ခုပဲလား”
ဝမ်လျှံ၏ အသံမှာ ငိုကြွေးသကဲ့သို့ပင်။
ထိုစကားများကို ကြားရချိန်မှာတော့ မူလန်သည် ချက်ချင်း တုန်လှုပ်သွားသည်။ လူတစ်ယောက်သည် ဤအခြေအနေအထိ အရှက်မဲ့လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
ဝမ်လျှံသည် သူမအပေါ် အရူးအမူး ချစ်ကြိုက်နေသည်ကို မူလန်က သေချာပေါက် ရှင်းရှင်းလင်းလင်း သိထား၏။ ထို့ကြောင့် တမင်တကာ ခပ်ဝေးဝေး နေထိုင်ခဲ့သည်။ ‘ချစ်ရည်လူးခဲ့ကြတယ်ဆိုတာ ဘာလဲ’ သူမသည် ဝမ်လျှံနှင့် သီးသန့်စကားပင် ပြောခဲ့ဖူးခြင်း မရှိပေ။ သို့ပေမည့် ဝမ်လျှံ၏ ပါးစပ်မှ ထွက်လာသောစကားများအရ မူလန်သည် သူနှင့် ခြေရှုပ်နေသကဲ့သို့ ဖြစ်နေသည်။ လူတိုင်းကို သူသည် ရှမ့်လန်၏ ဇနီးနှင့် အတူအိပ်စက်ခဲ့ဖူးကြောင်း ပြောပြလိုခြင်းပင် ဖြစ်ပေမည်။
နောက်ထပ် ညစ်ပတ်သောရေပုံးတစ်ပုံး။ ထို့ထက်ပို၍ ဆေးကြော၍မရနိုင်သော ချေးပုံးတစ်ပုံးဖြင့် လာပက်ခြင်းပင်။ မူလန်သည် အမှန်ပင် ဒေါသထွက်သွားခဲ့သည်။ ရုတ်တရက် ထရပ်ပြီး ဒေါသတကြီး ချေပ ပြောဆိုရန် ပြင်လိုက်သည်။
သို့ပေမည့် ရှမ့်လန်သည် သူမ၏လက်ကို လှမ်း၍ ဆုပ်ကိုင်ထားလိုက်၏။
“မိန်းမ... စိတ်မပူပါနဲ့။ သူက ငါတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နေတာပဲ။ တကယ့်အကွက်ကြီးက နောက်မှလာမှာ။ နာရီဝက်အတွင်း မင်းအပြစ်ကင်းစင်သွားလိမ့်မယ်။ ပြီးတော့ သူ ဆိုးဆိုးရွားရွား သေလိမ့်မယ်” ရှမ့်လန်သည် ဖြည်းညှင်းစွာ ပြောလိုက်သည်။
ဤအချိန်မှာတော့ ပွဲအတွင်းရှိပရိသတ်များသည် တီးတိုးပြောဆိုနေကြ၏။ “အိုး… ရေလို ကြည်လင်ပြီး ကျောက်စိမ်းလို စင်ကြယ်တယ်ဆိုတဲ့ ကျင်းမူလန်က ဝမ်လျှံနဲ့ ခြေရှုပ်ခဲ့တာပဲ”
“အပေါ်ယံမှာ သန့်ရှင်းဖြူစင်တဲ့ အမျိုးသမီးကောင်းတစ်ယောက်လို ဟန်ဆောင်ပြီး တိတ်တဆိတ် ဖောက်ပြန်နေတာပဲ။”
“ရှမ့်လန် သနားပါတယ်။ နွားဖြစ်တာပဲ”
“ဒါက ဘာဆန်းလို့လဲ။ ရှမ့်လန်က သာမန်တောသားလေးတစ်ယောက်ပဲ၊ ကျင်းမူလန်ရဲ့ အိပ်ရာနားကိုတောင် ကပ်လို့ရမှာ မဟုတ်ဘူး။ သူတို့လက်ထပ်တာက အတုအယောင်သက်သက်ပဲ။ လက်ထပ်ပြီးနောက် ကျင်းမူလန် ဘယ်ယောက်ျားနဲ့ပဲ အိပ်အိပ် ရှမ့်လန် ဝင်စွက်ဖက်ခွင့်မရှိဘူး”
ရှမ့်လန်သည် စာအုပ်တစ်အုပ်ကို ထုတ်ကာ ဤအတင်းအဖျင်းပြောနေသော အမျိုးသမီးများ၏ မျက်နှာများကို ကြည့်ပြီး ၎င်းတို့၏နာမည်များကို ရေးချနေသည်။ သူမသိလျှင် မူလန်ကို မေးသည်။
မူလန်က မေးလိုက်၏။ “ယောက်ျား... ရှင် သူတို့ရဲ့နာမည်တွေကို ဘာလုပ်ဖို့ ရေးနေတာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “သူတို့ကို သေရွာမရောက် အရှင်လတ်လတ် ငရဲကျအောင်လုပ်ပြီး ဒီလောကမှာ မွေးဖွားလာတာကို နောင်တရအောင် လုပ်မလို့”
ဤအချိန်တွင် ဝမ်လျှံသည် ကျင်းမူလန်ကို အချစ်ရူးကဲ့သို့ ကြည့်နေဆဲဖြစ်ပြီး သူ၏ အကြည့်များသည် ချစ်စိတ်ဖြင့် ရှုပ်ထွေးနေကာ မျက်နှာအမူအရာမှာ အတိတ်ကို ပြန်လည်အမှတ်ရနေသကဲ့သို့ပင်။ ဆောင်းဦးလလယ် ပွဲတော်ညက ချစ်ရည်လူးခဲ့သည်ကို ပြန်လည်မြည်းစမ်းနေသကဲ့သို့ ဖြစ်နေ၏။
ကျန်းကျင်းသည် ဝမ်လျှံကို ဆွဲထုတ်ကာ သူ၏နေရာသို့ ပြန်သွားရန် ဖြောင်းဖျလိုက်၏။ “ညီအစ်ကို ဝမ်လျှံ... ပွဲမစသေးဘူး။ ဘယ်လိုဖြစ်ပြီး စောစောစီးစီး မူးနေရတာလဲ”
ထို့နောက် ကျန်းကျင်းသည် ရှမ့်လန်ကို ကျေနပ်သော အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်သည်။ မင်း ရှမ့်လန်က မျက်နှာကို ဂရုမစိုက်ဘူး။ ဘာကိုမှ မကြောက်ဘူး။ ဒါပေမဲ့ မင်းရဲ့ဇနီး ကျင်းမူလန်ကတော့ ဂုဏ်သတင်းကို တန်ဖိုးထားတယ်။ ကျုပ်တို့က ဒီချေးရေပုံးကို သူမရဲ့ကိုယ်ပေါ် ပက်လိုက်တာ မင်းဘယ်လိုလုပ်မလဲ။ ဒေါသမြစ်ထဲ ခုန်ချရင်တောင် ဆေးကြောလို့ စင်ကြယ်မှာ မဟုတ်ဘူး။
ရှမ့်လန်သည် လက်ချောင်းဖြင့် ဝိုင်ကိုတို့ရင်း ဝမ်လျှံ၏ အမည်ပေါ်တွင် ကြက်ခြေခတ်တစ်ခု ရေးလိုက်သည်။ အကြောင်းမှာ သူ၏မျက်လုံးထဲတွင် ဝမ်လျှံသည် လူသေတစ်ယောက် ဖြစ်သွားသောကြောင့်ပင်။ ထို့နောက် သူသည် အမည်တစ်ခုကို ရေးလိုက်သည်။ ‘လီဝမ်ကျန့်’
မူလန်သည် တိုးညင်းစွာ မေးလိုက်၏။ “ယောက်ျာ... တတိယအဆင့် တိုက်ခိုက်မှုကို သူ လုပ်မှာလား”
သို့ပေမည့် ဤသူသည် ငွေရောင်ဝတ်စုံတော် အရာရှိဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ ခရိုင်အသီးသီးကို ဘုရင့်အမိန့်ဖြင့် စစ်ဆေးသူဖြစ်သည်။ ရာထူးမှာ မမြင့်မားသော်လည်း မည်သူမျှ မထိပါးဝံ့ပေ။ ခရိုင်အုပ်ချုပ်ရေးမှုးပင် သူ့ကို ကြောက်ရွံ့ရိုသေရသည်။ (ပြည်နယ်အုပ်ချုပ်ရေးမှုးကို ဘုရင်ခံဟူလည်း သုံးနှုန်းသည်)
“ဟုတ်တယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ပြီးတော့ သူက ငါ့ကို နောက်ဆုံး သေစေနိုင်တဲ့ ထိုးနှက်ချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေအောင် တွန်းပို့မယ့်သူပဲ”
ထို့နောက် ရှမ့်လန်သည် လီဝမ်ကျန့်၏ အမည်ပေါ်တွင် ကြက်ခြေခတ်တစ်ခု ရေးလိုက်သည်။ အကြောင်းမှာ သူ၏မျက်လုံးထဲတွင် ဤရွှမ်ဝူမြို့တော်၏ ဂုဏ်ဆောင်သည် သေလမ်းသို့ ရောက်နေပြီ ဖြစ်သောကြောင့်ပင်။ ယနေ့ညမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်သော ညတစ်ည ဖြစ်လာမည်မှာ မလွဲဧကန်ပင်။