← Chapters

ရောက်လာကြပြီ

Vol. 9 Ch. 128

ရောက်လာကြပြီ

Vol. 9 Ch. 128

လျိုရှင်းက အော်လိုက်ချိန် ယွီဟွေးဖေးက ကြိုသိနေတဲ့အတိုင်း လှည့်ပြီး သူ့ဆီ ခုန်အုပ်လာတဲ့ ဝံပုလွေရဲ့ ခေါင်းကို သေနတ်နဲ့ တေ့ပြီး ခလုတ်ဆွဲချလိုက်တာ ဦးနှောက်တွေ ပွင့်ထွက်ကုန်ရင်း အဲ့ဒီဝံပုလွေက အရှိန်နဲ့ လွင့်ထွက်သွားရော။

တစ်ပြိုင်တည်းမှာပဲ ယွီဟွေးဖေးက သေနတ်ပြောင်းကို နောက်တစ်ခါလှည့်ပြီး စွပ်ဖားနောက်ကနေ လိုက်လာတဲ့ ဝံပုလွေတစ်ကောင်ကို ချိန်လိုက်တယ်။

ဒါပေမဲ့ ဒီဝံပုလွေက တုံ့ပြန်မှု မြန်တယ်။ သေနတ်ပြောင်း လှည့်လာတာမြင်တော့ ချက်ချင်း အရှိန်လျှော့ပြီး လမ်းကြောင်းပြောင်းလိုက်တာပေါ့။

ယွီဟွေးဖေးလည်း သေနတ်မပစ်ခဲ့ဘူး။ သူ့ရည်ရွယ်ချက်က ခြောက်လှန့်ဖို့ပဲ။ အရမ်းသတ်ဖြတ်ဖို့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ့ကျည်ဆံတွေကလည်း သိပ်မကျန်တော့ဘူးလေ။ ချွေတာနိုင်သလောက် ချွေတာရမှာပေါ့။

သူ အချိန်ဆွဲရမယ်။ နွားခေါင်း၊ မြင်းခေါင်းနဲ့ ရှောင်ထျန်းချန်တို့ရဲ့ အကူအညီကို စောင့်ရမယ်။ အဲ့ဒီအချိန်ကျမှ တကယ့် သေတွင်းကလွတ်မြောက်ပြီး အကြီးအကျယ် တန်ပြန်တိုက်ခိုက်ရမှာ။

အူး…ဝူး...

ဝံပုလွေအူသံတွေ ထပ်ထွက်လာပြန်ပြီ။ ဝံပုလွေအုပ်က ယွီဟွေးဖေးဘက်ကို စုရုံးလာကြတယ်။

ယွီဟွေးဖေး သေချာကြည့်လိုက်တော့ ခေါင်းကိုက်သွားရော။ ဒီဝံပုလွေတွေ အရေအတွက် ပိုများလာပြန်ပြီ။

"သောက်ကျိုးနည်း... တောင်ထဲမှာ ဝံပုလွေတွေ ဘယ်ကနေ ဘယ်လို ဒီလောက်ပေါများနေရတာလဲ" ယွီဟွေးဖေး ဆဲရေးရင်း အော်မေးလိုက်တယ်။ "ဝါကြီး... မင်း အဆင်ပြေရဲ့လား"

ယွီဟွေးဖေး ခံစားမိနေပြီ။ ဝါကြီးရဲ့ ခွန်အားတွေ ကျလာပြီ။ အရှိန်က သိသိသာသာ နှေးလာတယ်။

ဝံပုလွေတွေကလည်း ဒါကို သတိထားမိပုံပဲ။ သူတို့ အလောတကြီး မတိုက်ခိုက်တော့ဘဲ ဝိုင်းပတ်ပြီး အချိန်ဆွဲ၊ အားကုန်အောင် လုပ်နေကြတယ်လေ။

ဒီအချိန်မှာ ဝါကြီးက ယွီဟွေးဖေးတို့ကို မြစ်ပြင်ပေါ် ဆွဲခေါ်လာပြီး ရေခဲနေတဲ့ မြစ်ပြင်အတိုင်း ဆန်တက်နေကြတယ်။

ယွီဟွေးဖေး မျက်မှောင်ကြုတ်မိနေပြီ။ ဒီအတိုင်းဆက်ပြေးနေရင် ခွေးဆယ့်လေးကောင်လုံး မခံနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ခွေးတချို့ ခြေထောက်တွေ ယိုင်နဲ့နေတာကို သူ မြင်နေရပြီ။ ဒါပေမဲ့ ဆက်ပြီး အားတင်းပြေးနေကြတုန်းပဲ။

သူလည်း သိတယ်။ ခွေးတွေသာ ပြေးမနိုင်တော့ရင် သူတို့လည်း သွားပြီပဲ။

အဲ့ဒီအခါ ဝံပုလွေအုပ်က အရပ်လေးမျက်နှာကနေ ဝိုင်းပြီး တစ်ပြိုင်တည်း ခုန်အုပ်လာမှာ။ သူ့သေနတ် ဘယ်လောက်ကောင်းကောင်း ဒီဝံပုလွေတွေအားလုံးကို ပစ်နိုင်မှာမဟုတ်ဘူး။ အဲ့ဒီအခါ သေလမ်းပဲ။

ဒါက ဝံပုလွေအုပ်က စောင့်နေတဲ့ အခွင့်အရေးပဲ။

"ဝါကြီး... ရှေ့မှာ တောင်တက်လမ်းရှိတယ်။ အဲ့ဒီပေါ်တက်၊ ငါတို့လာတုန်းက ဖြတ်လာတဲ့ ပေါက်စီတောင်ဘက်ကို သွားမယ်"

ယွီဟွေးဖေးမှာ ရူးမိုက်တဲ့ အတွေးတစ်ခုရှိတယ်။ အရမ်းရူးမိုက်ပေမယ့် ဒါက ယွီဟွေးဖေး စဉ်းစားလို့ရတဲ့ တစ်ခုတည်းသော အသက်ရှင်လမ်းပဲ။

ဝါကြီးက ဟောင်သံအနည်းငယ်ပေးပြီး ခွေးတွေကို အဲ့ဒီဘက်ကို ဦးဆောင်ခေါ်သွားတယ်။

ဒါပေမဲ့ ယွီဟွေးဖေးက ဝံပုလွေအုပ်ရဲ့ ဉာဏ်ရည်ကို လျှော့တွက်မိသွားတယ်။ ဒီကောင်တွေက ယွီဟွေးဖေး ဘာလုပ်မလဲဆိုတာ မသိပေမယ့်၊ ယွီဟွေးဖေး ဘာလုပ်လုပ် တားဆီးထားရင် မှန်တယ်ဆိုတာကိုတော့ နားလည်နေပုံပဲ။

ဝါကြီးတို့ တောင်ပေါ်တက်ဖို့ ကြိုးစားတိုင်း ဝံပုလွေအုပ်က တားဆီးထားလို့ လုံးဝတက်လို့မရဘူး။ အကြိမ်ကြိမ် ထိုးဖောက်ဖို့ ကြိုးစားရင်း ယွီဟွေးဖေးရဲ့ ကျည်ဆံတွေ နောက်ထပ်အနည်းငယ် ကုန်သွားပြန်ပြီ။ သူ့အိတ်ထဲမှာ ရှစ်တောင့်တောင် မရှိတော့ဘူး။

ဝါကြီးနဲ့ တခြားခွေးတွေလည်း အားလုံး ဒဏ်ရာကိုယ်စီနဲ့။

အထူးသဖြင့် ဝါကြီး၊ သူ့ခြေထောက်တစ်ဖက်က သွေးတွေနဲ့ ရွှဲနေပြီ။ အခု ခြေသုံးချောင်းနဲ့ ပြေးနေရတာ။

‘သောက်ကျိုးနည်းပဲ...  ဘိုးတော်ချွေ့တို့အဖွဲ့ရေး... မြန်မြန်လုပ်ကြပါဗျို့’ ယွီဟွေးဖေး စိတ်ထဲကနေ အော်ဟစ်နေမိရော။

ဒီအချိန်မှာပဲ ဝံပုလွေအုပ်က ထူးထူးခြားခြား လှုပ်ရှားလာပြန်ပြီ။ သူတို့က ဝါကြီးကို လမ်းကြောင်းပြောင်းခိုင်းနေတာ။ မူလလမ်းကိုတောင် သွားမခံတော့ဘူး။ ဝါကြီးကို မြစ်ကြောင်းပေါ်ကနေ မောင်းထုတ်ပြီး လမ်းမရှိတဲ့ တောင်ပေါ်ကို တက်ခိုင်းနေတယ်။

ယွီဟွေးဖေး ဒါကိုမြင်တော့ ဆဲရေးလိုက်တယ်။ "သောက်ကျိုးနည်း... ဒါ ငါတို့ကို အသေခံပြီး တိုက်ခိုင်းနေတာပဲ"

အဲ့တော့ သူလည်းသေနတ်ကိုယူပြီး ဝံပုလွေအုပ်ထဲက ခေါင်းဆောင်ဝံပုလွေကို ရှာဖွေတော့တယ်။

ပြဿနာက အဲ့ဒီဝံပုလွေခေါင်းဆောင်က အင်မတန်မှ ကောက်ကျစ်တယ်။ အုပ်စုရဲ့ နောက်ဆုံးမှာပဲ နေနေရော။ ယွီဟွေးဖေး လှည့်ကြည့်တာမြင်တော့ သူ့ကို ပါးစပ်ဟပြီး အော်ဟစ်ကော။ စိန်ခေါ်နေတဲ့ပုံပဲ။

ယွီဟွေးဖေးလည်း ဘာမှမတတ်နိုင်ဘူး။ အကွာအဝေးက အရမ်းဝေးတာကိုး။ သူ့လက်ထဲက သေနတ်က ခြောက်လုံးပြူးမဟုတ်ဘူး။ ပစ်လို့မမှီဘူး။ မှီရင်တောင် အဝေးကြီးမှာ အစွမ်းမရှိတော့ဘူး။

ဝံပုလွေအုပ်က တဖြည်းဖြည်း ပိုနီးကပ်လာတော့ ယွီဟွေးဖေး သည်းမခံနိုင်တော့ဘဲ အနားကို အရင်ဆုံးရောက်လာတဲ့ ဝံပုလွေတစ်ကောင်ကို တစ်ချက်ပစ်ထည့်လိုက်တယ်။

ဒိုင်း...

အဲ့ဒီဝံပုလွေကလည်း တော်တော်လည်တယ်။ ယွီဟွေးဖေး သေနတ်ပြောင်းလှည့်လာတာမြင်တော့ ချက်ချင်း လှည့်ပြေးသွားရော။

ယွီဟွေးဖေးရဲ့ ခန္ဓာကိုယ်ထိန်းချုပ်မှုက ဘယ်လောက်ကောင်းကောင်း၊ သူ့ဝံပုလွေခြေထောက်ကိုပဲ မှန်သွားတယ်။ ဒီကောင်က မြေပေါ်မှာ လူးလိမ့်ပြီး ဝံပုလွေအုပ်ထဲကို ပုန်းနေတော့တာပဲ။

"ခွေးသူခိုးကျနေတာပဲ"

အဲ့ဒီဝံပုလွေ မသေသွားတာကြောင့်ထင်တယ်။ တခြားဝံပုလွေတွေလည်း သတ္တိတွေရှိလာပြီး စွပ်ဖားနဲ့ သူရဲကောင်းဆယ့်သုံးဖော်အဖွဲ့အနားကို ချဉ်းကပ်လာကြတယ်။

တစ်ခဏအတွင်းမှာပဲ ယွီဟွေးဖေး ကျည်ဆံအမြန်ဖြည့်ပြီး လေးချက်ဆက်တိုက်ပစ်ကာ ဝံပုလွေလေးကောင်ကို တွန်းလှန်လိုက်တာပေါ့။ ဒါပေမယ့်ဒီတစ်ခါတော့ လေးချက်မှာ နှစ်ချက်ပဲ ထိတယ်။

ဒီဝံပုလွေတွေက ယွီဟွေးဖေးလက်ထဲက သေနတ်ရဲ့ ချိန်ရွယ်ပုံနဲ့ ကျည်ဆံရဲ့ အကွာအဝေးကို ပိုပြီး နားလည်လာကြပုံပဲ။

ယွီဟွေးဖေးရဲ့ နဖူးမှာ ချွေးစေးတွေထွက်လာကော။ ဒီဝံပုလွေတွေရဲ့ လည်ပတ်ပုံက သူသိထားတဲ့ ဝံပုလွေတွေထက် အများကြီးသာတယ်။ သူတောင် သံသယဝင်လာပြီ။ ဒီကောင်တွေအားလုံး ရှောင်ထျန်းချန်ရဲ့ မျိုးဆက်တွေများလားလို့။

တော်တော်ကို ဉာဏ်ကောင်းလွန်းနေတယ်။

ဒါပေမဲ့ မကြာခင်မှာပဲ ယွီဟွေးဖေး တကယ်ကို စိတ်ဓာတ်ကျသွားတယ်။ ဘာလို့လဲဆိုတော့ ဝံပုလွေတချို့က သစ်တုံးတွေကို ဆွဲပြီး မြစ်ကြောင်းပေါ်ကို ရောက်လာလို့ပဲ။

ဒါက လမ်းပိတ်မလို့။

တခြားလမ်းကြောင်းတွေမှာတော့ ဝံပုလွေအုပ်က အားလုံးစုပြီး ဖိအားပေးလာတယ်။ ဝါကြီးတို့ကို လမ်းကြောင်းပြောင်းခွင့် မပေးတော့ဘူး။

"သောက်ကျိုးနည်း"

တစ်ပြိုင်တည်းမှာပဲ သူက ဝံပုလွေတစ်ကောင်ကို ပစ်လိုက်ပေမယ့် အဲ့ဒီဝံပုလွေက ဒီတစ်ခါတော့ မရှောင်တော့ဘဲ အတင်းဝင်ခံလိုက်တယ်။

ဒိုင်းဆိုတဲ့အသံနဲ့အတူ ဝံပုလွေက မြေပေါ်ကို လဲကျသွားရော။ ဒါပေမဲ့ ချက်ချင်းပဲ တခြားဝံပုလွေတွေ ဝင်လာပြီး သူရဲကောင်းဆယ့်သုံးဖော်အဖွဲ့ကို ကိုက်ဖြတ်ကြတော့တယ်။

ယွီဟွေးဖေး နောက်တစ်ချက်ပစ်ပြီး ဝံပုလွေတစ်ကောင်ကို သတ်လိုက်ပေမဲ့ သူ့လက်ထဲမှာ ကျည်ဆံတစ်တောင့်ပဲ ကျန်တော့တာမှန်း သတိထားမိတော့ မျက်နှာပျက်သွားရော။

တစ်ချိန်တည်းမှာပဲ ဝါကြီးတို့အဖွဲ့က ဝံပုလွေအုပ်ရဲ့ ပိတ်ဆို့မှုကို မကျော်ဖြတ်နိုင်ခဲ့ဘဲ သစ်တုံးတွေပေါ်ကနေ ခုန်ကျော်သွားရတယ်။

နောက်က စွပ်ဖားကတော့ ဒုန်းဆိုပြီး သစ်တုံးကို ဝင်တိုက်ပါလေရော။

ယွီဟွေးဖေးက တိုက်မိတဲ့အချိန်မှာပဲ လျိုရှင်းကို ပွေ့ဖက်ပြီး ခြေထောက်ကို အားပြုကာ စွပ်ဖားပေါ်ကနေ ခုန်တက်လိုက်တာပေါ့။

လေထဲမှာ လူတစ်ယောက်၊ လက်တစ်ဖက်က လျိုရှင်းကို ဖက်ထားပြီး နောက်လက်တစ်ဖက်က သေနတ်ကိုလွှဲကာ သူ့ကို အသေသတ်ဖို့ ခုန်အုပ်လာတဲ့ ဝံပုလွေကို ခလုတ်ဆွဲလိုက်တယ်။

ဒိုင်း...

သေနတ်သံထွက်လာပြီး အဲ့ဒီဝံပုလွေက အော်ဟစ်ရင်း လွင့်ထွက်သွားကော။ ယွီဟွေးဖေးလည်း မြေပေါ်ကျပြီး လျိုရှင်းကို ဖက်ကာ လူးလိမ့်သွားတယ်။ စွပ်ဖားကတော့ တိုက်မိပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီ။

ယွီဟွေးဖေး လူးလိမ့်ပြီးနောက် ချက်ချင်းထရပ်လိုက်ရင်း ဓားမြှောင်ကိုထုတ်ပြီး သေနတ်ကို မောင်းတင်ထားလိုက်တယ်။ သူ လောင်းကြေးထပ်နေတာ။ ဝံပုလွေတွေက သေနတ်ထဲမှာ ကျည်ဆံရှိမရှိ မသိလောက်ဘူးလို့ ယူဆပြီး အချိန်ဆွဲဖို့ ခြောက်လှန့်နေတာ။

ဒါပေမဲ့ ယွီဟွေးဖေးက ဝံပုလွေအုပ်ရဲ့ ဉာဏ်ရည်ကို ထပ်ပြီး လျှော့တွက်မိသွားပြန်ပြီ။

ဒီကောင်တွေက သေနတ်ကိုမြင်တော့ ချက်ချင်း လူစုခွဲလိုက်ပေမဲ့ တစ်ပြိုင်တည်းမှာပဲ သူရဲကောင်းဆယ့်သုံးဖော်နဲ့ ဝါကြီးကို ဝင်တိုက်ကြတယ်။

ခွေးတွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဝံပုလွေတွေကို မယှဉ်နိုင်ဘူး။ အထူးသဖြင့် အင်အားမမျှတဲ့ အခြေအနေမှာဆို ပိုဆိုးတယ်။

ယွီဟွေးဖေး မြင်နေရတယ်။ ဝါကြီးက သူရဲကောင်းဆယ့်သုံးဖော်အဖွဲ့နဲ့ သူ့ဆီလာဖို့ အသည်းအသန် ကြိုးစားနေပေမယ့် ဝံပုလွေတွေက တားဆီးထားတယ်။ နှစ်ဖက်စလုံး နှင်းပြင်ပေါ်မှာ ကိုက်ဖြတ်တိုက်ခိုက်နေကြတာ သွေးတွေနဲ့ နှင်းပြင်တစ်ခုလုံး နီရဲနေပြီ။

ယွီဟွေးဖေးရဲ့ မျက်ရည်တွေ မထိန်းနိုင်ဘဲ ကျလာရင်း သူ အော်ဟစ်လိုက်တယ်။ "ခွေးမသားတွေ... ငါ မင်းတို့နဲ့ အသေခံပြီး တိုက်မယ်"

ပြောပြောဆိုဆို ယွီဟွေးဖေးက ဓားမြှောင်ကိုကိုင်ပြီး ဝင်တိုက်တော့တယ်။ သူ ဒီခွေးတွေကို ကယ်ရမယ်။ မကယ်နိုင်ရင် အတူတူသေမယ်။

ဝံပုလွေအုပ်က ဒါကိုမြင်တော့ ခေါင်းဆောင်ဝံပုလွေရဲ့ မျက်လုံးထဲမှာ အလင်းရောင်တစ်ချက် လက်သွားပြီး အူလိုက်တယ်။ ဝံပုလွေအုပ်က မစောင့်တော့ဘဲ ယွီဟွေးဖေးဆီကို တန်းတန်းမတ်မတ် ပြေးဝင်လာကြတော့တာပဲ။

သူတို့ သိလိုက်ပြီ။ ယွီဟွေးဖေးလက်ထဲက သေနတ်က ခြိမ်းခြောက်မှု မရှိတော့ဘူးဆိုတာကိုပေါ့။

ယွီဟွေးဖေး လှည့်ကြည့်လိုက်တော့ ဝံပုလွေလေးကောင်က အရပ်လေးမျက်နှာကနေ သူ့ဆီ ပြေးလာနေတယ်။ တစ်ချိန်တည်းမှာပဲ ဝံပုလွေတစ်ကောင်က လျိုရှင်းအနားကို ရောက်သွားပြီ။ အဲ့ဒီကောင်မလေးက အစောက တိုက်မိတဲ့ဒဏ်နဲ့ သတိလစ်နေပြီ။

အဲ့ဒီဝံပုလွေက ပါးစပ်ကြီးဟပြီး လျိုရှင်းရဲ့ လည်ပင်းကို ကိုက်ချလိုက်တာမြင်လိုက်ရတော့ ယွီဟွေးဖေး စဉ်းစားမနေတော့ဘူး။ လက်ထဲက ဓားမြှောင်ကို ပစ်လွှတ်လိုက်တယ်။

စွပ်...

ဓားမြှောင်က ဝံပုလွေရဲ့ ဦးခေါင်းကို တန်းတန်းမတ်မတ် ဖောက်ဝင်သွားတယ်။ အဲ့ဒီဝံပုလွေက အော်ဟစ်ပြီး မြေပေါ်မှာ လဲကျငြိမ်သက်သွားရော။

ဒါပေမဲ့ ဝံပုလွေလေးကောင်ကတော့ ယွီဟွေးဖေးရဲ့ ကိုယ်ပေါ်ကို ခုန်အုပ်လိုက်တော့ ယွီဟွေးဖေး သူ့လက်မောင်း၊ ခြေထောက်နဲ့ နောက်ကျောမှာ နာကျင်မှုကို ခံစားလိုက်ရတယ်။ အရေးကြီးဆုံးက သူ့တင်ပါးကို တစ်ချက်အကိုက်ခံလိုက်ရတာပဲ။

ညည်းသံတစ်ချက်ထွက်လာပြီး ယွီဟွေးဖေးက ရုန်းထွက်ဖို့ အသည်းအသန် ကြိုးစားနေပေမဲ့ ဝံပုလွေလေးကောင်ရဲ့ အားကို သူ ဘယ်လိုရုန်းနိုင်မှာလဲ။ နောက်ထပ်ဝံပုလွေတွေ ပြေးလာတာကိုမြင်တော့ ယွီဟွေးဖေး မျှော်လင့်ချက်မဲ့သွားတယ်။

"သောက်ကျိုးနည်း၊ ငါ ဒီကောင်တွေရဲ့ ပါးစပ်ထဲမှာ သေရတော့မှာလား"

ဒီအချိန်မှာပဲ ယွီဟွေးဖေးက သူ့ဆီ ပြေးလာတဲ့ ဝံပုလွေရဲ့ မျက်လုံးတွေက မီးသီးလုံးလောက် ပြူးကျယ်လာပြီး အရမ်းကြောက်စရာကောင်းတဲ့ အရာတစ်ခုကို မြင်လိုက်ရသလို ဖြစ်နေတာကို တွေ့လိုက်ရပြီးတော့ လှည့်ပြီး ထွက်ပြေးတော့တာပဲ။

ဒါပေမဲ့ နောက်တစ်ခဏမှာပဲ သစ်တုံးတစ်တုံးက ပျံဝဲလာပြီး သူရပ်နေခဲ့တဲ့နေရာကို ဒုန်းဆိုပြီး ကျလာပြီးတော့ အရှိန်နဲ့ ပြန်ကန်ပြီး သူ့ကို တိုက်လွင့်သွားစေတယ်။ အရိုးကျိုးသံတွေက တဆက်တည်း ထွက်ပေါ်နေလေရဲ့။

ယွီဟွေးဖေး သိလိုက်ပြီ။ ဒီကောင် သေပြီပဲ။

နောက်ဆက်တွဲအနေနဲ့ ယွီဟွေးဖေးကိုယ်ပေါ်က ဝံပုလွေလေးကောင်က ရုတ်တရက် ပါးစပ်ကိုလွှတ်ပြီး အမြီးကုပ်ကာ ထွက်ပြေးကြတော့တယ်။

တစ်ပြိုင်တည်းမှာပဲ သစ်တုံးကြီးတစ်တုံးက ဘေးတိုက်ဝင်ရိုက်ပြီး မပြေးနိုင်သေးတဲ့ ဝံပုလွေတစ်ကောင်ကို လွှဲရိုက်လိုက်ရော။

အဲ့ဒီပုံစံက ဂေါက်သီးရိုက်လိုက်သလိုပဲဗျာ။

"ဟေ့ကောင်... မသေသေးဘူးမလား" 

အသံဩဩကြီးတစ်ခု ထွက်လာတော့ ကြည့်စရာမလိုဘဲ ယွီဟွေးဖေး သိလိုက်ပြီ။ နွားခေါင်း ရောက်လာပြီ။

ပထမဆုံးအကြိမ်အဖြစ် ယွီဟွေးဖေးက နွားခေါင်းရဲ့ အသံဩဩကြီးကို ဒီလောက်သာယာနာပျော်ဖွယ်ကောင်းတယ်လို့ ခံစားမိလိုက်တယ်။

တကယ်ပဲ၊ နွားခေါင်းကြီးတစ်လုံးက သူ့အမြင်အာရုံထဲကို ရောက်လာပြီး ဖျာတစ်ချပ်လောက်ကြီးတဲ့ လက်ကြီးနဲ့ သူ့ကို ဆွဲထူလိုက်ချိန် နောက်ထပ်အသံတစ်ခု ထွက်လာတယ်။ 

"သေတယ်ဟုတ်လား။ ငါတို့က ဝိညာဉ်မချုပ်ဘဲနဲ့ ဘယ်သူက သူ့ကိုချုပ်ရဲမှာလဲ။ သေသွားရင်တောင် ငါတို့က သူ့ဝိညာဉ်ကို ပြန်ထည့်ပေးလိုက်ရုံပဲ မဟုတ်လား"

စကားပြောရင်းနဲ့ သရဲဖြူရောက်လာတော့  ယွီဟွေးဖေး စိတ်ဓာတ်တွေ တက်ကြွလာပြီး ချက်ချင်းလှည့်ကာ လူကယ်၊ ခွေးကယ်ဖို့ ပြောမလို့ပဲ။

ဒါပေမဲ့ သူမြင်လိုက်ရတာက သရဲနက်က လျိုရှင်းအနားကို ရောက်နေပြီ။ သူ့လက်ထဲက ဝိညာဉ်ချုပ်ကြိုးနဲ့ ဝံပုလွေတစ်ကောင်ရဲ့ ပခုံးရိုးကို ချိတ်ပြီး အဲ့ဒီဝံပုလွေကို လွှဲရမ်းကာ ရေခဲပြင်ပေါ်မှာ တရကြမ်းပြေးနေတယ်။ ဝံပုလွေအုပ်တစ်အုပ်လုံး အနားမကပ်ရဲအောင် လုပ်နေတာ။

လျိုရှင်းကတော့ သတိလစ်နေတုန်းပဲ။ ဒါကတော့ ယွီဟွေးဖေးကို စိတ်အေးစေတယ်။

ဘာလို့လဲဆိုတော့ သူမသာ နွားခေါင်း၊ မြင်းခေါင်းကို မြင်ရင် ဝံပုလွေအုပ်ကို မြင်တာထက်တောင် ပိုကြောက်သွားနိုင်လေ။ ဘာမှမသိတာက ကောင်းတဲ့အရာပဲ။

တစ်ဖက်မှာတော့ မြင်းခေါင်းက ဓားရှည်ကြီးကို လွှဲရမ်းပြီး ဝံပုလွေအုပ်တစ်အုပ်လုံးကို အမြီးကုပ်ပြီး ပြေးအောင် လိုက်ရိုက်နေတယ်။ သူ့နောက်မှာတော့ ကျိုးပဲ့နေတဲ့ ဝံပုလွေအလောင်း ခုနစ်ရှစ်ကောင်လောက် လဲလျောင်းနေပြီ။

ရှောင်ထျန်းချန်ကတော့ ပိုပြီး သြဇာအာဏာရှိတယ်။ ဝံပုလွေအားလုံး သူ့ရှေ့ကို ရောက်လာရင် သူကိုက်တောင် မကိုက်ဘူး။ တန်းထရပ်ပြီး တုတ်တစ်ချောင်းကိုင်ကာ "ခွေးရိုက်တုတ်သိုင်းကွက်ကွ" လို့ အော်ဟစ်လိုက်လေရဲ့။

သူ့တုတ်သိုင်းကွက် ဘယ်လောက်ကောင်းလဲ မပြောနဲ့၊ သူ မတ်တပ်ရပ်လိုက်ကတည်းက တစ်ဖက်က ဝံပုလွေတွေ ကြောင်တောင်တောင် ဖြစ်သွားကြပြီ။ သူတို့လို ခြေလေးချောင်းသတ္တဝါက ဘယ်လိုလုပ်ပြီး ခြေနှစ်ချောင်းနဲ့ ရပ်ကာ တုတ်နဲ့ ဝံပုလွေတွေကို လိုက်ရိုက်နေမှန်း သူတို့ နားမလည်နိုင်ဘူး။

ပြီးတော့ ကြောင်နေတဲ့အချိန်မှာပဲ တုတ်စာမိပြီး သွေးအန်ကာ သေဆုံးသွားကြကော။

အဲ့ဒီဝံပုလွေက သေတဲ့အထိ မျက်လုံးမမှိတ်နိုင်ဘူး။ သူ့ရှေ့က သတ္တဝါက ဘာကောင်လဲဆိုတာ သူ သေတဲ့အထိ စဉ်းစားလို့မရလောက်ဘူး။

မလှမ်းမကမ်းမှာ ဝါကြီးတို့ခွေးတွေက ပြန်ထဖို့ ကြိုးစားနေကြတယ်။

ချွေ့ကျွယ်က "ငါ စစ်ဆေးပြီးပြီ။ သူတို့ ဒဏ်ရာပြင်းပေမယ့် မသေနိုင်ဘူး"

ယွီဟွေးဖေး ကိုယ့်ကိုယ်ကိုယ် တစ်ချက်ကြည့်၊ ဟိုဘက်က တိုက်ပွဲကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။ 

"ဒါဆို ကျုပ်က နောက်ဆုံးမှ အကူအညီရတဲ့သူပေါ့လေ"

ချွေ့ကျွယ်က ရယ်ပြီး "မင်းက နတ်ဘုရားလေ၊ အဲ့လောက်လွယ်လွယ်နဲ့ မသေနိုင်ပါဘူး"

"ဘယ်သူက မသေနိုင်ဘူးပြောလဲ။ လက်မှာတောင် သွေးထွက်နေပြီ" ယွီဟွေးဖေးက လက်ကို မြှောက်ပြတယ်။ တကယ်ပဲ သွေးတွေရွှဲနေတယ်။ အစောက အကိုက်ခံရတာလေ။ တင်ပါးနဲ့ ပေါင်ပေါ်မှာလည်း သွေးတွေနဲ့ပေါ့။

နွားခေါင်းက နှုတ်ခမ်းမဲ့ပြီး ပြောလိုက်တယ်။ "ဒဏ်ရာသေးသေးလေးပဲကို၊ ဘာဖြစ်လဲ"

ယွီဟွေးဖေး စကားမပြောနိုင်တော့ဘူး။ ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ သူတို့က နေ့တိုင်း သေလူတွေနဲ့ပဲ တွေ့နေရတာ။ ဒဏ်ရာရတဲ့လူတစ်ယောက်က သူတို့မျက်လုံးထဲမှာ ဘာမှမဟုတ်လောက်ဘူး။

"ကျုပ်ကို ကြည့်မနေနဲ့တော့၊ ဒီခွေးမသား ဝံပုလွေတွေ ကျုပ်ကို သေအောင်လိုက်နေတာ။ သူတို့ကို သွားတိုက်ကြစမ်း" 

ယွီဟွေးဖေးက မြေပေါ်က ဓားမြှောင်ကို ပြန်ကောက်ပြီး အနားက ဝံပုလွေတစ်ကောင်ကို ချိန်ပြီး ပြေးဝင်သွားတယ်။

နွားခေါင်းနဲ့ သရဲဖြူတို့ ဒါကိုမြင်တော့ ပြုံးပြီး "သွားကြစို့" ပြောပြီးတော့ ဒီနှစ်ယောက်လည်း လှုပ်ရှားတော့တယ်။

All Chapters