ပြဿနာဖြစ်တော့မယ်
Vol. 9 Ch. 123
"ဘာပဲဖြစ်ဖြစ် အတိုချုပ်ပြောရရင် ဒီလောက်နှစ်တွေအတွင်းမှာ ငါနောက်ဆုံးတော့ မိဖုရားခေါင်ကြီးမဟုတ်ဘဲ မိန်းမရှိတယ်ဆိုတဲ့ခံစားချက်ကို ခံစားရပြီ၊ ဘဝကအဓိပ္ပာယ်ရှိလာပြီ"
"မင်းပြောကြည့်လေ... ဒါက ငါ့အပေါ် ကျေးဇူးကြီးကြီးမားမားရှိနေတာ မဟုတ်ဘူးလား"
"ငါက ကောင်းတဲ့ကောင်မဟုတ်ပေမယ့် အရင်ကရော အခုရော ဆယ်မိုင်ရှစ်ရွာမှာ မင်းကြိုက်သလောက်စုံစမ်းကြည့်။ ကော်ပုထုံက သေချာပေါက်သစ္စာရှိတယ်ဆိုတာ ကြားရလိမ့်မယ်"
"ဝက်ကို မင်းယူထားလိုက်။ ငါတို့အိမ်မှာ အကြီးနှစ်ကောင်ရှိသေးတယ်။ နှစ်သစ်ကူးရင်သတ်ပြီး အသားနည်းနည်းပို့ပေးမယ်။ ဒီတစ်ကောင်ကိုတော့ ကောင်းကောင်းမွေးထားပေါ့။ တကယ်လို့ နှင်းမုန်တိုင်းကြီးက စောစောပြီးသွားရင် နောက်နှစ်ဝအောင်မွေးပြီး ရောင်းစားစားစားစား မင်းကိစ္စပဲ။ တကယ်လို့နှင်းမုန်တိုင်းကြီးကို မကျော်နိုင်ရင်တော့ စားလိုက်ပေါ့။ ဒါက မင်းကို ကြိုတင်နှစ်သစ်ကူးလက်ဆောင်ပေးတာပဲ"
စကားကဒီလိုဆိုပေမယ့် ဒီလက်ဆောင်ကို ယွီဟွေးဖေးက တကယ်မယူချင်ဘူး။ ဘာပဲဖြစ်ဖြစ် အရင်က ကော်ပုထုံကူညီတာကလည်း သူက သူ့ကိုကူညီတာလေ။
ယွီဟွေးဖေးက ကျေးဇူးကြွေးတင်ခံစရာမလိုပေမဲ့ ကော်ပုထုံရဲ့နောက်ပိုင်းစကားတွေက သူ့ကို စိတ်ဝင်စားသွားစေတယ်။ နှင်းမုန်တိုင်းကြီးကျတော့မယ်၊ ဘယ်လောက်ကြာကြာ ဖြစ်နေမလဲ ဘယ်သူသိမှာလဲ။ ဝက်တစ်ကောင်ရှိတာက မရှိတာထက်အများကြီးသာတယ်လေ။
ပြီးတော့ လျိုရှင်းလည်းလာမှာ၊ ကောင်မလေးက အဝေးကြီးကလာတာ၊ တကယ်လို့ဒီမှာပိတ်မိသွားရင် နေ့တိုင်းသူနဲ့အတူ ရွက်စိမ်းဟင်းချိုသောက်နေရမှာလား။
"ဒီဝက်က စည်းကမ်းအရဆိုရင် ကျုပ်မယူသင့်ဘူး။ ဒီလိုလုပ်ပါလား.... ကျုပ်ဆီမှာရှိရင်..."
"မင်းအဘကိုရှိ၊ မင်းယူရမယ်လို့ ငါပြောတာ။ ဝက်ကိုထားခဲ့လိုက်တော့ မိန်းမ။ ငါတို့အိမ်ပြန်မယ်" ကော်ပုထုံက ယွီဟွေးဖေးရဲ့စကားကို တန်းဖြတ်ပြောပြီးတော့ နှစ်ယောက်သားနောက်လှည့်ပြီး ထွက်သွားကြတယ်။ ယွီဟွေးဖေးက ဒီမြင်ကွင်းကိုတွေ့တော့ အော်ပြောတာပေါ့။
"အစ်ကိုကြီး၊ မမကြီး... ခင်ဗျားတို့ဒီမှာညစာစားသွားကြပါလား"
ကော်ပုထုံက လက်ဝှေ့ယမ်းပြပြီး "မစားတော့ဘူး... မင်းအိမ်က ဆင်းရဲလွန်းတယ်"
ယွီဟွေးဖေး "@#¥%..."
စွန်းတာရှန်းက ဒီစကားကြားတော့ ခြေထောက်မြှောက်ပြီး ကော်ပုထုံကို ကန်ထုတ်လိုက်ရင်း "စကားကောင်းကောင်းပြော"
"ငါတို့မင်းကိုဝန်ထုပ်ဝန်ပိုးမဖြစ်စေတော့ဘူး၊ အားလုံးက နှစ်သစ်ကူးဖို့ပြင်ဆင်နေကြပြီ။"
...
ဟိုဝက်ဖြူကြီးက စွန်းတာရှန်းထွက်သွားတာမြင်တော့ ပြေးမလို့လုပ်တုန်း ဝါကြီးတစ်ချက်ဟောင်လိုက်တော့ ချက်ချင်းယဉ်ကျေးစွာနဲ့ ခြံထဲဝင်သွားတယ်။
ယွီဟွေးဖေးက ပြုံးပြီး "ဝါကြီး ညဘက်ငါ့အိမ်မှာစားမလား" ပြောနေတုန်း ဒီအချိန်မှာ အဝေးကကြက်မကြီးတစ်ကောင် လမ်းမပေါ်ပေါ်လာတယ်။ ဝါကြီးမျက်လုံးတွေတောက်ပြောင်သွားပြီး ဟိုဆီ၊ ဆား၊ ရှာလကာရည်တွေကိုချကာ နောက်လှည့်ပြီး ကြက်မကြီးနောက်လိုက်သွားရော။
ယွီဟွေးဖေးလည်း ပါးစပ်အဟောင်းသားနဲ့ ဘာမှဆက်မပြောနိုင်တော့ဘူး၊ ဒီကောင်က ဒီလောက်အသက်ကြီးနေပြီ၊ ကြက်လိုက်ခွေးကျောင်းရတာကို ဒီလောက်ကြိုက်နေတုန်း၊ တော်တော်မတည်ကြည်ဘူး။
ခြံထဲပြန်ရောက်တော့ ယွီဟွေးဖေးက ဟိုဝက်ဖြူကြီးက ဟိုထင်းရှူးပင်ငယ်လေးဘေးကိုပြေးသွားပြီး ဘေးတစ်စောင်းလှည့်ကာ သစ်ပင်မှာပွတ်သပ်နေတာကို တွေ့လိုက်ရတယ်။
သစ်ပင်ငယ်လေးက ယိမ်းထိုးနေတာ အပေါ်ကဘူးဝါလေးက ပြုတ်ကျတော့မလိုပဲ။
မျက်ပြူးကြီးက ထွက်လာပြီး ပါးစပ်ဖွင့်ပြီး တစ်ခုခုပြောမလို့လုပ်တော့ ယွီဟွေးဖေးက အမြန်သွားပြီး သူ့ကိုတစ်ချက်ဖိထားလိုက်တယ်။ ပြီးတော့ ဘူးဝါလေးကို ဘောင်းဘီခါးမှာချိတ်ပြီး အသံတိုးတိုးနဲ့ သတိပေးလိုက်ကော။
"အပြင်လူရှိတယ်၊ မထွက်နဲ့"
မျက်လုံးပြူးကြီး အဲ့ကျမှငြိမ်သွားတယ်၊ မထွက်လာဘူး၊ ဒါပေမဲ့ တစ်ခွန်းဆဲဆိုလိုက်တယ်။
"မင်းကောင်က ငါ့ကို အတင်းအဓမ္မဖျက်ဆီး မလို့လား"
ယွီဟွေးဖေးက သူ့ကိုဂရုမစိုက်ဘဲ အမြန်ကြိုးဆွဲပြီး ဝက်ဖြူကြီးကို နောက်ဖေးခြံကိုဆွဲသွားတယ်။ နောက်ဖေးခြံနှစ်လွှာရဲ့ဘယ်ဘက်မှာ ဝက်ခြံတစ်ခုရှိတယ်လေ။ ဒါအရင်က ယွီဟွေးဖေးရဲ့အဘိုး ဝက်မွေးတဲ့နေရာ။ ဒါပေမဲ့ အဘိုးကြီးအသက်ကြီးလာတာနဲ့အမျှ ကိုယ်တိုင်ကလည်း ပိုပြီးဗုဒ္ဓဘာသာဆန်လာတယ်။ အသားသိပ်မစားတော့ဘူး၊ မမွေးတော့ဘူး။ ဒီဝက်ခြံက စွန့်ပစ်ထားတာ နှစ်တွေကြာနေပြီ၊ အထဲမှာအမှိုက်တွေအများကြီးပစ်ထားတာ ပွနေပြီ။
"ဒါက ကောင်းကင်ဘုံကစစ်သူကြီး တျန်ဖုန်ယွမ်ရှိုင်းလား"
နောက်ဖေးခြံထဲဝင်ဝင်ချင်းပဲ နွားခေါင်းက ခေါင်းပြူထွက်လာပြီး နွားမျက်လုံးပြူးကြီးနဲ့ သူ့နောက်ကဝက်ဖြူကြီးကိုကြည့်ပြီး မေးတယ်။ ယွီဟွေးဖေးက ကြောင်သွားပြီး နွားခေါင်းဘာပြောနေလဲဆိုတာ ချက်ချင်း နားလည်သွားတယ်။
"လျှောက်မပြောနဲ့... ဒါက ဝက်တစ်ကောင်ပဲ"
မြင်းခေါင်းကလည်း ခေါင်းပြူထွက်လာရင်း "ထျန်းဖုန်ယွမ်ရှိုင်းကလည်း ဝက်တစ်ကောင်ပဲ... ဒါပေမဲ့ ဟိုကောင်က ခြေနှစ်ချောင်းနဲ့လမ်းလျှောက်တာ။ ဒီတစ်ကောင်က ခြေလေးချောင်း၊ ကြည့်ရတာမဟုတ်လောက်ဘူး..."
ယွီဟွေးဖေးလည်း ပါးစပ်အဟောင်းသားနဲ့ စပ်စုတော့တာပဲ။ "ကောင်းကင်ဘုံကစစ်သူကြီးက တကယ်ဝက်ဘီလူးလား။"
မြင်းခေါင်းက "ဝက်ဘီလူးမဟုတ်ဘူး... ဝက်ကန်းလဲ့ပဲ။ အဲ့ကောင်က အခုလင်းရှန်းနတ်ပြည်၊ ကောင်းကင်ဘုံနှစ်ဖက်မှာ ရာထူးယူထားတယ်။ နတ်ပြည်မှာပူဇော်သက္ကာစား၊ ကောင်းကင်ဘုံမှာ ငါးကြီးမျှား၊ ဘဝက လွတ်လပ်နေတာပဲ"
ယွီဟွေးဖေးမျက်လုံးတွေတောက်ပြောင်သွားရော။ "သူတကယ်အနောက်ဘက်ကို ကျမ်းသွားယူဖူးတာလား"
ဒီအချိန်မှာ သရဲဖြူပြန်လာတော့ ရယ်ပြီး "ညီလေးယွီ မမေးနဲ့တော့။ ငါမင်းဘာမေးမလဲဆိုတာသိတယ်။ ဟုတ်တယ်... အနောက်ဘက်သို့ခရီးထဲက အကြောင်းအရာအများစုက မမှားဘူး။ တစ်ချို့နေရာတွေပဲ ပြောင်းလဲထားတာ။ ဘာလို့ဒီလောကကလူက တခြားလောကကကိစ္စကို ရေးနိုင်လဲဆိုတာ အရင်ကဘိုးတော်ချွေ့က မင်းကိုရှင်းပြပြီးပြီမလား။ ပြီးတော့ သူရေးတုန်းက ငါနဲ့ သရဲနက်က ကူပြောပြပေးထားတာ"
ယွီဟွေးဖေးလည်း ပါးစပ်အဟောင်းသားနဲ့ ဘာမှဆက်မပြောနိုင်တော့ဘူး...။
အရင်က ချွေ့ကျွယ်ရဲ့ လောကပေါင်းစုံထင်ဟပ်မှုသီအိုရီကို သူနားထောင်ရတာ အရမ်းရှုပ်ထွေးနေပြီ။
အခုသရဲဖြူက ဝူချန်အန် ဒီဝတ္ထုရေးချိန် သူနဲ့သရဲနက်ဖြူက ဘေးမှာရပ်ပြီး ကူပြောပေးထားတယ်တဲ့။ သောက်ကျိုးနည်း...။ ယွီဟွေးဖေးက ရုတ်တရက် သူ့ရဲ့လောကအမြင် ပျက်စီးတော့မလိုခံစားရတယ်။ ဒါပေမဲ့ ယွီဟွေးဖေးက စပ်စုပြီး တစ်ခွန်းမေးလိုက်သေး။
"အဲ့ဒါ၊ မျောက်မင်း စွန်းဝူခုန်းက ငရဲပြည်ကိုမွှေတဲ့ကိစ္စ၊ ခင်ဗျားတို့နှစ်ယောက်က ဘယ်လိုမျက်နှာနဲ့ပြောထွက်ပြီး ဝူချန်အန်ကိုရေးခိုင်းရတာတုန်း"
ဒီစကားကို နှစ်ယောက်သားကြားတော့ သွေးတွေဆောင့်တက်ပြီး မျက်နှာမည်းသည်းကုန်တာပေါ့။
"ငါတို့သွားတုန်းက သူအနောက်ဘက်ကိုကျမ်းသွားယူတာကို ရေးနေတာနဲ့ ကွက်တိကြုံတာ။ ရှေ့က နတ်ပြည်မွှေနှောက်တာကို မတွေ့လိုက်ဘူး မမြင်လိုက်ဘူး... မြင်လိုက်ရင် တန်းခေါ်သွားပြီပေါ့။ ဘာရေးနေဦးမှာလဲ"
"ပြီးပြီ စကားမများနဲ့တော့၊ အားလုံးပြန်လာပြီ၊ မြန်မြန်ဝက်ခြံရှင်းကြစို့" ယွီဟွေးဖေးကလည်း သိပ်မစဉ်းစားချင်တော့ဘူး။ အခုအချိန်ကဒီလောက်ကျပ်နေတာ၊ အချိန်မီအလုပ်လုပ်တာက အရေးကြီးတယ်လေ။ အားလုံးအတူတူလုပ်ကြတယ်၊ နွားခေါင်းကလမ်းဖွင့်၊ မြင်းခေါင်းကလိုက်၊ သုံးချက်ငါးချက်နဲ့ ဟိုအမှိုက်တွေက ရှင်းထွက်သွားကော။
သရဲနက်ဖြူက အသေးစိတ်ရှင်းလင်းရေးတာဝန်ယူ၊ ယွီဟွေးဖေးက နောက်ကလိုက်။
ရှင်းလင်းပြီးတော့ ဝက်မကြီးကို တန်းထည့်လိုက်တယ်။ တံခါးမကြီးပိတ်ပြီး ယွီဟွေးဖေးက ဝက်ခြံထဲမှာအော်ဟစ်နေတဲ့ဝက်ဖြူကြီးကိုကြည့်ရင်း ရယ်လိုက်တယ်။
"ကဲ.. ကဲ... နောက်ဆိုဒါက မင်းအိမ်ပဲ။ မင်းကြိုးစားပြီး ဝအောင်နေ... ငါမင်းကိုဒီမှာမနစ်နာစေရဘူးလို့ အာမခံတယ်။ မြင်လား၊ ဒီနှစ်ယောက်က မင်းရဲ့အနက်အစ်ကိုနဲ့အဖြူအစ်ကို။ မင်းစဉ်းတီတုံးပေါ်ရောက်ရင် ဟင်းကောင်းတစ်အိုးချက်ပြီး သူတို့ကိုကောင်းကောင်းကျွေးရင် မင်းအောက်ဘက်ကိုသွားတဲ့လမ်းက သေချာပေါက်အဆင်ပြေစေရမယ်"
"ဒီနှစ်ယောက်ကို ထပ်ကြည့်။ ဒါက မင်းရဲ့နွားအစ်ကိုနဲ့ မြင်းအစ်ကို၊ မင်းဘဝကူးတဲ့အချိန်မှာ သူတို့ကမင်းကိုပို့ပေးမှာ။ ပြီးတော့ ရှေ့ခြံမှာတရားသူကြီးတစ်ယောက်တည်းနေတယ်။ သူကမင်းအသားစားပြီး ပျော်သွားရင် နောက်ဘဝကူးကောင်းကောင်းပို့ပေးမှာ။ တစ်ဆုပ်ကြဲ တစ်လှည်းဝင် မင်းဘာမှသိပ်မနစ်နာဘူး။ တစ်ကိုယ်လုံးအသားကိုစွန့်လွှတ်ပြီး နောက်ဘဝချမ်းသာစံစားရတယ်ဆိုတာ ဒီသဘောပဲ"
ဟွန်းဟွန်း...
ဝက်ဖြူကြီးက နားလည်မလည်တော့မသိဘူး၊ ဘာပဲဖြစ်ဖြစ် အဲ့ဒီမှာဝက်နှာခေါင်းလှန်ပြီး ဟွန်းဟွန်းနဲ့အော်နေတယ်။ ယွီဟွေးဖေးကလည်း သူနားလည်မယ်လို့မမျှော်လင့်ဘူး၊ ဒီလောက်အများကြီးပြောတာက လျှောက်ပြောပြီး အချိန်ဖြုန်းတာသက်သက်ပဲ။ သူက ကြက်ခြံကိုဖွင့်ပြီး ကြက်မကြီး၊ ဘဲ၊ ငန်းကြီးတွေကိုလည်း တစ်ပြိုင်နက်တည်းထည့်လိုက်တယ်။
ဒီကောင်တွေအားလုံးနေရာကျသွားတော့ တစ်ခဏအတွင်းမှာ နောက်ဖေးခြံက စည်ကားလာတယ်။
ဘယ်ဘက်မှာ ဟွန်းဟွန်းနဲ့ဝက်အော်သံ... ညာဘက်မှာ ကြက်၊ ဘဲ၊ ငန်းအော်သံတွေနဲ့ တော်တော်စည်ကားနေတာပဲ။
ဒီမြင်ကွင်းကိုကြည့်ပြီး သရဲဖြူက နွားခေါင်းနဲ့မြင်းခေါင်းကို "နွား၊ မြင်း၊ ခွေး... ကြည့်ဒီမှာ ကြက်၊ ဘဲ၊ ငန်း၊ ဝက်အကုန်ရှိပြီ။ ခင်ဗျားတို့သုံးယောက်လည်း နှစ်ချက်လောက်အော်ပြီး ပြည့်စုံအောင်လုပ်လိုက်ပါလား"
"သွားစမ်း"
နွားခေါင်းနဲ့မြင်းခေါင်းက တစ်ယောက်တစ်ချက်နဲ့ သရဲဖြူကိုကန်ထုတ်လိုက်တယ်။ နောက်တစ်ရက်နှစ်ရက်၊ ယွီဟွေးဖေးက ဘယ်မှမသွားဘူး။ အဓိကက ပိုက်ဆံသိပ်မရှိတော့ ဘာမှလုပ်လို့ ကိုင်လို့မကောင်းတော့ဘူး။
နေ့တိုင်းခြံထဲမှာထိုင်ပြီး သင်္ချိုင်းကုန်းလှည်း၊ သင်္ချိုင်းကျောက်တိုင်သုတ်ဘာညာပဲ။ ဒီနေ့ ယွီဟွေးဖေးက တောတောင်ထဲမှာ လှုပ်ရှားမှုရှိသလိုမြင်တယ်၊ အဝေးကနေ အရိပ်တစ်ခုခု တောထဲမှာတစ်ချက်ဖြတ်သွားသလိုပဲ။
ပြီးတော့ ယွီဟွေးဖေးက စာကလေးလို တောင်တောထဲကငှက်တွေ အပြင်ကိုပျံထွက်လာတာကို စတွေ့တယ်။ မကြာပါဘူး တစ်ခဏအတွင်းမှာ ငှက်ချေးတွေ မိုးလိုရွာတာ ရွာထဲက ဓာတ်တိုင်တွေ၊ အိမ်ခေါင်မိုးတွေပေါ်မှာ ပြည့်နေလေရော။ ဒါက တကယ် သူ့ခေါင်းကိုက်စေတယ်။ နောက်ဆုံးမတတ်နိုင်တဲ့အဆုံး ယွီဟွေးဖေးက ရှောင်ထျန်းချန်ကို အိမ်ခေါင်မိုးပေါ်ပစ်တင်ပြီး ကိုယ့်အိမ်ခေါင်မိုးပေါ်ကငှက်တွေကို မောင်းထုတ်ခိုင်းရတယ်။
အပြင်ထွက်တော့ ယွီဟွေးဖေးက ရွာထိပ်မှာလူတွေက စာရွက်ကြီးကပ်ထားတာကို တွေ့လိုက်ရတယ်။ ဒါက ရှို့လင်ရွာရဲ့ရိုးရာ၊ ကိစ္စရှိရင် အရင်စာရွက်ကြီးကပ်တယ်။ ပိုအရေးကြီးရင် အသံချဲ့စက်နဲ့ပေါ့။
အရေးအကြီးဆုံးအချိန်မှာတော့ တစ်အိမ်တက်ဆင်းတံခါးခေါက်ပြီး အစည်းအဝေးခေါ်တော့တာပဲ။
ယွီဟွေးဖေးက စာရွက်ကြီးနားကပ်ကြည့်ပြီး မျက်မှောင်ကြုတ်သွားတယ်။
တောင်ထဲမှာ စောစောစီးစီးအပူချိန်ကျဆင်း။ ဆယ်ရက်ကျော်ဆက်တိုက်နှင်းကျပြီး နှင်းတွေက တောင်ကိုဖုံးလွှမ်း၊ တောင်ထဲက တောရိုင်းတိရစ္ဆာန်တွေက ဆာလောင်မွတ်သိပ်ပြီး၊ အပြင်ကိုပြောင်းရွှေ့ဖို့ စတင်ကြိုးစားနေကြပြီ။
ဒီစာရွက်ကြီးက အားလုံးကိုသတိပေးတာ၊ လုံခြုံရေးကိုဂရုစိုက်ဖို့၊ ညဘက်မှာ ကြက်ခြံနဲ့တံခါးမကြီးတွေကို သေသေချာချာပိတ်ဖို့။
ယွီဟွေးဖေးက နောက်တောင်မှာမြင်ခဲ့တဲ့အရိပ်တချို့ကိုတွေးမိပြီး မျက်မှောင်ကြုတ်သွားတယ်၊ စိတ်ထဲမှာတော့ ဟိုတောဝက်တွေဘာတွေ ထွက်လာတာတော့မဟုတ်ပါဘူးနော်ဆိုပြီး တွေးမိလေရဲ့။
"ဟူး... ဒီတစ်ခါဆောင်းဝင်တာ ရုတ်တရက်ကြီးပဲ၊ တိရစ္ဆာန်အများကြီးက ဆောင်းဦးအဆီမစုမိသေးဘူး၊ ဒီဆောင်းတွင်းကိုကျော်နိုင်ဖို့ ခက်လောက်တယ်"
"သူတို့မကျော်နိုင်ရင်တော့ စွန့်စားရတော့မှာပဲ။ နောက်ဆို ရွာထဲမှာ တင်းတင်းကျပ်ကျပ် ပြင်ဆင်ထားရတော့မယ်"
"ကြားရတာတော့ ရွာသူကြီးက ကင်းလှည့်အဖွဲ့ဖွဲ့ဖို့လူစုနေပြီတဲ့"
"ဒါကလည်းမတတ်နိုင်တဲ့ကိစ္စပဲ၊ ဒါပေမဲ့ ရွာထဲမှာလက်နက်ကောင်းကောင်းမရှိဘူး၊ ခန့်မှန်းရတာတော့... ထောင်ချောက် နည်းနည်းထောင်တာလောက်လို့ ထင်ပါရဲ့"
"ကြည့်ကြသေးတာပေါ့..."
လူတွေက တီးတိုး အပြန်အလှန် ဆွေးနွေး ပြောဆိုနေကြတယ်၊ စကားသံတွေထဲမှာ စိုးရိမ်မှုတွေအပြည့်နဲ့။ ဒီတစ်ခါဘေးအန္တရာယ်က ဒီနှစ်ပေါင်းများစွာနေလာပြီး လေမုန်တိုင်းများစွာကြုံဖူးတဲ့ အဘိုးကြီးတွေ၊ မုဆိုးအိုတွေကို အန္တရာယ်ဘယ်လောက်ရှိတယ်ဆိုတာ သဘောပေါက်စေတယ်။
ဒါပေမဲ့ အားလုံးကမကြောက်လန့်ကြဘူး၊ ဘာပဲဖြစ်ဖြစ် အားလုံးက တောတောင်ထဲမှာကြီးလာတဲ့ အဘိုးကြီးတွေ၊ ငယ်ငယ်တုန်းက ဘယ်သူကများ ဝံပုလွေနှစ်ကောင်လောက် မရိုက်ဖူးတာပါလို့လဲ။
စိုးရိမ်တာက စိုးရိမ်တာဘဲ ဒါပေမဲ့ မကြောက်ဘူး။ မိန်းမနဲ့ကလေးတွေကိုပဲ ညဘက်အပြင်မထွက်ဖို့သတိပေးတယ်။
တတိယနေ့၊ ညဘက်၊ ယွီဟွေးဖေးက တရားထိုင်နေတုန်း ရုတ်တရက် အပြင်က လေပြင်းတိုက်ခတ်သံ ကြားလိုက်ရတယ်။ အသံကကြောက်စရာကောင်းတော့ ယွီဟွေးဖေးက နည်းနည်းစိတ်မငြိမ်မသတ်ဘူး၊ ကိစ္စတစ်ခုခု ပြဿနာတစ်ခုခု ဖြစ်တော့မလိုပဲ ခံစားနေရတယ်။