← Chapters

 ချီလင် သံမဏိလက်မောင်း

Vol. 9 Ch. 135

 ချီလင် သံမဏိလက်မောင်း

Vol. 9 Ch. 135

ယွီဟွေးဖေးက ခဏစဉ်းစားပြီး အမြန်လျှောက်ပြောတာပေါ့။

မတတ်နိုင်ဘူး။ သူကအမှန်အတိုင်းပြောလို့မဖြစ်ဘူးလေ။ နွားကျောင်းသားက လောကမှာအကောက်ကျစ်ဆုံး ယောက္ခထီးနဲ့ ယောက္ခမကို ကြုံတွေ့ခဲ့တယ်လို့ပေါ့။

ဒါနဲ့ ယွီဟွေးဖေးက "ဒီလို...ဒီလို သူအရင်က ရည်းစားတစ်ယောက်ရှိပြီး ဆက်ဆံရေးတော်တော်ကောင်းတာ။ နောက်ပိုင်းမင်္ဂလာဆောင်ဖို့ပြောတော့ သူ့ယောက္ခမကအတင်းအဓမ္မတားဆီးပြီး ပျက်စီးတော့မလိုဖြစ်သွားတယ်။ ဒါပေမဲ့ သူတို့မင်္ဂလာဆောင်ပြီးတော့ သူ့ယောက္ခမနဲ့ယောက္ခထီးက မငြိမ်ဘူး၊ ပူးပေါင်းပြီးသူ့ကိုဒုက္ခပေးကော။ ဒီလိုနဲ့ မင်္ဂလာဆောင်ပြီးတာ နှစ်အနည်းငယ်ကြာပေမယ့် အခုထိ မိန်းမနဲ့အတူတူမအိပ်ဖူးဘူး။ နေ့တိုင်း လခကော လက်ဆောင်ပါဝယ်ပေးရတယ်။ တစ်ရက်လောက်တောင် မေ့သွားရင်တောင် မရဘူး။ အဓိကက သူ့မိန်းမကဇိမ်ခံအိမ်ကြီးမှာနေတယ်၊ သူကတော့ရွာထဲမှာပဲနေရတယ်..."

ဒီစကားကြားတော့ လျိုရှင်းကပါးစပ်လေးကိုအုပ်ပြီး "ဒီလောကမှာ ဒီလိုလူမျိုးရှိတယ်လား။ မင်္ဂလာမဆောင်ရင်မဆောင်၊ ဆောင်ပြီးရင်လည်း အတူတူမနေရဘူး၊ ဒါဘာလုပ်နေတာလဲ"

"နားမလည်နိုင်ဘူးမလား"

လျိုရှင်းကခေါင်းညိတ်ပြီး "လုံးဝနားမလည်နိုင်ဘူး"

"ငါလည်းနားမလည်နိုင်ဘူး၊ ယောက္ခမက သွေးဆုံးကိုင်နေလို့ဖြစ်မယ်... ထားလိုက်တော့၊ ဒါမပြောနဲ့တော့။ ငါတို့ရဲ့ချဉ်ဖတ်စားလို့ရပြီလား"

စားစရာအကြောင်းပြောလိုက်တော့ လျိုရှင်းက ချက်ချင်းအရင်ကိစ္စတွေကိုမေ့သွားရော။ 

"အခုမရသေးဘူး... ခဏထပ်စောင့်ရင်ရပြီ... ဒါနဲ့ခဏနေရင် ငါနဲ့အပြင်တစ်ခေါက်လိုက်ခဲ့ပါလား၊ ဂျုံမှုန့်နည်းနည်းဝယ်မလို့"

ဒီကိစ္စကို မနေ့ကတည်းက ပြောပြီးသားပဲ။ ပြီးတော့ တကယ်ပဲ ဂျုံနဲ့လုပ်ထားတဲ့ စားစရာနည်းနည်းလိုနေပြီ၊ မဟုတ်ရင် မနက်ပိုင်း ဒီလောက်များတဲ့လူအတွက် မနက်စာလုပ်ရတာ တကယ်ခက်တယ်။

ဖက်ထုပ်ထုပ်ရင်တော့လွယ်တယ်၊ လျိုရှင်းလည်းသိပ်စောစောထစရာမလိုဘူး၊ သိပ်မပင်ပန်းဘူး။

ဒါနဲ့ နှစ်ယောက်သားဂျုံမှုန့်သွားဝယ်ကြတယ်၊ ရလဒ်ကတော့ စုံစမ်းကြည့်တော့ ရွာထဲကတစ်ခုတည်းသော ဂျုံဆိုင်ကကုန်သွားပြီ။

ဂျုံမှုန့်မပြောနဲ့၊ ဂျုံအိတ်တောင်မရှိတော့ဘူး။

ယွီဟွေးဖေး အခုမှသတိရတယ်။ အခု နှင်းမုန်တိုင်းကြီးပိတ်ဆို့ထားတော့ အပြင်ကပစ္စည်းတွေမဝင်နိုင်ဘူး၊ ရွာသားတွေကလည်း နည်းနည်းကြောက်လန့်နေပြီထင်တယ်။ ပစ္စည်းတွေစုဆောင်းနေကြပြီ။

ဒါပေမဲ့ တကယ်ပစ္စည်းစုဆောင်းနေတာက ဒေသခံရွာသားတွေ မဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် သူတို့မှာလယ်ယာမြေရှိတယ်၊ စားနပ်ရိက္ခာလုံလောက်တယ်။

ပစ္စည်းစုဆောင်းနေတာက အပြင်ကကုန်သည်တွေပဲ၊ ဒီလူတွေကမြေမရှိဘူး။ နှင်းမုန်တိုင်းကြီးပိတ်ဆို့ထားရင် သူတို့က စားနပ်ရိက္ခာ များများစုဆောင်းရမယ်၊ မဟုတ်ရင် တစ်နပ်စားပြီး တစ်နပ်ငတ်မှာစိုးတယ်။

ယွီဟွေးဖေးက ညည်းညည်းညူညူနဲ့ "ကြည့်ရတာ ငါတို့ဖက်ထုပ်ထုပ်၊ မုန့်လုပ်တဲ့အစီအစဉ်က ပျက်သွားပြီ"

လျိုရှင်းကလည်း မေးစေ့ကိုပွတ်သပ်ပြီး "ဟုတ်တယ်... ဒါပေမဲ့ အမြဲတမ်း ထမင်းပဲစားလို့ မဖြစ်ဘူးလေ။ အဲ့ဒါက အရမ်းငြီးငွေ့စရာကောင်းတယ်..."

ဒီနေရာမှာပြောရင်း လျိုရှင်း လက်ခုပ်တစ်ချက်တီးပြီး "ရပြီ" ပြောတော့ ယွီဟွေးဖေးက မသိစိတ်နဲ့ "ဘယ်နှစ်လရှိပြီလဲ" လို့ပြန်မေးလိုက်ကော။

"ထွီး..." 

လျိုရှင်းက ယွီဟွေးဖေးကို တစ်ချက်တံတွေးထွေးပြီး မျက်နှာနီရဲရဲနဲ့ ထွက်ပြေးသွားလေရဲ့။

သူကပြုံးပြီး လျိုရှင်းနောက်လိုက်ကာ လက်နှစ်ဖက်ကို ခေါင်းနောက်မှာထားပြီး လေချွန်နေတော့တာပဲ။

ဒီအချိန်မှာ လမ်းဘေးမှာရှိနေတဲ့ အဘိုးကြီးကျန်းက တစ်ချက်ကြည့်ပြီး ဟဲဟဲရယ်ကာ "လူမိုက်လေး"

ယွီဟွေးဖေးက သူ့ကိုမျက်စောင်းတစ်ချက်ထိုးရင်း "အဘိုးကြီး... ခင်ဗျား စီးပွားရေးအခြေအနေ ဘယ်လိုလဲ"

"သွားစမ်း... နှင်းကျလွန်းလို့ လမ်းပိတ်နေပြီဟ။ လူသွားတာတောင် ခက်နေတာ ဘယ်သူက စက်ဘီးစီးဦးမှာလဲ။ ဇစ်ပြင်တဲ့သူတောင်နည်းနေပြီ။"

"ဟားဟားဟား...  ဒါဆို ခင်ဗျားဘာလို့ထွက်ပြီး ဆိုင်ခင်းနေသေးတာလဲ။ ဒီအချိန် အိပ်ယာပေါ်မှာ အရက်လေးဘာလေး သောက်နေသင့်တယ်"

အဘိုးကြီးကျန်းက ခေါင်းခါပြီး "တစ်ယောက်တည်း အရက်သောက်တာ ဘာကောင်းလို့လဲ၊ ပျင်းစရာကြီး"

ယွီဟွေးဖေး ကြောင်သွားရော။ သူအမြဲတမ်း ဒီအဘိုးကြီးကလည်း မိသားစုနဲ့နေနေတာလို့ထင်နေတာလေ။ အခုမှ တစ်ကိုယ်တည်းသမားဖြစ်နေတာ သိရတာကိုး။

"မိသားစုအားလုံး မရှိတော့ဘူးလား"

ဒီစကားကြားတော့ အဘိုးကြီးကျန်းက လက်ထဲကပျဉ်ပြားကိုကိုင်ပြီး ပစ်ပေါက်ပါလေရော။

"မင်းမှ မရှိတော့တာကွ။ သူတို့က လူငယ်တွေလေ၊ အဲ့တော့ အပြင်မှာကြိုးစားနေကြတာပေါ့ဟ"

ယွီဟွေးဖေးလည်း ပျဉ်ပြားကိုကောက်ပြီး ညင်သာစွာပြန်ပစ်ပေးလိုက်တယ။ "မနက်ဖြန်ညကျုပ်အိမ်မှာ နှစ်ခွက်လောက်လာသောက်ပါလား"

"မင်းအိမ်ကိုလား"

"ဟုတ်တယ်လေ... အချိန်တွက်ကြည့်ရင် မနက်ဖြန်က ဆယ်လပိုင်း တစ်ရက်နေ့ဖြစ်မယ် ထင်တယ်။ ဆောင်းတွင်းအဝတ်အစားပွဲတော်၊ ဘိုးဘေးတွေကိုကန်တော့၊ ပြီးရင် အတူတူထိုင်ကြစို့"

အဘိုးကြီးကျန်းမျက်လုံးတွေတောက်ပြောင်သွားတာ အလင်းရောင်တစ်ချက်လက်သွားတဲ့ထိပဲ။ ဒါပေမဲ့ ချက်ချင်းဖိနှိပ်လိုက်တယ်။ "မနက်ဖြန်မှပြောကြစို့။"

ယွီဟွေးဖေးကခေါင်းညိတ်ပြီး လျိုရှင်းကိုခေါ်ပြီး အိမ်ပြန်သွားတော့တာပေါ့။ လမ်းမှာ လျိုရှင်းက သူ့ကိုမေးလေရဲ့။

"ဆောင်းအဝတ်အစားပွဲတော်လား။ ဒါ၊ ငါတို့တောင်ပိုင်းမှာ သိပ်မကျင်းပဘူး"

"ဆယ်လပိုင်းတစ်ရက်နေ့မှာ ဆောင်းအဝတ်အစားပွဲတော်ကို မြောက်ပိုင်းသားတွေက ပိုကျင်းပကြတယ်။ တောင်ပိုင်းက ခြောက်လပိုင်း လဝက်လိုပဲ၊ မြောက်ပိုင်းမှာ အခြေခံအားဖြင့် မကျင်းပဘူး။ ဒါပေမဲ့ မကျင်းပဖူးရင်တောင် ကြားဖူးမှာပေါ့"

"ကြားဖူးတယ်၊ ဒါပေမဲ့ မကျင်းပဖူးဘူး။ ငါက နေရာအနှံ့အစားအစာတွေကိုပဲ လေ့လာတာ၊ ဒီလိုအရာတွေကို သိပ်မလေ့လာဘူး။ ဒါဆို မနက်ဖြန်ငါဘာလုပ်ရမှာလဲ"

"ဒါဆို ငါ့အိမ်မှာ ရောင်စုံစက္ကူရှိတယ်၊ နောက်မှ ငါတို့အတူတူ ပန်းလေးတွေခေါက်ကြမယ်လေ၊ အဝတ်အစားတချို့လည်း လုပ်ရမယ်၊ အထဲမှာ ဂွမ်းနည်းနည်းတော့ ထပ်ထည့်ရမှာပေါ့"

လျိုရှင်းမျက်လုံးတွေ တောက်ပြောင်သွားတယ်၊ အရမ်းစိတ်ဝင်စားတဲ့ပုံပဲ။

ဒီအချိန်မှာ သရဲနက်ဖြူရောက်လာရော။ နှစ်ယောက်သား ဒီတစ်ခါတော့ သူ့ကိုစိတ်မပျက်စေဘူး။ ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ မနက်ဖြန်ကျရင် များများရှို့၊ ဒါကကောင်းတဲ့ကိစ္စ။"

ရုတ်တရက် အဆက်စပ်မရှိစကားကြောင့် ယွီဟွေးဖေးကကြောင်သွားတယ်။ ဒါပေမဲ့ လျိုရှင်းဒီမှာရှိနေတော့ သူသိပ်မမေးကောင်းဘူး။

နေ့လည်ရောက်တော့ နွားကျောင်းသားပြန်လာပြီ။ ဒီကောင်ပြန်လာတာနဲ့ မျက်လုံးနှစ်လုံးက လျိုရှင်းကိုစိုက်ကြည့်နေရော။

လျိုရှင်းကလည်း ဒီကောင်က တကယ်ဦးနှောက်မကောင်းဘူးလို့ထင်နေတော့ ဒေါသမထွက်ဘူး။ တစ်ခါတလေ သနားတဲ့အကြည့်နဲ့တောင် သူ့ကိုတစ်ချက်တစ်ချက် ပြန်ကြည့်နေသေး။

ဒါပေမဲ့ နွားကျောင်းသားက ဂရုမစိုက်ဘူး။ သူအဲ့ဒီမှာတန်းထိုင်ပြီး လျိုရှင်းကိုစိုက်ကြည့်နေရော။ ငါမင်းကို မောင်းမထုတ်ဘူး၊ ဒါပေမဲ့ စိုက်ကြည့်နေမယ်... နေမထိထိုင်မသာဖြစ်ရင် ကိုယ့်ဘာသာကိုယ် ထွက်သွားသင့်တယ်ဆိုတဲ့ ပုံစံနဲ့ပေါ့။

ရလဒ်ကတော့ လျိုရှင်းဆိုတဲ့ ဒီတုံးအအကောင်မလေးက နဖူးကိုတစ်ချက်ရိုက်ပြီး အိမ်ထဲပြန်ဝင်ကာ ပန်းချီကားကိုပိုက်ပြီး ထွက်လာတယ်။ ပြီးတော့ ဟိုမလှုပ်မယှက် မျက်လုံးပြူးကြီးနဲ့စိုက်ကြည့်နေတဲ့ နွားကျောင်းသားကို စဆွဲတော့တာပဲ။

ခန့်မှန်းရသလောက်တော့ သူ့အတွက်က မလှုပ်မယှက်နဲ့ ဒီလောက်ရိုးသားပြီး အရမ်းထူးခြားတဲ့လူကိုလည်းတွေ့ရခဲမှာပဲ။ ဘာပဲဖြစ်ဖြစ် လျိုရှင်းကတော်တော်ပျော်နေပြီ။

သူမပန်းချီဆွဲပြီးတော့ နွားကျောင်းသားဆီ ထိုးပေးတဲ့အချိန်မှာ ဒီကောင်ကကြောင်သွားတယ်။

"ပူးပေါင်းဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ်"

နွားကျောင်းသားက ခေါင်းကုတ်ပြီး လက်ထဲက ပန်းချီကားကိုကြည့်ရင်း နှုတ်ခမ်းထော်ပြီး စကားလုံးတစ်လုံးထွက်လာလေရဲ့။

"သောက်ကျိုးနည်း..."

သူက ကောင်မလေးတွေကိုမကြိုက်ပေမယ့် လျိုရှင်းရဲ့ပန်းချီကားက တကယ်ကောင်းတာ  လက်တွေ့ဆန်ပြီး အသက်ပါတယ်လို့ပြောရမယ်။

ဒီပုံကလည်း အဲ့အတိုင်းပဲ...။

ယွီဟွေးဖေးက ပန်းချီအကြောင်းနားမလည်ပေမယ့် ရောင်စုံခဲတံနဲ့ဆွဲထားတဲ့ ပန်းချီကားကလူအစစ်နဲ့တူတာကို ပထမဆုံးအကြိမ် လက်တွေ့မြင်ဖူးတာ။

"ဟေး... ခင်ဗျားမကြိုက်ရင် ကျုပ်ကိုပေးပါလား"

နွားကျောင်းသားက ယွီဟွေးဖေးကို မျက်စောင်းတစ်ချက်ထိုးပြီး "ငါ... ငါမကြိုက်ဘူး၊ ဒါပေမဲ့ ဖင်သုတ်စက္ကူအဖြစ်သုံးလို့ရတယ်" လို့ပြောပြီးတော့ နောက်လှည့်ပြီးထွက်သွားကောပဲ။

"ဟေ့နွားကျောင်းသား... အဲ့ဒီစက္ကူကမာတယ်နော်"

"ဟဟာဟား...  ငါတို့ဆီမှာစက္ကူမရှိတုန်းက သစ်သားပြားနဲ့ခြစ်တာကွ။ ဒါလေးကို မင်းကမာတယ်တဲ့လား"

ချက်ချင်းမြင်ကွင်းတစ်ခုက ယွီဟွေးဖေးခေါင်းထဲ တိုးဝင်လာလေရဲ့။ အရပ်မြင့်မြင့် ခပ်ထွားထွား လူသန်ကြီးတစ်ယောက်က မြက်တောထဲမှာထိုင်နေတယ်၊ စောင်းထက်နေတဲ့ သစ်သားပြားတစ်ချောင်းကိုကိုင်ပြီး နောက်ကိုလက်ဖြည်းဖြည်းချင်းဆန့်ထုတ်သွား...

ကြက်သီးတဖြန်းဖြန်းထပြီး တစ်ချက်တုန်သွားရော၊ စိတ်ထဲမှာတော်တော်လေးခံစားနေရလေရဲ့။ ‘အဲ့လိုဖင်သုတ်ရင် သေချာပေါက် လိပ်ခေါင်းမရှိလောက်ဘူး။ ရှိရင်လည်း ခြစ်လို့ကုန်လောက်ပြီ...’

ယွီဟွေးဖေးကနောက်လှည့်ပြီး လျိုရှင်းကိုကြည့်ရင်း ပခုံးတွန့်လက်ဖြန့်ပြတယ်။ ငါ့အစ်ကိုကြီးဦးနှောက်က တကယ်မကောင်းဘူးလို့ ပြောနေသလိုပဲ။

လျိုရှင်းကရယ်ပြီး "ရပြီ...   ရပြီ... မရှင်းပြနဲ့တော့။ ဒါပေမဲ့ ကျွန်မထင်သလောက်ကတော့ နင့်အစ်ကိုကြီးက တော်တော်ကောင်းပါတယ်။ ဒီလောက်နှစ်တွေကြာနေပြီ တစ်နေ့လုံးထိုင်ပြီး မလှုပ်မယှက်နေနိုင်တဲ့ မော်ဒယ်တစ်ယောက်မှမတွေ့ဖူးဘူး။ သူတကယ်တော်တယ်၊ ထိုင်လည်း တော်တော်ထိုင်နိုင်တယ်။ မျက်ခွံတောင် တစ်ချက်မှမခတ်ဘူး။ တော်တော်ထူးချွန်တာပဲ၊ နောက်မှအလုပ်မရှိရင် ကျွန်မသူ့ကိုမော်ဒယ်လုပ်ဖို့ မိတ်ဆက်ပေးရမယ်"

ယွီဟွေးဖေးလည်း ပါးစပ်အဟောင်းသား ဖြစ်သွားလေရဲ့။ ပန်းချီသင်တဲ့သူတွေက ကောင်မလေးများတယ်လေ။ နွားကျောင်းသားကို မိန်းမအုပ်ထဲပစ်ထည့်မယ်ပေါ့။

သူခန့်မှန်းရသလောက်တော့ နွားကျောင်းသားက နေရာမှာတင် ပေါက်ကွဲသွားမှာပဲ။

လျိုရှင်း ရယ်ကျဲကျဲနဲ့ ညစာလုပ်ဖို့ပြေးသွားတာကို ကြည့်ပြီး ယွီဟွေးဖေးက ဗိုက်ကိုပွတ်သပ်ပြီး တိုးတိုးလေး ‌ရေရွတ်လိုက်လေရဲ့။

"နေ့လည်ကမစားပေမယ့် ညစာကတော့ရှိလောက်မှာပါ"

နောက်ဖေးခြံကိုသွားတော့ နွားကျောင်းသား အဲ့ဒီမှာမှောက်နေပြီး သရဲနက်က သူ့ကိုယ်ပေါ်မှာခုန်နေတာကို တွေ့လိုက်ရတယ်။

"ခင်ဗျားတို့ ဘာလုပ်နေတာလဲ"

သရဲနက်က "အိုး... ဒီကောင်ကခါးနာလို့တဲ့ ငါ့ကိုနှိပ်ခိုင်းထားတာ။ ဒါပေမဲ့ သူ့အရေပြားထူပြီးအသားမာတော့ ငါနှိပ်တာသူမခံစားရဘူးလေ။ အဲ့တော့ တတ်နင်းလိုက်တော့တယ်။ ရလဒ်က နင်းတာလည်းမရပြန်တော့ ခုန်ရတော့တာပဲ..."

“နွားကျောင်းသားက သာမန်လူတစ်ယောက်ပဲကို။ ဒါပေမဲ့ ဘာလို့များ သူကတော်တော်သန်မာတယ်လို့ခံစားနေရတာလဲ။ ကျုပ်ပြောချင်တာက သူ့ခန္ဓာကိုယ်အရည်အသွေးနော်"

"မင်းသာ နှစ်၈၀၀ ရှင်သန်ပြီး နှစ်၈၀၀လုံးလုံး လူပျိုသိုးကြီးဖြစ်ရင် တစ်ကိုယ်တော် ချီလင် သံမဏိလက်မောင်းနှစ်ဖက် ရနိုင်တယ်"

သရဲဖြူရဲ့ အပြောကြောင့် ယွီဟွေးဖေးခေါင်းထဲမှာ နောက်တစ်ခါမြင်ကွင်းတစ်ခုပေါ်လာတယ်။ နွားကျောင်းသားက နေ့တိုင်း ညနက်သန်းခေါင်ယံမှာ ပြတင်းပေါက်ရှေ့ရပ်ပြီး ဘယ်ညာတိုက်ခိုက်ရေးပညာကို အသည်းအသန်လေ့ကျင့်နေတဲ့ မြင်ကွင်း။

ထပ်ပြီး နှစ်ပေါင်း၈၀၀ဆိုတဲ့ အချိန်ကိုစဉ်းစားကြည့်တော့...

အိမ်း...  ဒီစကားက ဖြစ်နိုင်လောက်ပေရဲ့။

မြေကြီးပေါ်က နွားကျောင်းသားခမျာ သူတို့ဘာပြောနေလဲမသိဘူး။ ဒါပေမယ့် အရမ်းဂုဏ်ယူနေတဲ့ မျက်နှာပေးနဲ့ အာပေါင်အာရင်းသန်သန် ကြွားပါလေရော။

"ဒီနှစ်ပေါင်း၈၀၀တိတိ တခြားဘာမှမလုပ်ဘူး။ အလုပ်မရှိရင် သစ်ပင်ကြီးကို လက်သီးနှစ်ချက်ထိုးတယ်လေ။ နောက်ပိုင်း သစ်ပင်ကြီးက ငါနှိပ်စက်တာမခံနိုင်တော့ဘူး၊ အဲ့တော့ ကျောက်တုံးအလှည့်ပေါ့။ အဘိုးကြီးတွေပြောတာ ငါကြားဖူးတယ်။ လူ့ခန္ဓာကိုယ်က လေ့ကျင့်လေလေ မာတောင်လေလေ၊ ဒဏ်ရာရမှာမကြောက်ရတော့ဘူး။ နေ့ညမပြတ်လေ့ကျင့်ရင် အရိုး၊ အရေပြား၊ အားအင်ဘာညာအားလုံးက ပိုသန်မာလာနိုင်တယ်။ အဲ့တော့ နေ့တိုင်းလေ့ကျင့်တာပေါ့ကွ..."

ဒီစကားကို ယွီဟွေးဖေးယုံတယ်။ အရင်ကလည်း သိုင်းဆရာအဘိုးကြီးတစ်ယောက် ပြောဖူးတယ်လေ။ လူ့ခန္ဓာကိုယ်က တကယ်တော့ ဟိုဘက်တီးရီးယားဆိုလား ဒီဗိုင်းရပ်စ်ဆိုလား ဘာမှမကွာဘူးတဲ့။ ပတ်ဝန်းကျင်ပြောင်းလဲမှု၊ ရှင်သန်မှုလိုအပ်ချက်ကြောင့် ဆင့်ကဲပြောင်းလဲပြီး အသင့်တော်ဆုံးပြောင်းလဲမှုတွေလုပ်တယ်။ ဒါပေမဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်တွေက ပြောင်းလဲတာမြန်တယ်၊ လူသားတွေက ပြောင်းလဲတာနှေးတယ်။

ဒါကြောင့် ရှေးလူတွေက သိုင်းလေ့ကျင့်တယ်၊ ကျောက်တုံး၊ သစ်ပင်ကြီးတွေကိုလက်သီးနဲ့တဖြောင်းဖြောင်းကျွေးတယ်၊ ဒါက ခန္ဓာကိုယ်ကို အစွန်းရောက်အမှတ်တစ်ခုကို တွန်းပို့ပေးတာ၊ ကိုယ့်ခန္ဓာကို လေ့ကျင့်ပေးတာ၊ ပိုခိုင်မာသန်စွမ်းအောင် ဆင့်ကဲပြောင်းလဲရမယ်၊ မဟုတ်ရင် ပျက်စီးသွားမှာ။

ဒါနဲ့ ခန္ဓာကိုယ်က ဒီလိုအချက်ပြတာကိုရပြီးနောက်မှာ အရိုးတစ်ခါတစ်ခါ အက်ကြောင်းထင်၊ အရေပြားစုတ်ပြဲရင် သူတို့ပြန်ပြုပြင်တဲ့အချိန်မှာ အရင်ကထက် ပိုခိုင်မာထူထဲအောင်ပြုပြင်တယ်။

ဒါကဘာလို့လဲဆိုတော့ နှစ်ပေါင်းများစွာ သိုင်းလေ့ကျင့်တဲ့ လူတွေရဲ့လက်သီးပေါ်၊ လက်ဝါးပေါ်မှာ ထူထဲတဲ့အသားမာတွေ ရှိရတဲ့အကြောင်းရင်းပဲ။ ဘာလို့ လူအတူတူချင်းဖြစ်နေပေမယ့် လူတချို့က လက်ဗလာနဲ့ ကျောက်တုံးထိုးခွဲနိုင်တယ်၊ ဒါပေမဲ့ သာမန်လူက သစ်သားပြားလေးတောင် မခွဲနိုင်တာလဲ။ ဒါကလည်း ဘာလို့လူတွေက စွမ်းအားလို့ပြောရတဲ့ အကြောင်းရင်းပဲ။

ဘာကို စွမ်းအားလို့ခေါ်လဲ။

လူတွေက ဆယ်စုနှစ်ပေါင်းများစွာ အပင်ပန်းခံလေ့ကျင့်ပြီး သံမဏိကိုယ်ထည်တစ်ခု တည်ဆောက်ထားတယ်၊ ဒါကိုစွမ်းအားလို့ခေါ်တယ်။

မင်းက သူတို့လောက် စွမ်းအားမနက်ရှိုင်းဘူး၊ တိုက်ခိုက်ရင် သေချာပေါက်နာမှာ။ ပြီးတော့ အမျိုးမျိုးသော တိုက်ခိုက်ရေးနည်းစနစ်တွေနဲ့ ပေါင်းစပ်လိုက်ရင် လူသားတိုက်ခိုက်ရေးစက်ပဲ။

ဒီလိုတွက်ကြည့်ရင် နွားကျောင်းသားက နှစ်ပေါင်း၈၀၀တောင် အပင်ပန်းခံလေ့ကျင့်တာ။ အဲ့ဒီစွမ်းအား... ခန္ဓာကိုယ်အရည်အသွေး အဲ့လောက်သန်မာတာ မဆန်းတော့ဘူး။

All Chapters