← Chapters

နွားကျောင်းသား

Vol. 9 Ch. 132

နွားကျောင်းသား

Vol. 9 Ch. 132

ယွီဟွေးဖေး ကြားလိုက်တာနဲ့ မော်တာတပ်ထားသလိုပဲ ဝှီးဆိုပြီး ပြေးထွက်သွားတယ်။ နှစ်လှမ်းနဲ့ တံခါးဝကို ရောက်သွားပြီး တံခါးကို အားနဲ့ဆွဲဖွင့်လိုက်တော့တာပေါ့။

နောက်တစ်ခဏမှာပဲ နွေးထွေးတဲ့ လေတစ်ချက် တိုးဝင်လာတယ်။ တကယ်တမ်းတော့ သိပ်မနွေးပါဘူး၊ ယွီဟွေးဖေးဘက်က ပိုအေးနေလို့ ဟိုဘက်က အအေးဓာတ်က သိပ်မအေးတော့သလို ဖြစ်သွားတာ။

ရှေ့က ကမ္ဘာကြီးက ရေခဲကမ္ဘာပဲ၊ တောင်ကြားကြီးတစ်ခုထဲမှာ ဖြစ်ပုံရတယ်။ မြေပေါ်မှာ အဘိုးကြီးတစ်ယောက်က တုန်တုန်ယင်ယင်နဲ့ ထိုင်နေလေရဲ့။ မျက်နှာမှာ နှင်းဖြူတွေနဲ့၊ ကြည့်ရတာ နည်းနည်း သနားစရာကောင်းသား။

"တောင်းပန်ပါတယ်ဗျာ။ အဘိုးကိုအကြာကြီး စောင့်ခိုင်းမိပြီ။ ခင်ဗျားလာတာ အချိန်ကိုက်ပဲ၊ အရင်က အိမ်မှာ လူမရှိလို့… ဝင်လာပါလား"

အဘိုးကြီးက မျက်ရည်တွေနဲ့ ယွီဟွေးဖေးကို ကြည့်နေတယ်။ စိတ်လှုပ်ရှားလို့လား၊ အေးလို့ ငိုတာလားတော့မသိဘူး။ ရှိုက်ကြီးတငင်နဲ့ "နောက်ဆုံးတော့ လူရောက်လာပြီပဲ၊ အေးလို့ သေတော့မယ်ဟ" ပြောပြီးတော့ အဘိုးကြီးက ထပြီး အထဲကို ပြေးဝင်လာတယ်။

ဒါပေမဲ့ ဝင်လာပြီးတာနဲ့ လှည့်ပြီး ပြန်ပြေးသွားရော။ တစ်ချိန်တည်းမှာပဲ "အား... သောက်ကျိုးနည်း၊ ဒီဘက်က ပိုအေးတာပဲ"

ယွီဟွေးဖေး ဒါကိုမြင်တော့ အမြန် အဘိုးကြီးကို ဆွဲခေါ်လာတယ်။ "ခင်ဗျား ဟိုဘက်မှာ အေးခဲပြီး သေသွားရင် ကျုပ်ဒုက္ခရောက်မှာ။ ပြန်လာခဲ့စမ်း"

ဒါပေမဲ့ တစ်ဖက်လူဟာ အဘိုးကြီးဖြစ်ပေမယ့် ခန္ဓာကိုယ်က နွားလောက်သန်မာတာကို တွေ့လိုက်ရတယ်။ ယွီဟွေးဖေးတောင် ဆွဲမနိုင်ဘူး။ ကံကောင်းတာက ရှောင်ထျန်းချန်နဲ့ ချွေ့ကျွယ်က ဝင်ကူညီပြီး အဘိုးကြီးကို ဆွဲခေါ်လာခဲ့တယ်။

ယွီဟွေးဖေးကတော့ အမြန် တံခါးပိတ်လိုက်တယ်။ ဒါဆိုရင် သူပြေးစရာနေရာ မရှိတော့ဘူးလေ။

အဘိုးကြီးက ဝင်လာတာနဲ့ "အား… သေတော့မယ်ဟ" လို့ အော်ဟစ်နေပါ‌ရော။ ပြီးတော့ အဘိုးကြီးက အခန်းထဲက မီးဖိုကို တွေ့သွားပြီး မရှက်မကြောက် တန်းတန်းမတ်မတ် ပြေးဝင်သွားတော့တာပဲ။

ယွီဟွေးဖေး ဒါကိုမြင်တော့ ဘာမှမပြောဘဲ အားလုံးကို အတူတူသွားထိုင်ဖို့ ခေါ်လိုက်တယ်။ အခန်းထဲရောက်တော့ အဲ့ဒီအဘိုးကြီးက မီးဖိုရဲ့ မီးခိုးခေါင်းတိုင်ကို ဖက်ထားတော့မလို ဖြစ်နေပြီ။

သူလည်း မမိုက်ဘူးပဲ၊ မီးဖိုကို တိုက်ရိုက်ဖက်ရင် အရမ်းပူမယ်၊ မီးခိုးခေါင်းတိုင်က ပူပေမယ့် ချက်ချင်း အပူလောင်လောက်အောင်တော့ မပူဘူးဆိုတာကို သိပုံရတယ်။

ယွီဟွေးဖေးက မတားဘဲ ဒီလူကို စပ်စုနေတာပေါ့။ ခန္ဓာကိုယ်ကိုကြည့်ရင် ယွီဟွေးဖေးထက် ခေါင်းတစ်လုံးလောက် မြင့်ပြီး နှစ်မီတာကျော်လောက် ရှိမယ်။ ခန္ဓာကိုယ်က သန်မာတယ်၊ နွားခေါင်းနဲ့ နည်းနည်းတူပေမယ့် နွားခေါင်းထက် ပိုသွယ်တယ်။ ကိုယ်ပေါ်မှာ ပိတ်ကြမ်းအဝတ်နဲ့ အပြင်မှာ သိုးမွေးအင်္ကျီတစ်ထည် ဝတ်ထားသေး။

ဆံပင်ရှည်၊ ဆံပင်ပေါ်က နှင်းတွေ အရည်ပျော်သွားမှ ယွီဟွေးဖေးက ဒီကောင်က ဆံပင်အနက်ရောင်နဲ့မှန်း သိသွားတယ်။ ယွီဟွေးဖေး မအောင့်နိုင်ဘဲ ချီးကျူးလိုက်လေရဲ့။

"အဘိုးကြီးက တော်တော် ထိန်းသိမ်းနိုင်တာပဲ"

အဘိုးကြီးက ကြားတော့ လှည့်ပြီးမေးရော။ "ဘယ်သူက အဘိုးကြီးလဲ"

ယွီဟွေးဖေး သေချာကြည့်လိုက်တော့။ အိုး... မျက်ခုံးဖြူနဲ့ မုတ်ဆိတ်ဖြူက နှင်းခဲတွေကြောင့်ကိုး။ အခု နှင်းခဲတွေ အရည်ပျော်သွားတော့ အနက်ရောင်ဖြစ်သွားပြီ။

ရှေ့က ဒီယောက်ျားက လေးထောင့်မျက်နှာ၊ မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနဲ့၊ ကြည့်လိုက်တာနဲ့ ရိုးသားဖြောင့်မတ်ပြီး ခေတ်မမီတဲ့ ယောက်ျားတစ်ယောက်မှန်း သိသာတယ်။

ယွီဟွေးဖေး နားမလည်တော့ဘူး၊ ဒါ ဘယ်လို နတ်ဘုရားလဲ၊ ဒီလောက် ဆင်းရဲတဲ့ပုံစံနဲ့။ ပြီးတော့ အပြင်မှာ အေးခဲပြီး သေတော့မလို ဖြစ်နေသေးတယ်။

ဒီအချိန်မှာ ချွေ့ကျွယ်က အံ့ဩစွာနဲ့ "နွားကျောင်းသား နျူလန်လား"

ယွီဟွေးဖေး ကြားလိုက်တော့ လန့်သွားပြီး အော်ဟစ်လိုက်ရော။ "နွားကျောင်းသား... ခင်ဗျားက နွားကျောင်းသားလား"

နွားကျောင်းသားက ခေါင်းကုတ်ပြီး "အာ... သူတို့အားလုံးက ငါ့ကို ဒီလိုပဲခေါ်ကြတယ်။ ဘာလဲ၊ ပြဿနာရှိလို့လား"

"မဟုတ်ဘူး… ဒဏ္ဍာရီထဲမှာ ခင်ဗျားက သာမန်လူ နွားကျောင်းသားလေး။ ပြီးတော့ နတ်သမီးခုနစ်ဖော်ကို ဇနီးအဖြစ် ရခဲ့တယ် မဟုတ်လား"

နွားကျောင်းသားက ဒီစကားကြားတော့ မျက်နှာတစ်ခုလုံး ခါးသက်သွားပြီး ညည်းညူလိုက်တယ်။ 

"ဟုတ်တယ်။ အမှန်ပဲ… ငါက သောက်ကျိုးနည်း ကံဆိုးမိုးမှောင်ကျခဲ့တာ၊ အား…"

သူအရင်က နွားခေါင်း၊ မြင်းခေါင်း၊ သရဲဖြူ၊ သရဲနက်တို့ဆီက ဒီအကြောင်းကြားဖူးတယ်လေ။ နတ်သမီးကို ဘယ်တော့မှ မယူနဲ့၊ မဟုတ်ရင် အကျိုးဆက်က ဆိုးရွားမယ်တဲ့။ သူတို့ အဲ့ဒီတုန်းက နွားကျောင်းသားအကြောင်း ပြောခဲ့ပေမယ့် ယွီဟွေးဖေးက အသေးစိတ်မေးတော့ သူတို့က ရှောင်လွှဲပြီး နောက်မှ ကိုယ့်ဘာသာကိုယ် သွားမေးလို့ပဲ ပြောခဲ့တယ်။

မထင်ထားဘူး... နွားကျောင်းသားအကြောင်းပြောရင်း နွားကျောင်းသား ရောက်လာပြီး ကိုယ့်အိမ်ရှေ့မှာ အေးခဲပြီးတောင် သေတော့မလို ဖြစ်နေတယ်လေ။

အတင်းအဖျင်းတွေ ရောက်လာတော့ ယွီဟွေးဖေး စိတ်လှုပ်ရှားလာပြီး ဟီးဟီးရယ်ကာ "အစ်ကိုကြီး နွား… ကျောင်းသား၊ ဒီလိုခေါ်လို့ရတယ်မလား"

နွားကျောင်းသားက "ငါလည်း အသက်ရှစ်ရာကျော်ပြီ၊ မင်းအစ်ကိုတော်လို့ရလောက်ပါတယ်။ မင်းမှာ ဘာမေးခွန်းရှိလဲ၊ မေးတော့…"

ယွီဟွေးဖေးက ချက်ချင်း ထိုင်ခုံလေးယူပြီး နွားကျောင်းသားရှေ့ကို ကပ်သွားတယ်။ မျက်လုံးထဲမှာ အတင်းအဖျင်းမီးတွေ တောက်လောင်နေပြီ။

"အဲ… ကြားရတာ ခင်ဗျားအိမ်ထောင်ရေးက သိပ်အဆင်မပြေဘူးဆို"

ဒီစကားကို နွားကျောင်းသား ကြားလိုက်တော့ မျက်နှာတစ်ခုလုံး ပိုပြီး ခါးသက်သွားတယ်။ ထိုင်ခုံတစ်လုံးဆွဲပြီး ထိုင်လိုက်ပြီး ဘာမှမပြောဘဲ မျက်လုံးက မျက်နှာကျက်ကို စိုက်ကြည့်နေလေရဲ့။ အဲ့ဒီအခိုက်အတန့်မှာ မျက်ရည်နှစ်စင်း စီးကျလာတာကို တွေ့လိုက်ရတယ်။

ယွီဟွေးဖေး စိတ်ထဲကနေ ‘သောက်ကျိုးနည်း... ဒါ ဘယ်လောက်တောင် ဆိုးရွားနေလို့ ဒီနွားခေါင်းလို သန်မာတဲ့ယောက်ျားကို ဒီလိုဖြစ်အောင် လုပ်နိုင်ရတာလဲ’

ချွေ့ကျွယ်က အရက်တစ်လုံး ပေးပြီး "သောက်လိုက်ပါလား"

နွားကျောင်းသား ခေါင်းညိတ်လိုက်ပေမယ့် ယွီဟွေးဖေးကတော့ ခေါင်းခါပြီး "ဒီမှာ မသောက်နဲ့၊ သူက အခုမှ အဆင်ပြေသွားတာ။ သွား... နောက်ခြံမှာ သွားသောက်မယ်၊ နောက်ခြံမှာ နေရာရှိပြီး ပိုနွေးတယ်"

ချွေ့ကျွယ် သိတယ်လေ။ ယွီဟွေးဖေးက လျိုရှင်းကို စိတ်ပူနေတာကဲ။ နောက်ပြီး တကယ်ကြီး သူ့ကို နှိုးလိုက်ရင် ရှင်းပြရခက်မှာစိုးလို့။

ဘာပဲဖြစ်ဖြစ် နွားကျောင်းသားက အခုမှရောက်လာတာ၊ မျက်စိသူငယ်နားသူငယ်နဲ့ ဘာမှမသိသေးဘူး။ စကားမှားပြောမိရင် ရှင်းပြရခက်တော့မှာ။  ဒါနဲ့ ချွေ့ကျွယ်က ခေါင်းညိတ်လိုက်တယ်…

ရှောင်ထျန်းချန်က အရက်သောက်ရမယ်ဆိုတော့ စိတ်လှုပ်ရှားလာရော။

တံခါးဝက ထင်းရှူးပင်ပေါ်က မျက်လုံးကြီးကလည်း ခုန်ထွက်လာပြီး "အရက်သောက်ရင် ငါ့ကိုလည်း ခေါ်"

ယွီဟွေးဖေးက မငြင်းဘဲ အားလုံးကို နောက်ခြံကို ခေါ်သွားတယ်။

နောက်ခြံရောက်တော့ နွားခေါင်း၊ မြင်းခေါင်း၊ အနက်အဖြူတို့က ခေါင်းပြူပြီး အခြေအနေကြည့်နေကြလေရဲ့။ နွားကျောင်းသားမှန်း သိသွားတော့ တစ်ယောက်ချင်းစီ မျက်လုံးတွေ လင်းလက်သွားကြရော။

ပြီးတော့ ဒီကောင်တွေက ပြေးထွက်လာပြီး ဟီးဟီးရယ်ကာ "အိုး ဒါ ရှောင်နျူလေး မဟုတ်လား။ ဘယ်လိုလဲ... အဆင်ပြေရဲ့လား"

နွားကျောင်းသားက သူတို့ကို တွေ့တော့ မျက်စောင်းထိုးပြီး "ဟမ့်"

ယွီဟွေးဖေး နားမလည်တော့ဘူး၊ နွားကျောင်းသားနဲ့ ဒီမြေအောက်လောက နတ်ဘုရားတွေ ဘယ်လိုလုပ်ပြီး ရင်းနှီးနေရတာတုန်း။

ဒီကောင်က သာမန်လူတစ်ယောက် မဟုတ်ဘူးလား။

ပြီးတော့ ဒီသာမန်လူက ဘယ်လိုလုပ်ပြီး ဒီဌာနကို ရောက်လာရတာလဲ။

သုံးထပ်ပေါ်ရောက်တော့ အားလုံး ထိုင်လိုက်ကြရင်း ယွီဟွေးဖေးက အရက်ပုလင်းဖွင့်ပြီး တစ်ယောက်တစ်ခွက်စီ လိုက်ငှဲ့ပေးတယ်။ 

"အားလုံး ချွေတာသောက်ကြ၊ ကျုပ်တို့အိမ်မှာ တကယ်ကြီး အရက်မကျန်တော့ဘူး"

နွားခေါင်းတို့က ကိုယ့်အိမ်အခြေအနေကို သိတော့ ခေါင်းညိတ်ပြီး သဘောတူကြတယ်။  ဒါပေမဲ့ နွားကျောင်းသားက ဂရုမစိုက်ဘူး၊ ကောက်ပြီး တစ်ခါတည်း မော့ချလိုက်တော့ မျက်နှာတစ်ခုလုံး မျောက်ဖင်လို နီရဲသွားရော။ ဒီကောင်က အရက်လေချဉ်ရှည်ကြီး တစ်ချက်ထုတ်ပြီးမှ သက်ပြင်းချကာ မြက်ခင်းပေါ်မှာ လှဲလျောင်းပြီး ကောင်းကင်ကိုကြည့်ကာ...

"အား… ဆိုးလိုက်တဲ့ဘဝကြီး"

ယွီဟွေးဖေးက စပ်စုစွာနဲ့ "ဘာတွေဖြစ်နေတာတုန်း။ ခင်ဗျားက… ဘယ်လိုအခြေအနေလဲ။  သာမန်လူမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ယဥ်ကျေးလိမ္မာဌာနကို ရောက်လာရတာလဲ"

နွားခေါင်းက "သူက ဘယ်လိုလုပ် သာမန်လူဖြစ်မှာလဲ၊ နတ်သမီးခုနစ်ဖော်ကို ဇနီးအဖြစ် ရထားတာ။ သူက ဧကရာဇ်သားမက်ဟ။ အဲ့ဒါကလည်း ရာထူးတစ်ခုလိုပဲ။ ပြည်နှင်ဒဏ်ပေးခံရတာ မဆန်းပါဘူး"

ယွီဟွေးဖေး စဉ်းစားကြည့်တော့ ဟုတ်သားပဲ။

နွားကျောင်းသားကတော့ စိတ်ထိခိုက်သွားပြီး "ခွေးမသား ဧကရာဇ်သားမက်။ မြင်းဟ...  မြင်းဟ"

ယွီဟွေးဖေးက စပ်စုစွာနဲ့ "ခင်ဗျား အိမ်ထောင်ရေး အဆင်မပြေဘူးလား။ ဘယ်နေရာမှာ အဆင်မပြေတာလဲ။ ကျုပ်တို့ဆီမှာ အားတိုးဆေးတစ်မျိုးရှိတယ်ဗျ။ ခင်ဗျားကို တစ်ခါတည်း အထွတ်အထိပ်ရောက်အောင် ကူညီနိုင်လောက်တယ်။ ယောက်ျားမာန်ကို ပြန်လည်ရရှိစေမှာ ရာနှုန်းပြည့်ပဲ"

နွားကျောင်းသားက ယွီဟွေးဖေးကို မျက်စောင်းထိုးပြီး "လျှောက်မပြောနဲ့…"

ဒါပေမဲ့ ဒီကောင်က ယုံကြည်ချက်သိပ်မရှိဘူး။

ယွီဟွေးဖေးက ရယ်ပြီး "လိုချင်လား"

နွားကျောင်းသားက လက်ခါပြပြီး "မလိုချင်ဘူး"

ယွီဟွေးဖေးက ပြုံးစိစိနဲ့ "ငါတို့ဆီမှာ ဝေကောဆိုတဲ့ ဆေးတစ်မျိုးလည်း ရှိသေးတယ်။ ကြီးမြတ်တဲ့ ဝေ၊ ညီအစ်ကိုရဲ့ ကော၊ ဆိုလိုတာက စားပြီးရင် ညီအစ်ကိုက တော်တော်ကြီးမြတ်သွားမှာ"

နွားကျောင်းသားလည်း ယွီဟွေးဖေးကို မဝံ့မရဲ မျက်စောင်းလေးထိုးပြီး "တကယ်… တကယ်လား"

"သေချာတာပေါ့ဗျာ။ စားပြီးရင် ခင်ဗျားက တော်တော်ကြီးမြတ်သွားမှာ။ အဲ့ဒီအခါ ခင်ဗျားမိန်းမကို သေချာပေါက် နိုင်မှာ"

နွားကျောင်းသား စိတ်လှုပ်ရှားသွားရော။ "ငါတစ်ယောက်တည်း ကြီးမြတ်မှာမလား"

ယွီဟွေးဖေး ကြည့်နေတယ်။ ဒီကောင်က ရှက်တတ်တဲ့အမျိုးအစားပဲ။ သူ့ကို တန်းတန်းမတ်မတ် လိင်အားတိုးဆေးလို့ ပြောရင် သူကရှက်ပြီး မလိုချင်လောက်ဘူး။ ဒါပေမဲ့ ကွေ့ဝိုက်ပြောတော့ သူက စိတ်ဝင်စားလာသကိုး။

"ဟုတ်တယ်... ခင်ဗျား ကြီးမြတ်မှာ"

နွားကျောင်းသားရဲ့ မျက်လုံးတွေ လင်းလက်သွားတယ်။ "ငါ့ကို နည်းနည်းပေး"

"ကိစ္စမရှိဘူး... ခင်ဗျား ပြစ်ဒဏ်ပြည့်လို့ ပြန်လွတ်တဲ့အခါ တစ်အိတ်လောက် ပေးမယ်၊ ဒေသထွက်လက်ဆောင်ပေါ့" ယွီဟွေးဖေးက ရင်ဘတ်ကို တဘုန်းဘုန်းပုတ်ပြီး အော်ဟစ်အာမခံလေရဲ့။

ဒီစကားကိုကြားတော့ အနက်အဖြူ၊ နွားခေါင်း၊ မြင်းခေါင်းနဲ့ ချွေ့ကျွယ်တို့က မျက်လုံးကို လှန်ကြတယ်။ သစ်သီးဝလံလက်ဆောင်၊ တောရိုင်းတိရစ္ဆာန်လက်ဆောင်၊ မိန်းမကိုတောင် လက်ဆောင်အဖြစ် သယ်သွားတာမျိုး တွေ့ဖူးတယ်။ ဒါပေမဲ့ လိင်အားတိုးဆေးကို ဒေသထွက်လက်ဆောင်အဖြစ် သယ်သွားတာကတော့… တကယ်ကြီး ပထမဆုံးအကြိမ်ပဲ။

ဒါပေမဲ့ လူအနည်းငယ်ကလည်း ကြည့်နေတယ်။ နွားကျောင်းသားက လိုအပ်ပေမယ့် မျက်နှာပူတတ်တယ်ဆိုတော့ ဒါကြောင့် ပါးစပ်ပိတ်ပြီး ဘာမှမပြောတော့ဘူး။

သူတို့မပြောပေမယ့် အဲ့ဒီခွေးသတောင်းစားရဲ့ မျက်လုံးတွေကတော့ လည်နေပြီး အနားကပ်လာကာ "ဒါက လိင်အားတိုး…"

"ဘာကွ..."

ယွီဟွေးဖေး စကားမပြောခင်မှာပဲ နွားကျောင်းသားက တစ်ချက်အော်ဟစ်လိုက်တယ်။ အသံက တောင်တန်းထဲက ကျားဟိန်းသံလိုပဲ။ နားတွေ တဝီဝီမြည်သွားပြီး အမြန် နားကိုပွတ်လိုက်ရော။ ရှောင်ထျန်းချန်ကတော့ လန့်သွားပြီး အမွေးတွေတောင် ထောင်ကုန်လေရဲ့။

All Chapters