← Chapters

ယဥ်ကျေးလိမ္မာသင်တန်းရောက် အကျဥ်းသားသစ်

Vol. 9 Ch. 131

ယဥ်ကျေးလိမ္မာသင်တန်းရောက် အကျဥ်းသားသစ်

Vol. 9 Ch. 131

ထမင်းစားပြီးတော့ ယွီဟွေးဖေးက ဝါကြီးနဲ့ သူရဲကောင်းဆယ့်သုံးဖော်အဖွဲ့ကို အိမ်ပြန်ပို့ပေးလိုက်တယ်။

စွန်းအဘိုးကြီးက တက်ကြွလန်းဆန်းနေတဲ့ ဝါကြီးကိုကြည့်ပြီး အံ့ဩစွာနဲ့ "ငါ့ညီလေးယွီ၊ မင်း ဒီခွေးကို ဘာကျွေးလိုက်လဲ။ ငါဘယ်လိုခံစားနေရလဲဆိုတော့ သူက ပိုပြီးငယ်သွားသလိုပဲ။ ဒီခံစားချက်က အရင်ကလိုပဲ"

ယွီဟွေးဖေးက ဝါကြီးကို ရှောင်ထျန်းချန်ရဲ့ သွေးထိုးသွင်းထားရတဲ့ အကြောင်းကိုတော့ ပြောလို့မဖြစ်ဘူးလေ။

"စွပ်ဖားတစ်ခါထပ်ဆွဲပြီး လူကယ်လိုက်ရလို့ စိတ်ဓာတ်တွေ တက်ကြွနေလို့ ဖြစ်မှာပေါ့"

ဒီကိစ္စပြောတော့ စွန်းအဘိုးကြီးက "ဟိုဘက်မှာဝံပုလွေအုပ်ရှိတယ်ဆို။ မင်းတို့တွေ့ခဲ့သေးလား"

"တွေ့တော့တွေ့ခဲ့တယ်၊ ကားသမားကတော့  ကံဆိုးသွားတယ်။ ကျွန်တော်တို့က ကံကောင်းလို့ တောင်စောင်းပေါ်ကနေ မြစ်ကြောင်းပေါ်ကို ဆင်းပြေးနိုင်ခဲ့တာ။ ဝံပုလွေအုပ်က လိုက်လာတော့ ရေခဲပြင်ကွဲကျပြီး သူတို့ လိုက်မလာနိုင်တော့ဘူး"

ကားသမား အသက်ဆုံးသွားတဲ့အကြောင်းပြောတော့ ယွီဟွေးဖေးလည်း စိတ်မကောင်းဖြစ်သွားတာပေါ့။

မသိကျွမ်းပေမယ့် အဲ့ဒါက အသက်တစ်ချောင်းပဲလေ။ ဒီအတိုင်းပဲ ဆုံးရှုံးသွားရတယ်။

စွန်းအဘိုးကြီးက "ငါလည်း ကြားတယ်။ အလောင်းကို ဟိုဘက်က ယူသွားပြီ။ နှင်းနည်းနည်းပါးသွားပြီး လမ်းရှင်းသွားရင် ပြန်ပို့လာလိမ့်မယ်။ မင်းတို့ အသက်ရှင်လျက် ပြန်လာနိုင်တာက ကောင်းတဲ့အရာပဲ"

ဒီနေရာမှာပြောရင်း စွန်းအဘိုးကြီးက အရမ်းဂုဏ်ယူစွာနဲ့ ဝါကြီးကိုပွေ့ဖက်ပြီး ရယ်ကာ "ခွေးကောင်းလေး၊ ဝံပုလွေပါးစပ်ကနေ လူကယ်လာပြန်ပြီ၊ တော်လိုက်တာ"

ဝါကြီးက အမြီးကိုအဆက်မပြတ်နန့်ပြီး အရမ်းပျော်နေတဲ့ပုံပဲ။

"ဒါပေမဲ့ စွပ်ဖားတော့ ပျက်သွားပြီ၊ နောက်မှ ကျွန်တော်တို့တစ်ခုထပ်လုပ်ပြီး ခင်ဗျားကိုပြန်လျော်ပေးမယ်"

စွန်းအဘိုးကြီးက လက်ဝှေ့ယမ်းပြပြီး "ထားလိုက်တော့... ဒါက ငါ့ဆီမှာရှိနေရင်လည်း ဂိုဒေါင်ထဲမှာပဲထားရမှာ။ စွပ်ဖားပျက်တစ်စီးနဲ့ လူ့အသက်တစ်ချောင်းလဲနိုင်ခဲ့တာ တန်ပါတယ်"

ယွီဟွေးဖေးက ပြုံးလိုက်တယ်။ စွန်းအဘိုးကြီး ဒီလိုပြောပေမယ့် သူကဒီကိစ္စကိုဒီအတိုင်းပြီးသွားလို့ရတယ်လို့ မထင်ဘူး။

စွန်းအဘိုးကြီးအိမ်က ထွက်လာပြီးတော့ ရွာလူကြီးရုံးကို ဆက်သွားတယ်။ သူကဖိန်ကောရဲ့ အမဲလိုက်သေနတ်ကိုသွားပို့ပေးတာပဲ။

ကျန်းစန်းရှန်းက ယွီဟွေးဖေးရဲ့ လက်ပေါ်က ဒဏ်ရာကိုကြည့်ပြီး ယွီဟွေးဖေးရဲ့ ပခုံးကို ပုတ်ကာ "ကောင်လေးက တော်လိုက်တာ။ ဝံပုလွေပါးစပ်ကနေ လူကယ်တယ်… သောက်ကျိုးနည်း၊ စဉ်းစားကြည့်တာနဲ့တင် သွေးဆူတယ်။ မင်းက စွန်းအဘိုးကြီးရဲ့ နေရာကို အောင်မြင်စွာ ဆက်ခံနိုင်ခဲ့ပြီ။ ငါတို့ဒီနယ်တစ်ဝိုက်မှာ ပထမဆုံး စွပ်ဖားဘုရင် ဖြစ်သွားပြီ"

"ကံကောင်းလို့ပါဗျာ၊ ဒါနဲ့ ဒီသေနတ်ကို ကြည့်ပေးပါဦး"

ကျန်းစန်းရှန်းက သေနတ်ကို ယူပြီး "ဒီပစ္စည်းက စည်းကမ်းအရဆိုရင် သိမ်းဆည်းပြီး အထက်ကို တင်ပြရမှာ။ ဒါပေမဲ့ အခု လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတော့ တင်ပြလို့မရဘူး"

"အခု ဝံပုလွေအုပ်က တောင်ပေါ်က ဆင်းလာပြီ။ ခန့်မှန်းရတာသလောက် မကြာခင်မှာ တခြားတောရိုင်းတိရစ္ဆာန်တွေလည်း မခံနိုင်တော့ဘဲ ထွက်လာလိမ့်မယ်။ အဲ့တော့ ဒီသေနတ်က အသုံးဝင်သေးတယ်၊ ခဏတော့ ထားထားလိုက်ပါဦး"

"ကျွန်တော်လည်း ဒီလိုပဲ စဉ်းစားမိတယ်။ ရွာက ကင်းစောင့်သမားတွေအတွက် သေနတ်တစ်လက်ရှိတာက ကောင်းပါတယ်"

ကျန်းစန်းရှန်းကခေါင်းညိတ်တယ်... ပြီးတော့ ယွီဟွေးဖေးကို "ငါခန့်မှန်းရတာတော့ အများဆုံး သုံးရက်လောက်ပဲ။ သုံးရက်နောက်ပိုင်းမှာ တခြားတောရိုင်းတိရစ္ဆာန်တွေ ထွက်လာမှာ။ မင်းကိစ္စမရှိရင်လည်း လျှောက်မပြေးနဲ့၊ အထူးသဖြင့် တောင်ထဲမဝင်နဲ့... မင်းရဲ့တံခါးမကြီး ဘာညာကို သေသေချာချာပိတ်ထား၊ နားလည်လား"

ယွီဟွေးဖေးက ကိုယ့်အိမ်ရဲ့ လုံခြုံရေးကို စိတ်မပူဘူး။ တစ်ခုတည်းသော စိုးရိမ်တာက နောက်ခြံက သင်္ချိုင်းတွေပဲ။

တချို့တောရိုင်းတိရစ္ဆာန်တွေ ဗိုက်ဆာလွန်းရင် သင်္ချိုင်းတူးပြီး အလောင်းစားတတ်တယ်။ အခု ဆောင်းဝင်နေတော့ မြေကြီးက သံမဏိလို မာကျောနေလို့ တူးလို့မရတော့ဘူး။ ဒါပေမဲ့ သင်္ချိုင်းကမ္ဗည်းကျောက်တိုင်ကို ဖျက်ဆီးသွားရင်လည်း ဒုက္ခ။

ကျန်းစန်းရှန်းအိမ်ကထွက်ပြီး ယွီဟွေးဖေးက ချွေ့ကျွယ်ကိုရှာပြီး အကျိုးအကြောင်း ပြောပြရတော့တာပေါ့လေ။

"ဒါက လွယ်လည်းလွယ်တယ်၊ ခက်လည်းခက်တယ်"

"လွယ်တာက ငါတို့ နှင်းထဲမှာ ထောင်ချောက်တချို့ ထောင်ထားလို့ရတယ်။ အရေးကြီးတဲ့အချိန်မှာ အသုံးဝင်နိုင်တယ်…"

"ခက်တာက ဒါက အာမခံချက်မရှိတဲ့ နည်းလမ်းပဲ။အပြီးတိုင် ဖြေရှင်းနည်းမဟုတ်ဘူး။ ဒါမှမဟုတ် ဒီနေ့ကစပြီး အလှည့်ကျ ကင်းစောင့်ကြမလား" 

ချွေ့ကျွယ်က အကြံပြုတော့ ယွီဟွေးဖေးက ခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။

ဘာပဲဖြစ်ဖြစ် ထောင်ချောက်က သေနေတဲ့အရာ၊ တောရိုင်းတိရစ္ဆာန်က အသက်ရှင်နေတဲ့အရာလေ…

ကင်းစောင့်တဲ့အလုပ်က နောက်ဆုံးတော့ နွားခေါင်း၊ မြင်းခေါင်းတို့ လက်ထဲရောက်သွားတယ်။ ဘာပဲဖြစ်ဖြစ် ဒီနှစ်ယောက်က နေ့ဘက်မှာ သိပ်လှုပ်ရှားလို့မကောင်းဘူး။ နေ့ဘက်မှာ အိပ်ရေးဝဝအိပ်ပြီး ညဘက်မှာ အလုပ်လုပ်တာက ပိုအဆင်ပြေတာကိုး။

တိုင်ပင်ပြီးတော့ ယွီဟွေးဖေးက အားလုံးကို သင်္ချိုင်းရှင်းလင်းဖို့ ခေါ်လိုက်တယ်။

ဘာမှမတတ်နိုင်ဘူး။ နှင်းတွေက တစ်နေ့တစ်ညလုံး ကျနေတာ။ သင်္ချိုင်းထဲမှာ သင်္ချိုင်းကမ္ဗည်းကျောက်တိုင်တွေတောင် ဖုံးလွှမ်းနေပြီ။

အခု ယွီဟွေးဖေးတစ်ယောက်တည်း နှင်းတွေအားလုံးကို ရှင်းလင်းဖို့က မဖြစ်နိုင်တော့ဘူး။ အားလုံးကို ခေါ်ပြီး အတူတူလုပ်ရတော့မှာပဲ။

ဒီလိုနဲ့ တစ်နေကုန် လုပ်လိုက်ရတယ်…

ကံကောင်းတာက ညနေဘက်မှာ နှင်းတွေ ရပ်သွားတာပဲ။

ယွီဟွေးဖေးတို့က ညမမှောင်ခင်မှာမှ သင်္ချိုင်းကမ္ဗည်းကျောက်တိုင်ရှိတဲ့နေရာတွေကို ရှင်းလင်းပြီးသွားတယ်။

ဒီလိုနဲ့တောင် ယွီဟွေးဖေးက ခွေးသေတစ်ကောင်လို ပင်ပန်းနေပြီး ကုတင်ပေါ်မှာ လှဲလျောင်းရင်း မလှုပ်ချင်တော့ဘူး။

နှင်းတွေ တစ်ရက်ရပ်ပြီးတော့ ညနေဘက်မှာ ထပ်ကျလာပြန်တယ်လေ။

လူတော်တော်များများက ဒီရာသီဥတုကို ဆဲဆိုကြပေမယ့် ဘာမှမတတ်နိုင်ဘဲ အိမ်ပြန်သွားကြရတာပေါ့။

ဒီလိုရာသီဥတုမှာ အိမ်တိုင်းနီးပါးက ပူပူနွေးနွေး ခုတင်ပေါ်မှာ အရက်တစ်လုံးနဲ့ ညဉ့်နက်တဲ့အထိ အရက်သောက်၊ စကားစမြည်ပြော၊ ကြွားဝါတာလည်း သန်းခေါင်ယံအထိပဲ။

ဒီအချိန်မှာ မိန်းမတွေက ယောက်ျားတွေ အရက်သောက်တာကို မတားကြဘူး။ ဘာလို့လဲဆိုတော့ ယောက်ျားတွေက ညဉ့်နက်တဲ့အထိ နှင်းရှင်းရမှာလေ။ မဟုတ်ရင် နောက်နေ့ အိမ်တံခါး ဖွင့်လို့မရတော့ဘူး။

အရက်သောက်၊ စကားစမြည်ပြောတာက အိပ်ငိုက်ပြေစေတယ်…

ဒီအချိန်မှာ ယွီဟွေးဖေးနဲ့ လျိုရှင်းက ဧည့်ခန်းထဲမှာ ထိုင်နေကြတယ်။ မီးဖိုထဲက မီးက တောက်လောင်နေပြီး ပြောင်းဖူးရိုးတွေက တဖျစ်ဖျစ်မြည်နေပေမယ့် နှစ်ယောက်သားကတော့ တိတ်ဆိတ်ငြိမ်သက်နေလေရဲ့။

အပြင်ဘက် ပြတင်းပေါက်အောက်ခြေရင်းမှာ သရဲနက်ဖြူ၊ နွားခေါင်း၊ မြင်းခေါင်း၊ ရှောင်ထျန်းချန်၊ အကြောင်းမရှိဘဲ လာလည်တတ်တဲ့ ဝါကြီးတောင် ဝပ်ပြီး တစ်ခုခုကို နားစွင့်နေကြတယ်။

ဒါပေမဲ့ အကြာကြီး နားထောင်နေတာတောင် အထဲက ဘာအသံမှ မကြားရဘူး။

ရှောင်ထျန်းချန်က မအောင့်နိုင်တော့ဘဲ "နှစ်ယောက်သား ဖက်ပြီး အိပ်သွားကြပြီလား။ ရှောင်ယွီက တော်တော်မြန်တာပဲ၊ ဘာအသံမှမကြားရဘဲ ပြီးသွားတယ်…"

"ရှုး..."

အားလုံးက သူ့ကိုပါးစပ်ပိတ်ခိုင်းတော့ နွားခေါင်းက ရှောင်ထျန်းချန်ရဲ့ ခွေးပါးစပ်ကို တန်းပိတ်ထားလိုက်ရော။

ဒီအချိန်မှာ ယွီဟွေးဖေးက စကားစလိုက်တယ်။ 

"အဲ့ဒီတုန်းက မလန့်စေခဲ့ဘူးမလား။"

လျိုရှင်းက လက်နှစ်ဖက်နဲ့ မေးစေ့ကိုထောက်ပြီး မီးဖိုထဲက မီးကိုကြည့်ကာ "လန့်သွားတယ်၊ အဲ့ဒီတုန်းက လန့်သွားတယ်။ ဒါပေမဲ့ ဒါတွေအကုန်လုံးကျော်လွှားပြီးပြီလေ... ဘာမှမဖြစ်တော့ဘူး။ တစ်ခါတလေ ပြန်စဉ်းစားကြည့်ရင် အဲ့ဒီအချိန်ကကိစ္စတွေက အိပ်မက်ထဲမှာလိုပဲ သိပ်မယုံနိုင်စရာကောင်းလွန်းတယ်လေ။ နင်ပြောကြည့်... ငါတို့အဲ့ဒီအချိန်မှာ ဝံပုလွေတစ်ရာကျော်ထဲကနေ တကယ်ကြီး လွတ်မြောက်လာခဲ့တာလား"

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး ဂုဏ်ယူစွာနဲ့ "သေချာတာပေါ့"

"ငါ့မှာ တစ်သက်လုံး ကြွားလို့ရမယ့် ပုံပြင်တစ်ပုဒ် ထပ်ရပြန်ပြီ" ဒီလိုပြောရင်း လျိုရှင်းက ချိုမြိန်ပျော်ရွှင်စွာ ပြုံးလိုက်တယ်။

ပြီးတော့ သူမက ပြတင်းပေါက်အပြင်က နှင်းတွေကိုကြည့်ပြီး "အိမ်မှာ ဂျုံမှုန့်ရှိလား"

"မဝယ်ရသေးဘူး၊ ဘာဖြစ်လို့လဲ"

"မနက်ဖြန် နည်းနည်းသွားဝယ်လိုက်လေ။ ဒီရာသီဥတုက ပေါက်စီပေါင်းဖို့ အသင့်တော်ဆုံးပဲ။ ပြီးတော့ ဆူဇီရွက်လည်း ဝယ်ရမယ်။ အင်း… ဖက်ထုပ်နည်းနည်းလည်း လုပ်ထားမယ်၊ နောက်ကျရင် မနက်စာကို အမျိုးမျိုးပြောင်းစားလို့ရတာပေါ့။ တစ်ရက် ပေါက်စီစား၊ တစ်ရက် ဖက်ထုပ်စား၊ တစ်ရက်နှစ်သစ်ကူးမုန့်စား။ ဒါနဲ့ ငါတို့နှစ်သစ်ကူးကိတ်မုန့်လည်း ပေါင်းလို့ရတယ်"

စားစရာအကြောင်းပြောတော့ လျိုရှင်းက တခြားလူတစ်ယောက်လို ပြောင်းသွားတယ်။ အစကလို ရှက်ကိုးရှက်ကန်း မဟုတ်တော့ဘဲ စိတ်လှုပ်ရှားစွာနဲ့ မျက်လုံးတွေတောင် တောက်ပလာနေရော။

ဒါကသေချာပေါက်ပထမတန်းစားအစားသရဲလေးပဲ။

ယွီဟွေးဖေး မအောင့်နိုင်ဘဲ "နင်က အရှေ့မြောက်ပိုင်းသူ မဟုတ်ဘူးမလား"

"အာ... မဟုတ်ဘူး။ တောင်ပိုင်းသူလေ၊ ဘာဖြစ်လို့လဲ"

"နင့်လိုတောင်ပိုင်းသူတစ်ယောက်က ငါတို့အရှေ့မြောက်ပိုင်းက အရာတွေအများကြီး ဘယ်လိုလုပ်တတ်တာလဲ။ ကင်မ်ချီ၊ မုန်ညင်းချဉ်၊ အခု ပေါက်စီ၊ နှစ်ကူးကိတ်မုန့်… ငါက အရှေ့မြောက်ပိုင်းသားစစ်စစ်ဖြစ်ပေမယ့် နင့်လောက်တောင် မသိဘူးလို့ ခံစားရတယ်"

လျိုရှင်းကဂုဏ်ယူစွာနဲ့ခေါင်းမော့ပြီး "ဒါပေါ့။ ငါအိမ်မှာအားနေရင် စားစရာကောင်းကောင်းစားချင်တယ်။ ဝယ်လာတဲ့အရသာကလည်း ဒေသဓလေ့ထုံးစံကြောင့် အရသာကမစစ်တော့ဘူး။ အဲ့တော့ ငါ့ဘာသာငါလုပ်ရတော့တာပေါ့။ အရှေ့မြောက်ပိုင်းဟင်းတင်မကဘူး၊ တခြားဒေသတွေက ဟင်းတွေအများကြီးလည်း လုပ်တတ်တယ်"

ယွီဟွေးဖေးက ရှေးလူကြီးတွေလို လက်အုပ်ချီပြီး "အရင်ကတည်းက ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အစားအသောက်သမားတစ်ယောက်လို့ သတ်မှတ်ခဲ့တယ်။ ခင်ဗျားနဲ့ ယှဉ်လိုက်တော့ အဆင့်အတန်းက အများကြီး ကွာသွားပြီ။ လေးစားပါတယ်၊ လေးစားပါတယ်၊ ဆရာကြီး"

လျိုရှင်းကတော့ ပြန်အရိုအသေပေးပြီး "အားနာစရာတွေမပြောပါနဲ့ ဒါတွေက အသေးအဖွဲ့ကိစ္စလေးတွေပါ"

ဒီနေရာမှာပြောရင်း နှစ်ယောက်လုံးရယ်ကြတယ်။

ယွီဟွေးဖေးက လျိုရှင်းကောင်မလေးကို တော်တော်လေးစားသွားတယ်။ အဲ့ဒီနေ့က လူတစ်ယောက်သေဆုံးတာကို သွေးသံရဲရဲနဲ့ မြင်ခဲ့ရပေမယ့် ဒီလောက်မြန်မြန် ပြန်လည်ကောင်းမွန်လာနိုင်ခဲ့တာကိုး။

ဒီလို အာရုံကြောထူတာက တကယ်ကို ကောင်းကျိုးများတာပဲ…

ဒီအချိန်မှာပဲ ယွီဟွေးဖေးရဲ့ ဘောင်းဘီအိတ်ထဲက အရှည်မျောမျော အရာတစ်ခုက ပူလာတယ်။

အတွေးမလွန်ကြနဲ့နော်… အဲ့ဒါ မဟုတ်ဘူး။

ယွီဟွေးဖေးက ပေါင်ကိုတစ်ချက်ပုတ်ပြီးမှ သတိရသွားတယ်။ အရင်က လျိုရှင်းကို ကယ်တုန်းက ဘောင်းဘီအိတ်ထဲက ပူနေခဲ့တာ။ နောက်တော့ အသေအလဲ လိုက်ခံရပြီးနောက် ဒီကိစ္စကို မေ့သွားခဲ့တာ။

တစ်ခုခု မေ့နေသလို ခံစားနေရတာ ဒါကြောင့်ကိုး။

ဒါနဲ့ ယွီဟွေးဖေးက အချိန်ကိုကြည့်ပြီး လျိုရှင်းကို "ညဉ့်နက်ပြီ... စောစောအိပ်တော့"

လျိုရှင်းက အပြင်က နှင်းတွေကိုကြည့်ပြီး "ခဏနေရင် နှင်းရှင်းရမှာ မဟုတ်လား"

ယွီဟွေးဖေးက မျက်လုံးပြူးပြီး "ဘာဖြစ်လဲ... မင်းရောက်လာပြီးနောက် မီးဖိုချောင်ကို ငါတို့ဆီက လုယူသွားပြီ။ ဘာလဲ။ ခြံကိုတောင် ငါတို့အတွက် မချန်ထားချင်တော့ဘူးလား။ ဒါတော့ နင်လုလို့မရဘူး၊ ဒါက ငါတို့အရှေ့မြောက်ပိုင်း ယောက်ျားတွေရဲ့ နောက်ဆုံးဂုဏ်သိက္ခာပဲ။ ဒီနယ်တစ်ဝိုက်မှာ ကြည့်စမ်း၊ ဘယ်အိမ်က ယောက်ျားတွေ ညဉ့်နက်တဲ့အထိ နှင်းမရှင်းရတာ ရှိလို့လဲ။ နင်အမြန်သွားအိပ်တော့… အေးတယ်လို့ထင်ရင် ငါ့ကိုပြော၊ ငါ မီးဖိုထဲကို ထင်းနည်းနည်း ထပ်ထည့်ပေးမယ်"

လျိုရှင်းက ကြားတော့ နှုတ်ခမ်းမဲ့ပြီး ပြုံးလိုက်တယ်။ "ဒါဆိုရင်တော့ ကျွန်မက အမိန့်အတိုင်း လိုက်နာပါ့မယ်။ သူဌေးယွီ ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်"

ယွီဟွေးဖေးက ခေါင်းမော့ပြီး "ဒါမှပေါ့... လိမ်မာတယ်"

နှစ်ယောက်သား အပြင်ထွက်မလို့လုပ်တော့ ယွီဟွေးဖေးက တံခါးအပြင်ဘက်ကနေ ဖက်ထုပ်ပြုတ်သလို ခြေသံတွေ ကြားလိုက်ရတယ်။ သူ ချက်ချင်း အားလုံးကို နားလည်သွားပြီး စိတ်ထဲကနေ ဆဲဆိုလိုက်လေရဲ့။ 

‘ဒီ ခွေးသူခိုးကောင်တွေတော့ကွာ’

လျိုရှင်းက စပ်စုစွာနဲ့ "အပြင်မှာ…"

ယွီဟွေးဖေးက ချက်ချင်း "ခွေးတွေဖြစ်မယ်။ နင်မေ့သွားပြီလား... အရင်က ငါတို့ကို ကယ်ခဲ့တဲ့ ခွေးကောင်တွေလေ။ သူတို့ပဲပေါ့"

ခွေးကောင်တွေဆိုတဲ့ စကားသုံးလုံးကို ယွီဟွေးဖေးက အလေးပေးပြောလိုက်တယ်။ နွားခေါင်း၊ မြင်းခေါင်းတို့ ကြားတော့ မအောင့်နိုင်ဘဲ "သောက်ကျိုးနည်း" လို့ ဆဲဆိုလိုက်ကြရော။

လျိုရှင်းကတော့ ယွီဟွေးဖေး စကားမှားပြောတယ်လို့ပဲ ထင်ပြီး သိပ်မစဉ်းစားဘဲ ကိုယ်ကိုဆန့်တန်းပြီး သမ်းလိုက်တယ်။

ယွီဟွေးဖေးက ဒီကောင်မလေး ကိုယ်ကိုဆန့်တန်းလိုက်လို့ အပေါ်အင်္ကျီတိုအောက်ကနေ ပေါ်လာတဲ့ သွယ်လျတဲ့ ခါးလေးကို မသိမသာ ခိုးကြည့်လိုက်တယ်။ ဘာမှမပေါ်ပေမယ့် အထဲမှာ အနက်ရောင် ကိုယ်ကျပ်အင်္ကျီရှိနေပေမယ့် သွယ်လျလိုက်တာ။

"GoodNightပါ" လျိုရှင်းက ယွီဟွေးဖေးရဲ့ သူခိုးမျက်လုံးကို မမြင်ဘဲ လက်ပြပြီး အခန်းထဲ ဝင်သွားရော။

လျိုရှင်း အခန်းထဲဝင်ပြီး ပြတင်းပေါက်လိုက်ကာ ဆွဲပိတ်သွားတာကို ကြည့်ပြီးတော့ ယွီဟွေးဖေးက အမြန် အဆောင်တံဆိပ်ကို ထုတ်လိုက်တယ်။ တကယ်ပဲ အပေါ်မှာ စာတစ်ကြောင်း ပေါ်လာတာပဲ။ 

"မကြာခင်မှာ ယဥ်ကျေးလိမ္မာသင်တန်းဆီကို အကျဉ်းသားတစ်ယောက် ရောက်လာမယ်၊ လက်ခံဖို့ သတိပြုပါ။ လောလောဆယ် အဲ့ဒီကောင် အေးပြီး သေတော့မယ်"

သူက အဆောင်တံဆိပ်ပေါ်က အကြောင်းကြားစာက မိုဘိုင်းဖုန်းကုမ္ပဏီက စာပို့သလိုမျိုး စက်ရုပ်က ပို့တာ၊ ဘာသာစကားက ပုံသေဖြစ်ပြီး အမည်၊ အချိန်လောက်ပဲ ပြောင်းလဲတယ်လို့ ထင်ခဲ့တာ။ အခုကြည့်ရတော့ ဟိုဘက်မှာ လူတစ်ယောက်ယောက်က ထိန်းချုပ်နေပုံပဲ။

လူက ထိန်းချုပ်နေမှတော့ ယွီဟွေးဖေးက မအောင့်နိုင်ဘဲ ညည်းညူတော့တယ်။ 

"ဒီအလုပ်လုပ်တဲ့ကောင်က တဖြည်းဖြည်းနဲ့ ပိုပြီး တာဝန်မယူနိုင်တော့ဘူး။ အရင်ကဆို တစ်ရက်ကြိုပြီး အကြောင်းကြားတယ်။ နောက်တော့ လုံးဝ အကြောင်းမကြားတော့ဘူး၊ ပြီးတော့ ပြန်အကြောင်းကြားတယ်၊ အခုတော့ ချီးပါခါနီးမှ ချီးတွင်းလာရှာနေသလိုပဲ။ ဘယ်လို စုတ်ပြတ်သတ်နေတဲ့ အရာလဲ။ နတ်ပြည်ကလူတွေ အလုပ်လုပ်တာ ဒီလောက်တောင် စည်းကမ်းမရှိဘူးလား"

"ဂုဏ်ယူပါတယ်... မင်းဖြေတာ မှန်သွားပြီ" ရှောင်ထျန်းချန်က အနားကပ်လာပြီး ဟီးဟီးရယ်ကာ ပြောရော။

ယွီဟွေးဖေးက "ဘာအဓိပ္ပာယ်လဲ"

"လွယ်လွယ်လေးပဲ၊ အရင်က မင်းကို ပြောဖူးတယ်မလား။ လွတ်လပ်တယ်ဆိုတာ နတ်ဘုရားပဲ၊ ဘာကို လွတ်လပ်တယ်လို့ ခေါ်လဲ။ အဲ့ဒါက စိတ်ကူးပေါက်ရာ လုပ်တာ၊ အကောင်းဆုံးကို မရှာဘူး၊ ကိုယ်အပျော်ဆုံးကိုပဲ ရှာတယ်။ ကောင်းကင်ဘုံက အဘိုးကြီးတွေက အသက်ရှည်ခြင်းပြဿနာ မရှိဘူး၊ ပြဿနာရှိတာက ဘယ်လိုပျော်ရွှင်လဲ၊ ဘယ်လိုလုပ်မလဲပေါ့။ မင်းရဲ့ ဌာနကတော့ လောကသုံးပါးအပြင်ဘက်က အဖွဲ့အစည်းတစ်မျိုးပဲ။ အရင်ဒီနေရာက  လွတ်နေခဲ့တာ၊ နောက်မှ ဘယ်ကောင် ဂေါက်ပြီး ဒီနေရာကို သတိရသွားမှန်းမသိဘူး၊ ဒါကြောင့် ယာယီပြန်ဖွင့်လိုက်တာ။ ဆက်သွယ်တဲ့သူရှိတာကိုပဲ ကောင်းနေပြီ၊ ညည်းမနေနဲ့တော့"

ယွီဟွေးဖေးက နားမလည်စွာနဲ့ "စည်းကမ်းမလိုက်နာဘဲ စိတ်ကူးပေါက်ရာ လုပ်နေရင် ရှုပ်ထွေးသွားမှာပေါ့"

ရှောင်ထျန်းချန်က ခေါင်းခါပြီး "ရှုပ်ထွေးတယ်ဟုတ်လား။ နောက်မနေနဲ့... ငါပြောတဲ့ လျော့ရဲတယ်ဆိုတာက မင်းလို စုတ်ပြတ်သတ်နေတဲ့နေရာကို ပြောတာ။ မိုး၊ နှင်း၊ ရေခဲ၊ နှင်းခဲတွေကို အုပ်ချုပ်တဲ့ နတ်ဘုရားတွေကတော့ အချိန်မှန် အလုပ်တက်ရတယ်၊ တစ်စက္ကန့်လေးတောင် မမှားဘူး"

ယွီဟွေးဖေးက "အရင်က ကျုပ်နေရာမှာ လူမရှိဘူးလား"

"အတော်ကြာအောင် စွန့်ပစ်ထားခဲ့တာ။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ဘုံမှာ ကောင်းကင်ဘုံထောင်ရှိတယ်၊ မြေအောက်ကမ္ဘာမှာ ငရဲတစ်ဆယ့်ရှစ်ထပ်ရှိတယ်။ ဘယ်သူအမှားလုပ်လုပ်၊ အထဲကို ပစ်ထည့်လိုက်ရုံပဲ။ ဒီနေရာရဲ့ တည်ရှိမှုက တကယ်တော့ အဓိပ္ပာယ်မရှိဘူး။ နောက်ပိုင်းမှာ ပြန်ဖွင့်ရတာက လူယာအဘိုးကြီးနဲ့ အဲ့ဒီယုန် ဘာပြဿနာဖြစ်မှန်းမသိဘူး၊ အားလုံးက ဒီနှစ်ယောက်ပေါင်းလိုက်ရင် တော်တော်ဆူပူတယ်လို့ ထင်ကြတယ်။ ဒါနဲ့ သူ့ကို ဒီနေရာကို ပစ်ချလိုက်ရော။ လူ့လောကလေ၊ လောကီအာရုံတွေနဲ့၊ ဓားတစ်ချက်နဲ့ အပြတ်ဖြတ်။ ဆင်းလာရင် ဆူပူလို့မရတော့ဘူး" ရှောင်ထျန်းချန်က ရှင်းပြတယ်။

ဒါက ယွီဟွေးဖေးက ယုန်ဆိုတဲ့ စကားလုံးကို ပထမဆုံးအကြိမ် ကြားရတာမဟုတ်ဘူး။ သူ ပိုပြီး စပ်စုလာတယ်။ လပေါ်က အဲ့ဒီယုန်က ဘယ်လိုသတ္တဝါလဲ၊ ဘယ်လိုလုပ်ပြီး ဒုက္ခရှိတဲ့နေရာတိုင်းမှာ သူရှိနေရတာလဲ။ သူရှိတဲ့နေရာတိုင်းမှာ လူတွေ ဒုက္ခရောက်ရတာလဲ။

ဒီအချိန်မှာ ချွေ့ကျွယ် ရောက်လာပြီး နည်းနည်းရှက်ကိုးရှက်ကန်းနဲ့ "ယွီလေး... အဲ့ဒီနေ့က မင်း လူကယ်သွားတုန်းက တံခါးခေါက်သံ ကြားလိုက်သလိုပဲ။ ဒါပေမဲ့ တံခါးဖွင့်ကြည့်တော့ လူမရှိဘူး… ငါလည်း ရှောင်ထျန်းချန်တို့ကို ရှာဖို့ အလျင်လိုနေတော့ သိပ်မစဉ်းစားမိလိုက်ဘူး။ အခု ပြန်စဉ်းစားကြည့်မှ နည်းနည်း ထူးဆန်းနေတယ်"

အဲ့တော့မှ ယွီဟွေးဖေးက အဆောင်တံဆိပ်ပေါ်က စကားကို သတိရသွားတယ်။ အဲ့ဒီကောင် အေးပြီး သေတော့မယ်ဆိုပဲ။ သူနည်းနည်း စိတ်မလုံမလဲ ဖြစ်သွားရော။ တစ်ဖက်က ဘယ်သူဘယ်ဝါမှန်း မသိပေမယ့် ရေခဲကမ္ဘာထဲက လာတာတော့ သေချာတယ်။ ဒီလောက်ကြာအောင် အပြင်မှာ ထားထားတာ တကယ်ကြီး အေးပြီး သေသွားရင်တော့…

ဒီလိုစဉ်းစားပြီး ယွီဟွေးဖေးက အမြန် တံခါးဖွင့်ဖို့ ပြေးသွားကော။

ဒါပေမဲ့ တံခါးဖွင့်လိုက်တော့ အပြင်မှာ ဘာမှမရှိဘူး၊ မြင်ကွင်းကလည်း ရှိုးလင်လမ်းမကြီးပဲ။

"မဟုတ်သေးဘူး... ငါတံခါးဖွင့်ပုံ မှားနေလို့လား"

အကြိမ်ကြိမ် ဖွင့်လိုက်ပိတ်လိုက် လုပ်ပေမယ့် မြင်ကွင်းမပြောင်းဘူး၊ လူလည်းမရှိဘူး။

ချွေ့ကျွယ်က "သူတံခါးခေါက်မှ မင်းက သူ့ကို လက်ခံလို့ရမှာဖြစ်မယ်"

ယွီဟွေးဖေး စဉ်းစားကြည့်တော့ အရင်အကြိမ်တွေက အကျဉ်းသားတွေ တံခါးခေါက်၊ သူတံခါးဖွင့်၊ မှ လက်ခံရရှိခဲ့တာ။ ဒါက စည်းကမ်းချက်ဖြစ်နိုင်တယ်… ဒါပေမဲ့ ပြဿနာက တစ်ဖက်က အေးပြီး သေသွားရင် တံခါးခေါက်နိုင်ပါ့မလား။

သူက စိတ်မလုံမလဲနဲ့ ရှောင်ထျန်းချန်နဲ့ ချွေ့ကျွယ်ကို "အဲ… တာဝန်ပျက်ကွက်လို့ အကျဉ်းသားကို အေးခဲပြီး သေစေရင် ဘာပြစ်မှုလဲ"

လူတစ်ယောက်နဲ့ ခွေးတစ်ကောင် ကြောင်သွားပြီး နောက်ဆုံးတော့ ခေါင်းခါပြီး "မသိဘူး… ဒါပေမဲ့ မြှားတစ်သောင်းနဲ့ အထိုးမခံရရင်တောင် အနည်းဆုံး မြှားတစ်စင်းတော့ အထိုးခံရမှာပဲ"

"ဘာကွာလို့လဲ"

"ဘာမှမကွာဘူးလေ... ဘာပဲဖြစ်ဖြစ် ပထမမြှားနဲ့တင် မင်းသေသွားမှာပဲ" ရှောင်ထျန်းချန်က တည့်တိုးပဲ။

ယွီဟွေးဖေးရဲ့ မျက်နှာချက်ချင်း မည်းသည်းသွားရော။ ဘာမှမကွာဘူးဆိုရင် ဘာလို့ပြောနေသေးလဲ။ သူစိတ်ပူနေတုန်းမှာပဲ တိုးညှင်းတဲ့ တံခါးခေါက်သံ ထွက်လာတယ်။

ဒေါက်… ဒေါက်… ဒေါက်…

တစ်ချိန်တည်းမှာပဲ တိုးညှင်းတဲ့အသံတစ်ခု "လူ… ရှိ… လူရှိ… လား"

All Chapters