← Chapters

ရွာထဲက ဗိုလ်ကျစိုးမိုးသူများ

Vol. 9 Ch. 121

ရွာထဲက ဗိုလ်ကျစိုးမိုးသူများ

Vol. 9 Ch. 121

ဒီနေ့မနက်မှာတော့ အပြင်ဘက်မှာ နှင်းပွင့်လေးတွေ ကျိုးတိုးကျဲတဲ ကျနေပြီး လေတစ်ချက်ဝှေ့လိုက်တာနဲ့ အအေးဓာတ်က သိသိသာသာကို ပိုလာတာခံစားရတယ်။

မနက်ရောက်တော့ ယွီဟွေးဖေးက တံမြက်စည်းကိုင်ပြီး သင်္ချိုင်းကုန်းကို သန့်ရှင်းရေးလုပ်ဖို့ ထွက်သွားတယ်။ နေ့လည်ပြန်ရောက်တော့ ချွေ့ကျွယ်က ပြုံးပြုံးကြီးနဲ့ လျှောက်လာပြီး ပိုက်ဆံနှစ်ထောင်ကို ကမ်းပေးတော့တာပဲ။

ယွီဟွေးဖေးကတော့ ကြောင်တောင်တောင်ဖြစ်သွားပြီးမှ စိတ်လှုပ်ရှားစွာနဲ့ "ဧည့်သည်လာတာလားဗျ"

ချွေ့ကျွယ်က ခေါင်းညိတ်ပြီး ရယ်ကျဲကျဲနဲ့ "ဟုတ်တယ်... နှစ်ယောက်၊ တစ်ယောက်တစ်ခန်း၊ တစ်ညတည်းမှာ၊ မနက်ဖြန်မနက် ပြန်လိမ့်မယ်"

ယွီဟွေးဖေးကတော့ ပျော်လွန်းလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ဘူး၊ တကယ့်ကို အိပ်ချင်တဲ့အချိန် ခေါင်းအုံးလာပေးသလိုပဲ၊ ပျော်လိုက်တာ။ ယွီဟွေးဖေးက ခါးလေးဆန့် ခေါင်းလေးစောင်းပြီး တည်းခိုခန်းထဲကလူတွေကို ချောင်းကြည့်လိုက်တော့ ယောက်ျားနှစ်ယောက် ဖုန်းကိုယ်စီသုံးနေကြတာ၊ သူ့ကို သတိတောင်မထားမိလိုက်ဘူး။

ယွီဟွေးဖေးက ယောက်ျားနှစ်ယောက်မှန်းမြင်တော့ စိတ်ဝင်စားမှု လုံးဝမရှိတော့ဘဲ နောက်လှည့်ပြီး အပြင်ထွက်သွားပါလေရော။ အခု ပိုက်ဆံလေးဘာလေးရှိလာပြီဆိုတော့ လုပ်ချင်တာလေးတွေ လုပ်လို့ရပြီပေါ့။ အဲ့တော့ ချက်ချင်းရွာထဲကို ပြေးထွက်ပြီး တစ်ပတ်ပတ်လိုက်တာ၊ မကြာခင်မှာပဲ ကြက်မကြီးသုံးကောင်နဲ့ ဘဲနှစ်ကောင် ဝယ်လာနိုင်ခဲ့တယ်။

အိမ်တစ်အိမ်ရှေ့က ဖြတ်သွားတုန်းမှာပဲ နားစည်ကွဲမတတ် ခွေးအော်သံတစ်ခု ထွက်ပေါ်လာရော။ ယွီဟွေးဖေး လှည့်ကြည့်လိုက်တော့ မြေဝါရောင် ခွေးပေါက်စလေးတစ်ကောင်ကို ငန်းဖြူကြီးတစ်ကောင်က လည်ပင်းကနေကိုက်ပြီး တရွတ်တိုက်ဆွဲနေတဲ့အပြင် နောက်ငန်းဖြူကြီးတစ်ကောင်ကတော့ ခွေးပေါက်စလေးရဲ့အမြီးကို အဆက်မပြတ်လိုက်ကိုက်နေတာ။

ခွေးပေါက်လေးက နာလွန်းလို့ အော်ဟစ်နေပြီး နောက်ပြန်လှည့်ရင်း ပြန်ကိုက်ဖို့ကြိုးစားပေမယ့် သူကသေးလွန်းတော့ ဒီရွာထဲက ဗိုလ်ကျစိုးမိုးသူနှစ်ကောင်ကို ဘယ်လိုမှမယှဉ်နိုင်ဘဲ အဆက်မပြတ်အော်ဟစ်နေရုံပဲ တတ်နိုင်တော့တယ်။ ယွီဟွေးဖေးက ဒီမြင်ကွင်းကိုတွေ့တော့ မျက်မှောင်ကြုတ်ပြီး ခြေထောက်နဲ့နှစ်ချက်ကန်ကာ ငန်းနှစ်ကောင်ကို မောင်းထုတ်လိုက်တာပေါ့။

ဒီလို တရုတ်ကျေးလက်ငန်းတွေက ရွာထဲမှာ ဗိုလ်ကျစိုးမိုးတယ်ဆိုပြီး နာမည်ကြီးတာ၊ ဒီကောင်တွေက အိမ်စောင့်နိုင်ရုံတင်မကဘူး၊ သေမင်းကိုတောင်မကြောက်တဲ့အပြင် အားနည်းသူကို အနိုင်ကျင့်ရတာ ဝါသနာပါသေးတယ်လေ။

ငန်းဖြူကြီးနှစ်ကောင်ကို မောင်းထုတ်လိုက်တော့ ဟိုခွေးပေါက်စလေးက ချက်ချင်းထပြီး အော်ဟစ်ကာ ယွီဟွေးဖေးရဲ့ ဘောင်းဘီနားမှာ ကပ်နေပြီး အမြီးလေးက တရမ်းရမ်းနဲ့။ ငန်းဖြူကြီးနှစ်ကောင်ကတော့ ဗျူဟာအရ ခဏဆုတ်ခွာသွားပြီး တောင်ပံနှစ်ဖက်ဖြန့်၊ ခေါင်းမော့ကာ ယွီဟွေးဖေးကို အချိန်မရွေးတိုက်ခိုက်တော့မယ့်ပုံစံနဲ့။ ဒီအချိန်မှာ အိမ်ခြံထဲကနေ အဘိုးကြီးတစ်ယောက် ထွက်လာရော။

အဘိုးကြီးက ရယ်ပြီး "ဒီတိရစ္ဆာန်နှစ်ကောင် ဝါလေးကို ထပ်အနိုင်ကျင့်နေပြန်ပြီ။ ဝါကြီးသာ အိမ်မှာရှိရင် ဒီကောင်တွေခံစားသွားရမှာ"

ယွီဟွေးဖေးကလည်း ရယ်ရင်း "ဦးလေးစွန်းတို့ရဲ့ ဝါကြီးက ခွေးပေါက်လေးတွေ ထပ်မွေးပြန်ပြီလား"

ဦးလေးစွန်းက ရွာထဲမှာ ခွေးမွေးတဲ့ပညာရှင်အဖြစ် နာမည်ကြီးတာ၊ သူ့အိမ်ကခွေးတွေက ပုံမှန်ဆိုရင် ဆယ့်သုံးကောင်အောက်မလျော့ဘူး၊ သူ့စကားအရဆိုရင် ဆယ့်သုံးက သူ့ရဲ့ကံကောင်းဂဏန်းတဲ့။ ကြားရတာတော့ အရင်နှစ်တွေက ဦးလေးစွန်းတောင်ထဲမှာနေတုန်းက ထိပ်တန်းမုဆိုးတစ်ယောက်လို့ ဆိုကြတယ်။

ဒါပေမဲ့ မြစ်နားမှာအမြဲနေရင် ဖိနပ်မစိုဘဲဘယ်နေမလဲ၊ သူတစ်ခါက ဝံပုလွေအုပ်နဲ့ဝိုင်းခံရဖူးတယ်လေ၊ အဲ့ဒီအချိန်မှာ ခွေးဆယ့်သုံးကောင်က သူ့ကိုဝိုင်းကာကွယ်ပြီး ဝံပုလွေအုပ်ကြားကနေ ဖောက်ထွက်ကာ သူ့အသက်ကို ကယ်တင်ခဲ့ကြတယ်။ ကြားရတာတော့ အဲ့ဒီထဲမှာ ခေါင်းဆောင်ခွေးက အဘိုးကြီးပါးစပ်ဖျားက ဝါကြီးပဲတဲ့။ အဲ့ဒီအချိန်မှာ ဝါကြီးက ငယ်သေးတယ်၊ အခုတော့ ဆယ့်တစ်နှစ်ရှိပြီ၊ ခွေးတွေထဲမှာတော့ သက်ရှည်ဘိုးဘိုးကြီးတစ်ကောင်ပေါ့။

ဒါပေမဲ့ ဝါကြီးဆိုတဲ့ကောင်က ဘယ်တော့မှ အေးအေးနေတဲ့ကောင်မဟုတ်ဘူး၊ သူ့ခန္ဓာကိုယ်ထဲက လှုပ်ရှားချင်တဲ့ဗီဇတွေက သိပ်အားကောင်းနေသလိုပဲ၊ နေ့တိုင်းတောင်ထဲကို အခေါက်အနည်းငယ်မပြေးရရင်တောင် လူတွေက စိတ်ပူနေရတယ်။

ကံကောင်းတာက တရုတ်ကျေးလက်ခွေးအဖြစ် ဝါကြီးက ဒီမျိုးနွယ်ရဲ့ အကောင်းဆုံးမျိုးရိုးဗီဇတွေကို အမွေဆက်ခံထားတော့ ခန္ဓာကိုယ်တောင့်တင်းတဲ့အပြင် အရမ်းကို ကလိမ်ကကျစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် တရုတ်ကျေးလက်ခွေးတွေရဲ့ ဉာဏ်ကောင်းမှုက တစ်ကမ္ဘာလုံးမှာ နာမည်ကြီးတာကိုး။

ဒီလောက်ဉာဏ်ကောင်းရင် ဘာလို့ကယ်ဆယ်ရေးအဖွဲ့တွေမှာ တရုတ်ကျေးလက်ခွေးတွေကို မသုံးတာလဲ၊ အများစုက ဟင်းပွဲထဲမှာပဲ တွေ့နေရတာလဲဆိုပြီး တစ်ချို့လူတွေက သံသယဝင်ကောင်း ဝင်နိုင်တာပေါ့။

တကယ်တော့ ရှင်းရှင်းလေးပဲ၊ ဘာလို့လဲဆိုတော့ ဒီခွေးက သောက်ရမ်းဉာဏ်ကောင်းလို့။

ဘယ်လောက်တောင် ဉာဏ်ကောင်းလဲဆိုတော့... သူကိစ္စတစ်ခုခုကြုံရင် ကိုယ့်အတွက် တွက်ချက်တတ်တဲ့အထိပဲ။

သူ့ကို ကျေးလက်အိမ်မှာထားကြည့်၊ လေ့ကျင့်ပေးစရာမလိုဘူး။ သူသိတယ် လူလာရင် ဟောင်လိုက်ရုံပဲ။ ဘယ်လောက်ကြမ်းနိုင်သလောက်ကြမ်းပစေ အိမ်စောင့်ပြီး ထမင်းတစ်လုတ်ပဲစားရတာလေ တော်ရောပေါ့။ ဒါက ကိုယ့်တာဝန်ကျေပွန်ပြီလေ။

ဒါပေမဲ့ လာတဲ့လူက သိပ်ကြမ်းပြီး ကိုယ်မနိုင်ဘူးဆိုရင် ဒီကောင်က ကြိုးကိုအသည်းအသန်ဖြတ်ပြီး နောက်လှည့်ပြေးတော့တာပဲ။ လုံခြုံတဲ့အကွာအဝေးမှာရပ်ပြီး အကျယ်ကြီးဟောင်တယ်၊ သခင်ကို ရန်သူလာပြီလို့ သတိပေးတာ။ ဒါက ကိုယ့်ကိုယ်ကိုကာကွယ်တာ၊ တခြားခွေးတွေလို ကြောက်သွားတာ ဒါမှမဟုတ် ပြေးတက်ပြီး အသတ်ခံလိုက်ရတာမျိုး မရှိဘူး။

နောက်ပြီး တရုတ်ကျေးလက်ခွေးက လူမိုက်စစ်နည်းဗျူဟာကို ကောင်းကောင်းနားလည်တယ်။ ဒီကောင်က ဟောင်နိုင်တယ်၊ အော်နိုင်တယ်၊ ဒါပေမဲ့ တစ်ကောင်ချင်း အလွယ်တကူမချဘူး၊ ၁၀၀%မှာ ၁၀၀% သေချာမှပဲ တတ်ချတာ။

ဘယ်အချိန်တက်မှာလဲ၊ ကိုယ့်ဘက်က ခွေးအင်အားများတဲ့အချိန်မှာ သူတက်ပြီ။ ပြီးတော့ အသာစီးရရင် လုံးဝအလျှော့မပေးဘူး။

အဓိကက ဒီကောင်က ကိုယ့်ဘက်မှာ ညီအစ်ကိုတွေရှိမှ ညီအစ်ကိုတွေကိုခေါ်ပြီး ညီအစ်ကိုမရှိရင် ဘာမှမတတ်နိုင်တာမျိုးတော့ မဟုတ်ဘူး။ တစ်ရွာလုံးက တရုတ်ကျေးလက်ခွေးတွေ အတွင်းပိုင်းမှာ ဂိုဏ်းဂဏတွေကွဲနေပေမယ့် ယေဘုယျအားဖြင့်တော့ တပ်ပေါင်းစုတစ်ခုရှိတယ်။

အပြင်ရန်သူတွေ့တာနဲ့ ခွေးတစ်ကောင်ဟောင်ရင် တစ်ရွာလုံးကခွေးတွေက မီးရှူးတိုင်လိုပဲ၊ အကုန်ဟောင်ကုန်ရော။ ကြိုးမချည်ထားရင် မကြာခင်မှာ တစ်ရွာလုံးကခွေးတွေ စုဝေးကုန်ကော။

အဲ့ဒီအချိန်မှာ တစ်ဖက်လူကို ခွေးအင်အားများခြင်းဆိုတာ ဘာလဲဆိုတာ သင်ပေးလို့ရပြီ၊ အရင်က ကြောက်နေတဲ့ခွေးတောင် အဲ့ဒီအချိန်မှာ အရမ်းကို ရဲရင့်ကြမ်းတမ်းလာတယ်။ ဒါက တရုတ်ကျေးလက်ခွေးပဲ၊ သူက သခင်ရဲ့ တုံးအတဲ့အတွေးအခေါ်ကြောင့် တက်ခိုင်းတိုင်းတက်မှာမဟုတ်ဘူး။

သူက ပြဿနာကို စဉ်းစားတတ်တယ်။

ဒီလိုခွေးမျိုးကို ရဲတပ်ဖွဲ့ထဲထည့်လိုက်ရင် ကိုယ့်သခင်ဖြစ်သူက ရှေ့ကမူးယစ်ဆေးကုန်သည်ကို လက်ညှိုးထိုးပြီး "တက်" လို့ပြောလိုက်ရင်...

ခွေးက ခေါင်းမော့ပြီး "ခင်ဗျားပဲတက်လိုက်တာ အကောင်းဆုံးလို့ ငါထင်တယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားမှာ သေနတ်ပါတယ်လေ" ဆိုပြီး ပြန်ဖြေမယ့် ကောင်စားမျိုး။

...

ဝါကြီးကတော့ ရွာထဲကခွေးတွေအားလုံးထဲမှာ ကလိမ်ကကျစ်အနိုင်ဆုံးတစ်ကောင်ပဲ၊ ယွီဟွေးဖေးက ရှောင်ထျန်းချန်နဲ့ မတွေ့ခင်တုန်းက ဒီခွေးက ခွေးတွေထဲမှာ ကလိမ်ကကျစ်အနိုင်ဆုံးလို့ ထင်ခဲ့တာ။

ဒါပေမဲ့ ဒီလောက်အနိုင်ကျင့်ခံနေရတဲ့ ခွေးပေါက်စလေးက ဝါကြီးရဲ့မျိုးဆက်ဖြစ်နေတာတော့ ဝါကြီးကို မျက်နှာပျက်စေတာပဲ။

ယွီဟွေးဖေးနဲ့ ဦးလေးစွန်းတို့ ခဏစကားပြောပြီးတော့ ဦးလေးစွန်းက စိတ်ပျက်စွာနဲ့ "ဒီငန်းနှစ်ကောင်က ငါတို့အိမ်ကမဟုတ်ဘူး။ အရင်ငါတို့အိမ်က ဝါကြီးအနိုင်ကျင့်တာကို ခံဖူးတယ်။ အဲ့ဒါကို ဒီနှစ်ကောင်က အငြိုးထားနေတာဖြစ်မယ်၊ ဒါကြောင့် ဝါကြီးအိမ်မှာမရှိတိုင်း ငါတို့အိမ်ကိုလာပြီး ခွေးပေါက်စလေးတွေကို အနိုင်ကျင့်နေတာ"

ဒီစကားပြောရင်း ဦးလေးစွန်းလည်း ရယ်ရခက်ငိုရခက်ဖြစ်နေတယ်၊ တိရစ္ဆာန်တချို့က ဒီလိုအပြုအမူတွေလုပ်နေတာက တကယ်ကို ဆဲရမလား ရယ်ရမလား မသိတော့ဘူး။ ယွီဟွေးဖေးလည်း ပါးစပ်အဟောင်းသားနဲ့...။

ဒီအချိန်မှာ ဦးလေးစွန်းရဲ့အိမ်နီးချင်း ဦးလေးတန်က ပြေးထွက်လာပြီး "စွန်းကြီးရေ... တောင်းပန်ပါတယ်ကွာ။ ဒီမွှေစိန်နှစ်ကောင် ထပ်မွှေပြန်ပြီ။ နောက်မှသူတို့ကိုပေါင်းစားပစ်မယ်။ အဲ့ဒီအချိန်ကျရင် ခင်ဗျားတို့အိမ်ကခွေးပေါက်စလေးကို အားရှိလာအောင် ငန်းပေါင်တစ်ချောင်းကျွေးပါ့မယ်"

ဦးလေးစွန်းက ရယ်ပြီး "မလိုပါဘူး... ငါက ဒီကောင်တွေနဲ့ ရန်ဖြစ်နေမှာလား။ နေ့တိုင်း သူတို့မွှေနေတာကို နားထောင်ရတာလည်း ပျော်စရာကောင်းပါတယ်"

ဒါပေမဲ့ ဦးလေးတန်ကတော့ သက်ပြင်းချရင်း "ငါ့အိမ်မှာ ငါတစ်ယောက်တည်းအသားမစားတာ၊ မဟုတ်ရင် တကယ်သူတို့ကိုပေါင်းစားပစ်ချင်တယ်၊ အမြဲတမ်းငါ့ကိုဒုက္ခပေးနေတာလေ"

ယွီဟွေးဖေးက ဒီစကားကြားတော့ အမြန်အော်တယ်။ "မလုပ်ပါနဲ့ ဦးလေးတန်ရယ်။ ခင်ဗျားမမွေးချင်တော့ရင် ကျုပ်ကိုရောင်းလိုက်ပါလား"

"မင်းကို ရောင်းရမယ်လား"

ဦးလေးတန် ပြောပြီးတော့ ယွီဟွေးဖေးရဲ့လက်ထဲက ကြက်သုံးကောင်၊ ဘဲနှစ်ကောင်နဲ့ တခြားပစ္စည်းတွေ တစ်ချက်ကြည့်ရင်း သူချက်ချင်းရယ်တော့တာပဲ။

"မင်းတကယ်ငါ့ငန်းနှစ်ကောင်ကို ဝယ်ချင်တာလား။ အဲ့ဒီအချိန်ကျရင် မင်းအိမ်ကကြက်ဘဲတွေကို ဒုက္ခမပေးမိစေနဲ့ဦး"

ယွီဟွေးဖေးက ရယ်ပြီး "ခင်ဗျားကြည့် ကျုပ်က နောက်နေတဲ့ပုံပေါက်လို့လား။ နှင်းမုန်တိုင်းကြီးကျတော့မှာဆိုတော့ နှစ်ကူးစာတွေ စုနေတာ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားဆီမှာထားရင်လည်း အနှေးနဲ့အမြန်စားခံရမှာပဲလေ။ အဲ့တော့ ကျုပ်ယူသွားပြီး အရင်မွေးထားလိုက်မယ်။ နောက်ဆို ငန်းဥစားလို့ရတာပေါ့..."

All Chapters