← Chapters

သွေးမျက်ရည်ရာဇဝင်

Vol. 9 Ch. 133

သွေးမျက်ရည်ရာဇဝင်

Vol. 9 Ch. 133

ယွီဟွေးဖေးက သူ့ကို ခြေထောက်နဲ့တစ်ချက်ကန်ပြီး "ဘယ်နေရာ အေးအေးဆေးဆေးရှိလဲ၊ အဲ့ဒီမှာ သွားနေစမ်း"

နွားခေါင်းက ရှောင်ထျန်းချန်ရဲ့အမြီးကိုဆွဲပြီး သူကြိုက်ကြိုက် မကြိုက်ကြိုက် တရွတ်တိုက်ဆွဲခေါ်သွားကာ ခွေးပါးစပ်ကို လက်နဲ့ဖိပိတ်ထားလိုက်ရော။

အဲ့အချိန်ကျမှ ယွီဟွေးဖေးက နွားကျောင်းသားကို ပြန်မေးတယ်။ "ခုနက ဟိုသေနာခွေး ဘာပြောသွားတာလဲ။ သေချာမကြားလိုက်ဘူး"

နွားကျောင်းသားက မျက်နှာကြီးနီရဲပြီး "ငါလည်း... မ... အင်း... သေချာမကြားလိုက်ဘူး"

အားလုံးက မကြားလိုက်ဘူးလို့ပြောမှပဲ ဒီကိစ္စက ပြီးသွားတော့တယ်။

"ခင်ဗျားရဲ့မင်္ဂလာဆောင်ပြီး အိမ်ထောင်ရေးအခြေအနေလေး ပြောပြလို့ရမလား။ နတ်သမီးတွေက တကယ်ပဲ အဲ့လောက်ကြမ်းကြတာလားဗျ။ အထင်မလွဲပါနဲ့... အဓိကက ညီးလေးလေ အရင်တုန်းက နတ်သမီးတစ်ယောက်ကို မိန်းမတော်ဖို့ စဉ်းစားဖူးလို့ပါ။ ခင်ဗျားဆီကနေ နည်းနည်းအတွေ့အကြုံလေး သင်ခန်းစာလေးယူမလို့..."

နွားကျောင်းသားက ဒီစကားကြားတော့ မျက်လုံးတွေ ချက်ချင်းပြူးကျယ်သွားပြီး အရမ်းကိုသစ္စာရှိတဲ့ပုံစံနဲ့ ယွီဟွေးဖေးရဲ့ပေါင်ကို လက်ဝါးနဲ့တစ်ချက်ရိုက်တော့တာပဲ။

"လုံးဝ လုံးဝ ဘယ်တော့မှမလုပ်နဲ့နော်"

ယွီဟွေးဖေးက နာလွန်းလို့ သွားတွေစိပြီး မျက်နှာရှုံ့မဲ့သွားတယ်။ သူခန့်မှန်းရသလောက်တော့ ဒီတစ်ချက်ရိုက်လိုက်တာနဲ့ သူ့ပေါင်ပေါ်ကအရာက ရက်အနည်းငယ်ကြာတဲ့အထိ ပျောက်မှာမဟုတ်ဘူး။

"ညီအစ်ကိုရေ... စကားရှိရင် ကောင်းကောင်းပြောပါ၊ လက်မပါနဲ့ဗျ"

နွားကျောင်းသားက "တောင်းပန်ပါတယ် ညီလေးရာ... စိတ်လှုပ်ရှားသွားလို့ပါ။ အဲ့ဒါ မင်းက တကယ်ပဲ နတ်သမီးတွေကို စိတ်ဝင်စားတာလား"

ယွီဟွေးဖေးက မသိစိတ်နဲ့ခေါင်းညိတ်လိုက်တယ်။ ဟာသပဲ... ဘယ်သူက နတ်သမီးတွေကို စိတ်မဝင်စားဘဲနေမှာလဲ။

ဟိုဘက်က နွားခေါင်း၊ မြင်းခေါင်း၊ သရဲနက်ဖြူနဲ့ ရှောင်ထျန်းချန်ပါအပါအဝင် အားလုံးကတစ်ပြိုင်နက်တည်း ဆဲဆိုလိုက်ကြတယ်။

"နှာဘူးကောင်"

ယွီဟွေးဖေးက သူတို့ကိုဂရုမစိုက်ဘူး၊ သူက ဒီမှာသတင်းနှိုက်နေတာ၊ အလုပ်များနေတယ်လေ။

ရလဒ်ကတော့ သူခေါင်းတစ်ချက်ညိတ်လိုက်တာ...

ဖြောင်း....

နွားကျောင်းသားက ယွီဟွေးဖေးရဲ့ပေါင်ကို နောက်တစ်ချက်ထပ်ရိုက်လိုက်တာပဲ။

"လုံးဝမလုပ်နဲ့နော်"

ယွီဟွေးဖေးက အမြန်လှည့်ပြီး နွားကျောင်းသားကို ကျောပေးကာ သူ့ပေါင်ကို နွားကျောင်းသားရဲ့ လက်ဝါးကြီးနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ ထားလိုက်တော့တယ်။

အရိုက်ခံရပြီး ကျိုးသွားမှာစိုးလို့…

"အဲ… ဘာဖြစ်လို့လဲ"

နွားကျောင်းသားက သက်ပြင်းချပြီး "မင်း တကယ်ကြီး ရှာချင်တယ်ဆိုရင် မှတ်ထား၊ ကျောက်စိမ်းနတ်မင်းကြီးအိမ်က လူကိုတော့ လုံးဝမရှာနဲ့။ အစ်ကိုရဲ့ သွေးမျက်ရည်ရာဇဝင်က မင်းအတွက် ရှေ့ကြိုသင်ခန်းစာပဲ"

ယွီဟွေးဖေး နားမလည်တော့ဘူး၊ ဧကရာဇ်ရဲ့ သမီးတော်၊ လောကမှာအကြီးဆုံး ဧကရာဇ်အိမ်တော်လေ၊ အဲ့ဒီလို မင်းသမီးတစ်ယောက်ကိုယူရတာ မကောင်းတဲ့ကိစ္စလား။ သေချာပေါက် ဘိုးဘေးတွေကို မျက်နှာပြောင်မြောက် ဂုဏ်ဆောင်စေမှာ။ ဘိုးဘေးဆယ့်ရှစ်ဆက်လုံးကို မျက်နှာပြောင်မြောက်စေမယ့် အမျိုးအစားလေ။

သေသွားတဲ့ဘိုးဘေးတွေတောင် ငရဲကလူတွေကတူးထုတ်ပြီး ကောင်းကောင်းမွန်မွန်ကျွေးမွေးပြုစုထားမှာ။ ဒါက တကယ်ဘိုးဘေးတွေကို ဂုဏ်ပြောင်စေတာပဲ။

နွားကျောင်းသားက သက်ပြင်းချပြီး "ဘာလို့လဲဆိုတော့ ဧကရာဇ်အိမ်တော်က အရမ်းမှောင်မိုက်တယ်၊ အထူးသဖြင့် ယောက္ခမက အရမ်းကလိမ်ကကျစ်နိုင်တာ"

ယွီဟွေးဖေးက နွားကျောင်းသားကိုအရက်တစ်ခွက်ထပ်ငှဲ့ပေးပြီး "ဖြည်းဖြည်းဆိုစမ်းပါဦး"

နွားကျောင်းသားက နောက်တစ်ခွက်မော့ချလိုက်ပြီးမှ "ဟူး... မင်း ကျီးကန်းတံတားပွဲတော်အကြောင်း ကြားဖူးမှာပေါ့"

ယွီဟွေးဖေး ခေါင်းညိတ်ပြီး "ခင်ဗျားတို့ ဇာတ်လမ်းကြားဖူးတယ်၊ ပြောရရင် ခင်ဗျားယောက္ခမက တော်တော်ရက်စက်တာပဲ။ ခင်ဗျားတို့ကြားထဲမှာ နဂါးငွေ့တန်းတစ်ခု ဆွဲချပြီး  နေရာခွဲထားလိုက်တော့ အဝေးရောက်အချစ်ဖြစ်သွားတာပေါ့။ တစ်နှစ်မှ တစ်ခါတွေ့ရတယ်၊ တော်တော်ရက်စက်တာ။ သူခင်ဗျားကို မသနားတာထားလိုက်တော့ ဘယ်လိုလုပ်ကိုယ့်သမီးကိုတောင် ရက်စက်ရတာလဲ"

နွားကျောင်းသားက အေးစက်စက်တစ်ချက်ရယ်ပြီး "မင်း ဘာသိလို့လဲ"

ယွီဟွေးဖေး ကြောင်သွားပြီး "မှားနေလို့လား"

နွားကျောင်းသားက အရက်ပုလင်းကိုတန်းယူပြီး တစ်ကျိုက်မော့ချလိုက်ကာ "ငါအစကလည်း အစပိုင်းမှာ အဲ့ဒီအဘွားကြီးက သွေးဆုံးကိုင်နေလို့ ငါ့ကို တမင်ဒုက္ခပေးနေတယ်လို့ ထင်ခဲ့တာ။ သူ့သမီးနဲ့ မတွေ့ခိုင်းဘူး… ဒါပေမဲ့ ကျီးကန်းတွေကူညီလို့ နှစ်တိုင်းကျီးကန်းတံတားထိုးပြီး ငါနဲ့ ငါ့မိန်းမတွေ့ခွင့်ရတယ်။ အဲ့ဒီအချိန်က ငါကရိုးသားတယ်လေ။ အဲ့ဒီတစ်ခါတွေ့ဆုံမှုအတွက် အသေအလဲ အသည်းအသန်အလုပ်လုပ်၊ ပိုက်ဆံရှာ၊ အကောင်းဆုံးလက်ဆောင်တွေဝယ်ပြီး သူ့ကိုပေးခဲ့တာပေါ့"

ယွီဟွေးဖေးက ခေါင်းညိတ်ရင်း "ဒါပေါ့... ဘာပဲဖြစ်ဖြစ် တစ်နှစ်မှတစ်ခါတွေ့ရတာလေ။ ခက်ခက်ခဲခဲတွေ့ရမှတော့ အကောင်းဆုံးကို ပေးရမှာပေါ့"

နွားကျောင်းသားက "ငါလည်း အဲ့လိုပဲ တွေးခဲ့တာ၊ အဲ့လိုပဲလုပ်ခဲ့တာ။ နောက်ပိုင်းကျမှ ယုန်တစ်ကောင်က ငါ့ကို ပြောပြတယ်…"

"ဘာပြောတာလဲ"

"သူက ငါ့ကိုပြောတယ်၊ ကောင်းကင်ဘုံမှာ တစ်ရက်၊ မြေကြီးပေါ်မှာ တစ်နှစ်တဲ့"

ဖွီး...

ယွီဟွေးဖေး အရက်တစ်ငုံလုံး ပန်းထွက်ကုန်ပါလေရော။

တခြားသူတွေက တန်းရယ်ကြတာပေါ့...

ယွီဟွေးဖေးက ဉာဏ်ကောင်းတယ်၊ ချက်ချင်းအဓိကအချက်ကိုနားလည်သွားပြီး မအောင့်နိုင်ဘဲ ဆဲပါလေကော။

"သောက်ကျိုးနည်း... ယုတ်မာလိုက်တာ"

နွားကျောင်းသားက အားငယ်စွာနဲ့ "ဟုတ်တယ်... အရမ်းယုတ်မာတာ။ အပေါ်ယံကြည့်ရင် ငါက တစ်နှစ်မှတစ်ခါ သူ့ကိုသွားတွေ့တာ။ တကယ်တမ်းတော့ သူ့အမြင်မှာ ငါတို့က နေ့တိုင်းတွေ့နေတာပဲ။ သူက နေ့တိုင်း အဲ့ဒီမှာ စားလိုက်၊ သောက်လိုက်၊ ကလိုက်ခုန်လိုက်၊ အချိန်တန်ရင် ငါ့ကိုလာတွေ့လိုက်၊ နေ့တိုင်း မတူညီတဲ့လက်ဆောင်တွေရတယ်။ ငါကရော... ငါကရောလို့... ကတောက်... သောက်ကျိုးနည်းကွာ..."

ယွီဟွေးဖေးက သနားစွာနဲ့ သူ့ပခုံးကို ပုတ်ပြီး စိတ်ထဲကနေ ညည်းညူလိုက်တယ်။

‘သောက်ကျိုးနည်း... ငယ်ဘဝကိုဖျက်ဆီးလိုက်တာပဲ။ ငါငယ်ငယ်က ဒါကို ရိုမန်းတစ်အချစ်ဇာတ်လမ်းလို့ထင်ခဲ့တာ၊ ရလဒ်ကတော့ ကောက်ကျစ်တဲ့ယောက္ခမက သမက်ကို ကလိမ်ကကျစ်လုပ်တဲ့ဇာတ်လမ်း ဖြစ်နေတာကိုး...’

ဒါပေမဲ့ ယွီဟွေးဖေးက "ပြီးခဲ့တာတွေလည်း ပြီးပါပြီဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက သူ့သမီးကိုတော့ ရခဲ့တာပဲ မဟုတ်လား"

နွားကျောင်းသားက ဟီးဟီးရယ်ပြီး "ငါက ဘာရမှာလဲ။ ရခဲ့ရင် ငါ့မှာ ဘာမှညည်းစရာမရှိတော့ဘူးကွ"

ယွီဟွေးဖေး ကြောင်သွားပြီး "မဟုတ်ဘူးလေ... ဒဏ္ဍာရီထဲမှာ ခင်ဗျားတို့မှာ ကလေးတောင် ရှိပြီဆို။"

နွားကျောင်းသားက "နွားပေါက်လေးက ကလေးလို့သတ်မှတ်လို့ရလား။ ငါတို့ဆီမှာ ရိုးရာအစဉ်အလာက အရမ်းတင်းကျပ်တယ်။ မိဘနှစ်ပါး သဘောမတူဘဲ ဘယ်လိုလုပ်ပြီး အတူတူနေလို့ရမှာတုန်း"

ယွီဟွေးဖေးလည်း ပါးစပ်အဟောင်းသား ဖြစ်သွားပေမဲ့ "နောက်ပိုင်းမှာ သဘောတူခဲ့တယ်မလား။ ခွဲနေရပေမယ့် တစ်နှစ်တစ်ခါ တွေ့ရတာပဲ၊ ခင်ဗျားက တစ်နှစ်လုံးကျည်ဆံတွေ စုထားတာလေ။ ခင်ဗျားလို ခန္ဓာကိုယ်နဲ့ဆိုရင် မော်တာသေနတ်ကြီး ဖြစ်သွားမှာပေါ့"

နွားကျောင်းသားက မော်တာသေနတ်ကြီးဆိုတာ ဘာလဲ နားမလည်ပေမယ့် အဓိပ္ပာယ်ကို ခန့်မှန်းမိပြီး မျက်နှာနီရဲစွာနဲ့ ယွီဟွေးဖေးကို ပြန်မေးလိုက်တယ်။ 

"မင်း ကျီးကန်းတံတားပွဲတော်ဆိုတာ ဘာလဲသိလား"

"သိတာပေါ့၊ နှစ်တိုင်း ခုနစ်လပိုင်းခုနစ်ရက်နေ့ ချစ်သူများနေ့မှာ ကျီးကန်းအုပ်ကြီးစုဝေးပြီး ကျီးကန်းတံတားထိုး၊ ခင်ဗျားနဲ့ ရက်ကန်းသမားမလေး နဂါးငွေ့တန်းကိုဖြတ်ပြီး နဂါးငွေ့တန်းပေါ်မှာ တွေ့ဆုံနိုင်အောင်လုပ်ပေးတာ၊ ဒါကလောကမှာ အကြီးကျယ်ဆုံးပွဲတော်ကြီးပဲ၊ ဟုတ်တယ်မလား"

နွားကျောင်းသားက "ဟုတ်တယ်၊ ဒါဆို မင်းငါ့ကိုပြော... သန်းပေါင်းများစွာ၊ ကုဋေပေါင်းများစွာသောကျီးကန်းတွေရှေ့မှာ လက်ပါရဲလား"

ယွီဟွေးဖေးက ကြောင်သွားတယ်...  ပြီးတော့ သေချာစဉ်းစားကြည့်မှ ခြေထောက်အောက်မှာ သန်းပေါင်းများစွာ၊ ကုဋေပေါင်းများစွာသော မျက်လုံးတွေက သူ့ကို ကြည့်နေတယ်ဆိုတော့ ကြက်သီးမွေးညင်းတွေတောင် ထသွားရော။

နွားကျောင်းသားက ဆက်ပြောတယ်။

"ပြီးတော့ ငါ့ယောက္ခမက လူငှားပြီး ငါတို့ဇာတ်လမ်းကို ရိုမန်းတစ်အချစ်ဇာတ်လမ်းအဖြစ်ရေးခိုင်းပြီး နေရာအနှံ့ဖြန့်ဝေတယ်။ လောကမှာလူတိုင်းက ငါတို့အဲ့ဒီနေ့မှာ တွေ့ဆုံမယ်ဆိုတာ သိတယ်လေ...။ အဲ့ဒီမှာကြည့်တဲ့လူတွေက လူပင်လယ်ကြီးကျနေတာပဲ။ ငါတို့ဘာလုပ်နိုင်မှာလဲ။ မင်းဘာလုပ်နိုင်မှာလဲ။ အဲ့ဒီမြင်ကွင်းကို မင်းခံစားကြည့်စမ်း... မင်းဘာလုပ်နိုင်မှာလဲလို့"

နွားကျောင်းသားက တစ်ခွန်းပြီးတစ်ခွန်း မေးခွန်းထုတ်နေတာ သွေးနဲ့ရေးတဲ့ ငိုရှိုက်သံလိုပဲဗျာ။

ယွီဟွေးဖေးက လုံးဝဘာမှဆက်မပြောနိုင်တော့ဘူး၊ မရေမတွက်နိုင်တဲ့ ကျီးကန်းတွေကြည့်နေတယ်၊ မရေမတွက်နိုင်တဲ့ လူတွေကြည့်နေတယ်၊ သောက်ကျိုးနည်း...

ဘာလုပ်ရမှာလဲ မပြောနဲ့၊ ကာမဘီလူးတောင်ညှိုးသွားလောက်တယ်။

ယွီဟွေးဖေးက ချောင်းဟန့်ပြီး "ဒါ... တကယ်ရက်စက်တာပဲ"

သူကတော့ လုံးဝအရှုံးပေးလိုက်ပြီ၊ ဧကရီဝမ်မူရဲ့ ဒီတွက်ချက်မှုက တကယ်မိုက်တာပဲ။

နတ်ဘုရားတွေက လူကို စစ်တုရင်ကစားသလို ကစားတယ်လို့ ပြောကြတာ မဆန်းတော့ဘူး။ အရင်က သူ မယုံခဲ့ဘူးလေ။ အခုကြည့်ရတော့ တကယ်ပဲကိုး။ ဒီ စစ်တုရင်ကစားသမားတွေက တကယ်တော်သဟ။ တစ်ဆင့်ပြီးတစ်ဆင့် တွက်ချက်တယ်။ ကိုယ့်သမီးကို မယူခိုင်းဘူးလို့ မပြောဘူး၊ ကိုယ့်သမီးကို မထိခိုင်းဘူးလို့ မပြောဘူး။ အခွင့်အရေးပေးတယ်၊ ပြီးတော့… အိမ်း....

"အဆင်မပြေမှတော့ ကွာရှင်းလိုက်ပါလား"

နွားကျောင်းသားက သက်ပြင်းချပြီး "သံယောဇဉ်မပြတ်ဘူးလေ... တကယ်တော့ ငါ့မိန်းမရက်ကန်းသမားက တော်တော်ကောင်းပါတယ်..."

ယွီဟွေးဖေး ဘာပြောနိုင်မှာလဲ။ ကောင်မလေး ဘယ်လောက်ကောင်းကောင်း မစားရရင်လည်းအလကားပဲ။

နွားကျောင်းသားကလည်း မူးနေပြီထင်ပ့ါ။ ယွီဟွေးဖေးမမေးဘဲ တန်းပြောပြတယ်။ 

"ဒီတစ်ခါ ငါတို့ဆီမှာ နှင်းတွေနဲ့ တောင်ပိတ်နေတာ၊ အေးလွန်းလို့ နည်းနည်း သောက်လိုက်မိတာ၊ ဘယ်လိုဖြစ်ပြီး ဒီကို ပို့လိုက်မှန်းမသိဘူး။ အဲ့ဒီအဘွားကြီး ဘာအရူးထနေမှန်းမသိပါဘူးကွာ"

ယွီဟွေးဖေးကတော့  အဲ့လိုမထင်ဘူး။ သူမသိစိတ်နဲ့ သရဲဖြူကို မသိမသာ ခိုးကြည့်လိုက်တယ်။ ဒီနှစ်ကောင်ရဲ့ အကျင့်ကတူတူလောက်ပဲနေမယ်။

ဒါပေမဲ့ နွားကျောင်းသားက မိဖုရားခေါင်ကြီးကို ထရိုက်တယ်ဆိုတာကိုတော့ ယွီဟွေးဖေးကမယုံဘူး။ ဘာပဲဖြစ်ဖြစ် နွားကျောင်းသားက သာမန်လူတစ်ယောက်ပဲ၊ ဘယ်လောက်အရက်သောက်သောက် မိဖုရားခေါင်ကြီးကို ထရိုက်မှာမဟုတ်ဘူးလေ။ အဓိကကမနိုင်ဘူး။

ဒါပေမဲ့ ယွီဟွေးဖေးက အလျင်မလိုဘူး၊ အဖြေကို သိချင်ရင် လွယ်လွယ်လေးပဲ။

"လာ... ညီအစ်ကို။ ဘာမှမပြောနဲ့တော့ သောက်ကြစို့"

အားလုံးကခွက်တွေကိုကိုင်ကြချိန် နွားကျောင်းသားကလည်း အရက်ပုလင်းကိုကိုင်ပြီး ခန့်ညားစွာနဲ့ "ချကွာ...  အကုန်မော့ချ" ပြောပြီးတော့ ခေါင်းမော့ပြီး ကျန်တဲ့အရက်ကိုအကုန်သောက်လိုက်တယ်။

သောက်ပြီးတော့ နွားကျောင်းသားရဲ့ မျက်နှာက ပိုပြီး နီရဲလာတဲ့အပြင် မျက်လုံးတွေတောင် သွေးကြောတွေ ထောင်လာလာရော။

ယွီဟွေးဖေး ကြည့်နေရင်း ခံစားချက်မကောင်းတော့လို့ အမြန်အဝေးကို ရှောင်လိုက်ပါလေရော။

တကယ်ပဲ... နောက်တစ်ခဏမှာ နွားကျောင်းသားကခုန်ထပြီး ကောင်းကင်ကိုလက်ညှိုးထိုးပြီး ကုန်းအော်တော့တာပဲ။

"ငါဟဲ့ နွားကျောင်းသား။ သေနာမကြီး... နင်ငါ့ကိုမှတ်မိသေးလား။ သောက်အဖွားကြီး... ဘယ်သူမှ နင့်ကိုမလိုချင်တော့ ငါ့ကိုလာဒုက္ခပေးတာလား။ ကျောက်စိမ်းနတ်မင်းကြီးက ဘယ်လောက်ကြာကြာ နင့်ကိုမထိတွေ့လို့ နင့်ဒီလိုပုံစံဖြစ်သွားတာလား။ သွေးဆုံးကိုင်နေတဲ့ မိန်းမကြီး၊ ရှေ့မထွက် နောက်မကောက်၊ ရင်သားတွေတွဲကျ၊ ဖင်မရှိ၊ ခါးတုတ်၊ မျက်နှာကလည်း ဆွဲထားတဲ့အရေပြားလို..."

ယွီဟွေးဖေးက အစပိုင်းမှာ ကြောင်သွားရော။ သူတစ်ယောက်တည်း မဟုတ်ဘူး၊ နွားခေါင်း၊ မြင်းခေါင်း၊ အနက်အဖြူတို့တောင် နွားကျောင်းသား အရက်မူးတဲ့ပုံကို မမြင်ဖူးလောက်ဘူး။ တစ်ယောက်ချင်းစီ ဒီစကားတွေကြားတော့ ကြောင်သွားကြတယ်။

ဒါပေမဲ့ နောက်တစ်ခဏမှာ လူတစ်အုပ်ကပြေးတက်သွားပြီး နွားကျောင်းသားကိုမြေကြီးပေါ်ဖိချလိုက်တယ်၊ ပါးစပ်ပိတ်တဲ့သူကပိတ်၊ ကြိုးချည်တဲ့သူကချည်။ တစ်ချိန်တည်းမှာပဲနွားခေါင်းကအော်တယ်။

"ညီလေးယွီ မြန်မြန်လာကူဟ။ ဟိုမိန်းမကြီး... အဲ... ဧကရီကအရမ်းအငြိုးကြီးတယ်။ သူထပ်ဆဲနေရင် ငါတို့အားလုံးသေကုန်မှာ"

ယွီဟွေးဖေး ကြားလိုက်တော့ စိတ်ထဲမှာ တစ်ချက်တုန်သွားပြီး အမြန် ပြေးသွားပြီး နွားကျောင်းသားရဲ့ ပါးစပ်ကို ပိတ်ကူလိုက်တာပေါ့။ နွားကျောင်းသားက အရက်မူးတာမြန်သလို၊ ပြန်ကျတာလည်း မြန်တယ်။ ခဏရုန်းပြီးတော့ အိပ်ပျော်သွားတယ်။

အားလုံးက သက်ပြင်းချလိုက်ကြပေမဲ့ ထိုင်လိုက်တာနဲ့ နွားကျောင်းသားက ရုတ်တရက် မျက်လုံးဖွင့်ပြီး အားနဲ့တစ်ချက်ရုန်းလိုက်တော့ ကြိုးတွေ ပြတ်သွားရော။

"သေနာမကြီး"

ယွီဟွေးဖေးက ဒီတစ်ခါတော့ ရှေ့ဆုံးကနေ ပြေးဝင်သွားတာပဲ။ တခြားလူတွေကလည်း လိုက်လာပြီး ဒီကောင်ကို ပါးစပ်ပိတ်၊ ကြိုးတုပ်ကြပြန်တယ်။

ဒီတစ်ခါတော့ အားလုံးက သင်ခန်းစာရသွားပြီ၊ နွားကျောင်းသားက အားကြီးမှန်းသိတော့ ဝိညာဉ်ချုပ်ကြိုးနဲ့ တုပ်ထားလိုက်တာပေါ့။

အတောအတွင်းမှာ သရဲနက်က ပုခုံးရိုးကို ဖောက်ထည့်ဖို့ အော်ဟစ်အကြံပေးနေလေရဲ့။ ဖောက်ထည့်လိုက်ရင် တစ်ဖက်က မဆူပူနိုင်တော့ဘူးတဲ့။

ယွီဟွေးဖေးကတော့ ငြင်းလိုက်တယ်၊ နွားကျောင်းသားကလည်း သနားစရာကောင်းတဲ့သူပဲလေ။ ဒီလောက်ပြင်းထန်တဲ့ နည်းလမ်းမသုံးသင့်ဘူး။

တော်တော်ကြာမှ နွားကျောင်းသား ထပ်အိပ်ပျော်သွားတယ်။ ဒါပေမယ့်အားလုံးက မနားရဲကြတော့ဘူး၊ တစ်ယောက်ချင်းစီ နွားကျောင်းသားကို ဝိုင်းထိုင်ပြီး သူရုတ်တရက် ထပြီး ဆဲဆိုမှာကို စောင့်ကြည့်နေကြရတာပေါ့။

ယွီဟွေးဖေးက နွားကျောင်းသားခဏလောက် မလှုပ်တာမြင်တော့မှ "ကိုနွားကြီး... ခင်ဗျားတို့က သူနဲ့ရင်းနှီးပုံရသလိုပဲ။ ဒါပေမဲ့ ခင်ဗျားတို့က ငရဲပြည်မှာ အတွင်းရေးမှူးတွေ မဟုတ်လား။ ဘယ်လိုလုပ်ပြီး သူနဲ့ ဒီလောက်ရင်းနှီးနေရတာလဲ"

နွားခေါင်းက "ဟူး... ဘယ်လိုဖြစ်ရမှာလဲ။ အရင်တုန်းကပေါ့ကွာ... သူနဲ့ နတ်သမီးခုနစ်ဖော် ချစ်သူဖြစ်တုန်းက သက်တမ်းကုန်သွားတယ်လေ။ ဒါပေမဲ့ နတ်သမီးခုနစ်ဖော်က တန်ခိုးနဲ့ အသက်အတင်းဆက်ပေးတယ်။ ဒါကို ငါတို့ကသည်းမခံနိုင်ဘူးလေ... ပြီးတော့ ဖြူနက်တို့ကသွားရှင်းကြပေမယ့် ရလဒ်ကတော့ ထဖိုက်ကုန်ကြတာပေါ့။ ဒီလိုကိစ္စက အကြိမ်ကြိမ်ဖြစ်ခဲ့တာ။ နောက်ပိုင်းမှာ ကျောက်စိမ်းနတ်မင်းကြီးဘက်က အမိန့်ချမှ ငါတို့မျက်စိတစ်ဖက်မှိတ်၊ နားတစ်ဖက်ပိတ် လုပ်ခဲ့ရတာ"

ချွေ့ကျွယ်ကလည်း "အဲ့ဒီအချိန်မှာ ကျောက်စိမ်းနတ်မင်းကြီးက သူ့ကို အသက်ရှစ်ရာ နှစ်ဆက်ပေးဖို့ အမိန့်ချတယ်၊ အခုတွက်ကြည့်ရင်လည်း နီးနေပြီ"

"ဒါဆို သူသေတော့မှာလား"

"ဧကရီမကြီးက ကလိမ်ကကျစ်လုပ် တွက်ချက်ရတာကြိုက်ပေမယ့် ကျောက်စိမ်းနတ်မင်းကြီးကျတော့ စိတ်ထားကြီးမြတ်တယ်။ သူ့အပေါ်မှာ တကယ်တော့ တော်တော်လေး ဂရုစိုက်ပါတယ်...။ ငါခန့်မှန်းရသလောက်တော့ အဲ့ဒီအချိန်မှာ သူ့ကိုအသက်ထပ်ဆက်ပေးဦးမှာ။ ဒါမှမဟုတ် နတ်ဘုရားအဖြစ်ခန့်အပ်ပြီး ထာဝရအသက်ရှင်ခွင့်ပေးနိုင်တယ်"

ယွီဟွေးဖေးကစဉ်းစားကြည့်တော့လည်းဟုတ်တာပဲ၊ သူ့နောက်မှာနတ်သမီးခုနစ်ဖော်ကျောထောက်နောက်ခံရှိတာ၊ သေမသေကသူတို့ပြောသလိုပဲ။

သူသေချင်ရင်တောင် အဲ့လောက်မလွယ်ဘူး...

ဒီလိုတွေးမိတော့ ယွီဟွေးဖေးက နည်းနည်းအားကျပြီး မနာလိုဖြစ်သွားတယ်။

ဒါပေမဲ့ ဟိုကျီးကန်းတံတားပွဲတော်ကိုတွေးမိတော့ ချက်ချင်းညှိုးသွားရော။ သူတောင် နတ်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးက တစ်ယောက်က ရဲကောင်း၊ တစ်ယောက်က ရဲဆိုး ကပြနေတာလားလို့ သံသယဝင်နေပြီ။

သောက်ကျိုးနည်း၊ ဒီလိုရှင်သန်နေရတာက သေတာထက်တောင် ဆိုးသေးတယ်။

သူတို့သမီးကိုမပိုးပန်းဖို့တခြားသူတွေကိုလက်တွေ့လုပ်ရပ်နဲ့ပြောပြနေတာလား။

ဒါက သက်ရှိကြော်ငြာလား။ တွေးကြည့်ရင်း ယွီဟွေးဖေး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေ ထသွားတယ်။

"နတ်သမီးဆိုတာ အဝေးကပဲ ကြည့်၊ မထိတွေ့ရဘူး" လို့ မအောင့်နိုင်ဘဲ ညည်းညူမိတဲ့အထိပဲ။

ဒီတစ်ညလုံး အားလုံးက သိပ်မအိပ်ကြရဘူး၊ မတတ်နိုင်ဘူးလေ။ နွားကျောင်းသားက သရဲထသလိုပဲ။ ခဏခဏ ထထပြီး အော်ဟစ်နေတော့ ဘယ်သူခံနိုင်မှာလဲ။

အားလုံးကသူသန်းခေါင်ယံထပြီးမိဖုရားခေါင်ကြီးကိုဆက်ဆဲမှာစိုးတယ်၊ အဲ့ဒီအချိန်ကျရင် အကုန်ဒုက္ခရောက်ကုန်မှာ။

တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက ဒီကောင်ဘာလို့ ဒီကိုပို့ခံလိုက်ရလဲဆိုတာ နားလည်သွားပြီ၊ သူ့လိုဆဲနည်းနဲ့ဆိုရင် ကောင်းကင်ဘုံအကျဉ်းထောင်နဲ့ ငရဲဆယ့်ရှစ်ထပ်ထဲ မပစ်ထည့်ခံရတာတောင် ကံကောင်းနေပြီ။

All Chapters