← Chapters

ရုပ်ရည်ကအဓိကပဲ

Vol. 32 Ch. 435

ရုပ်ရည်ကအဓိကပဲ

Vol. 32 Ch. 435

တစ်ဖက်နှင့်တစ်ဖက် ကျင့်ကြံမှုအဆင့်ချင်းမှာ အလွန်ကွာဟလှသဖြင့် မသေမျိုးဘုရင်အဆင့်ရှိသော ယဲ့ကျွင်းလင်လိုသူမျိုးအတွက်တော့ နယ်ခြားကာကွယ်ရေးကို ဖြတ်ကျော်ဖို့အသာထား၊ တော်ဝင်နန်းတော်သို့ တိုက်ရိုက်ဝင်ရောက်လျှင်ပင် မည်သူမျှသတိထားမိလောက်မှာမဟုတ်။

သို့ပေမဲ့ ယဲ့ကျွင်းလင်သည် ဤခရီးစဥ်မှ နတ်မိမယ်တိုင်းပြည်၏ ဓလေ့ထုံးတမ်းများကို အတွေ့အကြုံယူဖို့နှင့် ဒေသခံပြည်သူများ၏ ထူးခြားမှုကို လေ့လာရန် အထူးရည်ရွယ်ထားခြင်းဖြစ်သောကြောင့် တော်ဝင်နန်းတော်ကိုတိုက်ရိုက်သွားဖို့ စိတ်ကူးမရှိခဲ့ပါချေ။

လော့ယွင်ခရိုင်ခွဲ။

စိမ်းလန်းသောတောင်တန်းများ၊ ကြည်လင်ကျယ်ပြောသော ရေကန်ရေအိုင်များဖြင့် သာယာလှပသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။

ရေကန်တစ်ခုအနားတွင် လူအနည်းငယ်သည် တောင်ပေါ်မှဆင်းသက်ကာ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာကြသည်။

"ရှောင်ဟုန်၊ မင်းပြောတဲ့အတိုင်းဆို နတ်မိမယ်တိုင်းပြည်က အပြင်က အမျိုးသားကျင့်ကြံသူ တွေကို သိပ်လက်မခံပေမဲ့ အိပ်ရာဓလေ့ထုံးတမ်းတွေက ပွင့်လင်းတယ်ဆို။ ယုတ္တိရှိရှိစဉ်းစားရင် နှစ်စဉ်နှစ်တိုင်း ယောက်ျားလေးတွေ အများကြီးမွေးဖွားသင့်တာပဲ။ ဒါဆို ဘာလို့ နှစ်ပေါင်းများစွာကြာလာတာတောင် အမျိုးသားအရေအတွက်က ဒီလောက်ရှားနေရတာလဲ" ယဲ့ကျွင်းလင်က တွေးတောရင်းပြောလိုက်သည်။

အတိုချုပ်ပြောရလျှင် အိမ်ထောင်စုစာရင်းသွင်းရန် ခက်ခဲခြင်း၊ ဖမ်းမိလျှင် ဆိုးရွားသောအဆုံးသတ်နှင့် ကြုံတွေ့ရခြင်းတို့ရှိသော်လည်း နှစ်များစွာကြာမြင့်လာသည့်အလျောက် ကလေးငယ်မွေးဖွားနှုန်းကလည်း အတူမြင့်တက်မလာသင့်ဘူးလား။ မျိုးစေ့ချခြင်းသူသာ စွမ်းဆောင်ရည်မြင့်နေပါက ယောက်ျားလေးမွေးဖွားဖို့ရာ ထိုမျှခက်ခဲရှားပါးနေလောက်မည်မဟုတ်။

ရှိသမျှအမျိုးသားများလည်း စွမ်းဆောင်ရတာများလွန်း၍ အသက်တိုတိုနှင့် သေဆုံးကုန်ကြခြင်းများလား?

ဟုန်ချန်ယဲ့က အလေးအနက်ထား၍ ရှင်းပြလာသည်။ "ဆရာသခင်မသိသေးတာက နတ်မိမယ်တိုင်းပြည်က အမျိုးသမီးတွေ ဘာလို့ဒီလောက်အစွမ်းထက်ရလဲဆိုတော့ သူတို့က တော်ဝင်မိသားစုက ပြဋ္ဌာန်းထားတဲ့ ‘နတ်မိမယ်ပညာ’ လို့ခေါ်တဲ့ ကျင့်စဥ်တစ်ခုကို ကျင့်ကြံကြလို့ပါ။ ဒီကျင့်စဥ်က အမျိုးသမီးတွေအတွက်ပဲ သီးသန့်ဖြစ်ပြီး ကျင့်ကြံဆင့်မြန်မြန်တက်ရောက်စေရုံမက တိုက်ခိုက်ရေးစွမ်းအားကို သဘာဝအလျောက် ပိုမိုအားကောင်းစေပါတယ်"

"ဒါပေမဲ့ ပြဿနာတစ်ခုက ဒီကျင့်စဥ်ကိုကျင့်ကြံထားတဲ့ အမျိုးသမီးတွေဟာ မိန်းကလေးတွေပဲ မွေးဖွားနိုင်ချေများပါတယ်။ ဒီလိုဆက်သွားရင်း အချိန်ကြာလာတာနဲ့အမျှ အမျိုးသမီးအရေအတွက်က အမျိုးသားထက် အများကြီး ပိုများလာတော့တာပေါ့"

"သြော်… ဒါကြောင့်ကိုး" ယဲ့ကျွင်းလင်က ခေါင်းတညိတ်ညိတ်ဖြင့် ဤထူးခြားသော ရှေးဟောင်းတိုင်းပြည်၏ ဖွဲ့စည်းပုံကို ပိုမိုရှင်းလင်းစွာ နားလည်သွားခဲ့သည်။

နတ်မိမယ်တိုင်းပြည်၏ ပထမဆုံးဘုရင်မသည် အလွန်ပင် အရည်အချင်းပြည့်ဝပြီး ကြီးကျယ်ဆန်းသစ်သော စိတ်ကူးစိတ်သန်းများရှိသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦးဖြစ်ပုံရ၏။

အမှန်စင်စစ် အလယ်ပိုင်းဒေသသည် အလွန်ကျယ်ပြောသောနေရာတစ်ခုဖြစ်ပြီး လေ့လာစူးစမ်းစရာများပြားလှသည်‌ပင်။

လီဝူကျယ်သည် ချောင်းအနည်းငယ်ဟန့်၍ မေးလိုက်သည်။ "ဒါနဲ့၊ ကျွန်တော်တို့ အခုဘယ်ကိုသွားနေတာလဲ"

သူ့ကို တောက်ပရွှန်းလဲ့နေသောမျက်လုံးများဖြင့် ဝိုင်းအုံကြည့်နေကြမည့် အမျိုးသမီးများကိုတွေ့ဖို့ မစောင့်နိုင်တော့ပေ။

ဤနေရာတွင် အမျိုးသားများ ထိုမျှရှားပါးသဖြင့် သူ့လို ကြည့်ကောင်းသော အမျိုးသားများမှာ အလွန်ရှားပါးအဖိုးတန်လောက်မည် သေချာသည်ပင်။

ဟုန်ချန်ယဲ့က သူ့အား တစ်ချက်လှည့်ကြည့်ကာ စိတ်မရှည်သောလေသံဖြင့် ပြောသည်။ "ဘာလို့ ဒီလောက်အလျင်စလိုဖြစ်နေရတာလဲ? ငါမှတ်မိသလောက် ရှေ့မှာ တော်ဝင်မြို့တော်ကိုသွားတဲ့ အထူးရတနာသင်္ဘော တစ်စီးရှိတယ်။ အဲ့ဒီနေရာက နတ်မိမယ်တိုင်းပြည်မှာ အစည်ကားဆုံးနေရာပဲ"

"ကျွန်တော် အလျင်စလိုမဖြစ်ပါဘူး။ အစ်ကိုကြီးရဲ့ ဘယ်မျက်လုံးက ကျွန်တော်အလျင်စလိုနေတာကို မြင်သွားတာလဲ? တကယ်ကို နားမလည်နိုင်ဘူး" လီဝူကျယ်က အရှက်မရှိခံငြင်းရင်း သူ့စိတ်ရင်းမှန်ကို တတ်နိုင်သလောက်ဖုံးကွယ်ဖို့ကြိုးစားသည်။

မကြာမီ။

မျက်စိရှေ့သို့ ရောက်ရှိလာသည်မှာ ရေကန်ဘေးတွင် လှေစောင့်နေသော အမျိုးသမီးအချို့ပင်ဖြစ်ပြီး တစ်ဦးစီမှာ နုပျိုလှပကြကာ နူးညံ့ချောမွေ့သော နှင်းကဲ့သို့ ဖြူဖွေးသည့် အသားအရေများကို ရဲတင်းစွာလှစ်ဟဖော်ပြထားကြသည်။

နတ်မိမယ်တိုင်းပြည်တွင် ဓလေ့ထုံးတမ်းများသည် အလွန်ပွင့်လင်းပြီး အမျိုးသမီးများကို အမျိုးသားများထက် သိသိသာသာ ဦးစားပေးထားသဖြင့် သာမန်အရပ်သူ အမျိုးသမီးများပင် လူအများအမြင်ကို ရှက်ရွံ့စိုးထိတ်နေစရာမလိုဘဲ မိမိနှစ်သက်သလို ဝတ်စားဆင်ယင်နိုင်သည်။

ထိုထက်ပို၍ ရဲရဲဝံ့ဝံ့ရှိသော အမျိုးသမီးအများအပြားဆိုလျှင် အတွင်းခံအဝတ်အစားများဖြင့်ပင် လမ်းမများပေါ် လျှောက်သွားရဲကြသည်ဆို၏။

"ဒီနေရာမှာ သင်္ဘောစောင့်ကြမယ်" ဟုန်ချန်ယဲ့က ပြောလိုက်သည်။

သူ့မျက်နှာပေါ်၌ ဘယ်အချိန်ကမှန်းမသိပေါ်လာသည်မသိ၊ တစ်ဝက်ပိတ်ငွေရောင်မျက်နှာဖုံးတစ်ခု ရှိနေပြီး မျက်နှာ၏အောက်တစ်ဝက်ကိုသာ ဖော်ထုတ်ပြသထားသော်လည်း သူ့၏ကော့ပျံချွန်မြနေသောနှာခေါင်း၊ တောက်ပသောနှုတ်ခမ်းနီရဲရဲနှင့် လှပစွာထွင်းထုထားသော မေးရိုးထင်းထင်းများကို မြင်နိုင်နေဆဲဖြစ်သည်။

မွေးရာပါ ကိုယ်ရည်ကိုယ်သွေး၏ ဆွဲဆောင်မှုနှင့်နှင့် ပေါင်းစပ်လိုက်သောအခါ ရုပ်ရည်တင်မက စိတ်ဝိညာဥ်ကပါ လူအများ၏နှလုံးသားကို ညှို့ယူဖမ်းစားနေသကဲ့သို့။

ယဲ့ကျွင်းလင်မှ သူ့ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေသည်ကား မြင်သောအခါ ဟုန်ချန်ယဲ့သည် ခေါင်းကို အမြန်ငုံ့ကာ ရှင်းပြရသည်။ "ဆရာသခင်၊ တပည့်က မလိုလားအပ်တဲ့ အာရုံစူးစိုက်မှုကို ရှောင်တာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က နတ်မိမယ်တိုင်းပြည်မှာ တကယ်ကို နာမည်ကြီးခဲ့တာလေ"

အဲ့လို?

မင်းဟာက ဒရာမာကားထဲရောက်သွားသလိုပါလား။

ယဲ့ကျွင်းလင် စိတ်ထဲမှ တိတ်တဆိတ် ညည်းညူလိုက်သည်။

သို့သော် ပြန်ချေပစရာစကားလည်းမရှိသဖြင့် မျက်နှာဖုံးဝတ်လိုသူကို ဒီအတိုင်းသာလွှတ်ထားလိုက်ရတော့၏။

"အဲ့ဒီနားမှာ အမျိုးသမီးတွေ အများကြီးပဲ!"

လီဝူကျယ်သည် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ ထိုအမျိုးသမီးများ သူ၏ရုပ်ရည်ကြောင့် ရူးသွပ်သွားကြမည့်မြင်ကွင်းကို စိတ်အားထက်သန်စွာ မျှော်လင့်နေသည်။

ယဲ့ကျွင်းလင်တို့အဖွဲ့ ရှေ့သို့လှမ်းလာကြသောအခါ ရေကန်ဘေးတွင် စောင့်ဆိုင်းနေသော အမျိုးသမီးများသည်လည်း လှည့်မကြည့်ဘဲမနေနိုင်ကြတော့ပေ။

တစ်ခဏအတွင်း သူတို့၏မျက်လုံးများသည် ကျဉ်းမြောင်းသွားပြီး မယုံနိုင်စရာတစ်ခုခုကို မြင်လိုက်ရသည့်နှယ်။ အသက်ရှူပင်ရပ်သွားကြကာ နှုတ်ခမ်းများပွင့်ဟလျက် ရုပ်တုများကဲ့သို့ မှင်တက်ငေးစိုက်ကြည့်မိနေကြသည်။

ပတ်ဝန်းကျင်ရှိ လေထုမှာ ရုတ်တရတ်ရပ်တန့်ခဲသက်သွားသည့်အလား။

လေထုသည် ထူးဆန်းသွားရုံသာမက ကြက်သီးထချင်စရာ အငွေ့အသက်များကိုပါ ခံစားမိနေလေသည်။

ကမ်းဘေးရှိ အမျိုးသမီးရာကျော်သည် ထိုလူအနည်းငယ်ကို ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေကြသည်။ ပို၍တိကျစွာဆိုရသော် သူတို့၏အကြည့်များသည် ရွှေချည်ထိုးထားသော အနက်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားကာ လရောင်ကဲ့သို့ နူးညံ့တောက်ပသော ငွေရောင်ဆံပင်များရှိသည့် လူငယ်ချောချောလေးထံ စူးစိုက်မိနေကြ၏။

"အဟမ်း အဟမ်း"

လီဝူကျယ်သည် ချောင်းအနည်းငယ်ဟန့်ကာ ခါးကိုမတ်၍ ဂုဏ်ယူစွာပြောသည်။ "မြင်လား? သူတို့အားလုံး ကျွန်တော့်ကိုကြည့်နေတာ!"

ဟုန်ချန်ယဲ့ နှုတ်ခမ်းနည်းနည်းတွန့်သွားသည်။ မင်းသေချာရဲ့လား?

ထိုအချိန်တွင် အမျိုးသမီးအများအပြားသည် တဖြည်းဖြည်း သတိပြန်ဝင်လာကြပြီး သူတို့၏ လက်ချောင်းသွယ်သွယ်လေးများဖြင့် ယဲ့ကျွင်းလင်ကို လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာ အချင်းချင်း ဆွေးနွေးကုန်ကြသည်။

"ဒီ သခင်လေးက အရမ်းကြည့်ကောင်းတာပဲ!"

"အစ်မတို့ရေ၊ ဒီလောက်ချောမောတဲ့အမျိုးသားမျိုးကို ကျွန်မဖြင့်တစ်ခါမှမမြင်ဖူးဘူး! သူက တကယ့်ကို ထိပ်တန်းအဆင့်ရုပ်ရည်ပဲ! အိုး... မဟုတ်သေးပါဘူး၊ သူက အမတနတ်ဘုရားပဲ!"

"သူ့မျက်နှာကိုမြင်ရုံနဲ့တင် ဒီအဒေါ်ကြီးကတော့ အားနဲ့ဆွဲနမ်းချင်တာပဲသိတော့တယ်!"

"ညီအစ်မရယ် ငါဆိုအခုချက်ချင်းပြေးသွားပြီး ပွတ်သပ်လိုက်ချင်တာ! အား... စဉ်းစားရုံနဲ့ကို ခြေမခိုင်တော့ဘူး"

"ဘယ်လိုလုပ်ရပါ့မလဲ? သူ့နားသွားပြီး စကားပြောချင်လိုက်တာ!"

"တော်ကြပါတော့။ ဒီလို အရည်အသွေးကောင်းတာလေးမျိုးကို ခွန်အားကြီးတဲ့အမျိုးသမီးတွေအများကြီးက ယူထားပြီးသားဖြစ်လိမ့်မယ်။ အစ်မတို့တွေကိုတော့ ဒီညအိပ်ရင် ခေါင်းအုံးတွေ ပိုပြီးမြင့်မြင့်ထားဖို့ အကြံပေးမယ်၊ နွေဦးအိပ်မက်လေးမက်နိုင်အောင်လို့လေ"

"ဟုတ်တာပေါ့။ ကြည့်ပါဦး၊ အဲ့ဒီလူရဲ့ဘေးနားမှာ မျက်နှာဖုံးစွပ်ထားတဲ့ အနီရောင်ဝတ်အမျိုးသမီး တွေ့တယ်မလား? သူက ပိုင်ရှင်အမျိုးသမီးရဲ့ နောက်လိုက်အစောင့်ဖြစ်လောက်တယ်။ လူကိုကာကွယ်ပေးဖို့သက်သက် လိုက်လာတာပဲ။ သွားရှုပ်လို့ရမဲ့ပုံတော့မဟုတ်ဘူးနော်"

All Chapters