← Chapters

မင်းသမီး၏ ဆင့်ခေါ်စာ

Vol. 32 Ch. 446

မင်းသမီး၏ ဆင့်ခေါ်စာ

Vol. 32 Ch. 446

“ရှင်စောင့်နေနော်”

ပြတ်သားသော အဖြေစကားကို ရရှိသောအခါ ဝမ်းသာပီတိဖြစ်နေသော တုန်ဖန်းမုန့်ယောင်သည် ချက်ချင်းဆိုသလို နန်းတော်သုံး ဆက်သွယ်ရေးဆွဲကြိုးကို ထုတ်ယူကာ စိတ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။ ထို့နောက် စစ်ကြေညာသကဲ့သို့ မာန်ပါပါဖြင့် ထိုဆွဲကြိုးထဲသို့ စကားပြောလိုက်၏။

တစ်ချိန်တည်းမှာပင် မျှောလှေအခမ်းအနားအတွက် အထူးတာဝန်ယူထားသော ရွှေနဂါးကုန်သည်အသင်း၌။

အတွင်းခန်းထဲတွင် ရွှေရောင်မျက်နှာဖုံးတစ်ခြမ်းကို ဝတ်ဆင်ထားပြီး မီးလျှံလို နီရဲထင်ရှားသော နှုတ်ခမ်းများရှိသည့် မာနကြီးကြီး အမျိုးသမီးလှလှတစ်ဦးသည် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားလျက်။

သူမရှေ့တွင် ခန္ဓာကိုယ်ထွားကြိုင်းပြီး ကြွက်သားအဖုအထစ်များဖြင့် ယောက်ျားအချို့သည် မြေပေါ်တွင် အိမ်မွေးခွေးလေးများကဲ့သို့ ဒူးထောက်နေကြသည်။

အမှန်တော့ သူတို့အားလုံးသည် ထိုအမျိုးသမီးလှလှ၏ နှစ်ကိုယ်တူကျင့်ကြံဖော်များဖြစ်ပြီး ထိုအမျိုးသမီးလှလှမှာတော့ ရွှေနဂါးကုန်သည်အသင်း၏ ဥက္ကဌ နာလန်ယန် ဖြစ်၏။

ရွှေနဂါးကုန်သည်အသင်းသည် တော်ဝင်မြို့တော်ရှိ အကြီးမားဆုံးသော ကုန်သည်အသင်းဖြစ်ပြီး မျှောလှေအခမ်းအနားကို တာဝန်ယူစီစဉ်သူလည်းဖြစ်သည်။

အပြင်လူများ၏အမြင်တွင် ရွှေနဂါးကုန်သည်အသင်း၏ ဥက္ကဌ နာလန်ယန်မှာ မာန်မာနကြီးပြီး ပြတ်သားအကျင့်စရိုက်ရှိရုံသာမက စီးပွားရေးကိစ္စများတွင်လည်း ထက်မြက်လည်ပတ်သည်။ သူမတွင် ခန္ဓာကိုယ်တောင့်တင်းပြီး ချောမောသော နှစ်ကိုယ်တူကျင့်ကြံဖော် ခြောက်ယောက်ရှိခြင်းကြောင့် အမျိုးသမီးများစွာ မနာလိုရလေ့ရှိသော ငွေရှင်ကြေးရှင်တစ်ဦးပင်။

နာလန်ယန် အနားယူရင်း ပျင်းရိနေစဉ်တွင် ထူးခြားသော ဆက်သွယ်ရေးဆွဲကြိုးတစ်ချောင်းသည် စားပွဲပေါ်၌ တဝီဝီမြည်ကာ လင်းလက်လာသည်။ နာလန်ယန်သည် အေးစက်စက်လက်ဖျားကို မြှောက်ကာ ဆွဲကြိုးအား ဆွဲယူလိုက်ပြီး မျက်မှောင်ကြုတ်လျက်သားဖြင့် ပေးပို့သောမက်ဆေ့ချ်ကို နားထောင်လိုက်သည်။

“နာလန်ယန်၊ အမြင့်ဆုံးအဆင့် မျှောလှေကို ချက်ချင်းယူခဲ့။ တော်ဝင်မြို့တော်ဈေးတန်းနားကို မြန်မြန်လာပြီး ဒီမင်းသမီးကို စောင့်နေလိုက်! ဒီမင်းသမီးက သခင်လေးယဲ့နဲ့ အပြင်ထွက်စရာရှိတယ်!”

“ဒီမင်းသမီးရဲ့ ပျော်ရွှင်မှုကို နှောင့်နှေးအောင်လုပ်ရဲရင် နာလန်မိသားစု တော်ဝင်မြို့တော်ကနေ ထွက်သွားဖို့သာ စောင့်နေလိုက်!”

ရေစီးသံကဲ့သို့ ကြည်လင်သော အသံသည် တော်ဝင်မာန်အပြည့်ဖြင့် ထွက်ပေါ်လာပြီး အမိန့်ပေးသံမှာ ခိုင်မာပြည့်စုံလျက် မေးခွန်းပြန်မထုတ်ရဲစရာအနေအထားတွင် ရှိ၏။

နာလန်ယန်၏ အဆင့်အတန်းကို လူတိုင်းသိကြသည်။ ရွှေနဂါးကုန်သည်အသင်း၏ ဥက္ကဌအနေဖြင့် နိုင်ငံ၏ စီးပွားရေးအခြေအနေ၏ ၈၀ရာခိုင်နှုန်းကို ထိန်းချုပ်ထားသောကြောင့် ပုံမှန်အားဖြင့် သူမ ချောင်းတစ်ချက်ဟန့်လိုက်ရုံနှင့်ပင် လက်အောက်ငယ်သားများအားလုံး ကြောက်ရွံ့တုန်လှုပ်ရသည့် အမျိုးသမီးဖြစ်၏။

သို့သော် ယခု ဆက်သွယ်ရေးဆွဲကြိုးမှ ထိုအမိန့်သံကိုကြားသောအခါ နာလန်ယန်၏ မျက်နှာသည် ချက်ချင်း သိသိသာသာ ပြောင်းလဲသွားပြီး ရေခဲတိုက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ ပျင်းရိငြီးငွေ့ဟန် အမူအရာမှာလည်း ချက်ချင်းပျောက်ကွယ်သွားပြီး အလန့်တကြားအမူအရာက အစားထိုးဝင်ရောက်လာသည်။

အဘယ်ကြောင့်ဆိုသော် သူမအား စကားမက်ဆေ့ချ်ပို့သူမှာ နတ်မိမယ်တိုင်းပြည် အရှင်သခင်မ၏ သမီးတော်၊ မင်းသမီး ယောင်ယောင် ဖြစ်နေသောကြောင့်ပင်။

ထိုသူမှာ အသက် ၁၈နှစ်သာရှိသေးသော ကျင့်ကြံရေးပါရမီရှင် တစ်ဦးဖြစ်ပြီး တော်ဝင်မိသားစု၏ ဂုဏ်ယူစရာ၊ ပြည့်ရှင်ဘုရင်မ၏ ချစ်မြတ်နိုးရသော သမီးတော်ဖြစ်သည်။ အဆင့်အတန်းနှင့် အနေအထားအရ သူမကဲ့သို့သော ကုန်သည်အသင်းဥက္ကဌနှင့် လုံးဝနှိုင်းယှဉ်၍မရပေ။

ကောင်းကြောင်းမှ အစချီရလျှင်တော့ သူမသည် ရွှေနဂါးကုန်သည်အသင်း၏ ဥက္ကဌနှင့် နာလန်မိသားစု၏ မျိုးနွယ်စုခေါင်းဆောင်လည်း ဖြစ်သည်။ သို့သော် သူမသာ တော်ဝင်မိသားစုကို စိတ်တော်ကွက်အောင်လုပ်မိပါက မနက်ဖြန်တွင်ပင် သူမနှင့် သူမ၏နာလန်မိသားစုသည် တော်ဝင်မြို့တော်မှ လုံးဝပျောက်ကွယ်သွားဖို့ရာ မဖြစ်နိုင်လှသည်မဟုတ်။

ထိုအဆင့်အတန်းမြင့်ပြီး အင်အားကြီးသူများအတွက် ရွှေနဂါးကုန်သည်အသင်းကို စီမံခန့်ခွဲရန် ကိုယ်စားလှယ်အသစ်တစ်ဦးကို အမြဲတမ်း အလွယ်အတူ ရှာဖွေခန့်အပ်နိုင်မည်သာ။

ထို့ကြောင့် တုန်ဖန်းမုန့်ယောင်၏ လေသံမှာ အလွန်လေးစားမှုကင်းမဲ့လှသည်ဟု ဆိုနိုင်သော်ငြား နာလန်ယန်အတွက်မူ ၎င်းမှာ ကျိုးကြောင်းဆီလျော်သည်ဟုသာ ခံစားရပြီး ဤအမြင့်မြတ်ဆုံး တော်ဝင်မင်းသမီးကို ဝန်ဆောင်မှုပေးရသည်မှာ အလွန်ဂုဏ်ယူဖွယ်ကောင်းသည်ဟုပင် ခံစားခဲ့ရသည်။

ထို့အပြင် စကားပါအကြောင်းအရာကြောင့် နာလန်ယန်သည် အလွန်အံ့အားသင့်နေပြီး သခင်လေးယဲ့ ဆိုသူမှာ မည်သူဖြစ်ကြောင်း သိချင်စိတ်လည်း ဖြစ်ပေါ်နေခဲ့သည်။ အဆင့်အတန်းဂုဏ်သိက္ခာကို အလွန်ဂရုစိုက်သော မင်းသမီး ယောင်ယောင်သည်ပင် ထိုသူ့အတွက် မျှောလှေအခမ်းအနားတွင် မျက်နှာပြရန် ဆန္ဒရှိခဲ့လေပြီ။

သူမသည် ရွှေရောင်မျက်နှာဖုံးကို ဆွဲချွတ်လိုက်ပြီး အဝတ်အစားများကို လျင်မြန်စွာ ပြင်ဆင်လိုက်သည်။ ထို့နောက် တဲအပြင်သို့ အလောတကြီး ပြေးထွက်သွားပြီး အသံကုန်အော်ဟစ်လိုက်၏။

“မြန်မြန်၊ ဒီဥက္ကဌဆီကို အဆင့်အမြင့်ဆုံး မျှောလှေတစ်စင်း အမြန်ယူခဲ့! ငါ ကိုယ်တိုင် တော်ဝင်မြို့တော်ဈေးတန်းဆီသွားမယ်!”

ရွှေနဂါးကုန်သည်အသင်း၏ အဖွဲ့ဝင်များအားလုံး အံ့သြထိတ်လန့်သွားကြသည်။ သူတို့၏ ဣန္ဒြေကြီးရင့်သော ဥက္ကဌတစ်ယောက် ဒီလောက်စိုးရိမ်တကြီးနှင့် ပျာယာခတ်နေပုံအား တစ်ခါမှ မမြင်ဖူးခဲ့ပေ။

တော်ဝင်မြို့တော်ဈေးတန်းတွင်။

ယဲ့ကျွင်းလင်တို့အဖွဲ့ လှေအလာကို စောင့်ဆိုင်းနေကြသည်။

ညကောင်းကင်ယံထက်တွင် လှပသော ပုံသဏ္ဌာန်အမျိုးမျိုးရှိသည့် မျှောလှေများသည် တောက်ပသော သက်တန့်အလင်းတန်းများသဖွယ် ပေါ်ထွက်လာကြ၏။

“ကြည့်ပါဦး! အရမ်းလှတာပဲ!” ပုရှောင်ရှီး၏ မျက်လုံးလေးများ အရောင်တောက်နေပြီး စက္ကူပန်ကာကိုကိုင်ကာ လက်ညှိုးတထိုးထိုးဖြင့် ရေရွတ်နေမိသည်။

“ဒါတွေက မျှောလှေတွေပေါ့၊ တော်တော်လေးလှတာပဲ။” ယဲ့ကျွင်းလင်က ပြုံးပြီး ချီးမွမ်းလိုက်သည်။

အချို့မှာ အရောင်အသွေးစုံလင်သော တိမ်မျှောလှေများဖြစ်ပြီး တိမ်တိုက်ကြီးများဖြင့် ထောက်ကူထားသည်။ ဘီးများတွင် ရောင်စုံဖဲကြိုးများ ချည်နှောင်ထားပြီး လေတွင် လွင့်ပျံနေသည်မှာ အိပ်မက်ယောင်ပုံရိပ်တစ်ခုနှယ်။

အချို့မှာ ကြယ်မျှောလှေများဖြစ်ပြီး လင်းလက်တောက်ပသော ကြယ်များက လှေကိုယ်ထည်တစ်လျှောက်လုံး ပတ်ရစ်လိုက်ပါလာသည်။ ကြယ်စင်အစုအဝေးတစ်ခုကဲ့သို့ ခမ်းနားထည်ဝါပြီး ခေါင်မိုးပေါ်တွင် မှိန်ဖျော့သော ဂလက်ဆီများအား ရေးဆွဲထည့်သွင်းထားသောကြောင့် အတွဲအစပ်မှာ အလွန်ထူးခြားထည်ဝါလှ၏။

အချို့မှာ နတ်နန်းကြိုးကြာမျှောလှေများဖြစ်ပြီး ကြိုးကြာဆယ်ကောင်ကျော်က ဆွဲယူမောင်းနှင်သွားကာ ကောင်းကင်ယံတွင် ချောမွေ့စွာ ရွေ့လျားနေသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ကျောက်မျက်ရတနာများနှင့် ပုလဲများဖြင့် ပြည့်နှက်နေအောင် စီခြယ်ထားပြီး အရောင်အသွေးစုံလင်စွာတောက်ပလျက် လွန်စွာမျက်စိပသာဒဖြစ်လှ၏။

အချို့မှာ ရွှေဖရုံသီးမျှောလှေများဖြစ်ပြီး နာမည်အတိုင်း ဧရာမရွှေဖရုံသီးများကဲ့သို့ ပုံသဏ္ဌာန်ရှိကာ ပတ်ပတ်လည်တွင် ပွင့်အာနေသော ပြတင်းတံခါးများအား ပုံဖော်ဖောက်လုပ်ထားသည်။ ၎င်းတို့၏ကိုယ်ထည်ပေါ်တွင် ပန်းပွင့်ပင်လယ်ကြီး ပွင့်လန်းဝေဖြာနေသည်မှာ အမြင်ကိုလန်းဆန်းသစ်လွင်စေပြီး ရနံ့ပေါင်းစုံလည်း ကြယ်ဝပျံ့လွင့်နေစေသည်။

မျှောလှေအမျိုးမျိုး တစ်ပြိုင်နက် ထွက်ပေါ်လာသောအခါ တော်ဝင်မြို့တော်သားများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။

ထို့အပြင် မိန်းကလေးများစွာသည် မျှောလှေများ၏ ပုံစံများကို သဘောကျနေချိန်တွင် ပို၍အရေးကြီးသော တစ်ချက်မှာ မျှောလှေစီးလာသော သခင်လေး မည်မျှချောမောသည့်အကြောင်းပင်။

မျှောလှေတစ်ခုစီတွင် အမျိုးသမီးများနှင့် အတူပါလာသော အမျိုးသားများသည် အားလုံး ရုပ်ရည်ချောမောပြေပြစ်သူများ ဖြစ်ကြသည်။ တစ်ဦးစီတိုင်းတွင် ထူးခြားသော ကိုယ်ပိုင်ဆွဲဆောင်မှုများရှိပြီး မိန်းကလေးများ၏ စိတ်ကူးယဉ်ဇာတ်လမ်းအမျိုးမျိုးအတွက် ပြည့်စုံသောဇာတ်လိုက်အမျိုးသားများသာ ဖြစ်ပေတော့၏။

“အိုး၊ ဟိုတစ်‌ယောက်က အရမ်းချောတာပဲ၊ ကျွန်မရဲ့ အိပ်မက်ထဲက အမျိုးသား! ကံမကောင်းစွာနဲ့ပဲ သူက တခြားတစ်ယောက်ရဲ့ မျှောလှေပေါ်မှာ၊ ဟီးဟီး~”

“ချမ်းသာတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ဘယ်တော့များမှ ငါ ခံစားရမှာလဲ!”

“စိတ်တိုဖို့ကောင်းလိုက်တာ၊ ဟိုမိန်းမမှာ သခင်လေးသုံးယောက်တောင် ရှိတယ်၊ သူမကလည်း အရမ်းလှတာပဲနော်!”

“တစ်ယောက်လောက်ပဲ ပစ်ပေးလိုက်လို့မရဘူးလား?”

ချက်ချင်းဆိုသလို မနာလိုစိတ်အပြည့်ဖြင့် အံ့ဩတကြီး သြဘာပေးသံများ မြည်ဟည်းလာသည်။

ထိုမျှောလှေစီးလာသော အမျိုးသမီးများသည် တွဲဖက်အဖော်၏လက်မောင်းကို ဆွဲကိုင်ထားပြီး မာနအပြည့်ဖြင့် မေးစေ့ကို မော့ပင့်ထားကြသည်။ ရွှင်လန်းသာယာသော အပြုံးများမှာ ကျေနပ်ပီတိဖြစ်မှုကို ဖော်ပြနေသည့်အလား။

ဤအရာကိုမြင်သောအခါ တုန်ဖန်းမုန့်ယောင် စိတ်မရှည်စွာ ခြေဆောင့်လိုက်မိသည်။ “မုန်းစရာကောင်းတဲ့ နာလန်ယန်၊ ဒီအချိန်အထိ ရောက်မလာသေးဘူး။ သူသာ ဒီမင်းသမီးရဲ့ အရေးကြီးတဲ့ ဖူးစာရေးကိစ္စကို ဖျက်ဆီးရဲရင်တော့ တရားရေးဌာနက သစ်သားမြင်းနဲ့ နှိပ်စက်ခံရစေရမယ်!”

သစ်သားမြင်းနှိပ်စက်နည်းသည် နတ်မိမယ်တိုင်းပြည်ရှိ အမျိုးသမီးများအတွက် အလွန်ပြင်းထန်သော ပြစ်ဒဏ်တစ်ခုဖြစ်၏။

All Chapters