အပိုင်း (၉၆)
Vol. 7 Ch. 96
ပွဲတော်ကြီး စတင်ပြီဖြစ်၏။ ပထမဦးစွာ ကျန်းကျင်းသည် ကျေးဇူးတင်စကား ပြောကြားသည်။ အထူးသဖြင့် အရေးပါသော လူကြီးမင်းများ ကြွရောက်လာခြင်းကို အထပ်ထပ် ကျေးဇူးတင်ကြောင်း ပြောဆိုသည်။
ထို့နောက် ရွှမ်ဝူမြို့တော်ဝန်လျှိုဝူယမ်က မိန့်ခွန်းပြောကြားပြီး ကျန်းကျင်းနှင့် ရှစ်ချင်းချင်းတို့အား ကောင်းကင်ဘုံမှ ဖန်ဆင်းပေးသော စုံတွဲတစ်တွဲဟု ချီးကျူးဂုဏ်ပြု၏။
ပြီးနောက် ကျူးဝူပိုင်က မိန့်ခွန်း ပြောကြားပြီး ကျန်းကျင်းနှင့် ရှစ်ချင်းချင်းတို့၏ နတ်ဖက်တဲ့စုံတွဲဖြစ်မှုကို ဂုဏ်ပြုစကားဆိုပြန်သည်။
အနှစ်သာရမရှိသော စကားလုံးပေါင်း ငါးထောင်ခန့်ကို ချန်လှပ်၍ ဆိုရသော် ဤသူများ မိန့်ခွန်း ပြောကြားနေစဉ်အတွင်း ဒုတိယအဆင့် အစိုးရအမှုထမ်း၊ ငွေရောင်ဝတ်စုံတော်အရာရှိ လီဝမ်ကျန့်သည် စကားမပြောဘဲ ထိန်းထိန်းသိမ်းသိမ်းဖြင့် လက်ခုပ်တီးလျက် ပြုံးနေ၏။
နန်ကုန်းဖျင်သည် စကားမပြော၊ လက်ခုပ် မတီးဘဲ ပြုံး၍သာနေသည်။ ထန်ယွင်မှာမူ မောက်မာ ထောင်လွှားစွာဖြင့် စကားလည်းမပြော၊ လက်ခုပ်လည်း မတီး၊ ပြုံးလည်းမပေ။
ရှမ့်လန်မှာတော့ အမောက်မာဆုံးဖြစ်သည်။ စကားလည်းမပြော၊ လက်ခုပ်လည်းမတီး၊ ပြုံးလည်းမပြဘဲ ကာမရုပ်ပုံ စာအုပ်တစ်အုပ်ကိုပင် ထုတ်ကာ ခပ်တည်တည် ဖတ်ရှုနေသည်။ မူလန်သည် ၎င်းအား ဘေးမှ သုံးချက်တိတိဆိတ်ပြီး ဖြစ်သည်။
ထို့နောက် စေ့စပ်ပွဲသည် ဝိုက်ခွက်များ အပြန်အလှန်တိုက်ပြီး အရသာရှိသော အစားအစာများကို အားရပါးရ စားသုံးသည့် အချိန်သို့ ရောက်ရှိလာ၏။
သို့ပေမည့် အခြေအနေမှာ အနည်းငယ် အနေရခက်နေ၏။ အကြောင်းမှာ အလွန်ရိုးရှင်းသည်။ ရှမ့်လန်နှင့် ကျင်းမူလန်တို့ ရှိနေသောကြောင့်ပင်။ ၎င်းတို့၏ ယနေ့ညတာဝန်သည် ရှမ့်လန်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ဖြစ်သည်။
မည်မျှကောင်းမွန်သော အခွင့်အရေး ဖြစ်သနည်း။ ကျန်းပေနယ်စားအိမ်တော်မှ ဒုတိယသခင်လေး၊ ကျင်းဟိုင်မြို့စားစံအိမ်တော်မှ ဆက်ခံသူ ထန်ယွင်၊ ငွေရောင်ဝတ်စုံတော် အရာရှိ လီဝမ်ကျန့်၊ စစ်သူကြီး၏ သားတော် ကျူးဝူပိုင်တို့ အားလုံးရှိနေကြသည်။ သို့ပေမည့် မည်သူမျှ စကားစရန် မဝံ့ကြပေ။ စည်းချက်ပျက်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။
အချိန်အနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် တစ်စုံတစ်ယောက်က စတင်လိုက်၏။ ဤသူ၏ အမည်မှာ အရေးမကြီးပေ။ အဓိကမှာ ထိုသူသည် ကျောင်းတော်သား ပညာရှိတစ်ဦး ဖြစ်ခြင်းပင်။ ရွှမ်ဝူမြို့တော်တွင်ပင် ကျောင်းတော်သား ပညာရှိဆိုသည်မှာ အထက်တန်းလွှာဖြစ်ပြီး အလွန်ရှားပါးသည်။ သို့ပေမည့် ယနေ့ညပွဲတွင်မူ ၎င်းသည် ပွဲစ ခရာမှုတ်သူ တစ်ယောက်သာသာ ဖြစ်ခဲ့သည်။
“မကြာသေးခင်က ထူးဆန်းတဲ့ စာအုပ်တစ်အုပ် ထွက်ပေါ်လာတာကို အားလုံးသိကြပါသလား”
ရှမ့်လန်၏ စိတ်အစဉ်မှာ တက်ကြွသွား၏။ “လာပြီ”
“မသိဘဲနေဖို့ ခက်တာပေါ့။ ဒီစာအုပ်က ယန်ဝူခရိုင်နဲ့ နုကျန့်ခရိုင်မှာ မီးလိုပျံ့နှံ့နေတာ၊ ပြီးတော့ ဒီမီးတောက်က မကြာခင် တောင်ပိုင်းပြည်နယ်တစ်ခုလုံးကို ပျံ့နှံ့သွားမယ့်ပုံပဲ”
“ဒီစာအုပ်က တကယ်ကို အရေးအသား ကောင်းတယ်။ အတွင်းထဲက စာသားတွေက အလွန်ပြောင်မြောက်ပြီး လောကရဲ့ အဖြစ်အပျက်တွေကို အလုံးစုံ ထင်ဟပ်စေတယ်”
ကြည့်ရသည်မှာ ဤအရာမှာ မူမမှန်ပေ။ ဤလူများက ရှမ့်လန်၏စာအုပ်ကို ချီးကျူးနေကြသည်။ အဘယ်ကြောင့်နည်း။ ပထမဆုံး ဤစာအုပ်ကို ကောင်းကင်ဘုံအထိ မြှောက်ပင့်ပြောဆိုပြီးမှ အောက်သို့ ရိုက်ချပေလိမ့်မည်။
ထို့အပြင် သူတို့သည် စေ့စပ်ပွဲတွင် ဤစာအုပ်အကြောင်းကို လွတ်လပ်စွာ ပြောဆိုနိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် မည်သူမျှ ဤစာအုပ်၏ မျက်နှာဖုံးတွင် ရှစ်ချင်းချင်းရှိကြောင်း ထုတ်ပြောမည် မဟုတ်သောကြောင့်ပင်။ ဤသည်မှာ ဒဏ္ဍာရီထဲမှ တားမြစ်ချက်တစ်ခုပင်။
အကယ်၍ လမ်းမပေါ်တွင် ဤစာအုပ်အကြောင်းကို ပြောဆိုကြမည်ဆိုပါက ကျိန်းသေပေါက် ရှစ်ချင်းချင်း အကြောင်း မစားရဝခမန်း ပြောဆိုကြပေလိမ့်မည်။
“ခင်ဗျားတို့ မသိသေးဘူးထင်တယ်၊ ဒီစာအုပ်ရဲ့ စာရေးဆရာ လန်လင်ရှောင်ရှောင်ရှမ့် ... (ရှမ့်မူကုန်း) ဆိုတာ ကျွန်တော်တို့ရဲ့ ကြားမှာ ရှိနေတယ်”
“တကယ်လား”
“မဖြစ်နိုင်ဘူး။ အရမ်းအံ့ဩဖို့ကောင်းလိုက်တာ”
“မြန်မြန်ပြောပါ။ ဘယ်သူလဲဆိုတာ မြန်မြန်ပြောပြပါ”
ဤလူများ၏ ဟန်ဆောင်ပန်ဆောင် သရုပ်ဆောင်ချက်များသည် အမှန်ပင် မျက်နှာလွှဲချင်လောက်အောင် ရွံရှာဖို့ ကောင်းသည်။
“ဒီ လန်လင်ရှောင်ရှောင်ရှမ့် (ရှမ့်မူကုန်း) ဆိုတာကတော့ ရွှမ်ဝူမြို့စားစံအိမ်တော်ရဲ့ သားမက်တော် ရှမ့်လန်ပါပဲ” ကျောင်းတော်သားပညာရှိသည် ရှမ့်လန်ကို လက်ညှိုးထိုးလိုက်၏။
ချက်ချင်းပင် အကြည့်အားလုံးသည် ရှမ့်လန်ဆီသို့ ရောက်ရှိလာသည်။ ထို့နောက် လူအားလုံးနီးပါးသည် ရှမ့်လန်၏ ဤစာအုပ်အရေးအသားမှာ မည်မျှထူးချွန်ပြောင်မြောက်ကြောင်း၊ မည်မျှသိမ်မွေ့ကြောင်း ချီးကျူးကြတော့သည်။
“ကျုပ်က ဒီစာအုပ်ထဲက ကဗျာကို အကြိုက်ဆုံးပဲ။ ရေးထားတာ အရမ်းကောင်းတယ်။ သုံးခေါက်လောက် ဖတ်ကြည့်ရုံနဲ့ စိတ်ထဲမှာ ခံစားချက်တွေ ပြည့်နှက်လာခဲ့တယ်”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။”
“ခင်ဗျား ဘယ်ကဗျာကို အကြိုက်ဆုံးလဲ”
“ပထမဆုံးတစ်ပုဒ်လေ။ ကောင်းမှု ကောင်းကျိုး၊ မကောင်းမှု မကောင်းကျိုး။ တရားမျှတမှု ကွန်ရက်ကား ကျယ်ပြောလှသော်ငြား မလွတ်တမ်း ဖမ်းအုပ်ထား၏”
“ကောင်းလိုက်တဲ့ကဗျာ၊ အရမ်းကောင်းတဲ့ကဗျာပဲ”
“တိုပြီး အားကောင်းတယ်၊ အဓိပ္ပာယ်ပြည့်ဝတယ်။ ချွန်ထက်တဲ့ ဓားတစ်စင်းလိုပဲ”
ဤအချိန်မှာတော့ ထန်ယွင်၊ နန်ကုန်းဖျင်နှင့် ဒုတိယအဆင့် အစိုးရအမှုထမ်း လီဝမ်ကျန့်တို့ပင် ဤကဗျာ အကြောင်းကို မဆွေးနွေးဘဲ မနေနိုင်တော့ပေ။ ပွဲလာဧည့်သည်အားလုံးသည်လည်း ဤဆွေးနွေးပွဲတွင် အပြည့်အဝ ပါဝင်လာကြ၏။
စေ့စပ်ပွဲတစ်ခုလုံးသည် စာပေပွဲတော်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်၊ ထို့ထက် ပို၍ ရှမ့်လန်ကို မျက်နှာချိုသွေးသော စာပေပွဲတော်တစ်ခု ဖြစ်နေသည်။ လူအားလုံးနီးပါးက ဤကဗျာ အရေးအသားမှာ မည်မျှ ကောင်းမွန်ကြောင်း ချီးကျူးနေကြသည်။
သို့ပေမည့် ထိုအချိန်တွင် ရွှမ်ဝူမြို့တော်ဝန်၏ အကျဉ်းထောင်စာရေး ဝမ်လျှံသည် စားပွဲကို ထုလိုက်၏။
ဒုန်း ဟူသော ကျယ်လောင်သည့် အသံတစ်ချက် ထွက်ပေါ်လာသည်။
အားလုံးသော သူတို့သည် တိတ်ဆိတ်သွားပြီး ဝမ်လျှံကို လှမ်းကာ ကြည့်ရှုလိုက်သည်။ အရာအားလုံးသည် ကြိုတင်ဇာတ်တိုက်ထားသကဲ့သို့ပင်။
ဝမ်လျှံသည် ဒေါသတကြီး ထရပ်လိုက်ပြီး ရှမ့်လန်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။ “မင်း အရှက်မရှိတဲ့ကောင်၊ ငါ့မိန်းကလေးကို လုယူရုံတင်မကဘူး၊ ငါ့ကဗျာကိုပါ ခိုးယူရဲတယ်။ ရှမ့်လန်... ဘာဖြစ်လို့ မင်း ငါ့ကဗျာကို ခိုးချတာလဲ။ မင်းက အရှက်မရှိတဲ့ စာပေသူခိုးပဲ။ ဒီကဗျာက ငါရေးထားတာ ထင်ရှားတယ်။”
… …
ယနေ့ည ရှမ့်လန်အား ဒုတိယမြောက် တိုက်ခိုက်မှုသည် နောက်ဆုံးတွင် စတင်ပြီ။ ကျန်းကျင်းသည် ကျန်းချုံးကို မေးခဲ့ဖူးသည်။ စေ့စပ်ပွဲတွင် ရှမ့်လန်ကို တိုက်ခိုက်ရာ၌ အခြေခံစည်းမျဉ်းတစ်ခု ရှိသင့်ပါသလား ဟူ၍ပင်။
ကျန်းချုံးက ပြောလိုက်သည်။ “ရှမ့်လန်မှာ အခြေခံစည်းမျဉ်း ရှိလို့လား။ ယဉ်ကျေးမှုရှိသူကိုသာ ယဉ်ကျေးသင့်တယ် မဟုတ်လား”
ကျန်းကျင်းက မေးလိုက်၏။ “အခြေခံစည်းမျဉ်းမရှိရင် ကျုပ်တို့သိက္ခာ ကျသွားမှာ မဟုတ်လား”
ကျန်းချုံးသည် ငြင်သာစွာ ပြောလိုက်သည်။ “နိုင်ငံရေးတိုက်ပွဲမှာ ပုံစံဆိုတာမရှိဘူး။ ညစ်ပတ်တာနဲ့ ပို ညစ်ပတ်တာပဲ ရှိတယ်”
ထို့ကြောင့် ကျန်းကျင်းသည် သူ့ဖခင်၏ စကားအတိုင်း အကောင်အထည်ဖော်နေသည်။ ထို့အပြင် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်နေသည်။ တစ်ကွက်ထက် တစ်ကွက် သေစေနိုင်သော အစွမ်းမှာ ပိုမို ပြင်းထန်လာ၏။ နောက်လာမည့် တတိယအကွက်သည် အမှန်တကယ် သေစေနိုင်သော ထိုးနှက်ချက် ဖြစ်ပေမည်။
သို့ပေမည့် ကျန်းကျင်းသည် လက်ရှိတွင် ရှမ့်လန် ဒုတိယအကွက်ကို မည်သို့ဖြေရှင်းနိုင်မည်ကို သိချင်မိ၏။
… …
ဝမ်လျှံ၏ စကားသည် ပရိသတ်အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
“သမက်တော်ရှမ့်လန်က ဒီလိုအရှက်မရှိတဲ့ ကိစ္စမျိုးကို မလုပ်လောက်ပါဘူး”
“ကဗျာခိုးချတာလား။ စာရေးဆရာတစ်ယောက်ရဲ့ သိက္ခာကို လုံးဝ စော်ကားတာပဲ”
“သခင်လေးရှမ့်လန်... ခင်ဗျား မြန်မြန်ထွက်ရှင်းပါ”
“သခင်လေးဝမ်လျှံ... ခင်ဗျားမှာ သက်သေရှိပါသလား။ သက်သေမရှိဘဲ စကားကို လျှောက်မပြောသင့်ဘူး”
ဤအချိန်တွင် အဘိုးအိုတစ်ဦး ထွက်လာသည်။ ၎င်းသည် အရေးမပါသော နေရာတွင် ထိုင်နေသောကြောင့် ရှမ့်လန်သည် ဤအချိန်တွင်မှ ၎င်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ၎င်းသည် ဟန်ရွှေမြို့မှ ကျောင်းတာဝန်ခံ ဆရာကြီးဖြစ်ပြီး ကမ္ဘာမြေ၏ စကားဖြင့်ဆိုရလျှင် အလယ်တန်းကျောင်းအုပ်ကြီးဖြစ်ကာ ယခုနှစ်တွင် အသက် ခုနှစ်ဆယ် ရှိပြီဖြစ်၏။
သို့ပေမည့် သူသည် ပညာရှိတစ်ဦးသာဖြစ်ပြီး ယနေ့ည စေ့စပ်ပွဲသို့ တက်ရောက်ရန် မည်သည့်အရည်အချင်းမျှ မရှိပေ။ သူလာရခြင်းသည် ရှမ့်လန်အတွက် ဖြစ်သည်။ သူသည် လွန်ခဲ့သော ခြောက်လကျော်က ရှမ့်လန်ကို ကျောင်းမှ နှင်ထုတ်ခဲ့သူဖြစ်သည်။
ကျောင်းအုပ်ကြီးသည် တုန်တုန်ယင်ယင်ဖြင့် ထရပ်လိုက်ပြီး ပြောလိုက်၏။ “သခင်လေးဝမ်လျှံ၊ ဒီရှမ့်လန်က ကျုပ်ရဲ့တပည့်တစ်ယောက် ဖြစ်ခဲ့တယ်။ သူက အသုံးမကျသူ ဆိုပေမဲ့ ကဗျာခိုးချတယ်ဆိုတဲ့ စွဲချက်မျိုးကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သက်သေမရှိရင် မပြောတာ ကောင်းမယ်”
ဝမ်လျှံက ပြောလိုက်သည်။ “သက်သေရှိတာပေါ့”
ထို့နောက် သူသည် သူ၏ရင်ဘတ်ထဲမှ စာတစ်စောင်ကို ဆွဲထုတ်ပြီး ဟန်ပါပါ ပြောလိုက်၏။ “အားလုံးကြည့်ကြပါ၊ ဒီဟာက လွန်ခဲ့တဲ့ရှစ်နှစ်က ခရိုင်အဆင့် စာမေးပွဲ အဖြေလွှာပဲ”
ခရိုင်အဆင့် စာမေးပွဲသည် ပညာရှိဖြစ်ရန် ပထမဆုံး စစ်ဆေးမှုဖြစ်ပြီး ခရိုင်အဆင့် စာမေးပွဲအောင်မြင်မှ ပြည်နယ်အဆင့် စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုနိုင်ကာ ပြည်နယ်အဆင့် စာမေးပွဲအောင်မြင်မှ ပညာရှိဘွဲ့ကို ရရှိသည်။ ထို့ကြောင့် ခရိုင်အဆင့် စာမေးပွဲသည် အဆင့်မမြင့်သော ဘုရင့်စာမေးပွဲဖြစ်သော်လည်း တရားဝင် အာဏာပိုင် အဖွဲ့အစည်းတစ်ခု၏ စာမေးပွဲဖြစ်သည်။
ဝမ်လျှံသည် ဤစာမေးပွဲအဖြေလွှာကို လှည့်လည်ပြသရာ နောက်ဆုံးတွင် ထန်ယွင်၊ လီဝမ်ကျန့်နှင့် နန်ကုန်းဖျင် တို့၏ လက်ထဲသို့ ရောက်သွား၏။
မြို့တော်ဝန် လျှိုဝူယမ်သည် ရှေ့သို့တိုးလာပြီး ဤစာမေးပွဲအဖြေလွှာကို ညွှန်ပြကာ ပြောလိုက်သည်။ “ဟုတ်တယ်၊ ဒါအမှန်ပဲ ။ ဒါက လွန်ခဲ့တဲ့ရှစ်နှစ်က နုကျန့်ခရိုင်ရဲ့ စာမေးပွဲအဖြေလွှာဆိုတာ အမှန်ပဲ။ အပေါ်မှာ ခရိုင်အုပ်ချုပ်ရေးမှုး စံအိမ်တော်နှင့် ပညာရေးအရာရှိ တံဆိပ်တုံးတွေလည်း ရှိနေတယ်”
“ဒီစက္ကူကို ကြည့်ပါအုံး။ ဒီလက်ရေးကိုလည်း ကြည့် ..... လုံးဝ လိမ်လည်လို့ မရနိုင်ဘူး”
“သခင်လေးတို့၊ ခင်ဗျားတို့ ကြည့်ကြပါအုံး။ ဝမ်လျှံရဲ့ စာမေးပွဲအဖြေလွှာ အစမှာ ရေးထားတာ ဒီကဗျာပဲ။ ကောင်းမှု ကောင်းကျိုး၊ မကောင်းမှု မကောင်းကျိုး။ တရားမျှတမှု ကွန်ရက်တော်ကား ကျယ်ပြောလှသော်ငြား မလွတ်တမ်း ဖမ်းအုပ်ထား၏”
“ဝမ်လျှံက လွန်ခဲ့သော ရှစ်နှစ်က ခရိုင်အဆင့် စာမေးပွဲတွင် ဒီကဗျာကို ရေးခဲ့တယ်။ အခု ရှမ့်လန်ရဲ့ စာအုပ်ထဲမှာ ဒီကဗျာကို တွေ့ရတယ်ဆိုတော့ သံသယဖြစ်စရာမရှိ ခိုးချတာပဲ”
“ဒါက ခိုင်လုံတဲ့ သက်သေပဲ”
ပွဲလာပရိသတ်များသည် ဆူညံသွားကြသည်။
“အိုး… မထင်မှတ်ဘဲ တကယ်ခိုးချတာပဲ”
“ကျုပ်က ဒီကဗျာကို အရမ်းသဘောကျနေတာ၊ ခိုးချထားတာလို့ မထင်မိဘူး”
“စာရေးဆရာတစ်ယောက်ရဲ့ သိက္ခာကို လုံးဝ စော်ကားတာပဲ”
ရှမ့်လန်၏ ဤစာအုပ်သည် အလွန်ကျော်ကြားပြီး ဖိနှိပ်၍မရ၊ တားဆီး၍ မရပေ။ ထို့ကြောင့် ၎င်းကို အထွတ်အထိပ်သို့ မြှောက်ပင့်လိုက်ပြီး ခိုးချသည်ဟူသောစွဲချက်ဖြင့် အောက်သို့ ရိုက်ချလိုက်ခြင်းပင်။
ယခင်က လူတိုင်းသည် စာအုပ်ထဲမှ ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့၏ အရှုပ်တော်ပုံကို ဆွေးနွေးနေကြရာမှ မကြာမီတွင် ရှမ့်လန်၏ ကဗျာခိုးချသည့် အရှုပ်တော်ပုံကို ဆွေးနွေးကြပေတော့မည်။ ‘ကောင်းသတင်းက တောင်ကျော်ဖို့ခက်၊ မကောင်းသတင်းက တောင်ကျော်ဖို့လွယ်’ ဆိုသည့်အတိုင်းပင်။
ယနေ့ညတွင် ရှမ့်လန်သည် မိမိကိုယ်ကို အပြစ်ကင်းစင်ကြောင်း မပြနိုင်ပါက မနက်ဖြန်တွင် ဤခိုးချမှုစွဲချက်မှာ အတည်ဖြစ်သွားပေလိမ့်မည်။ နောက်ပိုင်းတွင် အမှန်တရား ပေါ်ပေါက်လာလျှင်ပင် အသုံးဝင်တော့မည် မဟုတ်ချေ။ မည်သူမျှ ဂရုစိုက်တော့မည် မဟုတ်ပေ။ ကောလဟာလ ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
ကျောင်းအုပ်ကြီးက မေးလိုက်သည်။ “သခင်လေးဝမ်လျှံ.. ကျုပ်ရဲ့တပည့် ရှမ့်လန်နဲ့ ခင်ဗျားတို့ကြားမှာ ပတ်သက်မှု မရှိဘူးလေ။ သူ ခင်ဗျားရဲ့ကဗျာကို ဘယ်လို ခိုးယူနိုင်မှာလဲ”
ဝမ်လျှံက ပြောလိုက်၏။ “အဘိုး.. ရှမ့်လန် ဒဏ်ရာရခဲ့တုန်းက ကျုပ် သူ့ကို သနားခဲ့တယ်။ ဒါ့ကြောင့် သူရဲ့အိမ်သို့ သွားပြီး လဝက်လောက် စာသင်ပေးခဲ့တယ်။ ဒီကောင် အဲအတောအတွင်း မှားသားထားပြီး ကျုပ်ရေးတဲ့ကဗျာကို ခိုးချလိမ့်မည်ဟု မထင်မှတ်ခဲ့ဘူး”
ထိုကျောင်းအုပ်ကြီးသည် တုန်တုန်ယင်ယင်ဖြင့် ရှမ့်လန်ကို ညွှန်ပြကာ မေးလိုက်သည်။ “ဒီကိစ္စမျိုး ရှိခဲ့တာလား”
ရှမ့်လန်သည် ထိုသူ့ကိုအာရုံမစိုက်ဘဲ လက်တစ်ဖက်ကို ဆန့်တန်းကာ ပြောလိုက်၏။ “ဝမ်လျှံရဲ့ စာမေးပွဲ အဖြေလွှာ ကျုပ်ကို ပြပါအုံး”
ဝမ်လျှံနှင့် လျှိုဝူယမ်တို့ ရှေ့သို့တိုးလာပြီး စာမေးပွဲအဖြေလွှာကို ဖွင့်ပြကာ ရှမ့်လန်နှင့် နှစ်ပေခန့်အကွာတွင် ထားကာ ပြလိုက်သည်။ သို့ပေမည့် လက်ထဲသို့ အပ်နှင်းခြင်း မရှိပေ။
ရှမ့်လန်သည် သေသေချာချာ ကြည့်ရှုလိုက်သည်။ ဤသည်မှာ အမှန်ပင် လွန်ခဲ့သော ရှစ်နှစ်က ခရိုင်အဆင့် စာမေးပွဲဖြေလွှာဖြစ်ပြီး စက္ကူသာမက လက်ရေးသည်မှာ အသစ်ပြုပြင်ထားသည်မျိုး မဟုတ်ပေ။ ထို့အပြင် စာမေးပွဲဖြေလွှာ၏ အစတွင် အမှန်ပင် ရှိနေသည်မှာ- ကောင်းမှုကောင်းကျိုး၊ မကောင်းမှု မကောင်းကျိုး။ တရားမျှတမှု ကွန်ရက်တော်ကား ကျယ်ပြောလှသော်ငြား မလွတ်တမ်း ဖမ်းအုပ်ထား၏ ဆိုသော ကဗျာပင်။
အဓိကအကျဆုံးအချက်မှာ ဤကဗျာ၏ စာလုံးတစ်လုံးချင်းစီသည် ဝမ်လျှံ၏ လက်ရေးဖြစ်ပြီး ထို့ထက်ပို၍ပြောရမည်ဆိုလျှင် လွန်ခဲ့သော ရှစ်နှစ်က ဝမ်လျှံ၏ လက်ရေးဖြစ်သည်။ စာလုံးတစ်လုံးချင်းစီသည် ဟောင်းနွမ်းလို့နေသည်။ X-ray နှင့် AI ကို ပေါင်းထည့်သုံးလျှင်ပင် ဤသည်မှာ ဝမ်လျှံရေးသော စာလုံးဖြစ်ပြီး အတုမဟုတ်ကြောင်း အတည်ပြုပေလိမ့်မည်။ စာမေးပွဲဖြေလွှာမှာ အစစ်ဖြစ်ပြီး အပေါ်မှ စာလုံးတစ်လုံးချင်းစီမှာ အစစ်ဖြစ်သည်။ ထက်မြက်လှပေသည်။ ကြည့်ရသည်မှာ အလုံးစုံ ခိုင်လုံသော သက်သေပင်။
သို့ပေမည့် ဝမ်လျှံသည် ဤကဗျာကို ရေးသားခဲ့ခြင်းမရှိပေ။ ထိုသို့ဆိုလျှင် ဝမ်လျှံ မည်သို့ပြုလုပ်ခဲ့သနည်း။ ရှမ့်လန် ခဏအတွင်း ခန့်မှန်းမိလိုက်သော နည်းလမ်းပင်။ ဝမ်လျှံသည် ဤကဗျာကို မရေးခဲ့သော်လည်း ဤကဗျာတွင် စာလုံး ၁၆ လုံးသာရှိပြီး စာလုံးတစ်လုံးချင်းစီသည် သာမန်ဖြစ်သောကြောင့် ပညာရှိတိုင်းနီးပါး ရေးဖူးကြသည်။ ထို့ကြောင့် ဝမ်လျှံသည် ယခင်က သူရေးခဲ့သော ဤစာလုံးများကို အကုန်ဖြတ်တောက်ကာ ဤကဗျာနှင့် ပေါင်းစပ်ခဲ့ခြင်းပင် ဖြစ်မည်။
ထို့နောက် အထက်မြက်ဆုံးသော ပန်းချီနှင့် လက်ရေးပညာရှင်ကို ရှာဖွေပြီး ဤစာလုံး ဆယ့်ခြောက်လုံးကို ဝမ်လျှံ၏ လွန်ခဲ့သော ရှစ်နှစ်က စာမေးပွဲဖြေလွှာတွင် ကပ်လိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။ စာရွက်ဟောင်းတစ်ခု ဖြစ်စေရန် လွန်ခဲ့သော ရှစ်နှစ်က ပန်းချီကားအချို့၏ လွတ်နေသောနေရာမှ ခွာယူထားခြင်းဖြစ်သည်။
ကမ္ဘာမြေပေါ်တွင် ပန်းချီအတုလုပ်သူများ၏ ကျွမ်းကျင်မှုမှာ အထွတ်အထိပ်သို့ ရောက်နေသည်။ ပန်းချီကားကြီး တစ်ချပ်ကို သုံးပိုင်းခွဲ၍ ရောင်းချနိုင်ပြီး သုံးဆပွားနိုင်၏။ ထို့အပြင် တစ်ဝက်အစစ်၊ တစ်ဝက်အတုဖြင့် ချောမွေ့စွာ ဆက်စပ်နိုင်သေးသည်။ အတိုချုပ်ဆိုရလျှင် အကြွင်းမဲ့ ကျွမ်းကျင်သူမဟုတ်ပါက မည်သည့်အမှားအယွင်းကိုမျှ မမြင်နိုင်ပေ။
ယခုလက်ရှိ ဝမ်လျှံ၏ ဤလွန်ခဲ့သော ရှစ်နှစ်က စာမေးပွဲဖြေလွှာသည် အတုဆိုလျှင်တောင် နည်းပညာပိုင်းအရ အထွတ်အထိပ်သို့ ရောက်နေသည်ဟု ဆိုနိုင်လောက်သည်။ စာလုံးတစ်လုံးချင်းစီမှာ အစစ်ဖြစ်ပြီး စက္ကူသည်လည်း ရှစ်နှစ်သက်တမ်းရှိကာ တံဆိပ်တုံးတိုင်းမှာလည်း အစစ်ဖြစ်သည်။
ရှမ့်လန်သည် အော်ဟစ် ချီးကျူးချင်စိတ်ပင် ပေါက်လာ၏။ ခရိုင်အဆင့် အစိုးရအာဏာပိုင်များပင် ဝမ်လျှံကို အတုလုပ်ရန် ကူညီပေးပြီး ရှမ့်လန်ကို ကဗျာခိုးချသူ ဖြစ်အောင် ပုံဖော်လျက်ရှိနေ၏။
ဝမ်လျှံသည် ရှမ့်လန်ကို လက်ညိုးထိုးကာဖြင့် အေးစက်သောအသံဖြင့် မေးလိုက်သည်။ “အခု သက်သေ ခိုင်လုံနေပြီ။ မင်း ငါ့ကဗျာကို ခိုးချခဲ့တယ်။ ရှမ့်လန်... မင်းမှာ ပြောစရာစကား ဘာရှိသေးလဲ”