← Chapters

ငါအနစ်နာခံပါရစေ

Vol. 9 Ch. 129

ငါအနစ်နာခံပါရစေ

Vol. 9 Ch. 129

နွားခေါင်းက လက်တစ်ဖက်မှာ သစ်တုံးတစ်တုံး၊ တစ်ဖက်မှာ သူ့ရဲ့ သံခက်ရင်းခွကို ကိုင်ထားတယ်။ သူသွားတဲ့နေရာတိုင်းက အသားကြိတ်စက်လိုပဲ။ တစ်ချက်ရိုက်ရင် ဝံပုလွေတစ်တန်း၊ တစ်ချက်ထိုးရင် ဝံပုလွေတစ်သီ။ သူ့လက်ထဲမိသွားရင် တစ်ခါတည်း မသေပေမယ့် သေတာထက်ဆိုးပြီး အသက်မရှင်နိုင်တော့ဘူး။

သရဲဖြူကတော့ ငိုကြွေးတုတ်ကိုကိုင်ပြီး သရဲလို လျင်မြန်စွာ လှုပ်ရှားတယ်။ ဝံပုလွေတစ်ကောင်ကို မှီသွားရင် တစ်ချက်ရိုက်လိုက်တာနဲ့ ဦးနှောက်တွေ ပွင့်ထွက်သွားရော။ တစ်ကောင်ချင်းစီ သေရတာ တော်တော် သက်သာတယ်။

ယွီဟွေးဖေးက ရှေ့ဆုံးကနေ ဓားမြှောင်ကိုကိုင်ပြီး နှင်းပြင်ပေါ်မှာ ဝံပုလွေအုပ်ကို အော်ဟစ်ရင်း လိုက်နေတာပေါ့။

ဝါကြီးနဲ့ သူရဲကောင်းဆယ့်သုံးဖော်အဖွဲ့က ပြန်ထလာပြီးနောက် သူတို့လည်း ဒေါသတွေ တစ်ဝကြီးနဲ့။ ဒီအချိန်မှာ ကိုယ့်ဘက်က အားသာနေတာမြင်တော့ ဘိုးဘေးဘီဘင်တွေက ပေးခဲ့တဲ့ ထူးချွန်တဲ့မျိုးရိုးဗီဇက ထပ်ပြီး အစွမ်းပြလာတယ်။ အားလုံး အူးဝူးအော်ဟစ်ပြီး ခြေထောက်နာနာနဲ့ လိုက်လာကြတယ်။

ယွီဟွေးဖေးက ခွန်အားမရှိတော့လို့ မြန်မြန်မပြေးနိုင်ဘူး။ သူတို့က ခြေထောက်နာနေလို့ မြန်မြန်မပြေးနိုင်ဘူး။

ဒီလိုနဲ့ တောင်ကြားထဲမှာ၊ မြစ်ကြောင်းပေါ်မှာ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတယ်။

ဒဏ်ရာရနေတဲ့ အုပ်စုတစ်စုက ဝံပုလွေအုပ်တစ်အုပ်ကို မြေးတစ်ယောက်လို လိုက်လံနေတဲ့ မြင်ကွင်းက တော်တော်ကို ထူးဆန်းနေတယ်။

ပြဿနာက ယွီဟွေးဖေးရဲ့ ခွန်အားက ကြာရှည်မခံတော့ဘူး။ ခဏလိုက်ပြီးတော့ အားကုန်သွားလို့ ရပ်လိုက်ရကော။ ဒါပေမဲ့ ဒီကောင်နဲ့ ဝါကြီးတို့ခွေးတွေရဲ့ ရဲရင့်ပုံက အဲ့ဒီဝံပုလွေကောင်တွေကို ကောင်းကောင်း မှတ်မိသွားစေတယ်။ အထူးသဖြင့် လူနဲ့မတူတဲ့၊ ခွေးနဲ့တူပြီး ခွေးမဟုတ်တဲ့ကောင်တွေက သူတို့ကို ပိုပြီး ကြောက်လန့်စေတယ်။ တစ်ကောင်ချင်းစီ သုတ်ခြေတင်ပြေးကြတာ တော်တော်မြန်သား။

ဒါက ဝံပုလွေအုပ်ပဲ။ အခြေအနေကောင်းရင် အုံလိုက်ကျင်းလိုက် တိုက်ခိုက်တယ်။

အခြေအနေမကောင်းရင် ချက်ချင်း လူစုခွဲပြီး အတင်းမတိုက်တော့ဘူး။

နွားခေါင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လောက်ကြမ်းကြမ်း၊ သူတို့သတ်လိုက်တာက ဝံပုလွေ ဆယ်ကောင်၊ အကောင်နှစ်ဆယ်လောက်ပဲ ရှိတယ်။ အရပ်လေးမျက်နှာကို ထွက်ပြေးနေတဲ့ ဝံပုလွေအုပ်ကို သူတို့လည်း အကုန်မဖမ်းနိုင်ဘူးလေ။

ယွီဟွေးဖေးက ဝံပုလွေအုပ်ကို မောင်းထုတ်ပြီးမှ အဝေးက ချွေ့ကျွယ်က ထူပေးထားတဲ့ လျိုရှင်းကို လှည့်ကြည့်လိုက်တယ်။ လျိုရှင်း ဒဏ်ရာမရတာမြင်တော့ ပျော်ရွှင်စွာ ပြုံးလိုက်မိလေရဲ့။ ပြီးတော့ သူ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ဒုန်းဆိုပြီး မြေပေါ်ကို လဲကျကာ မလှုပ်တော့ဘူး။

ချွေ့ကျွယ်က "ဘာမှမဖြစ်တော့ဘူး။ အားကုန်သွားလို့ဖြစ်မယ်" ပြီးတော့ သူက သရဲဖြူကို တိုးတိုးလေးပြောတယ်။ 

"ဒီကောင်က ပုစဉ်းခွံကိုးလွှာပထမအဆင့်ကို ကျော်ဖြတ်နိုင်သွားပြီ။ မဆိုးဘူး၊ အနာဂတ်ရှိတယ်။ ဒါပေမဲ့ ပြောင်းလဲပြီးနောက် သူ့ရဲ့စွမ်းအင်တွေ အများကြီး ကုန်ဆုံးသွားတော့ အပူဓာတ်များတဲ့ အစားအစာတွေ အများကြီး စားဖို့လိုတယ်။ ဒီဝံပုလွေတွေ ဖြုန်းမတီးနဲ့။ အရသာသိပ်မကောင်းပေမယ့် အသားပဲလေ။ သူ့ကို အာဟာရဖြည့်ပေးလို့ရတယ်"

သရဲဖြူက ခေါင်းညိတ်ပြီး "သိပြီ... ငါ နွားခေါင်းကို ဝံပုလွေတစ်ကောင် သယ်သွားခိုင်းလိုက်မယ်"

ဝံပုလွေသားက မကောင်းဘူး။ သူတို့တောင် မကြိုက်ဘူး။ နောက်ပြီး ဝံပုလွေတွေ အများကြီး သယ်သွားရင် ဖုံးကွယ်လို့မရဘဲ လူသိသွားရင် ရှင်းပြရတာ ဒုက္ခ။

ယွီဟွေးဖေးက ဝံပုလွေပါးစပ်ကနေ လူကယ်နိုင်တာကိုပဲ တော်တော်လေး ကောင်းနေပြီ။ ဝံပုလွေတစ်အုပ်လုံးကို သတ်နိုင်တယ်ဆိုရင်တော့ အရမ်းလွန်သွားပြီ။

ဘယ်သူမှ လူတွေရဲ့ အာရုံစိုက်မှုကို မခံချင်ကြဘူး။ နည်းနည်းပဲ သယ်သွားတာ ကောင်းတယ်။

နွားခေါင်းက ယွီဟွေးဖေးကို ပခုံးပေါ် ထမ်းတင်လိုက်ပြီး လျိုရှင်းကိုကြည့်ကာ ပြုံးပြီးပြောရော။ "ဒီကောင်မလေးကို ဘယ်သူသယ်မလဲ"

အားလုံးက တစ်ခဲနက်ဝိုင်းပြောကြတာပေါ့။ "မင်း အားအကြီးဆုံးပဲ၊ မင်းပဲ အကုန်ထမ်းသွားလိုက်"

နွားခေါင်းကလည်း မငြင်းတော့ဘူး။ လျိုရှင်းကိုပါ ပခုံးပေါ် ထမ်းတင်လိုက်ပြီး ရှောင်ထျန်းချန်ကို လှည့်ပြောတယ်။ 

"ခွေးမသား... သွားမယ်၊ အိမ်ပြန်မယ်"

"မင်းမှ ခွေးမသား၊ မင်းမိသားစုတစ်စုလုံး ခွေးမသားတွေ။ ငါက ရှောင်ထျန်းချန်ကွ" ရှောင်ထျန်းချန်က အော်ပြီးမှ ဝါကြီးတို့ခွေးတွေကို လှည့်ကြည့်ပြီး ပြောတယ်။ 

"ခွေး…"

သူက ဝါကြီးတို့ကို ခွေးလို့ ခေါ်မလို့ပဲ။ ဒါပေမဲ့ သူတို့တစ်ကိုယ်လုံးက ဒဏ်ရာတွေနဲ့ ကျိုးပဲ့နေတဲ့ စွပ်ဖားကိုကြည့်ပြီး "ညီအစ်ကိုတို့၊ အတူတူ တစ်ခွက်လောက် သောက်ကြမလား"

ဝါကြီးတို့ခွေးတွေ အားလုံး ကြောင်သွားကြတယ်။ သူ ဘာပြောနေမှန်း သူတို့ နားမလည်ကြဘူးလေ။ ပြန်လမ်းမှာ ဝါကြီးနဲ့ သူရဲကောင်းဆယ့်သုံးဖော်အဖွဲ့က တစ်ကောင်ပြီးတစ်ကောင် မြေပေါ်ကို လဲကျသွားကြတယ်။

မြင်းခေါင်းလည်း ဘာမှမတတ်နိုင်တော့ဘူး။ သစ်ခြောက်ပင်တစ်ပင်ကို ခုတ်လှဲပြီး ခွေးတွေကို သစ်တုံးပေါ်တင်၊ ဝိညာဉ်ချုပ်ကြိုးနဲ့ ချည်ပြီး နွားခေါင်းကို ဆွဲသွားခိုင်းလိုက်တော့တာပေါ့။

ယွီဟွေးဖေးနဲ့ လျိုရှင်းကိုတော့ မြင်းခေါင်းက တာဝန်ယူလိုက်တယ်။

"အနက်ကောင်၊ မင်းရဲ့ ဝိညာဉ်ချုပ်ကြိုးက ခွေးချည်တဲ့ကြိုး ဖြစ်သွားပြီ"

သရဲဖြူက ပြောလိုက်ပေမယ့် သရဲနက်က ဂရုမစိုက်တဲ့ပုံပဲ။

"သူတို့အားလုံးက သူရဲကောင်းတွေပဲ… ငါ့ကြိုးက ဂုဏ်တောင်တက်သေးတယ်"

ဒီစကားကိုကြားတော့ အားလုံးက သရဲနက်ကို တစ်ချက်ကြည့်လိုက်ကြတယ်။ ဒီကောင်က ဒီလောက်တောင် အသိတရားရှိမှန်း မထင်ထားဘူး။

ယွီဟွေးဖေး နိုးလာတဲ့အခါမှာတော့ သူ့ရဲ့ ကုတင်ကြီးပေါ်မှာ လှဲလျောင်းနေပြီ။ မျက်လုံးဖွင့်လိုက်တာနဲ့ ချွေ့ကျွယ်က ဘေးမှာထိုင်ပြီး စာဖတ်နေတာကို တွေ့လိုက်ရတယ်။

သူ နိုးလာတာမြင်တော့ ချွေ့ကျွယ်က "နိုးပြီလား။ ရေသောက်မလား"

ယွီဟွေးဖေးက ခေါင်းခါပြီး ထထိုင်လိုက်တယ်။ "လျိုရှင်းရော။ ဝါကြီးနဲ့ သူရဲကောင်းဆယ့်သုံးဖော်အဖွဲ့ရော ဘယ်လိုနေသေးလဲ"

"စိတ်မပူပါနဲ့၊ အားလုံး ဘာမှမဖြစ်ဘူး။ လျိုရှင်းကောင်မလေးက အရမ်းလန့်သွားလို့ အခုထိ အိပ်နေတုန်းပဲ။ ဝါကြီးနဲ့ သူရဲကောင်းဆယ့်သုံးဖော်အဖွဲ့ကလည်း ပြန်ကောင်းလာပြီ။ ကံဆိုးမသွားဘဲ ကံကောင်းသွားတယ်"

ဒီအချိန်မှာ နွားခေါင်း၊ မြင်းခေါင်းနဲ့ သရဲဖြူနက်တို့ ဝင်လာကြတယ်။ ယွီဟွေးဖေး နိုးလာတာမြင်တော့ အားလုံး ပြုံးပြီး မြင်းခေါင်းက ပြောတော့တာပဲ။

"ငါပြောသားပဲ၊ ဒီကောင် ဘာမှမဖြစ်ပါဘူးလို့။ သူ့ကို လာကြည့်နေစရာလား။ အရက်သွားသောက်တာမှ ပိုကောင်းဦးမယ်"

ယွီဟွေးဖေးလည်း စိတ်မဆိုးတော့ဘူး။ ခေါင်းကုတ်ပြီးပြောလိုက်တယ်။ "အားလုံး ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"

နွားခေါင်းက ပေါ့ပေါ့ပါးပါး ခေါင်းခါပြီး "အသေးအဖွဲကိစ္စပါ။ နောက်မှ ငါတို့ကို ကောင်းမှုမှတ်တမ်းတင်ပေးရင် ရပြီ။ မင်းကတော့ မဆိုးဘူးပဲ။ ခွေးနည်းနည်းနဲ့ ဝံပုလွေတစ်ရာကျော်ကို ဝင်တိုက်ရဲတယ်၊ လူကိုလည်း ကယ်ထုတ်လာနိုင်တယ်။ ဒီကိစ္စက ရှေးခေတ်မှာဆိုရင် မင်းက ဒဏ္ဍာရီတစ်ခု ဖြစ်နေလောက်ပြီ"

"ရှေးတုန်းက ကွမ်းကုန်က ဓားတစ်လက်နဲ့ တကိုယ်တော်ဝင်ခဲ့တဲ့အတိုင်း ဒီနေ့တော့ မင်း ယွီဟွေးဖေးက ဝံပုလွေအုပ်ထဲ တကိုယ်တော်ဝင်ပြီး ချစ်သူအတွက် အမျက်ဒေါသထွက်ခဲ့တယ်"

သရဲဖြူကပါ ဝင်ပြောနေချိန် သရဲနက်ကတော့ ခေါင်းကြီးခါပြီး "အရမ်းစိတ်လိုက်မာန်ပါလုပ်လွန်းတယ်။ ဒါပေမဲ့ ငါသဘောကျတယ်။ လူ့ဘဝဆိုတာ နှစ်တစ်ရာလောက်ပဲရှိတာလေ။ ရတဲ့အချိန်လေးမှာ တက်တက်ကြွကြွ နေသင့်တယ်။ သေသွားရင်တောင် တန်တယ်။ မဟုတ်ရင်တော့ တော်တော် စိတ်ညစ်စရာကောင်းမှာ"

သရဲဖြူက "ဟုတ်တယ်၊ ဒီနှစ်တစ်ရာလောက်မှာ ရှေ့ဆယ်နှစ်က ငယ်လွန်းတယ်၊ နောက်ဆယ်စုနှစ်တွေက အိုလွန်းတယ်။ ပျော်လို့ရတာက နှစ်အနည်းငယ်ပဲ"

ယွီဟွေးဖေးက သူတို့ကို မျက်စောင်းထိုးလိုက်တယ်။ သူက သူတို့ရဲ့ အတွေးအခေါ်တွေကို မယုံဘူး။ ဒီကိစ္စတွေအပေါ်မှာ သူ့မှာ ကိုယ်ပိုင်အမြင်ရှိတယ်လေ။ အခု သူတို့နဲ့ ငြင်းခုံဖို့ စိတ်မပါဘူး။

"လျိုရှင်းက ခင်ဗျားတို့ကို မမြင်လိုက်ဘူးမလား"

နွားခေါင်း၊ မြင်းခေါင်းတို့က ခေါင်းခါပြီးပြောတယ်။ "မမြင်ဘူး၊ သတိလစ်နေတာ။ စကားမစပ်... ဒီကောင်မလေးက ထပ်ရောက်လာပြန်ပြီ။ ဒီနှင်းတွေနဲ့ဆိုရင် ခဏတာတော့ ထွက်သွားလို့မရလောက်ဘူး။ ဒီမှာ အကြာကြီးနေရတော့မယ်။ မင်း ငါတို့ကို အကြောင်းပြချက်တစ်ခုခုနဲ့ မိတ်ဆက်ပေးသင့်လား"

ဒီကိစ္စပြောတော့ ယွီဟွေးဖေးလည်း ခေါင်းကိုက်သွားတယ်။ ဒါပေမဲ့ ပြဿနာက သူ ဘယ်လိုမိတ်ဆက်ပေးရမလဲ။ 

သူတို့က နွားနဲ့မြင်းကနေ လူဖြစ်လာတာလို့ ပြောရမလား။ 

မျိုးဗီဇပြောင်းလဲသွားတာလို့ ပြောရမလား။ 

နွားနဲ့မြင်းကိုက်လို့ ဒီလိုခေါင်းနှစ်လုံး ပေါက်လာတာလို့ ပြောရမလား။ 

ဒါမှမဟုတ် သူတို့က မြေအောက်ကမ္ဘာက နတ်ဘုရားတွေလို့ ပြောလိုက်ရမလား။

စဉ်းစားရင်းနဲ့ ခေါင်းတွေ ပိုကြီးလာရော။

"ဟူး... အခွင့်အရေးရမှ ပြောတော့မယ်။ အခုတော့ ဘယ်လိုလိမ်ညာရမလဲဆိုတာ မစဉ်းစားတတ်သေးဘူး…" 

"ဒါ ဘယ်လို စည်းကမ်းချက်တွေလဲမသိဘူး။ အမှန်အတိုင်းတောင် ပြောခွင့်မပေးဘူး။ တန်းပြောလိုက်ရင် စိတ်အေးရသားနဲ့"

ဒါပေမဲ့ ယွီဟွေးဖေးက ညည်းညူရုံပဲ။ ဝတ္ထုပေါင်းများစွာ ဖတ်ဖူးတဲ့သူက ကောင်းကောင်းသိတာပေါ့။ တချို့လျှို့ဝှက်ချက်တွေက လူနည်းနည်းပဲ သိတာကောင်းတယ်လေ။ ဒါက သူ့ရဲ့ အားသာချက်လည်းဖြစ်သလို၊ အောက်ခြေစည်းကမ်းလည်း ဖြစ်တယ်။

ဒါက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာဖြစ်သလို၊ ကိုယ်ဂရုစိုက်တဲ့သူတွေကိုလည်း ကာကွယ်တာပဲ။ ဒီမှာ ယွီဟွေးဖေးက စကားလမ်းကြောင်းလွှဲလိုက်တယ်။

"ဝါကြီးတို့ ဘယ်မှာလဲ။ ကျုပ်သွားကြည့်ချင်တယ်။ ပြီးတော့ ဘိုးတော်ချွေ့... ဝါကြီးတို့ ကံကောင်းသွားတယ်ဆိုတာ ဘာကံလဲ"

ဒီအချိန်မှာပဲ ရှောင်ထျန်းချန်က ဆဲဆိုရင်း ဝင်လာရော။ 

"$#2@#... မင်း ငါ့ကို ပြန်လျော်ပေးရမယ်။ ငါ ဒီတစ်ခါ တော်တော်နစ်နာသွားတယ်"

ဒီကောင်က ဝင်လာပြီးနောက် အပြင်လူမရှိတာမြင်တော့ တန်းထရပ်ပြီး ခုတင်ပေါ်မှာ ဖင်ချထိုင်လိုက်တယ်။ သူကြီးတစ်ယောက်လိုပဲ။ ခွေးခြေထောက်ကို မြှောက်ပြီးပြောကော။

"ကြည့်စမ်း... ကြည့်စမ်း။ ဒီကောင်တွေ တော်တော်ယုတ်မာတာ။ ငါ့ခေါင်းကိုခေါက်၊ ငါ့သွေးကိုလည်း ဖောက်သွားတယ်။ ဒါ လူလုပ်တဲ့အလုပ်လား"

ယွီဟွေးဖေး ကြောင်သွားပြီး ချွေ့ကျွယ်ကို မော့ကြည့်လိုက်ချိန် သူက ရယ်ပြီး စပြောတော့တာပဲ။

"မတတ်နိုင်ဘူးလေ။ ဝါကြီးတို့ ဒဏ်ရာက အရမ်းပြင်းတယ်။ ငါတို့ စဉ်းစားကြည့်တော့ သာမန်နည်းလမ်းနဲ့ သူတို့ကို ကယ်နိုင်မှာမဟုတ်ဘူး… ပြီးတော့ ဒီရွာမှာ တိရစ္ဆာန်ဆရာဝန်လည်း မရှိဘူး။ ကုသရခက်တယ်။ အဲ့ဒါနဲ့ပဲ ရှိတာလေးနဲ့ လုပ်လိုက်တာ"

"ရှိတာနဲ့လုပ်တော့ ငါ့သွေးကို ဖောက်ရသလား။ ဒါ လူလုပ်တဲ့အလုပ်လား"

နွားခေါင်းက ရယ်ပြီး "ငါတို့က နတ်ဘုရားတွေ၊ လူမဟုတ်ဘူး"

ရှောင်ထျန်းချန်က ဒေါသထွက်ပြီး ဘေးက ခေါင်းအုံးကို ကောက်ပြီး ပစ်ပေါက်မလို့ပဲ။ ဒါပေမဲ့ တစ်ဖက်က လူတစ်အုပ်လုံးက ခေါင်းအုံးတွေ၊ ထိုင်ခုံတွေ ကိုင်ထားတာမြင်တော့ သူက ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး လက်လျှော့လိုက်ရော။

"စိတ်မဆိုးနဲ့တော့။ ငါတို့လည်း ဘာမှမတတ်နိုင်လို့ပါ။ မင်းနဲ့ တိုင်ပင်တော့လည်း မင်းက သဘောမတူဘူးလေ။ ပြီးတော့ ဘယ်သူမှ မင်းကိုမခေါက်ဘူး။ မင်းကိုယ်တိုင် တံခါးဘောင်နဲ့ ခေါင်းတိုက်ပြီး သတိလစ်သွားတာ"

ရှောင်ထျန်းချန်က မျက်လုံးကို လှန်ပြီး "ငါ… ငါ ဉာဏ်ရည်မမီရင်တောင် ကိုယ့်ကိုယ်ကိုယ် တံခါးနဲ့ တိုက်မှာမဟုတ်ဘူး။ မင်း ငါ့ကို အရူးများထင်နေလား"

အားလုံးက သူ့ကို မင်းက အရူးပဲဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်ကြရော။ ဒီခွေးက ဒေါသတွေ ထွက်ပြီး ခွေးတစ်ကောင်လုံး ပေါက်ကွဲတော့မလို ဖြစ်နေပြီ။ ယွီဟွေးဖေးလည်း ကြည့်နေတယ်။ ဒီခွေးက တော်တော်လည်တယ်။ ကိုယ့်ကိုယ်ကို တံခါးဘောင်နဲ့ တိုက်မှာမဟုတ်ဘူး။ အတီးခံလိုက်ရတာ သေချာတယ်။

ဒါပေမဲ့ ဒီကိစ္စကို ယွီဟွေးဖေးက သူ တံခါးဘောင်နဲ့ တိုက်တာပဲလို့ သဘောထားလိုက်ပြီး ရှောင်ထျန်းချန်ကို ပုတ်ပြီးပြောရတာပေါ့လေ။ 

"စိတ်မညစ်ပါနဲ့။ နောက်မှ မင်းအတွက် ကောင်းကောင်းလေး လုပ်ကျွေးပြီး အားဖြည့်ပေးမယ်…"

ရှောင်ထျန်းချန်က ဒီစကားကြားမှ ဟွန်းဟွန်းဆိုပြီး "မင်း လူစိတ်ရှိသေးသားပဲ"

ချွေ့ကျွယ်က "ရှောင်ထျန်းချန်က နတ်ခွေးပဲ။ သူက အာ့လန်ရှန်းနဲ့အတူ တက်တက်ကြွကြွ အပေါ်တက်သွားတာ။ ဆင်းလာတဲ့အခါ ဓားတစ်ချက်ခုတ်ခံရပေမယ့် သူ့ခန္ဓာကိုယ်ထဲက သွေးက နတ်စွမ်းအင်တချို့ ကျန်နေသေးတယ်။ ငါတို့က သူ့သွေးနဲ့ ဝါကြီးတို့ကို တစ်ယောက်တစ်လုံး ထိုးပေးလိုက်တော့ သူတို့ အသက်ရှည်ရုံမကဘူး၊ ခန္ဓာကိုယ်လည်း ပိုပြီး သန်မာလာလိမ့်မယ်"

ယွီဟွေးဖေး ဒါကိုကြားတော့ မျက်လုံးတွေ လင်းလက်သွားပြီး ရှောင်ထျန်းချန်ကို လှမ်းကြည့်လိုက်တယ်။ ရှောင်ထျန်းချန်က ယွီဟွေးဖေးရဲ့ အကြည့်ကြောင့် တစ်ကိုယ်လုံး ကြက်သီးထသွားပြီး နောက်ကိုဆုတ်သွားတော့တာပဲ။

"မင်း… မင်း ဘာလုပ်မလို့လဲ"

ယွီဟွေးဖေးက နှုတ်ခမ်းကိုသပ်ပြီး ဟီးဟီးရယ်ရင်း "ကိုခွေးကြီး... ကြည့်စမ်းပါဦး။ ညီလေးလည်း ဒဏ်ရာရထားတယ်။ ကျုပ်ကိုလည်း နည်းနည်းလောက်…"

"မင်း%#$@။ ငါက ရှောင်ထျန်းချန်ကွ၊ ထန်ဆန်း မဟုတ်ဘူး" ရှောင်ထျန်းချန်က လှည့်ပြီး ခြေကုန်သုတ်ပြေးသွားတော့ ယွီဟွေးဖေး စိတ်ပျက်သွားတယ်။

ချွေ့ကျွယ်က ရယ်ပြီး "စိတ်မပျက်ပါနဲ့တော့၊ သူက ခွေးပဲလေ။ ခွေးက လူကို သွေးသွင်းရင် ပြဿနာရှိနိုင်တယ်"

နွားခေါင်းက ရုတ်တရက် "ဒါပေမဲ့ ခွေးသားကတော့…"

ဝုန်းခနဲ တံခါးပွင့်လာပြီး ရှောင်ထျန်းချန်က ခွေးခေါင်းကို ထုတ်ပြီး ဆဲပါလေရော။

"ငါ$#6^%"

တစ်ချိန်တည်းမှာပဲ သူက အားလုံးကို သတိထားပြီး ကြည့်နေတယ်။ ထပ်ပြောရင် ငါ မင်းတို့နဲ့ အသေခံပြီး တိုက်မယ်ဆိုတဲ့ပုံစံနဲ့။

ယွီဟွေးဖေးက အမြန်ဖြေရှင်းရတာပေါ့။ "ကိုခွေးကြီး... စိတ်မကွက်ပါနဲ့။ စိတ်ချ... မင်းက ကျုပ်တို့ညီအစ်ကိုပဲ။ မင်းကို မစားပါဘူး"

ရှောင်ထျန်းချန်က ဟွန်းဟွန်းဆိုပြီး "ဒါမှ လူစကားပြောသလို ဖြစ်သွားတာ" လို့ပြောမဆုံးသေးဘူး ယွီဟွေးဖေးက ဆက်ပြောတယ်။

"သူက နတ်ခွေးလေ... သူ့ကိုယ်ပေါ်က ခွေးရူးပြန်ရောဂါပိုးတွေလည်း နတ်ဖြစ်သွားနိုင်တယ်။ အပူချိန်မြင့်မြင့်နဲ့တောင် သတ်လို့မသေလောက်ဘူး။ စားလိုက်ရင် ရောဂါရလွယ်တယ်…"

"ယွီဟွေးဖေး... ငါ မင်းကိုသတ်မယ်" ရှောင်ထျန်းချန်က ယွီဟွေးဖေးကိုယ်ပေါ်ကို ခုန်တက်ပြီး ခွေးခြေထောက်နဲ့ တရစပ်ရိုက်တော့တာပဲ။

တော်တော်ကြာမှ အားလုံးက ဆွဲခွဲလိုက်နိုင်တယ်။

ယွီဟွေးဖေးက ဟီးဟီးရယ်ပြီး "ဒေါသရှေ့မထားပါနဲ့လေ။ ကျုပ် ဒီလိုပြောလိုက်တော့ အနည်းဆုံးတော့ မင်း လုံခြုံသွားပြီ မဟုတ်လား"

ရှောင်ထျန်းချန်က သူ့ခေါင်းပေါ်က အဖုကြီးကို မသိမသာ ပွတ်သပ်ပြီး နွားခေါင်းနဲ့ သရဲဖြူကို ခိုးကြည့်လိုက်တယ်။ နွားခေါင်းက ဘာမှမပြောဘူး။ သရဲဖြူကတော့ သူ့လျှာကို လိပ်လိုက်ဖြန့်လိုက် လုပ်နေပြီး မျက်လုံးက မျက်နှာကျက်ကို လှန်ကြည့်နေလေရဲ့။ သူ့ကို တီးလိုက်တာ ဒီကောင်ပဲ ဖြစ်မယ်။ ဒါပေမဲ့ ရှောင်ထျန်းချန်ဘာမှမပြောဘူး။ သူ ရုတ်တရက် ယွီဟွေးဖေးပြောတာကလည်း မှန်တယ်လို့ ထင်လာတာကိုး။

သူခိုးခိုးမှာထက် သူခိုးစိတ်ဝင်စားမှာကို ပိုကြောက်ရတယ်ဆိုသလိုပဲ။ ဒါက အားလုံးရဲ့ စိတ်ဝင်စားမှုကို အပြတ်ဖြတ်လိုက်တာပဲ။

"ခင်ဗျားတို့ စဉ်းစားကြည့်စမ်း၊ ခွေးပေါက်လေးတွေ မွေးပြီး ရှောင်ထျန်းချန်ကို အခါအားလျော်စွာ သွေးဖောက်ပြီး သူတို့ကို လေ့ကျင့်ပေးရင် ကျုပ်တို့ ချမ်းသာနိုင်မလား"

အားလုံးက မေးစေ့ကို ပွတ်သပ်ပြီး မျက်လုံးတွေ တောက်ပလာကြရော။

စကားမဆုံးသေးဘူး၊ ယွီဟွေးဖေးက ရှောင်ထျန်းချန်ထွက်ပြေးသွားတာကို တွေ့လိုက်ရတယ်။ ရှောင်ထျန်းချန် သိလိုက်ပြီ။ ဒီနေရာမှာ ဆက်နေလို့မဖြစ်တော့ဘူး။ မဟုတ်ရင် သူ့ကို မချက်စားရင်တောင် ကောင်းကျိုးမရှိနိုင်ဘူး။

တံခါးအပြင်ဘက်ကနေ ရှောင်ထျန်းချန်ရဲ့ ဆဲဆိုသံ ထွက်လာတယ်။ "မင်းတို့ လိပ်မသားတွေ။"

ဒီအချိန်မှာ ချွေ့ကျွယ်က မေးလိုက်လေရဲ့။ "လျိုကောင်မလေး ရောက်လာပြီဆိုတော့ မင်း သူ့ကို ဧည့်သည်ခန်းမှာ ထားလို့မဖြစ်တော့ဘူးမလား"

ယွီဟွေးဖေးက နှာခေါင်းကို ပွတ်သပ်ပြီး မျက်နှာက နည်းနည်းရဲနေတာပေါ့။ "ဧည့်သည်ခန်းမှာ မထားရင် ဘယ်မှာထားရမလဲ"

သရဲနက်က "ဒါက လွယ်လွယ်လေးပဲ။ မင်းနဲ့ တစ်ခန်းတည်း အတူတူအိပ်လိုက်ရုံပဲ မဟုတ်လား။ မင်းက သူရဲကောင်းကယ်တင်သူပဲ။ ငါတို့ခေတ်မှာဆိုရင် ယောက်ျားလေးဘက်က စကားစရာမလိုဘူး၊ မိန်းကလေးကတောင် ကိုယ့်ကိုယ်ကို ပုံအပ်ပြီးသား"

ယွီဟွေးဖေး ဒါကိုကြားတော့ မျက်နှာမှာ အားကျတဲ့အရိပ်အယောင်တွေနဲ့ "နှမြောစရာပဲ... ဒီလောက်ကောင်းတဲ့ အစဉ်အလာက ဆက်ပြီး မကျန်ခဲ့ဘူး။ ခုခေတ်နောက်ပိုင်းကလူတွေ ဘိုးဘေးအမွေအနှစ် အစဥ်အလာဆိုတာ ကောင်းကောင်း ထိန်းသိမ်းရ‌ကောင်းမှန်း မသိကြဘူးပဲကိုး"

သရဲဖြူက "အနက်ကောင်ပြောတာက နည်းနည်း တိုက်ရိုက်ဆန်ပေမယ့် အချစ်ဆိုတာက တစ်ဝက်တစ်ပျက် တွန်းလိုက်၊ လက်ခံလိုက်နဲ့ မဟုတ်လား။ ဒီအချိန်မှာ ဘယ်သူရှက်လဲ၊ ဘယ်သူရှုံးလဲပဲ"

နွားခေါင်း၊ မြင်းခေါင်းတို့က "ဒါမှမဟုတ် ငါတို့နှစ်ယောက် သူ့ကို မင်းဆီ သယ်လာပေးရမလား"

"တော်...  တော်… ခင်ဗျားတို့ အချစ်ရေးနားမလည်တဲ့ကောင်တွေ အမြန်ထွက်သွားကြစမ်း" ယွီဟွေးဖေးက တန်းမောင်းထုတ်တော့တယ်။

ချွေ့ကျွယ်က ထွက်သွားတဲ့ နွားခေါင်း၊ မြင်းခေါင်းတို့ကို ကြည့်ပြီး ယွီဟွေးဖေးကို မေးလိုက်လေရဲ့။ "အခု သူ မင်းဆီမလာရင်၊ နောက်ရော"

ဒီအချိန်မှာပဲ ရှောင်ထျန်းချန်ရဲ့ အသံထွက်လာကော။ "ယွီလေရေ... သူက အဝေးကလာတဲ့ ဧည့်သည်ပဲ။ ရှေ့မှာ ဆက်နေတာ မသင့်တော်တော့ဘူး။ မင်း မပြောရဲရင်… ငါ့နဲ့ တစ်ခန်းတည်း အိပ်ခိုင်းလိုက်ပါ။ ငါက ကြမ်းပြင်မှာ အိပ်မယ်၊ သူက ကုတင်ပေါ်မှာ အိပ်ပေါ့။ စိတ်ချပါ... ငါက ခွေးတစ်ကောင်ပါပဲလေ။ အင်း... ငါ့ကို အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို သဘောထားခိုင်းလိုက်"

All Chapters