← Chapters

အကြွေးလာဆပ်တာလား

Vol. 9 Ch. 124

အကြွေးလာဆပ်တာလား

Vol. 9 Ch. 124

ပြီးတာနဲ့ ပြတင်းပေါက်တစ်ခုလုံးက တုန်ခါလာပါလေရော။

လေပြင်းတွေက ပြတင်းပေါက်ကြားကနေ တိုးဝှေ့တိုက်ခတ်လာတော့ နတ်ဆိုးတစ်ကောင်က လေချွန်နေသလိုမျိုး ဝူးဝူးဆိုတဲ့ အသံထူးထူးဆန်းဆန်းတွေ ထွက်ပေါ်လာတယ်။

ယွီဟွေးဖေးက အိပ်ရာကနေ ကမန်းကတန်းထပြီး ပြတင်းပေါက်ကို သေသေချာချာပြန်ပိတ်လိုက်ရတယ်။ ဒီလိုပိတ်ထားတာတောင်မှ လေပြင်းတိုက်လွန်းလို့ ပြတင်းပေါက်က ဂျိန်းဂျိန်းနဲ့ မြည်နေတုန်းပဲ။

ဒီနေရာကသာ ကိုးလွှာအဖြစ် အဆင့်မြှင့်ထားလို့သာ တော်သေးရဲ့။ အဆောက်အအုံက အဟောင်းအတိုင်းဆိုပေမယ့် ခိုင်ခံ့မှုကတော့ အရင်နဲ့မတူတော့ဘူးပေါ့လေ။ မဟုတ်ရင်တော့ ယွီဟွေးဖေးက ဒီလေပြင်းကြီးက အိမ်ခေါင်မိုးကို လှန်သွားမှာကို တကယ်စိတ်ပူနေရလောက်ပြီ။

ပြတင်းပေါက်မှာကပ်ပြီး အပြင်ကိုချောင်းကြည့်လိုက်တော့ ကောင်းကင်မှာ မိုးတိမ်မည်းကြီးတွေက လူးလွန့်နေပြီး လေတွေလေတွေဆိုတာ သစ်ရွက်ကြွေတွေကို တစ်လောကလုံး ပျံဝဲနေအောင် တိုက်ခတ်နေတာ မှိန်ပျပျကောင်းကင်အလင်းရောင်အောက်မှာ လင်းနို့အကောင်ပေါင်းများစွာ ကောင်းကင်မှာ ပျံဝဲနေသလိုတောင် ထင်သွားသေးတယ်။

ဒါပေမဲ့ ယွီဟွေးဖေးသိတာပေါ့၊ အဲ့ဒါတွေက လင်းနို့တွေမဟုတ်ဘဲ မေပယ်ရွက်တွေဖြစ်မယ်ဆိုတာကို။ နောက်ဖေးခြံထဲက ဖျောက်ဆိတ်ပင်အိုကြီးက လေပြင်းထဲမှာ သူ့ရဲ့အကိုင်းအခက်မည်းမည်းတွေကို အဆက်မပြတ်ယိမ်းထိုးနေပြီး အပေါ်ကသစ်ရွက်တွေက ရှဲရှဲဆိုပြီး အောက်ကိုကြွေကျနေတာ၊ အဲ့ဒီမြင်ကွင်းက ကြက်မကြီးတစ်ကောင် ရေနွေးအိုးထဲပြုတ်ကျသွားပြီး လူတစ်ယောက်က ရေထဲမှာ အမွေးနှုတ်နေသလိုပဲ သန့်ရှင်းပြောင်လက်ပြီး အမွေးအမှင်တစ်ချောင်းတောင်မကျန်တော့ဘူး။

လေပြင်းတွေတိုက်ခတ်နေတုန်းမှာပဲ မိုးတိမ်မည်းကြီးတွေက ပိုပြီးတော့တောင် လူးလွန့်လာတယ်၊ ယွီဟွေးဖေးသိလိုက်ပြီ၊ ဒီကောင်တွေ အပေါ့သွားတော့မယ်ဆိုတာကို။ ခေါင်းလေးခါပြီး သူလည်း မအိပ်တော့ဘူး။

လေပြင်းတိုက်၊ နှင်းကျပြီဆိုရင် အပူချိန်က သေချာပေါက်ထိုးကျတော့မှာ။ အရင်က သူက မီးမမွှေးထားတော့ အိမ်ထဲမှာ ဒီလိုအပူချိန်ကျတာကို ခံနိုင်မှာမဟုတ်ဘူး။ ဒါနဲ့ ယွီဟွေးဖေးက ချက်ချင်းအောက်ထပ်ကို ဆင်းသွားပါလေရော။

ဆင်းသွားတော့ သရဲနက်ဖြူနှစ်ကောင်က တံခါးဝမှာထိုင်ပြီး တံခါးဖွင့်ကာ လေပြင်းတိုက်တာကိုကြည့်ပြီး ကြွားဝါနေကြတာကို တွေ့လိုက်ရတယ်။

"ဒီလောက် လေလေးများ... လွန်ခဲ့တဲ့အနှစ်တစ်ရာကျော်က ငါမြင်ဖူးတယ်"

"လွန်ခဲ့တဲ့အနှစ်နှစ်ရာကျော်က တစ်ခါတိုက်တာမှ အကြီးကြီး"

"တကယ်ပြောရရင် ဒီလေတိုက်လို့ ပြတင်းပေါက်မြည်တဲ့အသံက သရဲအော်သံနဲ့ နည်းနည်းလေးမှမတူဘူး။ ဘယ်သရဲက အော်တတ်လို့လဲ"

"ဟုတ်တယ်... တကယ့်သရဲအစစ်တွေက တိတ်တိတ်လေးအလုပ်လုပ်ပြီး ပြီးတာနဲ့ပြေးတာ။ ကြိုအော်နေရင် လူကိုဘယ်လိုခြောက်လို့ရမှာလဲ။ အဲ့ဒါကို သရဲလို့ခေါ်လို့ရဦးမှာလား"

"အော်တာက သရဲမဟုတ်ဘူး၊ သရဲက မအော်ဘူး။ မင်းပြောကြည့်၊ တကယ့်သရဲအစစ်က အော်မှာလား"

"မအော်ဘူး"

"ဒါပဲလေ... အော်တာက ဘာလဲ"

"သောက်ရူး" နှစ်ယောက်သားတစ်ပြိုင်နက်တည်း အော်လိုက်ကြတယ်။

နှစ်ယောက်သားတစ်ယောက်တစ်ပေါက်နဲ့ ပြောလို့ကောင်းနေတုန်းမှာပဲ ယွီဟွေးဖေးက လှေကားကနေ အမြန်ဆင်းလာတာကို တွေ့လိုက်ရတော့ သရဲဖြူက မေးလိုက်ရော။

"ညီလေးယွီ... ဘာသွားလုပ်မလို့တုန်း"

"အပူချိန်ကျတော့မှာမို့ မီးသွားမွှေးထားမလို့။ ကျုပ်က သန်းခေါင်ယံမှာ အေးပြီးနိုးလာတာမျိုး မဖြစ်ချင်ဘူး..."

"မီးမွှေးမလို့လား။ ကူညီရမလား" နှစ်ယောက်သားက မေးဖော်ရရှာရဲ့။

ယွီဟွေးဖေးက ထူးဆန်းအံ့သြစွာနဲ့ "ခင်ဗျားတို့နှစ်ယောက် အချိန်ဇုန်မပြောင်းနိုင်သေးဘူးလား"

သရဲနက်က "ဒါက အချိန်ဇုန်ပြဿနာမဟုတ်ဘူး၊ အဓိကက ငါတို့ညဘက်လှုပ်ရှားရတာကြိုက်လို့။ ဒီရှည်လျားတဲ့ညက ဘယ်လောက်တောင်သာယာလိုက်သလဲ ကြည့်စမ်းပါဦး"

ယွီဟွေးဖေးက မျက်လုံးလေးမှေးပြီး ပြုံးကာ "သာယာတယ်ဟုတ်လား။ ကောင်းပြီ..."

နောက်တစ်ခဏမှာတော့ နှစ်ယောက်သား၊ တစ်ယောက်က ရှေ့ခြံ၊ တစ်ယောက်က နောက်ဖေးခြံ၊ တစ်ယောက်တစ်ပေါက် မီးဖိုရှေ့မှာရပ်ပြီး မီးဖိုထဲကမီးကိုကြည့်ကာ ဆဲဆိုနေကြပြီ။

"ငါတို့က နှစ်ယောက်သားစကားပြောရတာကြိုက်တာ၊ ဘယ်သူက တစ်ယောက်တည်းဒီမှာ မီးဖိုကြည့်ချင်နေလို့လဲ"

နှစ်ယောက်ကို မီးဆက်မွှေးခိုင်းပြီးတော့ ယွီဟွေးဖေးက အိမ်ထဲပြန်ဝင်ပြီး အိပ်တော့တယ်။ တကယ်ပဲ... မီးမွှေးပြီးတော့ အိမ်ထဲကအပူချိန်က တဖြည်းဖြည်းမြင့်တက်လာပြီလေ။ အထူးသဖြင့် နှစ်လွှာမှာရှိတဲ့ မြေအိပ်ယာက အပူငွေ့တွေတက်လာတော့ ယွီဟွေးဖေးက သူ့ရဲ့ခါးလေးတောင် သက်သောင့်သက်သာနဲ့ သီချင်းဆိုနေသလားပဲ။

နောက်ဆုံးမှာ ယွီဟွေးဖေးက စောင်ကိုကန်ထုတ်ပြီး အဲ့ဒီပူနွေးတဲ့အိပ်ယာပေါ်မှာလှဲကာ မီးဖန်ခွက်စုပ်ခံရသလိုမျိုး ချဉ်စပ်တဲ့ခံစားချက်ကို အားရပါးရခံစားပြီးမှ ထထိုင်ကာ ကျင့်စဉ်ကို စတင်ကျင့်ကြံတော့တယ်။

တစ်ညလုံး ဘာမှထူးထူးခြားခြားမဖြစ်ဘူး။

နောက်တစ်နေ့၊ ကြက်ဖကြီးတစ်ကောင်ရဲ့တွန်သံ ထွက်ပေါ်လာတယ်...

"အောက်... အီး..."

အသံက တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်သွားကော။

ခေါင်းပြူထွက်ကြည့်လိုက်တော့ နံရံပေါ်တက်နေတဲ့ နောက်ကြက်ဖကြီးတစ်ကောင်ကလည်း တွန်မလို့လုပ်တုန်း၊ ခေါင်းမော့၊ ပါးစပ်ဟပြီး အောက်ဆိုတဲ့အသံထွက်ထွက်ချင်းပဲ လေအေးတစ်ချက်ပါးစပ်ထဲဝင်သွားတော့ ဒီကောင်က လည်ပင်းလေးပုပြီး မတွန်တော့ဘဲ ကြက်ခြံထဲကို ပြန်ပြေးဝင်သွားပါလေရော။

ယွီဟွေးဖေးက ချက်ချင်းရယ်ပြီး "ဒီသေနာကောင် တစ်ကိုယ်လုံးအမွေးတွေနဲ့ကို ဒီလောက်တောင်အေးတတ်တာလား"

သူ့ကို အံ့ဩစေတာက လေပြင်းတစ်ညလုံးတိုက်ပေမယ့် နှင်းမကျခဲ့ဘူး။ မြောက်ပိုင်းသားတွေအားလုံး နားလည်တယ်လေ။ နှင်းကျတဲ့အချိန်မှာ အပူချိန်က တကယ်တော့ပြန်တက်လာပြီး သိပ်မအေးဘူးဆိုတာကိုပေါ့။ နှင်းမကျဘူးဆိုရင်တော့ ဒီလေအေးက တဟုန်ထိုးဝင်လာပြီး လေနွေးအားလုံးကို မောင်းထုတ်သွားတာ၊ ဒီအပူချိန်ကျဆင်းနှုန်းက အရမ်းကိုမြန်သွားတယ်။

ဒါပေမဲ့ ယွီဟွေးဖေးကတော့ တော်တော်လေးပျော်နေတယ်၊ နှင်းမကျဘူးဆိုရင် လျိုရှင်းလာဖို့က ပြဿနာမရှိတော့ဘူးပေါ့။

ယိမ်းထိုးပြီး အောက်ထပ်ဆင်းသွားတော့ ယွီဟွေးဖေးရဲ့မျက်စိရှေ့မှာ အဖြူရောင်အရာတစ်ခု ယိမ်းထိုးပြီး ယွီဟွေးဖေးရဲ့နှာခေါင်းပေါ်မှာ ကျလာတယ်။

"ငန်းမွေးလား"

ဟုတ်တယ်၊ အဲ့ဒါက တကယ်ငန်းမွေးပဲ။ ဘယ်ကငန်းမွေးရောက်လာတာလဲ။

ခေါင်းလှည့်ကြည့်လိုက်တော့ ကြက်ခြံတံခါးက ပွင့်နေပြီး ကြက်မကြီးသုံးကောင်က ထောင့်တစ်ထောင့်မှာပုန်းပြီး တုန်နေကြတာ။ တစ်ကိုယ်လုံးကအမွေးတွေ သိပ်မရှိတော့ဘူး၊ ကြက်ခေါင်းပေါ်မှာအမွေးရှိနေလို့သာ၊ မဟုတ်ရင် ယွီဟွေးဖေးက ဘယ်အိမ်ကသတ်ထားတဲ့ကြက်ကို ဒီမှာလာပစ်ထားလဲလို့ ထင်နေလောက်ပြီ။

နောက်တစ်ဖက်မှာ ယွီဟွေးဖေးက ပိုဆိုးတဲ့ဘဲနှစ်ကောင်ကို တွေ့လိုက်ရရော။ တစ်ကိုယ်လုံးကအမွေးတွေ လုံးဝမရှိတော့ဘဲ အတူတူပူးကပ်ပြီး တုန်နေကြတယ်။

ယွီဟွေးဖေးက ထိုင်ချပြီး ကြက်ခြံထဲကိုကြည့်လိုက်တော့ ငန်းခေါင်းကြီးတစ်လုံးထွက်လာပြီး ယွီဟွေးဖေးကို တစ်ချက်ဖမ်းကိုက်ပေမယ့် သူကလည်း တုံ့ပြန်မှုမြန်တယ်၊ ပါးတစ်ချက်ဖြတ်ရိုက်ပြီး သူ့ကိုဖယ်ထုတ်လိုက်တာပေါ့။ ပြီးတာနဲ့ ဟိုငန်းဖြူကြီးက ပြေးထွက်လာပြီး တောင်ပံဖြန့်၊ လည်ပင်းဆန့်၊ ခေါင်းမော့ကာ ယွီဟွေးဖေးရဲ့ပေါင်ခြံကို လိုက်ကိုက်တော့တာပဲ။

"သောက်ကျိုးနည်း... ငန်းသူတောင်းစား၊ ဒီလောက်တောင်ကျေးဇူးကန်းရသလား။ မနေ့က ငါမင်းတို့ကို ကာကွယ်လာတာလေ"

ငန်းဖြူကြီးကို ခြေတစ်ချက်ကန်ထုတ်လိုက်တော့ ဒုတိယငန်းဖြူကလည်း ထွက်လာတယ်၊ နှစ်ကောင်သားတောင်ပံဖြန့်ပြီး တော်တော်ကြမ်းတမ်းတာပဲ၊ တစ်ဖက်တစ်ချက်ကနေ ယွီဟွေးဖေးကို လိုက်ကိုက်ကြရော။

ယွီဟွေးဖေးလည်း သိတယ်၊ ဒီနှစ်ကောင်က ဒေသခံငန်းတွေဖြစ်ရမယ်၊ မဟုတ်ရင် ဒီလောက်မကြမ်းဘူး။ တရုတ်ငန်းတွေက တရုတ်ခွေးတွေနဲ့အရမ်းတူတယ်၊ တစ်ကောင်ချင်းစီက ကလိမ်ကကျစ်နိုင်ပြီး ပိုင်နက်စိတ် အရမ်းပြင်းထန်ပြီး၊ အိမ်စောင့်နိုင်တယ်။

ဒီငန်းဖြူကြီးနှစ်ကောင်က ကြီးလာပြီ၊ သူတို့ရဲ့မူလအိမ်မှာ ပိုင်နက်စိတ်ဖြစ်ပေါ်နေပြီ။ အခုအိမ်သစ်ရောက်တော့လည်း ဒီနေရာကို ကိုယ့်ပိုင်နက်လို့သတ်မှတ်ထားတယ်။ ဟိုကြက်ဘဲတွေနဲ့ယွီဟွေးဖေးကတော့ ကျူးကျော်သူတွေပဲ။ ဒါကြောင့် ဒီနှစ်ကောင်က တိုက်ခိုက်မှုစတင်တော့တာ။

ဒါပေမဲ့ ငန်းကငန်းပဲ၊ နွားခေါင်းထွက်လာတဲ့အချိန်မှာ သူမျက်လုံးပြူးကြည့်စရာတောင်မလိုဘူး။ ဒီနှစ်ကောင်က လည်ပင်းလေးပုပြီး နောက်လှည့်ကာ ကြက်ခြံထဲကို ပြန်ပြေးဝင်သွားကြတယ်။

ယွီဟွေးဖေးက နွားခေါင်းကိုကြည့်၊ ဟိုငန်းဖြူကြီးနှစ်ကောင်ကိုကြည့်ပြီး မနေနိုင်ဘဲ ဆဲဆိုပါလေရော။

"ဒီအားနည်းသူကိုအနိုင်ကျင့်ပြီး အားကြီးသူကိုကြောက်တဲ့ကောင်တွေ"

လူမိုက်ငန်းကြီးနှစ်ကောင်က အရမ်းဗိုလ်ကျလွန်းတော့ ယွီဟွေးဖေးလည်းမတတ်နိုင်ဘူး၊ ကြက်မကြီးသုံးကောင်နဲ့ဘဲနှစ်ကောင်ကို သီးသန့်ထင်းခန်းထဲကို ပိတ်ထားလိုက်ရတယ်။ ပထမတုန်းက သူတို့ကိုသုံးလွှာကို ပစ်တင်မလို့ပဲ။ ဒါပေမဲ့ သူတို့က နတ်စွမ်းအင်တွေနဲ့မူးသွားနိုင်တာကို ထည့်တွက်ပြီးတော့ လက်လျှော့လိုက်တယ်။

ဒီအချိန်မှာ အဖြူရောင်အရာတစ်ခု ထပ်ကျလာတယ်။

"ဘယ်လိုလုပ် အမွေးတွေရှိနေသေးတာလဲ"

ရလဒ်ကတော့ လက်နဲ့ဖမ်းကြည့်လိုက်တော့ ဟိုအဖြူရောင်အရာက သူ့လက်ထဲမှာ ရေတစ်စက်ဖြစ်သွားတယ်...။ ယွီဟွေးဖေးက ကြောင်သွားပြီး ကောင်းကင်ကိုမော့ကြည့်လိုက်တော့ ဖွေးဖွေးလှုပ်နေတဲ့ငန်းမွေးလိုနှင်းတွေက လေနဲ့အတူကျဆင်းပြီး ကောင်းကင်တစ်ခုလုံးပျံဝဲနေရော။

"ဒါက နှင်းမုန်တိုင်းကြီးကျတော့မှာပဲ"

ယွီဟွေးဖေးရဲ့မျက်နှာက ချက်ချင်းပြောင်းသွားသလို အမြန်ဖုန်းထုတ်ပြီး လျိုရှင်းကိုစာပို့တယ်။

"ဘယ်ရောက်ပြီလဲ"

"ကူလင်မရောက်သေးဘူး၊ သုံးနာရီလောက်လိုသေးတယ်"

ယွီဟွေးဖေးက အချိန်ကိုတွက်ချက်ကြည့်တယ်၊ အရင်ကအတွေ့အကြုံအရဆိုရင် ဒီလောက်ကြီးတဲ့နှင်းနဲ့ သုံးနာရီဆိုရင် တောင်ထဲကလမ်းကိုပိတ်မိဖို့ လုံလောက်ပြီ။ အရင်နှစ်တွေက ပထမဆုံးနှင်းကျတဲ့အချိန်မှာ မြေကြီးကနွေးနေသေးတယ်၊ နှင်းကျလာတာနဲ့ အရည်ပျော်သွားတယ်၊ ဒါကြောင့် ပထမဆုံးနှင်းက များသောအားဖြင့်မတည်ဘူး။

ဒါပေမဲ့ ဒီနေ့ဒီနှင်းကမတူဘူး၊ မနေ့ညကတည်းက အပူချိန်ကျနေတာ၊ လေပြင်းတစ်ညလုံးတိုက်ထားတော့ မြေကြီးက ကြည့်ရတာဘာမှမပြောင်းလဲပေမယ့် တကယ်တော့ခဲနေပြီ။ အပူချိန်ကအရမ်းနိမ့်တယ်၊ အခုနှင်းပွင့်တွေမြေကြီးပေါ်ကျတာနဲ့ လုံးဝမအရည်ပျော်ဘူး။ ဒီတစ်ခါနှင်းက တည်ရုံတင်မကဘူး၊ အမြန်ဆုံးနှုန်းနဲ့ စုပုံလာနိုင်တယ်။

ယွီဟွေးဖေးလည်း မတတ်နိုင်ဘူး၊ သူစောင့်ရုံပဲပေါ့။ တစ်ချိန်တည်းမှာပဲ တိတ်တဆိတ်ဆုတောင်းနေတယ်၊ လမ်းမပိတ်ပါစေနဲ့လို့လေ။

အချိန်ကတစ်စက္ကန့်ပြီးတစ်စက္ကန့်ကုန်ဆုံးသွားပြီ။ သုံးနာရီဆိုတာမကြာပေမယ့် ယွီဟွေးဖေးကတော့ တစ်နာရီကို တစ်နှစ်လိုခံစားနေရတယ်။

ကြားထဲမှာ လျိုရှင်းက ယွီဟွေးဖေးကိုစာပို့တယ်၊ ကူလင်ရောက်ပြီ၊ လာတော့မယ်တဲ့။

ခဏထပ်စောင့်ပြီး ယွီဟွေးဖေးက ထပ်စာပို့ပေမယ့် ရလဒ်ကတော့...

"မရောက်သေးဘူး၊ ကားပျက်သွားတယ်"

"ကားပျက်သွားတယ်လား။ နင်ဘာကားစီးလာတာလဲ"

"ကျွန်မကားငှားလာတာ၊ ဆရာကလည်း ဒီကိုပဲလာမှာ။ ဒါပေမဲ့ ခုနကနှင်းကျလာတော့ လမ်းချော်တယ်၊ ငါတို့သိပ်မမြန်ရဲဘူး။ ရလဒ်ကတော့ လမ်းမှာကားစက်သေသွားရော။ ကားသမားအစ်ကိုကြီးက ကားပြင်နေလေရဲ့။ သူက ကားပြင်ဆိုင်ကလူ၊ ပစ္စည်းတွေအကုန်စုံတော့ မြန်မြန်ပြင်ပြီးမှာပါ"

ယွီဟွေးဖေးက ဒီစကားကြားတော့ ချက်ချင်းစိတ်ပူသွားတယ်၊ ဒီအချိန်မှာကားပျက်တယ်လား။ ကောင်းကင်ကိုမော့ကြည့်တော့လည်း မိုးတိမ်မည်းကြီးတွေနဲ့၊ နှင်းတွေက ငန်းမွေးလို ကောင်းကင်တစ်ခုလုံး ပျံဝဲနေတယ်၊ ဒီနှုန်းအတိုင်းဆိုရင် ခဏထပ်စောင့်ရင် လမ်းပေါ်ကအခြေအနေတွေက မတူတော့ဘူး။

စိတ်ပူသွားပြီး အမြန်အပြင်ထွက်ပြီး လူမေးတယ်၊ အပြင်ထွက်တဲ့ကားရှိလားလို့။

သူက လျိုရှင်းကိုသွားကြိုချင်တာ၊ ရလဒ်ကတော့ ဒီလောက်ကြီးတဲ့နှင်းနဲ့ ဘယ်သူမှအပြင်မထွက်ချင်ဘူး။

ယွီဟွေးဖေးက မတတ်နိုင်တော့ဘဲ ရွာသူကြီး ကျန်းစန်းရှန်းဆီသွားရတယ်။ ကျန်းအဘိုးကြီးက ရပ်ကွက်ရုံးမှာထိုင်ပြီး ဆေးလိပ်သောက်နေတုန်းပဲ။ ယွီဟွေးဖေးဝင်လာတာမြင်တော့ ရယ်ပြီး မေးလေရဲ့။

"ငါ့ညီလေးယွီက အကြွေးလာဆပ်တာလား"

All Chapters