← Chapters

သမိုင်းမှာအချောဆုံး စာရေးဆရာ

Vol. 32 Ch. 445

သမိုင်းမှာအချောဆုံး စာရေးဆရာ

Vol. 32 Ch. 445

ယဲ့ကျွင်းလင် ပြောခဲ့သည့်အတိုင်း ထိုရွှေရောင်စာလုံး၆လုံးကို အတိအကျမှန်ကန်စွာ မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာတော့၏။

အတိအကျ ပြန်လည်စီစဥ်လိုက်လျှင် သမိုင်းတွင်အချောဆုံးစာရေးဆရာ ဟူ၏။

“ဒီသခင်လေးက ချောရုံတင်မကဘဲ အရည်အချင်းလည်း ရှိလိုက်တာ! ကျွန်မတော့ ချစ်မိသွားပြီ!”

“သူ့ကိုသာ လက်ထပ်ခွင့်ရရင် အိပ်မက်ထဲမှာတောင် ပြုံးနေမိမှာပဲ!”

“ငါ ဘာလုပ်ရမလဲ? သူ့ရဲ့ ကလေးတွေ မွေးပေးမိချင်တယ်၊ အများကြီး အများကြီး မွေးပေးချင်တယ်။ ကလေးလေးတွေကိုချစ်လို့ပါပဲနော်။ တခြားစိတ်မရှိဘူး!”

“မယုံပါဘူးဟဲ့၊ ဒီအဖွားကြီး အရမ်းဆိုးနေတာပဲ!”

“ဟုတ်တယ်လေ၊ သူ့နဲ့ အိပ်ချင်တယ်လို့သာ ပြောလိုက်ပါတော့လား! ဒီလိုယောကျာ်းမျိုးသာ ငါ့ယောက်ျားဖြစ်ခဲ့ရင် မနက်ကနေ ညအထိ နေ့တိုင်းမနားရရင်တောင် ပျော်ပျော်ကြီးအပင်ပန်းခံပေးဦးမယ်!”

“ညီမလေး၊ နင်ကတော့ ဘဝကို ဘယ်လိုပျော်အောင်နေရမလဲ တကယ်သိတာပဲ!”

ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ ပြင်းထန်လာပြီး မရိုးမဖြောင့် အဓိပ္ပာယ်ပါသော မှတ်ချက်များမှာလည်း မရပ်မနား ထွက်ပေါ်နေခဲ့သည်။

လီဝူကျယ်မှာတော့ အတော်လေးမနာလိုနေဟန်ရှိသည်။ သိသာထင်ရှားစွာ ချောမောသောသူများသည် ဤတိုင်းပြည်တွင် ပို၍မျက်နှာသာပေးခံရမည် အသေအချာပင်။ ကံမကောင်းစွာဖြင့် သူ့ရုပ်ရည်က မသိမသာချောမောနေခဲ့ခြင်းလေသည်။

ယဲ့ကျွင်းလင်၏ ကျောရိုးတစ်လျှောက်တွင် ကြက်သီးတစ်ချက် ဖြန်းခနဲတက်သွားသည်ကို ခံစားလိုက်ရပြီး သူ့နောက်ကျော၌ ဓားမြှောင်များဖြင့် ချိန်ထိုးခံထားရသလို ခံစားလိုက်ရ၏။

ဤအချိန်တွင် သူသာ စွမ်းရည်မရှိ အကာအကွယ်မဲ့ပြီး နတ်မိမယ်တိုင်းပြည်တွင် တစ်ယောက်တည်းရှိနေမိပါက မည်မျှကြောက်မက်ဖွယ်ကောင်းသော ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ကို စဉ်းစား၍ပင်မရနိုင်ပေ။

သို့သော် သူသည် အချက်တစ်ခုကိုတော့ သေချာအောင် စစ်ဆေးနိုင်ခဲ့၏။ သူ၏ကံတရားမှာ ကောင်းကင်ကို ဆန့်ကျင်စိန်ခေါ်နိုင်သော အဆင့်တွက် မပြောင်းမလဲတည်ရှိနေကြောင်းပင်။ ဤကဲ့သို့ အသေးအမွှား ပဟေဠိဖြေဆိုခြင်းမျိုးတွင်ပင် မည်သည့်စကားလုံးကို ထုတ်ပြောလိုက်သည်ဖြစ်စေ မှန်ကန်နေခဲ့သည်။

“သခင်လေးယဲ့က တကယ်ကို အရမ်းတော်တာပဲ။”

တုန်ဖန်းမုန့်ယောင်၏ မျက်လုံးများမှာ အသည်းပုံများလျှံထွက်ကျတော့မတတ် တောက်ပနေပြီး ခန့်ညားထည်ဝါသော ဆံပင်ငွေရောင်နှင့်လူငယ်ကို တစိမ့်စိမ့်ကြည့်ရင်း ရုပ်ရည်သွင်ပြင်ကိုသာမက သူ၏ အရည်အချင်းကြောင့်ပါ ဆွဲဆောင်ခံလိုက်ရကာ လုံးဝစွဲလန်းနေခဲ့ပြီဖြစ်လေသည်။

“နေစမ်းပါဦး”

ယဲ့ကျွင်းလင်၏ အမူအရာမှာ ထူးဆန်းနေပြီး မီးပုံးပေါ်မှ အဖြေကို ကြည့်ကာ မေးလိုက်သည်။ “ကျွန်တော်ပြောမယ် ဆိုင်ရှင်ညီအစ်ကို၊ ခင်ဗျား ဘာလို့ ဒီစာလုံးခြောက်လုံးကို ပေါင်းထည့်ထားတာလဲ? ရည်ရွယ်ချက်ရှိရှိနဲ့လား၊ မတော်တဆလား?”

သမိုင်းတွင် အချောဆုံး စာရေးဆရာတဲ့လား? ဒီနာမည်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းရာမကျဘူးလား! အရမ်းရှက်စရာကောင်းတယ်လေ။

အဒေါ်မေ ပြုံးလိုက်သည်။ “ဒါက စာရေးဆရာတစ်ဦးရဲ့ ကလောင်နာမည်ဆိုရင်တော့ ကျွန်မအနေနဲ့ တော်တော်လေး ထူးခြားတယ်လို့ ထင်မိတယ်။”

သူမ၏လက်ရာဖြစ်သော “အမျိုးသားတစ်ဦးကို သင့်ကိုမြန်မြန်ချစ်အောင် ဘယ်လိုလုပ်ရမလဲ” ဆိုသည့် စာအုပ်သည် ကျန်းဟူသိုင်းလောက၏ အ‌ရောင်းမှတ်တမ်းစာရင်းတွင် ရောင်းအားအကောင်းဆုံး စာအုပ်ဖြစ်ပြီး သူမ၏ကလောင်နာမည်မှာ “ဇီးပန်းပွင့်” ဟူ၍သာဖြစ်ကာ ရိုးရှင်းပြီး ခန့်ညားလှသည်။

သို့သော် ယခုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တင်စားသော ကလောင်နာမည်ကို မြင်သောအခါ အဒေါ်မေသည် မိမိ၏ကလောင်အမည်ကိုပင် ရိုးရှင်းလှချည့်ဟု ခံစားမိရ၏။

ကလောင်နာမည်ကို အစကတည်းက သမိုင်းမှာအချောဆုံးစာ‌ရေးဆရာမ လို့ ပေးခဲ့မိရင်အကောင်းသား။

“အော့”

ဇိမ်ခံသင်္ဘောပေါ်မှ ရှက်စရာကောင်းသော အဖြစ်အပျက်ပြီးနောက် တုန်ဖန်းမုန့်ယောင်သည် စာရေးဆရာများအပေါ် အထင်အမြင်ကောင်းကျန်ရှိမနေတော့ပေ။ ထို့ကြောင့် ထိုစာလုံးခြောက်လုံးကို ကြည့်လိုက်ပြီး အထင်အမြင်သေးစွာမှတ်ချက်ပြုသည်။

“ယဉ်ကျေးပြီး အဆင့်အတန်းမြင့်တဲ့လူတစ်ယောက်က ဒီလိုကလောင်နာမည်မျိုးကို ဘယ်လိုလုပ်ရွေးချယ်မှာလဲ?”

“တစ်ချက်ကြည့်လိုက်ရုံနဲ့ အဆင့်အတန်းနိမ့်ပြီး အရည်အချင်းမပြည့်တာ သိသာတယ်။”

ထိုစကားကို ကြားသောအခါ ဆိုင်ရှင်အမျိုးသားက ရှက်ရွံ့စွာဖြင့် တုံ့ပြန်လာ၏။ “တကယ်တော့ ကျွန်တော် ငယ်ငယ်တုန်းက စာအုပ်ရေးပြီးထုတ်ဝေဖို့ အိပ်မက်ရှိခဲ့တယ်။ ဒါက ကျွန်တော့်ရဲ့ ပျောက်ဆုံးသွားတဲ့ လူငယ်ဘဝကို ပြန်သတိရမိအောင်လို့ပါ။ ကျေးဇူးပြုပြီး ဧည့်သည်တော်တို့ စကားကိုယဥ်ယဥ်ကျေးကျေးပြောပေးကြပါလားခင်ဗျာ။"

ယဲ့ကျွင်းလင်က စေတနာအပြည့်ဖြင့် မေးမြန်းလိုက်သည်။ “ဆိုင်ရှင်အမျိုးသား၊ ခင်ဗျားမှာ ပြောပြလို့မရတဲ့ အခက်အခဲတွေ ရှိနေတာလား? တကယ်တော့ စာရေးသားဖို့ဆိုတာ အတွေ့အကြုံ၊ ဗဟုသုတများစွာ လိုအပ်တယ်။ ခင်ဗျားသာ ဆက်ပြီးကြိုးစားဖို့ ဆန္ဒရှိရင် ခင်ဗျားရဲ့ အိပ်မက်က နောက်ဆုံးမှာ တကယ်ဖြစ်လာမှာပါ။”

သနားစဖွယ်မော့ကြည့်လာသော ဆိုင်ရှင်အမျိုးသား၏ မျက်ကွင်းများသည် ဖူးရောင်ညိုမည်းနေလျက်ရှိ၏။ ထို့နောက် လက်တစ်ဖက်ဖြင့် ခါးထောက်ကာ ခေါင်းတယမ်းယမ်းဖြင့် သက်ပြင်းချလိုက်သည်။

“ဒီကသခင်လေးရယ်၊ ကျွန်တော့်ရဲ့ လက်ရှိအခြေအနေမှာ ဘယ်လိုလုပ် ဆက်ကြိုးစားနိုင်မှာလဲ? ကျွန်တော် ဗဟုသုတကို ခက်ခက်ခဲခဲ စုဆောင်းလိုက်တိုင်း သူတို့က ရက်ရက်စက်စက် ကျွန်တော့်ကို ခြောက်သွေ့အောင် ညှစ်ထုတ်သွားတတ်ကြတယ်။ တစ်စက်လေးမှ မကျန်တော့လောက်အောင်ပဲ။ စာရေးသားဖို့အတွက်တော့ ကျွန်တော့်မှာ အခု တကယ်ကို စွမ်းအင်မကျန်ရှိတော့ပါဘူး!”

သူ၏ စကားများမှာ လက်တွေ့ဘဝအပေါ် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

ယဲ့ကျွင်းလင်: “...”

ခင်ဗျားရဲ့ အခြေအနေက အကြံပြုပေးဖို့ အခက်သားပဲ။ ကျွန်တော် ပြောနိုင်တာကတော့ အဆင်ပြေသလို ဆက်လက်ရှင်သန်ဖို့ပါပဲ!

“ဒီမှာ၊ ဒါတွေက အဖြေမှန်တဲ့အတွက် ပေးမဲ့ဆုတွေပါ၊ အကုန်လုံး သခင်လေးအပိုင်ပါပဲ!” ဆိုင်ရှင်အမျိုးသားက ပြုံးပြီး ပြောလိုက်သည်။

ယဲ့ကျွင်းလင်က ဆုအိတ်ကိုယူပြီး သာမန်ကာလျှံကာပင် ဖွင့်ကြည့်လိုက်မိသောအခါ သူ့မျက်နှာသည် ချက်ချင်း မည်းမှောင်ပျသွားသည်။ “ဆိုင်ရှင်ညီအစ်ကို၊ ခင်ဗျား မမှားဘူးဆိုတာ သေချာရဲ့လား?”

“ဘာတွေလဲ?” လီဝူကျယ်က သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။

“ဟေး၊ ပစ္စည်းကောင်းပဲ!”

ဟုန်ချန်ယဲ့လည်း စိတ်ဝင်တစား လှမ်းကြည့်လိုက်ပြီးနောက် တိတ်ဆိတ်စွာ ပြန်ဆုတ်သွားကာ အမူအရာမှာ ခန့်မှန်းမရအောင် ထူးဆန်းနေခဲ့သည်။

“သခင်လေးယဲ့၊ အိတ်ထဲမှာ ဘာတွေများရှိတာလဲ?” တုန်ဖန်းမုန့်ယောင်သည် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိပြုမိပြီး အိတ်ထဲသို့ ချောင်းကြည့်လိုက်သောအခါ သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းနီရဲလာပြီး လက်ဖြင့်အမြန်ဖုံးကာလျက် နောက်သို့ဆုတ်သွားရသည်။

အိတ်ထဲတွင် ကျွဲအင်္ဂါ၊ သမင်အင်္ဂါ၊ သိုးအင်္ဂါ၊ ခွေးအင်္ဂါ၊ မြင်းအင်္ဂါ စသည့် တိရစ္ဆာန်အင်္ဂါများ ပြည့်နှက်နေသည်။

တစ်ခုချင်းစီတိုင်းတွင် ယန်ဓာတ်ကို အားဖြည့်ပေးနိုင်သော အာနိသင်အစွမ်းသတ္တိများ ပါရှိနေသည်။

ယခု အိတ်တစ်အိတ်လုံး ထိုအရာများဖြင့် ပြည့်လျှံနေသောအခါ မည်မျှအထိအားဖြည့်ပေးနိုင်မည်ကို စိတ်ကူးကြည့်နိုင်ပါသည်။

ဆိုင်ရှင်အမျိုးသားက စေတနာပါပါဖြင့် ပြောလာသည်။ “သခင်လေး၊ ကျွန်တော်တို့ နတ်မိမယ်တိုင်းပြည်မှာနေနေတာပဲကို၊ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောရအောင်။ ခင်ဗျားလို အလွန်ချောမောတဲ့ ယောက်ျားတစ်ဦးမှာ ဒီလိုဓာတ်စာတွေကတော့ မဖြစ်မနေလိုအပ်ပါတယ်။”

“ကျွန်တော့်ကိုလည်း ကြည့်ပါဦး။ ကျွန်တော်ငယ်ငယ်တုန်းကလည်း ပတ်ဝန်းကျင်၁၀မိုင်ပတ်လည်အတွင်းမှာ နာမည်ကြီးတဲ့ လူချောတစ်ယောက်ပါ။ တော်ဝင်မြို့တော်ကို အသက်မွေးဝမ်းကျောင်းဖို့ ရောက်လာပြီးနောက်ပိုင်း ဒီနှစ်တွေမှာ ရုပ်ရည်ပုံပန်းက ဆယ်ယူမရတော့လောက်အောင် လုံးဝ ပျက်စီးသွားခဲ့ပြီ။ ဒီလို တရားမျှတမှုကင်းမဲ့တဲ့နေရာမှာ ကျွန်တော်တို့ ယောက်ျားတွေအတွက် ခေါင်းစခြေဆုံး အရေးအကြီးဆုံးအရာက ကျောက်ကပ်ပါပဲ!!”

ဆိုင်ရှင်အမျိုးသားသည် ယဲ့ကျွင်းလင်ကို မြင်သောအခါ သူ၏ တက်ကြွနုပျိုခဲ့သော လူငယ်ဘဝကို ပြန်လည်အမှတ်ရနေပုံပေါ်သည်။

ထို့အပြင် ယဲ့ကျွင်းလင်မှာ သူငယ်ရွယ်ပျိုမျစ်စဥ်ကထက်ပင် အများကြီး ပိုချောမောနေသောကြောင့် ဆိုင်ရှင်အမျိုးသားသည် တစ်ဖက်လူ နောက်ပိုင်းတွင် ကြုံတွေ့ရမည့်ဘဝလမ်းကို တွေးလိုက်ရုံနှင့်ပင် အလွန်အမင်း ကိုယ်ချင်းစာနာမိရလေ၏။

“ခင်ဗျားအတွက်ပဲ ပြန်ယူထားလိုက်ပါ၊ ကျွန်တော် မလိုအပ်ပါဘူး။”

ယဲ့ကျွင်းလင်သည် ထိုစကားတစ်ခွန်းကိုသာ ချန်ထားခဲ့ပြီး အိတ်ကို ပြတ်ပြတ်သားသားပစ်ချကာ လှည့်ထွက်သွားခဲ့သည်။ ထိုစကားကို ကြားလိုက်မိသော အမျိုးသမီးများ၏ အမူအရာများမှာ အဓိပ္ပာယ်အပြည့်ဖြင့် ရွှန်းတောက်သွားကြတော့၏။

ဓာတ်စာ မလိုအပ်ဘူးလား? ဒါဆို အရမ်းသန်မာတက်ကြွမဲ့ပုံပဲ!

“သခင်လေးယဲ့၊ ကျွန်မကို စောင့်ပါဦး!”

တုန်ဖန်းမုန့်ယောင်ပင်လျှင် ယဲ့ကျွင်းလင်၏ ယုံကြည်မှုပြည့်ဝသော လုပ်ရပ်ကြောင့် အံ့အားသင့်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ကာ သူမ၏နှလုံးသားသည် တဒိန်းဒိန်းခုန်လှုပ်နေခဲ့သည်။

ဤသည်မှာ ထိုကဏ္ဍတွင် စွမ်းဆောင်နိုင်မှုအပေါ် သူ့ကိုယ်သူ လုံးဝယုံကြည်မှုရှိခြင်း သက်သေပင်!

ယဲ့ကျွင်းလင်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားတစ်ခွန်းဖြင့် အမျိုးသမီးအားလုံးကို တသီတတန်းကြီး စိတ်လှုပ်ရှားစေခဲ့သည်အား မသိခဲ့ပေ။ ထိုလက်ဆောင်က ထူးဆန်းသည်ဟုတွေးမိသောကြောင့် လက်မခံခဲ့ခြင်းသာဖြစ်၏။

ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ဆိုင်ရှင်အမျိုးသားက နှမြောတသစွာ သက်ပြင်းချလိုက်သည်။ “အင်း၊ ငယ်ပါသေးတယ်လေ။”

တစ်ချိန်တည်းမှာပင် တော်ဝင်မြို့တော်ရှိ ပွဲတော်အငွေ့အသက်သည် တဖြည်းဖြည်းပိုမိုပြင်းပြလာကာ ညဥ့်နက်လာလေ ပို၍သက်ဝင်တက်ကြွလာလေဖြစ်သည်။

“မြန်မြန်၊ မြန်မြန်၊ မျှောလှေပွဲစတော့မယ်!”

“မျှောလှေပေါ်က သခင်လေးတွေကို ကြည့်ချင်လှပြီ!”

“ဒီနှစ် မျှောလှေပွဲတော်မှာ ဘယ်သခင်လေးက အတောက်ပဆုံးဖြစ်နေမလဲ စဉ်းစားလို့တောင်မရဘူး!”

“ဒီလိုအချိန်မျိုးတိုင်းမှာ ချမ်းသာတဲ့ အမျိုးသမီးတွေက သူတို့အကြိုက်ဆုံး အမျိုးသားအတွက် မျှောလှေတွေကို ပိုက်ဆံအများကြီးသုံးပြီး ကြိုတင်မှာယူထားကြတယ်လေ။ ပြီးတော့ တော်ဝင်မြို့တော် ကို အတူတူ လှည့်ပတ်ကြတယ်။ ဒီမြင်ကွင်းက တစ်နှစ်တာရဲ့ အခမ်းနားဆုံးနဲ့ မျက်စိပသာဒအဖြစ်ဆုံး မြင်ကွင်းပါပဲ။”

“ဝူးဝူး၊ ဒီခေတ်မှာတော့ ချမ်းသာတဲ့သူတွေပဲ အတူတူပေါင်းဖက်ကြတယ်။ ဘယ်ယောကျာ်းလေးကများ ငါတို့လို ဆင်းရဲတဲ့ အမျိုးသမီးတွေကို ရွေးချယ်မှာလဲ?”

အမျိုးသမီးများစွာသည် ရောင်စုံအဝတ်အစားများဖြင့် စကားတကျီကျီပြောဆိုရင်း မျှောလှေပွဲတော်စတင်မည့်အချိန်အား စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ကြ၏။

မျှောလှေပွဲတော်သည် နတ်မိမယ်တိုင်းပြည်၏ အကြီးကျယ်ဆုံးသော ပွဲတော်တစ်ခုဟု ဆိုရပေမည်။ ဤပွဲတော်၏ နောက်ဆုံးအပိုင်းတွင် အမျိုးမျိုးသော မျှောလှေများ ထွက်ပေါ်လာမည်ဖြစ်ပြီး ငွေကြေးဓနအင်အားကြီးသော အမျိုးသမီးများသည် သူတို့လိုချင်သောမျှောလှေကို သူတို့၏အဖော်ယောက်ျားများအတွက် ငွေပုံအောကာ ငှားရမ်းကြမည်ဖြစ်သည်။ ထို့နောက် မျှောလှေအတူစီးကာ တော်ဝင်မြို့တော် ကို လှည့်ပတ်ကြမည်။ အဆုံးသတ်ဆုံမှတ်သို့ ရောက်ရှိပြီးနောက် အကျော်ကြားဆုံးနှင့် လူကြိုက်အများဆုံး ကြင်ဖက်အတွဲက စီစဉ်သူများ ပြင်ဆင်ထားသော သက်တန့်တံတားပေါ်သို့ တက်ရောက်နိုင်ပြီး တော်ဝင်မြို့တော် တစ်ခုလုံးကို အပေါ်စီးမှ ရှုမြင်နိုင်ကာ အဆုံးမရှိသော ရှုခင်းများကို ခံစားနိုင်မည်ဖြစ်၏။ ပြီးနောက် နတ်မိမယ်တိုင်းပြည်၌ အကျော်ကြားဆုံး အတွဲတစ်တွဲအဖြစ် တစ်နှစ်တာရပ်တည်နိုင်ပေတော့မည်။

ထိပ်တန်းအဆင့် ချောမောခံ့ညားသော ယောက်ျားတစ်ဦးကို မျှောလှေပေါ်တွင် ခေါ်ဆောင်သွားနိုင်ခြင်းသည် မျှောလှေအခမ်းအနားကို ကြည့်ရှုနေသော မိန်းကလေးများစွာကို မနာလိုအားကျစိတ်နှင့် မကျေမနပ်ဖြစ်စေမည်မှာ သေချာသည်။

တစ်နည်းအားဖြင့် ၎င်းသည် အင်အားကြီးသော အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပြီး မာနတရားကို ကျေနပ်စေရန် နည်းလမ်းတစ်ခုသာဖြစ်၏။

သာမန်လူများမှာတော့ မြေပြင်မှ လှမ်းမျှော်ကြည့်ရှုခြင်းဖြင့်သာ ကျေနပ်ရမည်ဖြစ်ပြီး ညဘက်တွင် ချိုမြိန်သာယာသော အိပ်မက်တစ်ခုမက်ရန်အတွက် ခေါင်းအုံးမြင့်မြင့်ထားအုံးရုံသာ တတ်နိုင်ပေမည်။ ဤကမ္ဘာ၏ လက်တွေ့ဘဝကား ထိုသို့ကွဲပြားခြားနား၏။

“မျှောလှေပွဲရှိတာများလား?” လူအများ၏ ဦးတည်ရာ ပြောင်းလဲသွားသည်ကို သတိပြုမိပြီး ယဲ့ကျွင်းလင် စိတ်ဝင်တစား ရေရွတ်လိုက်သည်။

ဤကဲ့သို့သော ဒေသခံရိုးရာပွဲတော်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

ရုတ်တရတ် ဖရဲစေ့တစ်အိတ်လောက်ထုတ်ကာ တဖောက်ဖောက်ဝါးရင်း အေးအေးလူလူပွဲကြည့်ချင်စိတ် ဖြစ်ပေါ်လာမိသည်။

“သခင်လေးယဲ့!”

တုန်ဖန်းမုန့်ယောင်၏ ပါးများမှာ ပန်းသွေးထကာနီရဲနေပြီး သတ္တိကို စုစည်းလျက် ကမ်းလှမ်းလိုက်သည်။ “ကျွန်မ၊ ကျွန်မ ရှင့်ကို ကျွန်မနဲ့အတူ မျှောလှေစီးဖို့ ဖိတ်ခေါ်ချင်ပါတယ်!”

“ကျွန်တော်လည်း ဝင်စီးလို့ရလား?” ယဲ့ကျွင်းလင် အံ့အားသင့်သွားသည်။

တုန်ဖန်းမုန့်ယောင်က လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။ “ဒါပေါ့၊ ရတာပေါ့။ သခင်လေးနဲ့ ထိုက်တန်တယ်လေ!”

ဤသည်မှာ သူမ သဘောကျသော ယောက်ျားတစ်ဦးနှင့် ပထမဆုံးအကြိမ် ပွဲ‌တော်လှေစီးခြင်းပင်။

“ကောင်းပြီလေ၊ ဒါဆို ကျွန်တော်လည်း အတွေ့အကြုံရတာပေါ့။”

ယဲ့ကျွင်းလင် ခဏတာစဉ်းစားပြီး အလိုက်သင့်လက်ခံလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ပွဲတော်ထိတောင် ရောက်နေပြီပဲ။

“တကယ်လား? ရှင်တကယ်ပဲ ကျွန်မနဲ့အတူ မျှောလှေစီးဖို့ ဆန္ဒရှိတာလား?” တုန်ဖန်းမုန့်ယောင်သည် တစ်ဖက်လူမှ ဤမျှမြန်မြန် လက်ခံလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ၏ မျက်လုံးများတွင် ကြယ်ရောင်တောက်ပလာပြီး တအံ့တသြထပ်မေးလိုက်သည်။

“ရှိတယ်လေ။”

ယဲ့ကျွင်းလင် ခေါင်းညိတ်လိုက်ပြီး သူ့ဘာသာသူ တိတ်တဆိတ် အံ့ဩမိနေသည်။

လှေစီးတာလောက်ပဲကို ဘာလို့ ဒီလောက်စိတ်လှုပ်ရှားနေပြန်တာလဲ?

All Chapters