← Chapters

 နှင်းမုန်တိုင်းထဲက ဝံပုလွေအုပ်နဲ့ တိုက်ပွဲ

Vol. 9 Ch. 127

 နှင်းမုန်တိုင်းထဲက ဝံပုလွေအုပ်နဲ့ တိုက်ပွဲ

Vol. 9 Ch. 127

လေစိမ်းတွေကြားထဲမှာ အနီရောင်ဝတ်ရုံရှည်က တလွင့်လွင့်။ ဆီးနှင်းဖွေးဖွေး နောက်ခံမှာတော့ သူ့ပုံရိပ်က တောက်ပလို့။ နတ်ဘုရားတစ်ပါး ကျဆင်းလာသလိုပါပဲဗျာ။

သူတစ်ခုခုကို အော်ဟစ်နေပုံရပေမယ့် ပြဿနာက သူတို့ ဘာမှမကြားရတာပဲ။

"ဒီကောင် သတ္တိကတော့ ကမ်းကုန်ပဲဟေ့"

"ဒီခေတ်ကြီးထဲမှာ စွပ်ဖားမောင်းတတ်တဲ့ လူငယ်ရှိသေးတာလား။ တယ်ဟုတ်ပါလား…"

"မြန်မြန်လုပ်ကြဟေ့၊ သူတစ်ယောက်တည်းနဲ့ မလွယ်လောက်ဘူး။ ငါတို့ သွားကူမှဖြစ်မယ်"

ရဲငါးယောက် စကားပြောရင်း တောင်အောက်ကို အသည်းအသန် အရှိန်တင်ပြီး ဆင်းလာကြတော့တယ်။

တစ်ဖက်မှာတော့ လျိုရှင်း က သူ့ဖုန်းထဲ ပေါ်လာတဲ့စာကို ကြည့်နေမိလေရဲ့။

"ငါ့ကိုကြည့်နေ။ နင်နဲ့ မျက်နှာချင်းဆိုင်မှာဆိုရင် ဘယ်ဘက်တံခါးနားကနေ ငါဖြတ်မောင်းသွားမယ်။ အဲ့ဒီအခါ ကားတံခါးဖွင့်ပြီး ခုန်ထွက်ခဲ့၊ ငါ နင့်ကို အိမ်ပြန်ခေါ်သွားမယ်"

ဒီစာကိုမြင်တော့ လျိုရှင်းရဲ့ မျက်လုံးထဲက မျက်ရည်တွေ တာကျိုးသလို ကျလာတော့တာပါပဲ။ သူကတော့ တကယ်ပဲ သူမကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး။ မျှော်လင့်ချက်အမဲ့ဆုံးအချိန်တွေမှာ ကောင်းကင်ကနေ ကျလာတဲ့ ကယ်တင်ရှင်ပါပဲလေ။

သူမ မျက်ရည်တွေကို အားတင်းသုတ်လိုက်ပြီး သတ္တိမွေးကာ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်တယ်။ အဲ့ဒီအခိုက်အတန့်မှာပဲ ဝံပုလွေတစ်ကောင်က ပြတင်းပေါက်ပေါ် ခုန်တက်လာပြီး မှန်မှာကပ်နေလေရဲ့။

လူတစ်ယောက်နဲ့ ဝံပုလွေတစ်ကောင်… လေးမျက်နှာချင်းဆိုင် ဆုံကြလေသတည်း။

"အူး…ဝူး…" ဝံပုလွေက အော်ရင်း ပြတင်းပေါက်မှန်ကို ပါးစပ်နဲ့ တအားကိုက်တော့တာပဲ။ ကံကောင်းလို့ မှန်ခံနေတာပေါ့။

တခြားဝံပုလွေတွေလည်း လျိုရှင်းကို တွေ့သွားပြီ။ အထူးသဖြင့် ကားစက်ဖုံးပေါ်က ဝံပုလွေက လျိုရှင်းကို လှည့်ကြည့်ပြီး အူလိုက်တယ်။ နောက်ဆက်တွဲအနေနဲ့ သူက မှန်ကို ခေါင်းနဲ့ တဒိုင်းဒိုင်း ဝင်ဆောင့်တော့တာပါပဲ။ ကားရှေ့လေကာမှန်က ဂျွမ်းဆိုတဲ့အသံနဲ့အတူ အက်ရာတစ်ခု ထင်သွားတယ်။

တခြားဝံပုလွေတွေလည်း အတုမြင် အတတ်သင်ပေါ့။ အားလုံး မှန်ကိုခေါင်းနဲ့ တက်ဆောင့်ကြတော့ မှန်တစ်ခုလုံး ကျိုးကြေပြီး အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားပါလေရော။

"အား" 

ဒီတစ်ခါတော့ လျိုရှင်းလည်း ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ ကြောက်လန့်တကြား အော်ဟစ်မိတော့တယ်။

ဒါပေမဲ့ အဝေးကနေ ပြေးလာနေတဲ့ စွပ်ဖားနဲ့ စွပ်ဖားပေါ်က ရင်းနှီးနေတဲ့ အရိပ်တစ်ခုကိုတော့ သူမ လှမ်းမြင်လိုက်ရပါတယ်။

ဒိုင်း...

သေနတ်သံတစ်ချက်က တောင်ကြားထဲမှာ ပဲ့တင်ထပ်သွားချိန် ဝံပုလွေအုပ်က လန့်သွားပြီး အသံလာရာကို လှည့်ကြည့်လိုက်တော့ ခွေးဆယ့်လေးကောင်ဆွဲထားတဲ့ စွပ်ဖားတစ်စီး တရှိန်ထိုးပြေးလာတာကို တွေ့လိုက်ရပါရော။

ခွေးတချို့က ဝံပုလွေအုပ်ကိုမြင်တော့ ခြေတုန်ပြီး အရှိန်လျှော့ချင်လာကြတယ်။

ဒါပေမဲ့ ဝါကြီးက ဟိန်းဟောက်လိုက်တော့ သူတို့လည်း စိတ်ငြိမ်သွားပြီး ခေါင်းကိုငုံ့၊ အားရပါးရ ဟောင်ပြီး သူ့နောက်ကနေ လိုက်ပြေးကြတော့တာပဲ။

ယွီဟွေးဖေးက ကြိုးကိုတစ်ချက်ရမ်းပြီး အော်လိုက်တယ်။ "ဝါကြီးရေး...  ကားရဲ့ညာဘက်ကနေ ကပ်မောင်းသွား။ တံခါးနဲ့ ခပ်ခွာခွာလေးနေ၊ လူတစ်ယောက် ခုန်ထွက်လာလိမ့်မယ်"

ဝါကြီးက နားလည်တဲ့ပုံနဲ့ ခွေးအုပ်ကို ဦးဆောင်ပြီး အဲ့ဒီဘက်ကို တန်းနေအောင် ပြေးတော့ ဝံပုလွေအုပ်ကလည်း ချက်ချင်းပဲ လမ်းကြောင်းပြောင်းပြီး ယွီဟွေးဖေးကို ရင်ဆိုင်ဖို့ တပ်ဖြန့်လိုက်ကြတယ်။

"အူး…ဝူး" 

နွားပေါက်လောက်ရှိတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဝံပုလွေတစ်ကောင်က အချက်ပေးလိုက်တော့  ဝံပုလွေတစ်ကောင်က ဘေးကနေ ဝှစ်ကနဲပြေးထွက်လာပြီး ခွေးကြီးတစ်ကောင်ဆီကို တန်းတန်းမတ်မတ် ခုန်အုပ်လိုက်ပါလေရော။

ယွီဟွေးဖေးကလည်း တုံ့ပြန်မှု မြန်လွန်းတယ်။ ချက်ချင်း သေနတ်ပြောင်းကို လှည့်ပြီး လေထဲမှာ ပျံဝဲနေတဲ့ ဝံပုလွေကို ချိန်ကာ ဒိုင်းဆိုပြီး တစ်ချက်ပစ်ထည့်လိုက်တာ အဲ့ဒီဝံပုလွေခေါင်းကတော့ သွေးတွေ၊ အသားစတွေနဲ့ စုတ်ပြတ်သတ်ပြီး လွင့်စင်ထွက်သွားတော့တာပဲ။ မြေပေါ်ကျပြီး နှစ်ပတ်လောက်လူးလိမ့်ကာ ငြိမ်ကျသွားတယ်။

ယွီဟွေးဖေးတောင် အံ့ဩသွားရော။ ငါ…ငါ လက်တစ်ဖက်တည်းနဲ့ သေနတ်ကိုင်ပြီး ဒီလောက်တောင် လက်ဖြောင့်နေရသလားပေါ့။

အဲ့ဒီအခိုက်အတန့်က သူတွေးလိုက်ရုံပဲ။ သူ့ခန္ဓာကိုယ်က အလိုလို လိုက်လုပ်သွားတာ။ ရေစီးသလို ချောမွေ့ပြီး အင်မတန်မှ ကျေနပ်စရာကောင်းလိုက်တာ။

ဒါပေမဲ့ သူ အကြာကြီးစဉ်းစားမနေနိုင်ဘူး။ ရှေ့က အခြေအနေကိုပဲ အာရုံအပြည့်စိုက်ထားရတယ်။

ဒီတစ်ချက်က ဝံပုလွေအုပ်ကို ခြောက်လှန့်နိုင်ခဲ့တယ်။ အထူးသဖြင့် ခေါင်းဆောင်ဝံပုလွေက နောက်နည်းနည်းတောင် ဆုတ်သွားတယ်။

ဒီကောင်က ယွီဟွေးဖေးလက်ထဲက သေနတ်ကို သိနေပုံပဲဗျ။

သူတို့ ကြောင်တောင်တောင်ဖြစ်နေတဲ့ အခိုက်အတန့်မှာပဲ ယွီဟွေးဖေးက ကားရှေ့ကို ရောက်လာပြီး ကျော်တက်မောင်းသွားတော့မယ်။

ယွီဟွေးဖေးက ကားထဲကို အားရပါးရ အော်ပြောလိုက်တယ်။

"ခုန်ထွက်ခဲ့တော့"

ပြဿနာက သူ့အသံကို ဝံပုလွေအူသံ၊ ခွေးဟောင်သံ၊ လေတိုးသံတွေက ဖုံးလွှမ်းသွားတော့ လျိုရှင်း ဘာမှမကြားလိုက်ရဘူး။

ဒါပေမဲ့ ထက်မြက်တဲ့သူမက ယွီဟွေးဖေးရဲ့ နှုတ်ခမ်းလှုပ်ရှားမှုကို ဖတ်တတ်ခဲ့တယ်လေ။

သူမ လှုပ်ရှားတော့မယ့် အချိန်မှာပဲ ဝံပုလွေတစ်ကောင်က စက်ဖုံးပေါ်ကနေ ကားထဲကို ခေါင်းဝင်လာပြီး လျိုရှင်းကို ကိုက်ဖို့ ပါးစပ်ဟလိုက်တယ်။

လျိုရှင်းကလည်း အသင့်ပြင်ထားတဲ့ ငရုတ်ကောင်းဖြန်းဆေးဘူးကို ချက်ချင်းထုတ်ပြီး ဝံပုလွေခေါင်းကို တည့်တည့် ပက်ထည့်လိုက်တော့တာပဲ။

စပ်ဖျဉ်းဖျဉ်းအနံ့က ဝံပုလွေရဲ့ မျက်နှာတစ်ခုလုံးကို ပက်မိပြီး နှာခေါင်းနဲ့ မျက်လုံးထဲပါ ဝင်သွားတယ်။ စပ်ဖျဉ်းဖျဉ်းအရသာကြောင့် ဝံပုလွေက အော်ဟစ်ပြီး နောက်ကို ဆုတ်သွားရတော့တယ်။

ခွမ်း...

ဘယ်ဘက်ကားတံခါးမှန် ပေါက်ကွဲသွားပြီး ဝံပုလွေခေါင်းတစ်လုံး ဝင်လာကာ လျိုရှင်းကို ပါးစပ်ကြီးနဲ့ လှမ်းကိုက်ပြန်ရော။

ဒီအချိန်ကိုက်က တကယ်ကို သေကွင်းသေကွက်ပဲ။ ယွီဟွေးဖေးက ရောက်တော့မယ်၊ လျိုရှင်းက ခုန်ထွက်ရတော့မယ်။ ဒီလို အရေးကြီးတဲ့အချိန်ကျမှဗျာ။ ဒီအခွင့်အရေး လွတ်သွားရင် ယွီဟွေးဖေးက တစ်ပတ်ပြန်ကွေ့ပြီး ပြန်လာတိုက်ရတော့မယ်။

ပထမတစ်ခေါက်က အလစ်ဝင်တိုက်တာမို့ အောင်မြင်နိုင်သေးတယ်။

ဒုတိယတစ်ခေါက်ဆိုရင်တော့ အခက်အခဲက အနည်းဆုံး နှစ်ဆလောက်ပိုသွားပြီး လုံးဝတောင် ဝင်လို့မရနိုင်တော့ဘူး။

အခွင့်အရေးက တစ်ခါပဲရှိတယ်။

"ခုန်တော့" 

ယွီဟွေးဖေး အော်ဟစ်လိုက်တယ်။ သူ လျိုရှင်းကို မှားပစ်မိမှာစိုးလို့ သေနတ်မသုံးရဲဘူး။

လျိုရှင်းက သူ့အနားရောက်နေတဲ့ ဝံပုလွေခေါင်းကိုကြည့်ပြီး အံကြိတ်လိုက်ရင်း ဘေးက ထိုင်ခုံကူရှင်ကို ဆွဲယူပြီး ဝံပုလွေခေါင်းကို အားနဲ့ ရိုက်ချလိုက်ပြီးမှ ကားသော့ကိုဖွင့်၊ တံခါးကို ခြေနဲ့ ကန်ဖွင့်လိုက်တော့တယ်။

အဲ့ဒီဝံပုလွေကတော့ ဒန်းစီးရသလိုပဲ ကားတံခါးနဲ့အတူ အပြင်ကို လွှဲထွက်သွားပါလေရော။

တစ်ပြိုင်တည်းမှာပဲ လျိုရှင်းက ဘာကိုမှ ဂရုမစိုက်တော့ဘဲ ကားထဲကနေ ခုန်ထွက်လိုက်တော့တယ်။

အဲ့ဒီအချိန်မှာပဲ ယွီဟွေးဖေးက အချိန်ကိုက်ရောက်လာပြီး လက်နှစ်ဖက်ကိုဆန့်တန်းကာ သူမကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်ပေမဲ့ သူက အမေရိကန်ဇာတ်ကားတွေထဲကလို ချစ်သူနှစ်ယောက် မျက်လုံးချင်းဆုံပြီး အောင်ပွဲခံအနမ်းပေးဖို့ အချိန်မရခဲ့ဘူး။

သူ လျိုရှင်းကို ပွေ့ဖက်မိတဲ့ ခဏမှာပဲ ထိုင်ခုံပေါ်ကို ဖိထိုင်ခိုင်းလိုက်ရတာမို့ စကားတစ်ခွန်းတောင် မပြောအားဘူး။ သေနတ်ပြောင်းကို နောက်လှည့်ပြီး တစ်ချက်ပစ်ထည့်လိုက်တော့တယ်။

ဒိုင်း...

ယွီဟွေးဖေးက သူ့နောက်ကျောကို စိုစွတ်တဲ့အရာတစ်ခု လာစင်တာကို ခံစားမိလိုက်တယ်။ သူသိတယ်၊ ဒါ ဝံပုလွေသွေးပဲ ဖြစ်ရမယ်။

သူ့နောက်မှာ အန္တရာယ်ရှိတာကို ဘယ်လိုသိလိုက်မှန်း သူကိုယ်တိုင်လည်း မသိဘူး။ ခံစားချက်အတိုင်း ပစ်လိုက်တာက သူ့အသက်ကို ကယ်လိုက်သလို ဖြစ်သွားခဲ့တာပါပဲ။

ယွီဟွေးဖေး အမြန်လှည့်ပြီး အော်လိုက်တယ်။ 

"ဝါကြီး... ပြေးတော့"

ဝါကြီးက အစွမ်းကုန်ပြေးနေပေမယ့် ဝံပုလွေအုပ်ကလည်း လိုက်လာပြီ။ ဒီကောင်တွေက ဆာလောင်မွတ်သိပ်နေပေမယ့် ဆာလောင်ခြင်းနဲ့ သေခြင်းတရားကြားမှာ သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်၊ ခံနိုင်ရည်နဲ့ အမြန်နှုန်းကို ပြသနေကြတယ်။

ယွီဟွေးဖေးလက်ထဲက လက်နက်က ကြမ်းမှန်းသိတော့ ခွေးဆယ့်လေးကောင်ကိုပဲ တိုက်ရိုက် တိုက်ခိုက်တော့တာပဲ။

ယွီဟွေးဖေးလည်း ကျည်မခြွေတော့ဘူး။ ဝံပုလွေတွေကို တရစပ်ပစ်တော့တာပဲ။ ဆက်တိုက်ပစ်လိုက်တော့မှ ဝံပုလွေတွေရဲ့ ပထမလှိုင်းကို တွန်းလှန်နိုင်ခဲ့တယ်။

ဒါပေမဲ့ ဝါကြီးနဲ့ သူရဲကောင်းဆယ့်သုံးဖော်အဖွဲ့ကတော့ ဒဏ်ရာကိုယ်စီနဲ့။ ယွီဟွေးဖေးခမျာ ရင်ထဲမှာ မကောင်းပါဘူးဗျာ။

ယွီဟွေးဖေးက တောင်စောင်းပေါ်က ရဲတွေကို မြင်နေရပြီ။ ဒါပေမဲ့ ဒီဝံပုလွေတွေက ရှေ့မှာ လူရှိတာကိုတောင် မကြောက်ဘဲ ပိုပြီး ရိုင်းစိုင်းလာတာကို သူ သတိထားမိလိုက်တယ်။ ပြီးတော့ ဒီဝံပုလွေအုပ်က အရေအတွက်များတယ်။ အနည်းဆုံး အကောင်သုံးဆယ်ကျော်လောက် ရှိတယ်။

တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက အဝေးက တောအုပ်ထဲမှာ ဝံပုလွေအူသံတွေ ထပ်ကြားနေရတယ်။ ဒီကောင်တွေမှာ အားဖြည့်တပ်ပါ ရှိသေးတယ်ဗျို့။

ဝံပုလွေအကောင်သုံးဆယ်ကျော်လောက်သာ တစ်ပြိုင်တည်း ဝင်တိုက်ရင် ရဲတွေမှာ သေနတ်ရှိတယ်ဆိုဦးတော့ ဝေပုံကျတောင် ခံနိုင်မှာ မဟုတ်ဘူး။

ယွီဟွေးဖေး သိလိုက်ပြီ။ ရဲတွေရှိတဲ့ဘက်ကို သွားလို့မဖြစ်ဘူး။ မဟုတ်ရင် အားလုံး သေမင်းနဲ့ လက်ပန်းလုံးရလိမ့်မယ်။

အခုအကောင်းဆုံးနည်းလမ်းကတော့…

ဒီအချိန်မှာ ဝါကြီးက ယွီဟွေးဖေးကို လှည့်ကြည့်တယ်။ ဘယ်လိုလုပ်ရမလဲလို့ မေးနေပုံပဲ။

ယွီဟွေးဖေး အံကြိတ်ပြီး ပြောလိုက်တယ်။ "ရှေ့မှာ လမ်းခွဲတစ်ခုရှိတယ်။ တောင်စောင်းအတိုင်း ဆင်းသွားလို့ရတယ်။ အဲ့ဒီကနေ မြစ်တစ်ဖက်ကမ်းကိုပတ်ပြီး အိမ်ပြန်လို့ရပြီ"

တစ်ပြိုင်တည်းမှာပဲ ယွီဟွေးဖေးက ရှေ့က လမ်းခွဲကို လက်ညှိုးထိုးပြပြီး အမူအရာနဲ့ အသည်းအသန် ရှင်းပြနေရတာပေါ့။

ဝါကြီး သူ့စကားကို နားလည်လား မလည်လား သူ မသိဘူး။ ဘာပဲဖြစ်ဖြစ် သူကတော့ ကြိုးစားပြီးပြီ။

ဒီအချိန်မှာ ဝံပုလွေအူသံတွေ ထပ်ထွက်လာပြန်ပြီ။ ယွီဟွေးဖေး လှည့်ကြည့်လိုက်တော့ ဝံပုလွေသုံးဆယ်ကျော်က ထပ်လိုက်လာတာ။ ကြည့်ရတာ သူတို့ကို ဝိုင်းပြီးတော့ တစ်စာတစ်နပ်စာ အပြတ်ရှင်းဖို့ ကြံနေတဲ့ပုံပဲ။

ယွီဟွေးဖေး ပါးစပ်ကနေ ဆဲရေးလိုက်တယ်။ "ငါ့ကိုစားချင်တယ်ဟုတ်လား။ မင်းတို့မှာ အဲ့လောက်ကောင်းတဲ့ သွားတွေ ရှိလို့လား"

သူက လက်တစ်ဖက်မှာ ဓားမြှောင်၊ တစ်ဖက်မှာ သေနတ်ကို ကိုင်ထားပြီး ခြေထောက်နှစ်ဖက်နဲ့ စွပ်ဖားကို ခွထားတယ်။ ပြုတ်မကျအောင်ပေါ့။

လျိုရှင်းက ဒါကိုမြင်တော့ လက်နှစ်ဖက်ကိုဆန့်ပြီး ယွီဟွေးဖေးရဲ့ ခါးကို တင်းတင်းဖက်ထားလိုက်တယ်။ သူ့ကို ဟန်ချက်ထိန်းပေးတာပေါ့လေ။

ဘာလို့လဲဆိုတော့ ရှေ့မှာ တောင်စောင်းဖြစ်နေပြီကိုး။

"ဝုတ် ဝုတ် ဝုတ်"

ဝါကြီး အော်ဟောင်လိုက်တော့ ခွေးတွေအားလုံး လမ်းကြောင်းပြောင်းပြီး တောင်စောင်းအတိုင်း တရှိန်ထိုး ပြေးဆင်းသွားကြတော့တယ်။

"သူ ဘာလုပ်နေတာလဲ။ ဘာလို့ ငါတို့ဆီ မလာတာလဲ" ရဲတစ်ယောက်က အော်မေးလိုက်ရော။

နောက်ရဲတစ်ယောက်က သူ့ပခုံးကိုပုတ်ပြီး အဝေးက တောအုပ်ကို လက်ညှိုးထိုးပြတယ်။ "ဟိုဘက်ကို ကြည့်စမ်း"

အားလုံး မော့ကြည့်လိုက်တော့ ကြက်သီးမွေးညင်းတွေ ထလောက်အောင် လန့်သွားကြတော့တာပဲ။

အဲ့ဒီမှာ နောက်ထပ် ဝံပုလွေ ဒါဇင်ပေါင်းများစွာ ထွက်လာနေတာ။ ယွီဟွေးဖေးကို လိုက်နေတဲ့အကောင်တွေနဲ့ပေါင်းရင် အကောင်တစ်ရာနီးပါးလောက် ရှိမယ်။

"ဘုရားကယ်တော်မူပါ" ရဲတွေလည်း လန့်ဖျပ်သွားကြတာပေါ့။

ဝံပုလွေတစ်ရာလောက်သာ ရူးရူးမူးမူး ဝင်တိုက်လာရင် သူတို့လက်ထဲက သေနတ်တွေနဲ့တောင် မလုံလောက်ဘူး။

"သူက ငါတို့ကို ကယ်နေတာပဲ" ရဲအရာရှိကြီးတစ်ယောက်က သက်ပြင်းချရင်း ပြောလိုက်လေရဲ့။

အားလုံးလည်း စိတ်မကောင်းဖြစ်သွားကြတယ်။ သူတို့က လူကယ်ဖို့လာတာ။ အခုတော့ သူများက ကိုယ့်အသက်စွန့်ပြီး သူတို့ကို ကယ်နေရတယ်လေ။ ဒီအဖြစ်က သူတို့ကို စိတ်မကောင်းဖြစ်စေသလို၊ သွေးဆူပြီး သွားကူချင်စိတ်တွေလည်း ပေါက်လာစေတယ်။

ဒါပေမဲ့ ဒီလို လေပြင်းတိုက်၊ နှင်းကျနေတဲ့ အခြေအနေမှာ လူသားတွေအတွက် လှုပ်ရှားဖို့က တကယ်မသင့်တော်ဘူး။ သူတို့လုပ်နိုင်တာဆိုလို့ စွပ်ဖားလေးက ဝံပုလွေအုပ်ကြီးကို ဆွဲခေါ်ပြီး အဝေးကို ထွက်သွားတာကို ကြည့်နေရုံပဲ။ နောက်ဆုံးတော့ အားမလိုအားမရ သက်ပြင်းတစ်ချက်သာ ချနိုင်တော့တယ်။

တစ်ပြိုင်တည်းမှာပဲ သူတို့ ရုံးချုပ်ကို ဖုန်းဆက်ပြီး နောက်ထပ်အကူအညီ တောင်းခံလိုက်ကြတာပေါ့။

ပြဿနာက ပုံမှန်အချိန်ဆိုရင် ရဟတ်ယာဉ်နဲ့ တောင်ထဲဝင်ပြီး ကယ်ဆယ်လို့ရတယ်။ အခုက လေအရမ်းပြင်း၊ နှင်းအရမ်းသည်းနေတော့ အပြင်ကလူတွေ လုံးဝဝင်လို့မရဘူး။ အဝေးရေက အနီးမီးကို မငြှိမ်းသတ်နိုင်ဘူးဆိုသလိုပေါ့။ သူတို့လုပ်နိုင်တာက "သတ္တိရှိတဲ့ ကောင်လေး၊ ကြင်နာတတ်တဲ့ ကောင်မလေးနဲ့ သတ္တိရှိတဲ့ ခွေးလေးတွေအတွက် ကောင်းကင်ဘုံက စောင့်ရှောက်ပါစေ" လို့ ဆုတောင်းပေးနေရုံပဲ။

ယွီဟွေးဖေးက တောင်စောင်းကနေ ပြေးဆင်းလာကတည်းက သိနေခဲ့တယ်။ အခုအချိန်ကစပြီး ဘယ်သူမှ သူတို့ကို မကူညီနိုင်တော့ဘူးဆိုတာကိုပေါ့။

ဒါက သေလမ်းပဲ…

"ကြောက်လား" ယွီဟွေးဖေးက လျိုရှင်းကို မေးလိုက်တော့ သူမရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်နေပေမယ့် ခေါင်းမာမာနဲ့ ပြန်ဖြေတယ်။ 

"မကြောက်ဘူး"

ယွီဟွေးဖေးက ဟားတိုက်ရယ်ပြီး သူရဲကောင်းဆန်ဆန် ပြောလိုက်လေရဲ့။ 

"အေး... အဲ့လိုဖြစ်ရမှာပေါ့။ သောက်ကြောက်စရာ ဘာရှိလဲ။ သေရင်သေရောပေါ့ကွာ"

ပြောပြီးမှ ယွီဟွေးဖေးက မျက်နှာပိုးမသတ်နိုင်ဘဲ ရယ်ကျဲကျဲနဲ့ ပြောတယ်။ 

"အဲ… နင်ကတော့ အဲ့လိုပြောလို့ မရဘူးထင်တယ်"

လျိုရှင်းက သူ့ကို မျက်စောင်းထိုးပြီး "ရှက်မရှိတဲ့လူ" လို့ ပြောလိုက်ပါလေရော။

ဒါပေမဲ့ လျိုရှင်းက ယွီဟွေးဖေးကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တယ်။ ဘာလို့လဲဆိုတော့ လမ်းမကြီးပေါ်က ဆင်းလာတော့ နှင်းလမ်းက သိသိသာသာ ကြမ်းလာလို့ပဲ။

တစ်ချိန်တည်းမှာပဲ ဘေးနှစ်ဖက်မှာ သစ်ပင်တွေ၊ ချုံနွယ်တွေ ပိုများလာတယ်။ ဒါက အကောင်းလည်းရှိသလို အဆိုးလည်းရှိတယ်။

အဆိုးကတော့ ယွီဟွေးဖေး ပစ်မှတ်ချိန်ရ ပိုခက်သွားတာပဲ။

အကောင်းကတော့ ဝံပုလွေအုပ်က တောအုပ်ထဲမှာ ချုံနွယ်တွေရဲ့ အတားအဆီးကို ရင်ဆိုင်ရတော့ တစ်ပြိုင်တည်း အုပ်စုလိုက် မတိုက်ခိုက်နိုင်တော့ဘူး။ တစ်ကောင်၊ နှစ်ကောင်လောက်ပဲ ထွက်လာပြီး ယွီဟွေးဖေးကို ခုန်အုပ်နိုင်တယ်။

ကြည့်ရတာ သူတို့ နည်းဗျူဟာပြောင်းလိုက်ပြီ။ အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်တဲ့ ယွီဟွေးဖေးကို အရင်ရှင်းဖို့ ကြံနေတဲ့ပုံပဲ။ သူ့လက်ထဲက သေနတ်သာမရှိရင် တခြားခွေးတွေ၊ လူတွေက သူတို့အတွက် ပွဲတော်တည်စရာပဲလေ။

ယွီဟွေးဖေးလည်း မကြောက်ပါဘူး။ ဒီအချိန်မှာ သူ့တစ်ကိုယ်လုံးက သွေးတွေ ဆူပွက်နေသလို ခံစားရပြီး စိတ်ဓာတ်က အထွတ်အထိပ်ကို ရောက်နေတယ်။ ခန္ဓာကိုယ်က အင်မတန် ပေါ့ပါးသွက်လက်ပြီး အာရုံခြောက်ပါးကလည်း အင်မတန် ထက်မြက်နေတယ်။

"သတိထား"

All Chapters