အရာရာကာကွယ်ပေးမယ့် အကိုကြီး
Vol. 9 Ch. 134
နောက်တစ်နေ့မနက်...
နွားကျောင်းသားနိုးလာချိန် သူ့ခေါင်းကိုပွတ်သပ်ပြီး အားလုံးကို ရိုးသားစွာပြုံးပြလေရဲ့။ ပါးစပ်ဖွင့်လိုက်တာနဲ့ သူဘေးက သရဲနက်ဖြူဟာ ဝိညာဉ်ချုပ်သံကြိုး ကိုင်ထားတာရော။ နွားခေါင်း၊ မြင်းခေါင်းက ချက်ချင်း တန်းခြေအိတ်ချွတ်လိုက်သလို ယွီဟွေးဖေးလည်း လက်မောင်းပင့်ထားတဲ့အပြင် ချွေ့ကျွယ်ကျတော့ ကလောင်တံကို ကိုင်ပြီးရယ်ဒီပေါ့။
တစ်ယောက်ချင်းစီက သူ့ကိုသတိထားပြီး ကြည့်နေကြရော။
သူကခေါင်းကုတ်ရင်း "အားလုံး... အိပ်လို့ကောင်းရဲ့လား"
အားလုံးကကြားတော့ ဒီကောင်ကအရက်ပြေသွားပြီဆိုတာ သိလိုက်ပြီ၊ မဟုတ်ရင်မူးနေတဲ့ပထမဆုံးစကားက ဒီလောက်နူးညံ့မှာမဟုတ်ဘူး။
အားလုံးက သက်ပြင်းချရင်း စိတ်အေးသွားပေမဲ့ နောက်တစ်ခဏမှာ ဒေါသထွက်လာပြီး တစ်ယောက်ချင်းစီက အော်ဆဲကြတော့တာပဲ။ ချက်ချင်းဘဲ နွားကျောင်းသားကို အားလုံးက မြေကြီးပေါ်လှဲချလိုက်ပြီးတော့ လူမိုက်ဆန်ဆန် ဝိုင်းရိုက်ကြတော့တယ်။
ဒီကောင်ကအရိုက်ခံပြီးတဲ့အထိ ကြောင်တောင်တောင်ဖြစ်နေတုန်းပဲ။ အားလုံးက ဘာလို့သူ့ကို ဝိုင်းရိုက်လဲဆိုတာ မသိသေးဘူး။
ယွီဟွေးဖေးက မျက်လုံးစွေစွေနဲ့ ဒီကောင်ကိုကြည့်ပြီး နွားခေါင်း၊ မြင်းခေါင်းတို့ကိုထပ်ကြည့်တယ်။ နွားခေါင်း၊ မြင်းခေါင်း၊ သရဲနက်ဖြူတို့မူးရင် အများဆုံးက ကိုယ့်လူကိုယ်ရိုက်တာ၊ ပေါ်ယံဒဏ်ရာရရုံပဲ။
ဒါပေမဲ့ နွားကျောင်းသား ဒီကောင်က လူရိုက်ရုံတင်မကဘူး၊ ကိုယ့်လူကိုယ်ပါ ဒုက္ခပေးတာ၊ တစ်ခါတည်း အကုန်လုံးကို ကိစ္စချောပစ်နိုင်တယ်လေ။ ဒီလိုလူက အရမ်းအန္တရာယ်သိပ်များတာ။ သူတခါတည်း စဉ်းစားပြီးပြီ... နောက်ဆို နွားကျောင်းသားကို လုံးဝအရက်မသောက်ခိုင်းတော့ဘူး...။
ပြီးတော့ ဒီကောင်က အရက်သောက်ပြီး ဆဲတဲ့စကားကလည်း အရမ်းဆိုးတယ်၊ ဘာမိန်းမကြီး၊ ဘာသွေးဆုံးကိုင်၊ ဘာရင်သားတွဲကျ၊ ရှေ့မထွက် နောက်မကောက်၊ ခါးတုတ်။ သောက်ကျိုးနည်း... ဒါယွီဟွေးဖေးက ဧကရီမကြီးဆိုရင်တောင် ဒေါသပေါက်ကွဲမှာပဲ။
မြှားပေါင်းသောင်းချီနဲ့ ပစ်တာအသာထား၊ ဘာလို့လဲဆိုတော့ ဒါက အပိုလက်ဆောင်အဖြစ်ပေးရုံလေး။
မိုးကြိုးကိုးချက်မပစ်ခင်မှာ ငရဲဆယ့်ရှစ်ထပ်မှာ နှစ်တစ်ရာလောက်ကတော့ အသာလေးပဲ။ ပျော်ပျော်ကြီး လည်ပတ်ခိုင်းဦးမှာ။
ဒါပေမဲ့ ယွီဟွေးဖေးကတော့ အနားကပ်သွားပြီး နွားကျောင်းသား မနေ့ညက အဖြစ်အပျက်ကို ပြောပြလိုက်တယ်။
နွားကျောင်းသား ကြားတော့ မယုံနိုင်စွာနဲ့ "ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါ အသက်ကြီးလာတဲ့အထိ ဒီလောက်ရိုင်းစိုင်းဖူးတာမရှိဘူး"
ယွီဟွေးဖေးက သူ့ပခုံးကိုပုတ်ပြီး "ယုံမယုံက ခင်ဗျားသဘော၊ ဒါပေမဲ့ ခင်ဗျားထပ်အရက်သောက်ရင် ကျုပ်တို့ တကယ်ကြီး ခင်ဗျားကိုချည်ပြီး လူမရှိတဲ့နေရာမှာ မြှုပ်ပစ်ရလိမ့်မယ်"
နွားကျောင်းသား ကြောက်လန့်ပြီး အမြန် ပါးစပ်ပိတ်ကာ "စိတ်ချ၊ ငါနောက်တစ်ခါ အရက်မူးအောင် မသောက်တော့ဘူး။"
ယွီဟွေးဖေး စိတ်အေးသွားပြီး နွားကျောင်းသားကို ကိုယ့်ဘက်က အခြေအနေကို ပြောပြလိုက်တယ်။ နွားကျောင်းသားက ဒါကြားပြီးတော့ အော်ဟစ်လိုက်ပါလေရော။
"ဒီနေရာက လူ့လောကလား"
"ဟုတ်တယ်လေ... ပြဿနာရှိလို့လား"
နွားကျောင်းသားက ငိုချင်ရက်လက်တို့ "ငါက နောက်ဆုံးတော့ သူ့နဲ့ တစ်နှစ်လောက် ခြားနေနိုင်ပြီ၊ သူ့ကို တစ်နှစ်မှ တစ်ခါတွေ့ရတဲ့ ဒုက္ခကို ခံစားစေချင်ခဲ့တာ။ တကယ်တမ်းတော့…"
ယွီဟွေးဖေးက သနားစွာနဲ့ သူ့ပခုံးကို ပုတ်ပြီး "တော်ပြီ... မပြောနဲ့တော့။ ရောက်လာမှတော့ ကောင်းကောင်းကြီး ပျော်ပျော်နေလိုက်တော့"
နွားကျောင်းသား ဘာပြောနိုင်မှာလဲ။ ခေါင်းငိုက်စိုက်ချပြီး ယွီဟွေးဖေးနောက် အောက်ထပ်လိုက်ဆင်းလာခဲ့ရတော့တာပေါ့။
ဆင်းသွားတုန်းမှာ ယွီဟွေးဖေးက "ရှေ့ခြံမှာ ကောင်မလေးတစ်ယောက်ရှိတယ်…"
နွားကျောင်းသား ကြားလိုက်တော့ တစ်ချက်တုန်သွားပြီး "ဘယ်တော့မှ ချစ်သူမထားနဲ့၊ မိန်းမတွေအားလုံးက ထောင်ချောက်ပဲ"
ယွီဟွေးဖေးက သူ့ကို မျက်စောင်းထိုးရင်း "ဒီကောင်မလေးက မိန်းမကောင်းလေး တစ်ယောက်ပါဗျာ"
"မိန်းမဆိုရင် ထောင်ချောက်ပဲ။ ယက်ကန်းမယ်လည်း ကောင်မလေးကောင်းတစ်ယောက်ပဲ၊ ငါ့ကို ဒုက္ခမပေးခဲ့ဘူးလား။ မိဖုရားခေါင်ကြီးဖြစ်တဲ့ ဧကရီကြီးက နတ်သမီးတွေရဲ့စံပြဟ။ စံပြကြီးက အဲ့လိုဖြစ်နေမှတော့ တခြားမိန်းမတွေက အတုမခိုးရင်တောင် အနည်းဆုံး ၇၀ ၈၀ရာခိုင်နှုန်းလောက်လောက်တူမှာပဲ။ ညီလေး... အစ်ကိုကြီးက ဒီအပိုင်းမှာ အတွေ့အကြုံရှိတယ်ကွ။ ငါ့စကားနားထောင်... မိန်းမတွေနဲ့ဝေးဝေးနေမှ တကယ်လွတ်လပ်တယ်၊ တကယ်ပျော်ရွှင်တယ်" နွားကျောင်းသားက အင်မတန် လေးနက်တည်ကြည်တဲ့လေသံနဲ့ ယွီဟွေးဖေးကို ပြောပြတယ်။
ယွီဟွေးဖေးက သူ့ကိုတစ်ချက်ကြည့်ပြီး "ထားလိုက်ပါတော့... ခင်ဗျားသာ တကယ်အဲ့လိုထင်ရင် ဘာလို့ ဝေကော့ယူပြန်သွားချင်တာလဲ"
နွားကျောင်းသားက မရှောင်ဘူး၊ တန်းပြောတယ်။ "ငါ့အိမ်က နွားဝါကြီးအတွက် ပြင်ဆင်တာ၊ သူနည်းနည်းအားမရှိတော့ဘူးလေ"
ယွီဟွေးဖေး ချက်ချင်းဘဲ နဖူးမှာချွေးတွေ တဒီးဒီးကျလာတယ်။ သောက်ကျိုးနည်း... ဒီလိုဖြစ်နေတာကိုး။ ဒီနှစ်၈၀၀သက်တမ်းရှိ လူပျိုကြီးက ဝေကော့တောင်းတာ ကိုယ်တိုင်သုံးဖို့မဟုတ်ဘူးကိုး။
"တော်ပြီ... ဘာမှမပြောနဲ့တော့"
ဒီအချိန်မှာ ချွေ့ကျွယ်ကအော်ရော။ "ညီလေးယွီရေ... ထမင်းစားမယ်ဟေ့"
"သွားကြစို့... ထမင်းစားချိန်ရောက်ပြီ"
"ညီအစ်ကို... အစ်ကို့စကားနားထောင်၊ မိန်းမတွေနဲ့ ဝေးဝေးနေ၊ အသက်ကို တန်ဖိုးထား" နွားကျောင်းသားက လက်မလျှော့သေးဘူး။
ယွီဟွေးဖေးက စိတ်ပျက်စွာနဲ့ "အစ်ကိုကြီး... ဒီအကြောင်းကို မပြောဘဲ နေလို့မရဘူးလား။"
နွားကျောင်းသားကလည်း သစ္စာအရမ်းရှိတာ "မရဘူး... ညီအစ်ကိုကောင်းဆိုတာ သစ္စာရှိရတယ်။ ငါကိုယ်တိုင် မီးကျင်းထဲမှာ မီးတင်မက ရေပါနစ်နေပြီ။ မင်းလည်း ကျသွားတာကို မျက်စိမှိတ်ပြီး ကြည့်မနေနိုင်ဘူး။ စိတ်ချစမ်းပါ... မင်းကိုယ်တိုင် မငြင်းရဲရင် နောက်မှ အစ်ကိုကထွက်ပြီး သူ့ကိုမောင်းထုတ်ပေးမယ်"
ယွီဟွေးဖေးကတော့ နဖူးမှာချွေးအေးတွေပြည့်နေပြီ၊ သူချက်ချင်းလေးလွှာကိုတက်ပြီး ဟိုစာအုပ်စုတ်ကို လှန်ကြည့်ချင်သွားတယ်။ ပို့လိုက်တဲ့အကျဉ်းသားကို ပြန်ပို့လို့ရတဲ့စည်းကမ်းတစ်ခုခုရှိလားလို့ပေါ့။
သောက်ကျိုးနည်း... ဒါသူ့ကိုမွှေပြီး ရှိစုမဲ့စု အချစ်ရေးလေးပျက်စီးသွားရင် သူတကယ်လူသတ်ချင်စိတ်ပေါက်လာမှာ။
"ခင်ဗျားတကယ်ကြီး ကျုပ်ကိုညီအစ်ကိုလို့သတ်မှတ်ရင် ခင်ဗျားမမွှေဘဲနေလို့ရမလား။ ကျုပ်တစ်ကိုယ်တည်းနေလာတာ နှစ်နှစ်ဆယ်ကျော်ပြီဗျ"
နွားကျောင်းသားက မနာလိုစွာနဲ့ သူ့ကိုကြည့်ပြီး "မင်းတကယ်ကံကောင်းတာပဲ"
ယွီဟွေးဖေးက ဒီစကားကြားတော့ ချက်ချင်းပေါက်ကွဲသွားပြီး ကိုယ့်ဆံပင်ကိုအားရပါးရဆွဲရင်း စိတ်ထဲမှာအော်ဆဲမိလေရော။ ‘သောက်ကျိုးနည်း နွားကျောင်းသား၊ မင်းက တကယ်ကြီး နွားတစ်ကောင်လို ခေါင်းမာလိုက်တာ။ ဒါ ငါ့ကို ရှစ်ရာနှစ်အရွယ် လူပျိုကြီးဖြစ်အောင် မလုပ်ရမချင်း မင်းမရပ်တော့ဘူးလား’
သူက အသက်ပြင်းပြင်းရှူပြီး နွားကျောင်းသားကို ရိုက်ချင်တဲ့စိတ်ကို မနည်းထိန်းချုပ်လိုက်တယ်။ အဓိကက ဘယ်ညာကြည့်လိုက်တော့ နွားခေါင်း၊ မြင်းခေါင်းတို့မရှိဘူးလေ။ အဲ့တော့ ရိုက်ရင်လည်း နိုင်မှာမဟုတ်ဘူး။ ယွီဟွေးဖေးက အားတင်းပြီး ပြုံးပြကာ သွားကြားထဲကနေ စကားလုံးအနည်းငယ်ကို ညှစ်ထုတ်လိုက်တယ်။
"ကျုပ် ခင်ဗျားရဲ့ ဘိုးဘေး၁၈ဆက်တွေအထိ ကျေးဇူးတင်ပါတယ်"
နွားကျောင်းသားကတော့ ရင်ဘတ်ကိုတဘုန်းဘုန်းပုတ်ပြီး အရမ်းသစ္စာရှိပြီး ရိုးသားစွာနဲ့ "ဒီလောက်လေးနဲ့ အားနာစရာမလိုပါဘူး၊ သူတို့ကိုလည်း ကျေးဇူးတင်စရာမလိုဘူး။ စိတ်ချထားလိုက်... အစ်ကိုရှိနေသရွေ့ ဘယ်မိန်းမမှ မင်းအနားကို သုံးမီတာအတွင်း မကပ်နိုင်စေရဘူး"
ယွီဟွေးဖေးက မျက်ရည်တွေနဲ့ ကောင်းကင်ကို မော့ကြည့်ပြီး စိတ်ထဲကနေ ငိုကြွေးလိုက်ရော။"သောက်ကျိုးနည်း... ဧကရီမိဖုရားခေါင်ကြီးရယ်။ ခင်ဗျားဘယ်လိုဖြစ်ပြီး ဒီကောင်ကိုငါ့ဆီပို့လိုက်တာလဲ"
ယွီဟွေးဖေး နောက်ဆုံးတော့ စိတ်ပျက်ပြီး နွားကျောင်းသားကို "ကောင်းပြီ... အစ်ကိုကြီး ကျုပ် ခင်ဗျားကိုဖွင့်ပြောလိုက်မယ်။ ဒီလူတွေတစ်ယောက်မှ ဟင်းမချက်တတ်ဘူး။ ဟိုမိန်းမက ကျုပ်တို့အတွက် ဟင်းလာချက်ပေးတာ။ ခင်ဗျားစားစရာကောင်းကောင်းစားချင်ရင် သူ့ကိုပဲအားကိုးရမှာ။ ဒါကြောင့်..."
"ဟင်းချက်ရုံလေးမလား... ငါလည်းတတ်ပါတယ်ဟ။ ညီလေး... ဒီအတွက်နဲ့ သူ့ကိုအလျှော့ပေးစရာမလိုဘူး။ တန်းမောင်းထုတ်လိုက်၊ ပြဿနာမရှိဘူး"
ယွီဟွေးဖေး စိတ်ထဲမှာ ဒေါသမီးတွေ တောက်လောင်နေပြီ။ ရှေ့က ဒီရိုးအတဲ့ငနဲ့သားက ဘာလို့များ ဒီလောက်ခေါင်းမာနေရတာတုန်း။
မင်းမှာ မျက်စိမပါဘူးလား။
ငါ ကောင်မလေးကို ပိုးပန်းနေတာ မမြင်ဘူးလား။
ငါ မိန်းမလိုချင်တယ်။
ငါ သူ့ကိုမောင်းထုတ်မချင်ဘူး။
ငါ ဒါကအားနာလို့ ယဉ်ကျေးစွာငြင်းနေတာ။
ယွီဟွေးဖေး နားမလည်တော့ဘူး၊ နွားကျောင်းသားလို ဉာဏ်ရည်နဲ့ ဘယ်လိုလုပ်ပြီး ယက်ကန်းမယ်လေးကို လိုက်နိုင်တာလဲ။ ယက်ကန်းမယ်လေးကများ ဉာဏ်ရည်မမီတဲ့သူကို ကြိုက်လို့လား။
"ဒီလိုဗျ... အဲ... သူချက်တဲ့ဟင်းက ကျုပ်ပါးစပ်နဲ့ အရမ်းကိုက်တယ်။ တခြားသူတွေရဲ့ ပါးစပ်နဲ့လည်းကိုက်တယ်။ အားလုံးက ဒီအရသာကိုကြိုက်တယ်... ခင်ဗျားချက်တာလည်း ကောင်းချင်ကောင်းမယ်။ ဒါပေမဲ့ ကျုပ်တို့ပါးစပ်နဲ့ မကိုက်ချင်မှကိုက်မှာ၊ ခင်ဗျားနားလည်လား"
နွားကျောင်းသားကကြောင်သွားပြီး မေးစေ့ကိုပွတ်သပ်ကာ အလေးအနက်ခေါင်းညိတ်ပြီး "ဟုတ်သလိုလိုပဲ... နည်းနည်းနားလည်သွားပြီ။ လူတိုင်းရဲ့ အကြိုက်ကမတူဘူးပဲ၊ ငါချက်တာ မင်းတို့မကြိုက်ချင်မှ ကြိုက်မှာ"
ယွီဟွေးဖေးက စိတ်ထဲမှာအာမင်ဆိုလိုက်တယ်။ ဒီကောင်နောက်ဆုံးတော့ဉာဏ်ပွင့်သွားပြီပဲ။ ပြီးတော့ နွားကျောင်းသားကပြုံးပြီး ရိုးသားမှုထဲမှာကောက်ကျစ်မှုနည်းနည်းပါတဲ့ပုံစံနဲ့ "ဒါပေမဲ့ မင်းစိတ်ချ။ အစ်ကို့မှာ မွေးရာပါအရည်အချင်းတစ်ခုရှိတယ်။ အဲ့ဒါကမြင်တာနဲ့မမေ့တာ၊ နောက်မှ ငါသူ့ပညာကိုခိုးသင်မယ်။ သူ့ဟင်းချက်နည်းသင်ပြီးရင် ဟီးဟီး..."
ယွီဟွေးဖေးစိတ်ထဲမှာ ‘ဘာကိုဟီးဟီး မင်းအဘကိုဟီးဟီးလား။ ငါ့မိန်းမကိုမောင်းထုတ်ဖို့ပဲစဉ်းစားနေတာလား။ မင်းလူမှဟုတ်ရဲ့လား။ ထွီး...’။ ဘာပဲဖြစ်ဖြစ် နွားကျောင်းသားက အခုမောင်းမထုတ်တော့ဘူးလို့ သဘောတူလိုက်ပြီ။
သူက ချွေးအေးသုတ်ရင်း နွားကျောင်းသားကိုခေါ်ပြီး စားသောက်ခန်းကို သွားတော့တယ်။ နွားခေါင်း၊ မြင်းခေါင်း၊ ရှောင်ထျန်းချန်ကလွဲရင် ကျန်တဲ့လူတွေအားလုံးက စားသောက်ခန်းမှာ စောင့်နေကြပြီ။
လျိုရှင်းက လူစိမ်းတစ်ယောက်ခေါ်လာတာမြင်တော့ ချက်ချင်းဘဲ ပန်းကန်နဲ့တူတစ်စုံထပ်ထည့်ပေးတယ်။ အဲ့တော့ ယွီဟွေးဖေးကလည်း နွားကျောင်းသားကို မျက်စိတစ်ချက်မှိတ်ပြရော။
"မြင်လား... မိန်းမဆိုတာ ဒါပဲလေ။ ဂရုစိုက်တတ်တယ်"
ဒါပေမဲ့ နွားကျောင်းသားကဟဲဟဲရယ်ပြီး အသံတိုးတိုးနဲ့ "အကြောင်းမဲ့ဖော်ရွေပြတာက မကောင်းကြံရင်ကြံ၊ မဟုတ်ရင်ခိုးဖို့ပဲ၊ မိန်းမဆိုတာ တကယ်ကောက်ကျစ်တာ။ မင်းသတိထားရမယ်"
ယွီဟွေးဖေး စိတ်ထဲမှာ အရမ်းအရမ်း စိတ်ဆင်းရဲနေပြီ။ ရှေ့က ပန်းကန်နဲ့ သူ့မျက်နှာပေါ် ပိတ်ချချင်သွားတဲ့အထိပဲ။ ဒါပေမဲ့ သူလည်းသိတယ်လေ။ ဒီကောင်ကလည်း အရမ်းသနားစရာဖို့ကောင်းတဲ့ လူတစ်ယောက်ကိုး။
နှစ်ရှစ်ရာလူပျိုသိုး၊ မိန်းမရှိတဲ့ လူပျိုသိုးကြီး၊ သာမန်လူဆိုရင် ဟိုနွားဝါကြီးနဲ့ ကလေးမွေးလောက်ပြီ...။ ဒီကောင်က စိတ်နည်းနည်းမမှန်ဘူးဆိုတော့ ယွီဟွေးဖေးလည်း နားလည်ပေးနိုင်ပါတယ်။
ဒါကြောင့် သူ့ပခုံးကိုပုတ်ပြီး "ထိုင်ပြီး အေးအေးဆေးဆေး ထမင်းစား"
နွားကျောင်းသားကထိုင်ချပြီး ဆန်ပြုတ်တစ်ပန်းကန်မြင်တော့ မျက်မှောင်နည်းနည်းကြုတ်တယ်။
ဒီအချိန်မှာ လျိုရှင်းက ဟင်းပွဲငယ်လေးတစ်ပွဲ တွန်းပို့လာတယ်၊ ကင်မ်ချီတစ်ပွဲပဲ။
ယွီဟွေးဖေးကစကားမပြောဘဲ အရင်တစ်လုတ်ညှပ်စားလိုက်တယ်။ ကင်မ်ချီနဲ့ဆန်ပြုတ်၊ အရမ်းအရသာရှိပေစွ။ နွားကျောင်းသားကတော့ တစ်လုတ်စားပြီး မျက်မှောင်ကြုတ်နေပြီ။
"အရသာ... တကယ်ကောင်းတယ်။ စားစရာနဲ့ မင်းတို့ကိုခြိမ်းခြောက်နိုင်တာ မဆန်းတော့ဘူး။ စိတ်ချပါ... အစ်ကိုက မင်းတို့ကို မီးပင်လယ်ထဲကနေကယ်တင်မှာပါ"
သူ့ရဲ့တီးတိုးစကားကြောင့် ယွီဟွေးဖေးခမျာ ချွေးတွေတဒီးဒီးကျလာလေရဲ့။ အမြန်ပန်းကန်ကိုင်ပြီး လျိုရှင်းဘေးမှာ သွားထိုင်ဖို့ ဖင်ကြွလိုက်ပေမယ့် ရလဒ်ကတော့ သူမထိုင်ရသေးဘူး ကြီးမားတဲ့အရိပ်တစ်ခုက ခြေတစ်လှမ်းနဲ့ သူ့ရှေ့ကိုရောက်လာပြီး လျိုရှင်းဘေးမှာ ထိုင်ချလိုက်ရော။
နှစ်မီတာကျော်အရပ်နဲ့ဆိုတော့ တံတိုင်းတစ်ခုလိုပဲ ယွီဟွေးဖေး အမြင်အားလုံးကို ကွယ်ထားပြီး လျိုရှင်းရဲ့ အမြင်အားလုံးကိုလည်း ပိတ်ဆို့ထားတယ်။
ယွီဟွေးဖေးက အားငယ်စွာနဲ့ နွားကျောင်းသားကိုကြည့်တော့ သူကပါးစပ်ကြီးဖြဲရယ်လို့ ရင်ဘတ်ကိုကော့ပြီး "ကျေးဇူးတင်စရာမလိုဘူး"တဲ့လေ။
‘သောက်ကျိုးနည်း၊ ငါ့ကိုသေခိုင်းလိုက်ပါတော့။ တစ်ယောက်ယောက် ဒီကောင်ကို ဆွဲထုတ်သွားပြီး ငါ့ကိုကယ်ကြပါဦး’
လျိုရှင်းကလည်း ကြောင်တောင်တောင်ဖြစ်နေပြီ၊ ဒါပေမဲ့ သိပ်မမေးဘဲ တိတ်တဆိတ် ထမင်းစားနေတုန်းပဲ။
ထမင်းစားပြီးတော့ သူမမီးဖိုချောင် ရှင်းလင်းမလို့လုပ်တုန်း နွားကျောင်းသားက "မလိုဘူး... ဒီကိစ္စကို ငါ့တာဝန်ထားလိုက်"
"ဒါ..." လျိုရှင်းက ကြောင်တောင်တောင်နဲ့ ယွီဟွေးဖေးကို ကြည့်နေတော့တာပဲ။
"ဒါက ငါ့အစ်ကိုကြီးနျုလန် သူ့ကိုနွားကျောင်းသားလို့ ခေါ်ရင်လည်းရတယ်"
"သူကျတော့ ကျုပ်တို့ရဲ့ဧည့်သည်။ ဒီခြံထဲက အလှဆုံးပန်းဖြစ်တဲ့ ညီမလေးလျိုရှင်း"
အပြန်အလှန် မိတ်ဆက်ပေးပြီးချိန် နွားကျောင်းသားက ဟဲဟဲရယ်ပြီး ပါးစပ်ဖွင့်မလို့လုပ်တုန်း ယွီဟွေးဖေးကလည်း ဒီကောင်ဆီကနေ မနှစ်မြို့စရာစကားတွေ ပြောထွက်မှာစိုးလို့ တန်းပိတ်လိုက်ရတော့တာပေါ့။
"ပြီးပြီ... ဆက်မပြောနဲ့တော့။ ခင်ဗျားအလုပ်မရှိရင် သင်္ချိုင်းကုန်းထဲ လျှောက်သွားကြည့်၊ တောဝက်တွေ ဘာတွေလာမွှေနေလားလို့"
နွားကျောင်းသားက ဒီမှာသင်္ချိုင်းကုန်းရှိတယ်ဆိုတာ သိပြီးပြီ။ အထဲမှာ အာဇာနည်တချို့မြှုပ်နှံထားတယ်ဆိုတာလည်း သိတယ်။ ဒီကောင်ကလည်း စိတ်နုတဲ့သူလေ။ အဲ့ဒီအချိန်က အာဇာနည်တွေရဲ့ ဇာတ်လမ်းတွေကြားပြီးတော့ ငိုခဲ့သေးတယ်။ ရင်ဘတ်ကိုပုတ်ပြီး သူတို့ကိုကာကွယ်မယ်လို့အော်ခဲ့သေးတာကိုး။ အခုဒီစကားကြားတော့ ခေါင်းညိတ်ပြီး လက်ခံတော့ရော။
"စိတ်ချပါ... ငါအခုပဲသွားလိုက်မယ်"
ပြောပြီးတော့ သူလည်း လျိုရှင်းနဲ့ မီးဖိုချောင်အလုပ်လုမနေတော့ဘူး၊ အပြင်ရောက်တော့ ပေါက်တူးတစ်လက်ကိုင်ပြီး သင်္ချိုင်းကုန်းကိုသွားနေချိန် ယွီဟွေးဖေးက အံသြသွားလေကော။
"ခင်ဗျား ပေါက်တူးကိုင်ပြီး ဘာလုပ်မလို့လဲ"
နွားကျောင်းသားလက်ထဲက ပေါက်တူးကို ပေါ့ပေါ့ပါးပါးဝှေ့ယမ်းပြလိုက်တာ ကောက်ရိုးတစ်ချောင်းဝှေ့ယမ်းသလိုပဲ။ "ဒီပစ္စည်းက သုံးရတာလက်ဝင်တယ်"
ယွီဟွေးဖေးလည်း ဘာမှဆက်မပြောနိုင်တော့ဘူး၊ နာမည်ထဲမှာ နွားပါတဲ့သူတွေက အားကြီးတဲ့ယောက်ျားတွေပဲဆိုတာ တကယ်ပဲကိုး။ ဟိုပေါက်တူးကို ယွီဟွေးဖေး အခုဝှေ့ယမ်းရင်တောင် အရမ်းလေးတာ။ အခု နွားကျောင်းသားလက်ထဲရောက်တော့ ကောက်ရိုးလိုပဲ၊ လူလူချင်းတောင် တကယ်မယှဉ်နိုင်ဘူးပဲ။
နွားကျောင်းသားကိုဂရုမစိုက်တော့ဘဲ ယွီဟွေးဖေးကနောက်လှည့်ပြီး လျိုရှင်းကို "ငါ့အစ်ကိုကြီးက အချစ်ရေးမှာ စိတ်ဒဏ်ရာပြင်းပြင်းထန်ထန်ရဖူးတယ်လေ။ ဒါကြောင့် မိန်းမမြင်ရင်မသိစိတ်နဲ့ မုန်းတာ။ နည်းနည်း... အဲ... သိပ်မလွန်ကျူးပေမယ့် သိပ်မနှစ်မြို့စရာကောင်းတဲ့ကိစ္စတွေလုပ်မိနိုင်တယ်။ တောင်းပန်ပါတယ်..."
"သူအချစ်ရေးမှာ စိတ်ဒဏ်ရာရဖူးတယ်လား" လျိုရှင်းက အံ့ဩနေလေရဲ့။
ခေါင်းညိတ်ပြီး ဘာမှဆက်မပြောရသေးခင်မှာပဲ လျိုရှင်းက "ဒီလောက် တုံးအတဲ့လူကိုလည်း ကြိုက်တဲ့သူ ရှိဖူးတယ်ပေါ့လေ"
သူမစကားကြောင့် ယွီဟွေးဖေးလည်း ပါးစပ်အဟောင်းသားဖြစ်သွားလေရဲ့။ သူအခုမှသတိရတယ်၊ လျိုရှင်းက စိတ်ကောင်းပေမယ့် သူမကစကားပြောရင် တစ်ခါတလေဦးနှောက်သိပ်မသုံးဘူး။
တွေးကြည့်တော့... နောက်ဆို ဒီနှစ်ယောက်အတူတူရှိရင် အဲ့ဒီခံစားချက်က တစ်ယောက်က စိတ်ရှိ၊ တစ်ယောက်က စိတ်မရှိ၊ အပ်နဲ့ချည်လိုပဲ။ ယွီဟွေးဖေး ချက်ချင်းဘဲ နဖူးပေါက်ကွဲတော့မလိုခံစားရတယ်။ ဒီဘဝက မလွယ်တော့ဘူးဟ။
"ဒီစကား သူ့ကိုမပြောနဲ့နော်"
လျိုရှင်းကလည်း စကားမှားသွားတယ်ဆိုတာသတိထားမိတယ်။ ပါးစပ်လေးကိုအုပ်ပြီး "သိပါပြီ၊ ဒါပေမဲ့ သူဘယ်လိုစိတ်ဒဏ်ရာရခဲ့တာလဲ"