ကိုလာပြီ မင်းဆီကို
Vol. 9 Ch. 126
ယွီဟွေးဖေးက စွပ်ဖားပေါ်မှာထိုင်ပြီး ကိုယ်မတ်မတ်ထား၊ မျက်လုံး ကြိုးစားပြီးမှေးလို့ အဝေးကိုကြည့်နေတယ်။ ဝါကြီးက လမ်းကိုအရမ်းကျွမ်းကျင်ပေမယ့် ဒီအချိန်မှာ မောင်းနှင်သူအနေနဲ့ အာရုံစိုက်ရမယ်။ ဘာပဲဖြစ်ဖြစ် တစ်ခါတလေမှာ လူလည်းမှားတတ်သလို ခွေးလည်းမှားတတ်တယ်။ ဒါကြောင့် သူကအချိန်မရွေးလမ်းကြောင်းနဲ့ သတင်းအချက်အလက်ကို ချက်ချင်းသိရှိရမယ်၊ နှစ်ခုပေါင်းစပ်မှဖြစ်မယ်။
တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက အချိန်မရွေးဖုန်းနဲ့ လျိုရှင်းကိုစာပို့ပြီး ဟိုဘက်ကအခြေအနေကို မေးနေတယ်။
"ဝံပုလွေအုပ်က အရမ်းရုတ်တရက်ကြီး ရောက်လာတာ။ ကားသမားဆရာက ခုနကကားပြင်နေတာ။ အခုတော့ ကားအောက်မှာပိတ်မိနေပြီ၊ သူဘယ်လိုနေလဲ ကျွန်မမသိဘူး၊ တံခါးလည်း မဖွင့်ရဲဘူး"
"တံခါးမဖွင့်နဲ့... နင်ကားထဲမှာပဲနေ။ နင်ထွက်သွားရင်လည်း သူ့ကိုမကူညီနိုင်ဘူး"
"ဒါပေမဲ့ ကျွန်မ သူအော်ဟစ်ငိုယိုနေတာကြားတယ်... ကျွန်မ၊ ကျွန်မသူ့ကိုကူညီချင်တယ်။ ဒါပေမဲ့ ကျွန်မမလုပ်နိုင်ဘူး... ဘာမှမလုပ်နိုင်ဘူး"
"မငိုနဲ့... မကြောက်နဲ့... မထွက်နဲ့... ငါရောက်တော့မယ်။ ငါ့ကိုစောင့်"
"ကျွန်မ... ကျွန်မ ရှင့်ကိုစောင့်နေမယ်"
"ငါ့ကိုစောင့်... အရင်တစ်ခါလိုပဲ နင်သည်းခံထား။ ငါလာမှာ... ကောင်းကင်ကနေ ကျဆင်းလာပြီး နင့်ကိုအိမ်ပြန်ခေါ်သွားမယ်"
"အင်း..."
...
"ကလစ်"
အသံတစ်ချက်မြည်လာချိန် ယွီဟွေးဖေးက ခေါင်းမော့ကြည့်လိုက်တော့ တောင်ပေါ်ကသစ်ပင်တချို့ နှင်းကြီးနဲ့ဖိပြီးကျိုးသွားတာပဲ။ နှင်းတုံးကြီးတွေက ချောက်ကမ်းပါးပေါ်ကနေကျလာတော့
"ဝါကြီး... သတိထား" ဆိုပြီး ယွီဟွေးဖေးက အော်တယ်။
ဝါကြီးက ဝုတ်ဝုတ်ဟောင်ပြီး ခွေး၁၃ကောင်ကိုခေါ်ပြီးတစ်ပတ်လှည့်၊ ရှောင်တိမ်းပြီး ဟိုနှင်းတုံးရဲ့ရိုက်ခတ်မှုကို ရှောင်လိုက်တယ်။
ယွီဟွေးဖေးရဲ့စွပ်ဖားက ဟိုနှင်းပုံကို ပွတ်သီးလေးဖြတ်သွားရော။ ယွီဟွေးဖေးလည်း သိတယ်။ ဒီမှာ နှင်းတင်မကဘူး၊ အထဲမှာ ကျိုးနေတဲ့ သစ်ကိုင်းတွေပါတယ်။ ဒါနဲ့ရိုက်မိရင် မသေရင်လည်းဒုက္ခိတပဲ။
ယွီဟွေးဖေးက တိတ်တဆိတ် ချွေးအေးတစ်ခါသုတ်လိုက်မိလေရဲ့။
ဒါကအစပဲရှိသေးတယ်...
ဒီနှင်းမုန်တိုင်းကြီးက ရုတ်တရက်ကြီး ရောက်လာတာ။ အပင်တွေတော်တော်များများ သစ်ရွက်တွေ မကြွေသေးဘူး၊ နှင်းကြီးကျလာတော့ သစ်ရွက်တွေက နှင်းအများကြီးကိုထိန်းထားရတယ်။ ဒီသစ်ပင်ကြီးတွေက ဝန်မနိုင်တော့ဘဲ ကျိုးလာမှာက သေချာပေါက်ပဲ။
ပြီးတော့ ဒီချောက်ကမ်းပါးပေါ်မှာ တစ်ပင်နှစ်ပင်ပဲ ရှိတာမဟုတ်ဘူး...။ ကံကောင်းတာက ချောက်ကမ်းပါး ဒီလမ်းကမရှည်ဘူး၊ မကြာခင် ဖြတ်သွားပြီးရင်တော့ တောင်ခြေကလမ်းရောက်ပြီ။
ခေါင်းမော့ပြီး ဟိုတောင်ငယ်လေးကိုကြည့်လိုက်တော့ တောင်ကမမြင့်ပေမယ့် အပေါ်ကအပင်တွေ မနည်းဘူး၊ အခုနှင်းနဲ့ဖုံးလွှမ်းနေတော့ တောင်တစ်ခုလုံးက ပေါင်မုန့်ဖြူကြီးလိုပဲ။
ယွီဟွေးဖေးက မျက်မှောင်နည်းနည်းကြုတ်နေတယ်...။ သူ့အဘိုးက သူ့ကိုပြောဖူးတယ်.... ဒီလိုတောင်က ကြည့်ရတာအန္တရာယ်မရှိပေမယ့် ဆောင်းတွင်းမှာ တကယ်အရမ်းအန္တရာယ်များတယ်။ နှင်းအောက်မှာ ဘာမှမရှိတာမဟုတ်ဘူး၊ အောက်မှာမြက်တွေအများကြီးရှိတယ်။
ဒီမြက်တွေက ဖိပြီးကွေးသွားတယ်၊ ဒါပေမဲ့ မပြားသွားဘဲ အပေါ်ကနှင်းကို ထောက်ထားတယ်။ နှင်းက လေပြင်းထဲမှာ တဖြည်းဖြည်းခဲသွားပြီးတော့ သူတို့ကိုမဖိတော့ဘူး၊ မြက်ပင်တွေက ကိုယ့်ရဲ့အားထက်ပိုများတဲ့ နှင်းကိုထောက်ပင့်ထားတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ပြင်းထန်တဲ့ တုန်ခါမှုတချို့ရောက်လာရင် ဒီနှင်းတွေကပြိုကျသွားမှာပဲ။
ဒါက နှင်းပြိုတာပဲ။
ဒါကြောင့် ယွီဟွေးဖေးက ဝါကြီးကိုမအော်ခိုင်းတော့ဘူး၊ သူလည်းပါးစပ်ပိတ်ထားတယ်။ တစ်လမ်းလုံး ယွီဟွေးဖေးက ချွေးအေးတစ်ခါသုတ်ပြီး တောင်စောင်းပေါ်ကို သေသေချာချာစိုက်ကြည့်နေရတာပေါ့။ ကံကောင်းတာက တစ်လမ်းလုံး လုံလုံခြုံခြုံ ဖြတ်သန်းသွားနိုင်လိုက်တာပဲ။
ဒီတောင်ငယ်လေးကိုကျော်ပြီးတော့ တောင်တက်လမ်းပဲ၊ ပြီးတော့ တောင်ပတ်လမ်းတစ်ခုထဲကို ထပ်ဝင်သွားရပြန်ပြီ။ ဒီလမ်းပေါ်မှာ အပင်တွေထူထပ်တယ်၊ နှင်းကကြီးပေမယ့် အပင်တွေက တောင်ပေါ်မှာ သေသေချာချာ ပိတ်ဆို့ထားတော့ ဒါက ယွီဟွေးဖေးကို စိတ်အေးသွားစေတယ်။
ဒီအချိန်မှာ ယွီဟွေးဖေးရဲ့အိတ်ကပ် တစ်ချက်ပူလောင်သွားတာကို ခံစားရတယ်။ သူအိတ်ကပ်ထဲက ဘာသတင်းလဲဆိုတာ ကြည့်မလို့လုပ်တုန်း ဝါကြီးက ရုတ်တရက် ပြင်းထန်တဲ့ ခွေးဟောင်သံတစ်ချက် ဟောင်လိုက်တယ်။
ယွီဟွေးဖေးကလိုက်ပြီး ရှေ့ကိုကြည့်လိုက်တော့ ရှေ့မလှမ်းမကမ်းမှာ ကျောက်တုံးငယ်လေးတွေ ကျလာနေတာပဲ။ သူခေါင်းမော့ကြည့်လိုက်တော့ ဦးခေါင်းတွေတောင် ပေါက်ကွဲတော့မလိုပဲ တစ်ကိုယ်လုံးသွေးတွေဆူပွက်ပြီး ဦးရေပြားထုံသွားရော။
ဘာလို့လဲဆိုတော့ ကျောက်တုံးကြီးတစ်တုံးက အောက်ကိုလိမ့်ကျလာနေတာ။ အဲ့ဒီအရှိန်က အရမ်းမြန်သလို အကွာအဝေးကလည်း အရမ်းနီးတယ်။ ဒီအချိန်မှာ သူတို့ကရပ်လို့မရတော့ဘူး။
"ဝါကြီး ရပ်လို့မရတော့ဘူး၊ ဖြတ်သွား၊ ဖြတ်သွား..."
ဝါကြီးက ဟောင်လိုက်ချိန် ခွေး၁၃ကောင်က ဝါကြီးထက်ငယ်တော့ အားပိုပြည့်တယ်။ လိုက်ဟောင်ပြီး အားကုန်ပြေးတော့တာပဲ။
ယွီဟွေးဖေးကတော့ ဟိုလိမ့်ကျလာတဲ့ ကျောက်တုံးကြီးကို သေသေချာချာစိုက်ကြည့်နေတာ။ အဲ့ဒီတစ်ခဏ သူမျက်လုံးထဲမှာ ဟိုကျောက်တုံးကြီးပဲကျန်တော့လို နားထဲမှာလည်း ကျောက်တုံးကြီးလိမ့်ကျတဲ့အသံပဲ ကြားရတယ်။
ပိုနီးလာပြီ၊ ပိုနီးလာပြီ...
သူ့တစ်ကိုယ်လုံးက ချွေးပေါက်တွေ ဒီအချိန်မှာ ပွင့်ထွက်သွားတယ်။ တစ်ကိုယ်လုံး အရေပြားနီရဲပြီး ချွေးပူတွေတောင်ထွက်လာတဲ့အပြင် သူ့အရေပြားက ဒီအချိန်မှာ နည်းနည်းတွန့်ကြေပြီး အရေခွံကွာလာရော။ ကံဆိုးတာက ယွီဟွေးဖေး ကိုယ့်ရဲ့ဒီတစ်ချက်ကို သတိမထားမိဘူး။
သူက ဟိုကျောက်တုံးကြီးကို သေသေချာချာစိုက်ကြည့်ပြီး ခေါင်းထဲမှာ ဘယ်လိုရှောင်တိမ်းရမလဲဆိုတာ စဉ်းစားနေတာ။ ကျောက်တုံးနဲ့ ကိုယ့်ရဲ့အရှိန် ကွာခြားချက်ကို တွက်ချက်နေတာ။ လုံးဝမသိလိုက်တာက သူ့ခန္ဓာကိုယ်ထဲမှာ ကျင့်စဉ်က အပြင်လှုံ့ဆော်မှုခံရပြီးနောက်မှာ ရူးသွပ်သလိုလည်ပတ်နေတာပဲ။
တစ်ကိုယ်လုံးမှာရှိတဲ့ သွေးတွေက ဝန်ပိုပြီးစီးဆင်းနေပြီး သူ့ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်နှုန်း အမြင့်ဆုံးရောက်သွားတယ်။
"အခုပဲ... ဖြတ်တော့"
ယွီဟွေးဖေးကအော်တော့ ဝါကြီး၊ ခွေး၁၃ကောင်က တစ်ပြိုင်နက်တည်းဟောင်တယ်။
အရှိန်မြှင့်၊ အရှိန်မြှင့်၊ ထပ်အရှိန်မြှင့်။
ယွီဟွေးဖေးက ရုတ်တရက်ထိုင်ချလိုက်ရင်း တစ်ကိုယ်လုံးကျုံ့ပြီး ကိုယ်ကိုကွေးထားတယ်၊ အချိန်မရွေး စွပ်ဖားပေါ်ကနေ ခုန်ထွက်ဖို့ပြင်ဆင်ထားတာ။ သူထိုင်ချလိုက်တဲ့အချိန်မှာပဲ ကျောက်တုံးကြီးကသူ့ခေါင်းပေါ်ကျလာရော။ ဒါပေမဲ့ နောက်တစ်ခဏမှာ သူကျောက်တုံးအောက်ကနေ ပြေးထွက်သွားပြီး ကျောက်တုံးကြီးက ယွီဟွေးဖေးရဲ့နောက်မှာ ကျန်ခဲ့တော့တာပေါ့။
ယွီဟွေးဖေးက စွပ်ဖားတစ်ခုလုံးတုန်နေတာကို ရှင်းရှင်းလင်းလင်းခံစားမိတယ်။ နောက်လှည့်ကြည့်လိုက်တော့ ဟိုကျောက်တုံးကြီးက လမ်းကိုပြိုကျသွားစေတာကို မြင်လိုက်ရတယ်။ လမ်းကပျက်စီးသွားပြီ၊ ကျောက်တုံးကြီးက အဲ့ဒီမှာပိတ်ထားပြီး ပြန်လမ်းကိုပိတ်ဆို့ထားတယ်။
"သောက်ကျိုးနည်း..."
နောက်ဆုတ်လမ်းမရှိတော့ဘူး၊ ရှေ့ဆက်သွားရုံပဲ။ ရှေ့ပြန်လှည့်ကြည့်လိုက်တော့ ရှေ့က လမ်းအခြေအနေက ပိုကောင်းလာတယ်။ အနည်းဆုံးလမ်းကျယ်လာတယ်။
...
တစ်ချိန်တည်းမှာပဲ လျိုရှင်းဘက်မှာ။
လျိုရှင်းတို့ကားက လမ်းအလယ်မှာရပ်ထားပြီး ကားထဲမှာသူတစ်ယောက်တည်းကျန်တော့တယ်၊ ကိုယ့်ကိုယ်ကိုဖုံးကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ အဝတ်အစားစတာတွေသုံးရင်း ကိုယ့်ကိုယ်ကိုဖုံးကွယ်ပြီး ရေမွှေးကိုလည်း ကားထဲမှာအပြည့်ဖြန်းထားတယ်။
သူသိတယ်လေ... ဝံပုလွေရဲ့ အနံ့ခံအာရုံက အရမ်းကောင်းတယ်ဆိုတာကိုပေါ့။ ကားထဲမှာလူအနံ့ရရင် ကားကိုတိုက်ခိုက်နိုင်တယ်။ သူဝံပုလွေက ဝင်လာမလား မသိဘူး။ သူကအဆိုးဆုံးကိုပဲပြင်ဆင်ထားတယ်။
ဒီအချိန်မှာ အပြင်ကနေကြောက်မက်ဖွယ်အော်သံတစ်ချက်ထွက်လာတယ်၊ "မလုပ်နဲ့၊ မလုပ်နဲ့... သွားစမ်း၊ သွားစမ်း။ မင်းတို့သေနာခွေးကောင်တွေ..." အော်သံကတစ်ဝက်တစ်ပျက်နဲ့ မရှိတော့ဘူး၊ ပြီးတော့ ဝံပုလွေရဲ့ဟိန်းသံ...။
လျိုရှင်းက ကားဆရာ ကံဆိုးမိုးမှောင်ကျသွားပြီဆိုတာ သိလိုက်ပြီ။
ကိုယ့်ကိုယ်ကိုတည်ငြိမ်အောင် ကြိုးစားနေချိန်...
ဘုန်း...
အသံတစ်ချက်မြည်သံက သူ့ကိုလန့်ပြီးအော်မိတော့မလိုပဲ။ ဝံပုလွေက အင်ဂျင်ဖုံးပေါ် ခုန်တက်လာတာကို မြင်လိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ သွေးစွန်းနေတဲ့ အရာတစ်ခုကိုလည်း ဆွဲတင်လာတယ်။ ဝံပုလွေတစ်အုပ်က အင်ဂျင်ဖုံးပေါ်မှာထိုင်ပြီး ဆွဲဖြဲနေကြတာ။
လျိုရှင်းက အပေါက်ကြားကနေ လက်တစ်ဖက်ကိုမြင်လိုက်ရတယ်။ သူဒီအချိန်မှာငိုတယ်၊ ဒါပေမဲ့ အသံမထွက်ရဲဘူး။ အဲ့ဒီမှာကျုံ့ပြီးတုန်နေရုံပဲ... လက်ထဲမှာလည်း ဖုန်းကိုင်ထားတာပေါ့။
ဒီအချိန်မှာ ရဲနဲ့အချိန်တပြေးညီ တည်နေရာမျှဝေနေလိုဘဲ တစ်ချိန်တည်းမှာ တည်နေရာမျှဝေနေတဲ့ သူကယွီဟွေးဖေး။ ဒါပေမဲ့ ရဲဟာ အရင်ကတော်တော်မြန်ပေမယ့် အခုတော့လမ်းတစ်ဝက်မှာပိတ်မိနေပြီ။
"ခင်ဗျားတတ်နိုင်သလောက် မလှုပ်ပါနဲ့။ ဘာပဲဖြစ်ဖြစ် ကားတံခါးလုံးဝမဖွင့်ပါနဲ့။ ကျွန်တော်တို့ကို စောင့်ပါ၊ ကျွန်တော်တို့ကားက မောင်းလို့မရတော့ဘူးဆိုပေမယ့် လမ်းလျှောက်ပြီးရှေ့ဆက်နေပါတယ်။ ကျွန်တော်တို့ကိုယုံကြည်ပါ။ ကျွန်တော်တို့ ခင်ဗျားကို လုံးဝစွန့်ပစ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ကို စောင့်ပါ"
"ကျွန်မ ရှင်တို့ကိုစောင့်နေပါ့မယ်"
"ခင်ဗျားကတခြားသူတွေကိုလည်း တည်နေရာမျှဝေထားတာ ကျွန်တော်တို့မြင်တယ်။ အဲ့ဒီလူကဘယ်သူလဲ... သူအရမ်းမြန်တာပဲ။ ခင်ဗျားဆီတောင်ရောက်တော့မယ်။ သူတို့ ဘယ်နှစ်ယောက်ရှိလဲ၊ ဝံပုလွေအုပ်ကို တိုက်ခိုက်နိုင်လို့လား"
"သူတစ်ယောက်တည်းလာတာ"
"ရူးနေတာလား... သူ့ကို အမြန်ပြန်ဆုတ်ခိုင်းလိုက်။ အဲ့ဒါကဝံပုလွေအုပ်၊ ဆယ်ရက်ကျော် ဆာလောင်နေတဲ့ ဝံပုလွေအုပ်ဖြစ်နိုင်တယ်၊ သူတို့ရူးသွပ်နေကြလောက်ပြီ"
"ကျွန်မ သူ့ကိုပြန်ခိုင်းပေမဲ့ သူကလက်မခံဘူး... ဒါပေမဲ့ ကျွန်မ သူ့ကိုယုံကြည်ပါတယ်။ သူအရင်တစ်ခါ ဝံပုလွေအုပ်ကို တိုက်ထုတ်နိုင်တယ်၊ ဒီတစ်ခါလည်း သေချာပေါက်လုပ်နိုင်မှာ"
"အရင်တစ်ခါတုန်းကလား... သူအရင်က တစ်ယောက်တည်း ဝံပုလွေအုပ်ကို တိုက်ထုတ်ဖူးတယ်လား" ရဲတောင်ကြောင်သွားတယ်။
သူတို့က အနီးအနားကရဲ... လျိုရှင်းနဲ့ အနီးဆုံးရဲပဲ။ အကြောင်းကြားချက် ရရချင်း နှင်းထဲမှာပြေးထွက်လာတာ။ သူတို့က ဒီတောင်ကြီးအခြေအနေကို ကောင်းကောင်းသိတယ်။ ဒီနှစ်တွေမှာ ဝံပုလွေအုပ်ကပိုကြီးလာတာ။ အနီးအနားက လူတွေအတွက်လည်း ပြဿနာကြီးတစ်ခုဖြစ်နေပြီ။ ရဲဖြစ်ရင်တောင် ဝံပုလွေအုပ်ကို ကိုင်တွယ်ရတာ အရမ်းခက်တယ်။
ဘာလို့လဲဆိုတော့ ဒီဝံပုလွေတွေက အရမ်းကောက်ကျစ်တယ်။ တစ်ခါခံဖူးရင် နောက်တစ်ခါမခံတော့ဘူး၊ သူတို့ကို ကိုင်တွယ်ဖူးတဲ့နည်းလမ်းတွေက များသောအားဖြင့် ဒုတိယအကြိမ်မှာ အသုံးမဝင်တော့ဘူး။
ဒါကဒေသခံသစ်တောဌာန၊ ရဲဌာနကို ခေါင်းကိုက်စေတယ်။ ကံကောင်းတာက ဝံပုလွေအုပ်က လွယ်လွယ်နဲ့ တောင်ပေါ်ကမဆင်းဘူး။ ဒါပေမဲ့ ဒီတစ်ခါ နှင်းမုန်တိုင်းကြီးပိတ်ဆို့ထားတာ ကြာပြီဆိုတော့ ဝံပုလွေအုပ်က ဆာလောင်နေပြီ။
ရူးသွပ်နေတဲ့ဝံပုလွေကို ရဲတွေလည်း စိတ်ထဲမှာကြောက်တာပေါ့။ လျိုရှင်းရဲ့လုံခြုံရေးကို မထောက်ထားရင် သူတို့ တကယ်ဒီအချိန်မှာ ဝံပုလွေအုပ်ကို မရင်ဆိုင်ချင်ဘူး။ ရဲတွေက လမ်းမကြီးကမသွားဘဲ တောင်ကိုတိုက်ရိုက်ကျော်သွားနေတာလေ။ ဒီလိုဆိုပိုမြန်တာကိုး။
ဒီအချိန်မှာ ရဲငါးယောက်က လက်နက်အပြည့်အစုံနဲ့ တောင်ငယ်လေးတစ်ခုပေါ်တက်သွားတော့ အဝေးကနေသူတို့က လျိုရှင်းစီးတဲ့ကားကို မြင်နေရပြီ။ ကားပတ်ပတ်လည်မှာ ဝံပုလွေတစ်အုပ်က ကားပေါ်ခုန်တက်ဖို့ ကြိုးစားနေကြသလို ကားပေါ်ကအသားကို မျှဝေစားသောက်နေကြတယ်။
ဒီနေရာကမြင်ကွင်းကြောင့် ရဲတချို့ရဲ့ မျက်လုံးတွေ နီရဲသွားရော။ သူတို့က မှန်ဘီလူးနဲ့ ရှင်းရှင်းလင်းလင်း မြင်ရတယ်၊ အဲ့ဒါကလူပဲ။
"ဒီသေနာတိရစ္ဆာန်တွေ" တစ်ယောက်ယောက်က အော်ဆဲတယ်။
"သွား... မြန်မြန်သွားကြမယ်၊ လူကယ်ဖို့သွားကြစို့" နောက်တစ်ယောက်ကလည်း အော်ပြောတာပေါ့။
အားလုံးကအရှိန်မြှင့်ပြီး တောင်အောက်ကို ဆင်းသွားကြတယ်။ ဒါပေမဲ့ နှင်းကအရမ်းကြီးတော့ ခြေတစ်လှမ်းလှမ်းရင် ဒူးအပေါ်ရောက်သွားတဲ့ထိ နစ်ဝင်နေရော။ ဒီလိုနေရာမှာ လမ်းလျှောက်ရင် ခြေတစ်လှမ်းတိုင်းက အင်အားအများကြီးကုန်တယ်။ အဓိကက ဘယ်နေရာမှာတွင်းရှိလဲ၊ ဘယ်နေရာက အပေါက်ဖြစ်နေလဲ မသိဘူး၊ တစ်ချက်မှားသွားရင် ကျသွားနိုင်တယ်။
ဒါကအရမ်းအန္တရာယ်များတော့ သူတို့ဘယ်လောက်ပဲစိတ်ပူနေပါစေ ဖြည်းဖြည်းချင်း စမ်းသပ်ပြီးသွားရုံပဲ။ ဒီအချိန်မှာ ရဲငယ်တစ်ယောက်ကအော်ပြောလိုက်တယ်။
"ဟိုဘက်ကိုကြည့်စမ်းပါဦး... လူတစ်ယောက်ပြေးသွားနေတယ်"
အားလုံးက ချက်ချင်း မှန်ဘီလူးထုတ်ကြည့်လိုက်ကြတယ်။ တောင်နောက်က ကွေ့မှာ ခွေးဝါကြီးတစ်ကောင်ပြေးထွက်လာတာ အရမ်းခန့်ညားသလို နောက်မှာခွေးကြီး ၁၃ကောင်ပါ လိုက်ပြေးထွက်လာကြတယ်။
အဲ့နောက်ဆုံးမှာတော့ နှင်းမုန်တိုင်းကြီးထဲမှာ စွပ်ဖားကြီးတစ်စီးက နှင်းထုကိုဖောက်ထွက်လာကော။ အပေါ်မှာထိုင်နေတဲ့ သူရဲ့လက်ထဲမှာ အမဲလိုက်သေနတ်တစ်လက်ကိုင်ထားလေရဲ့။