တက်ချင်တက် မတက်ချင်နေ
Vol. 32 Ch. 447
တုန်ဖန်းမုန့်ယောင်၏ အမိန့်သံကိုကြားသောအခါ ဟုန်ချန်ယဲ့၏ မျက်လုံးများ လင်းလက်သွားပြီး သူ၏နှုတ်ခမ်းထောင့်၌ သိမ်မွေ့သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ အမှန်တော့ သူမ၏ နောက်ခံအထောက်အထားကို သူ့စိတ်ထဲ၌ ခန့်မှန်းမိနှင့်ပြီးဖြစ်၏။ အံ့ဩစရာတော့မဟုတ်ပေ၊ သူမကို ယခင်က မြင်ခဲ့စဉ်ကလည်း အနည်းငယ် ရင်းနှီးနေသလို ခံစားခဲ့ရသည်။ လက်စသတ်တော့ မိန်းကလေးကသည် မိတ်ဆွေဟောင်း၏ မျိုးဆက်ဖြစ်နေခဲ့သည်ပင်။
ရုတ်တရက်။
အလွန်အမင်း ပြင်ဆင်ခြယ်သထားသော ခမ်းနားလှပသည့် ပန်းရထားတစ်စင်းသည် တော်ဝင်မြို့တော်ဈေးတန်းရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ထိုပန်းရထား၏ ဘီးများသည် လျင်မြန်စွာ လည်ပတ်နေပြီး လာရာလမ်းတစ်လျှောက်တွင် တောက်ပသော ရွှေရောင်သက်တန့်များကို ထုတ်လွှတ်ချန်ရစ်ထားခဲ့သည်။ ရထားရှေ့တွင် ချီလင်ဟူသည့် ရှေးဟောင်းသတ္တဝါများနှင့် ဆင်တူသော သားရဲကိုးကောင်သည် အရောင်အသွေးစုံလင်သော မင်္ဂလာတိမ်တိုက်များကို နင်းလျှောက်ဖြတ်သန်းလျက် ရောက်ရှိလာပြီး သူတို့၏ ဦးခေါင်းပေါ်တွင် သန္တာကျောက်တန်းများနှင့်ဆင်တူသော အနီရောင်ချိုများပါရှိ၏။ ၎င်း၏ ပေါ်ထွက်လာမှုမှာ ပွဲကြည့်ပရိတ်သတ်အပေါင်းအား တပြိုင်နက်တည်း အံ့အားသင့်မဆုံး ဖြစ်စေခဲ့လေသည်။
“အိုး! ဒီပန်းရထားက တော်တော်လေး အထင်ကြီးစရာပဲ၊ တခြားပန်းရထားတွေနဲ့ လုံးဝကို အဆင့်မတူဘူး!”
“ချီလင်နဲ့တူတဲ့ စီးတော်မြင်းတွေကို တွေ့လား? သူတို့ကို ရွှေနီရောင်ချီလင်မြင်းတွေ လို့ ခေါ်တယ်၊ သူတို့မှာ ချီလင်နတ်သားရဲသွေး တစ်စိတ်တစ်ပိုင်း ပါဝင်နေပြီး အလွန်အဖိုးတန်တဲ့တိရိစ္ဆာန်တွေပဲ!”
“ငါမှတ်မိပြီ! ဒါက ချီလင်ပန်းရထား၊ မျှောလှေအခမ်းအနားအတွက် အဆင့်အမြင့်ဆုံးရထားပဲ! ပိုက်ဆံနဲ့တောင် ငှားလို့မရဘူးလို့ ပြောကြတယ်! သုံးနိုင်တဲ့သူကလည်း သူ့အဆင့်အတန်းကို ကြွားဝါဖို့သက်သက်ပဲဖြစ်ရမယ်! ဘယ်သူက ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ ရထားမျိုးကို ရအောင်ခေါ်နိုင်တာလဲ?!”
ရွှစ်~
ရေတွက်လို့မရနိုင်သော အံ့သြတကြီး အကြည့်များကြားတွင် ချီလင်ပန်းရထားသည် တုန်ဖန်းမုန့်ယောင် ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။
ပန်းရထားပေါ်တွင် ထိုင်နေသော နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးမှာ စိုးရိမ်တကြီးဖြင့် အလျင်စလို လျှောဆင်းလာပြီး မြေပြင်ပေါ်တွင် ခြောက်ခြားစွာ ဒူးထောက်ချလိုက်သည်။
“မင်းသမီး ယောင်ယောင်ကို လျှောက်တင်ပါတယ်၊ ကျွန်တော်မျိုးမ အချိန်မီမရောက်နိုင်ဘဲ နောက်ကျခဲ့တဲ့အတွက် သေဒဏ်သင့်ထိုက်ပါတယ်!”
မင်းသမီး!
ထိုအခေါ်အဝေါ်ကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် လူတိုင်း အကြီးအကျယ် အံ့အားသင့်သွားကြသည်။
တုန်ဖန်းမုန့်ယောင် ခါးကို ခပ်တင်းတင်းထောက်ထားကာ ဒေါသတကြီးဖြင့် ဆူပူသည်။ “နာလန်ယန်၊ ဒီမင်းသမီးကို သခင်လေးယဲ့ ရှေ့မှာ တမင်တကာ မျက်နှာပျက်အောင် လုပ်နေတာမဟုတ်ဘူးလား။ ကုန်သည်ဥက္ကဌတစ်ယောက်လုံးလုပ်နေပြီး ရထားတစ်စင်းရဖို့ ဒီလောက်ကြာရသလား။ မင်းကို တရားရေးဌာနမှာ သစ်သားမြင်းနဲ့ အနှိပ်စက်ခံရအောင် မယ့်တော့်ဆီတိုင်ကြားမယ်! ဆယ်နှစ်ကြာအောင်နှိပ်စက်ဖို့ အဆိုတင်သွင်းမယ်!”
ထိုစကားကိုကြားသောအခါ နာလန်ယန်၏ခြေထောက်များ ပျော့ခွေညွှတ်ကျသွားပြီး ကြောက်စိတ်ကြောင့် တောင့်တင်းသွားခဲ့သည်။ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် တုန်ယင်လာပြီး ငိုမဲ့မဲ့အသံဖြင့် ထပ်မံလျှောက်တင်လာ၏။ “မင်းသမီး၊ ကျွန်တော်မျိုးမမှာ အပြစ်မရှိပါဘူး! ဒီ ရွှေနီရောင်ချီလင်မြင်းတွေက လမ်းမှာ စကားနားမထောင်လို့ပါ။ ကျွန်တော်မျိုးမလည်း သူတို့ကို ဒီနေရာထိရောက်အောင် မောင်းနှင်ဖို့ အများကြီးအားထုတ်ခဲ့ရပါတယ်!”
“ဪ ဟုတ်သလား?”
တုန်ဖန်းမုန့်ယောင် တစ်ဖက်သို့လှည့်ကြည့်လိုက်သောအခါ ရွှေနီရောင်ချီလင်မြင်း ကိုးကောင်သည် နှာခေါင်းပေါက်များမှ အဖြူရောင်ချီငွေ့များကို မှုတ်ထုတ်နေကြသည်ကို မြင်လိုက်ရပြီး ခေါင်းတမော့မော့ မာနတခွဲသားဖြင့် သခင်ဖြစ်သူ၏စကားကို မနာခံချင်ကြဟန်ရှိ၏။
ဤစီးတော်မြင်းများတွင် မာနကြီးသော အကျင့်စရိုက်ရှိပြီး ယဉ်ပါးရန်ခက်ခဲသည်ကို သူမ ကြားဖူးထားခဲ့သည်ပင်။ ထို့ကြောင့် ရွှေနဂါးကုန်သည်အသင်းက ၎င်းတို့ကို မျှောလှေအခမ်းအနားအတွက် အပေါ်ယံမျက်နှာစာအဖြစ် ပြသရုံလောက်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်။
အဒေါ်မေက ရှေ့သို့တိုးလာပြီး စီးတော်မြင်းများ၏ ပုန်ကန်လိုစိတ်ကို အရှိန်အဝါဖြင့် ချိုးနှိမ်ဖို့ကြိုးစားသည်။ “မင်းတို့သားရဲတွေ၊ ဒီ အသေမျိုးအရှင်ရှေ့မှာ ငြိမ်ငြိမ်ရပ်စမ်း!”
စစ်မှန်သော မသေမျိုးအရှင်၏ ခြိမ်းခြောက်မှုကို ခံစားရသောအခါ ရွှေနီရောင်ချီလင်မြင်း ကိုးကောင်သည် ဒေါသထွက်လာပြီး ပို၍ပင် မတည်မငြိမ်ဖြစ်လာသည်။
ချီလင်နတ်သားရဲသွေး တစ်စိတ်တစ်ပိုင်းပါဝင်သောကြောင့် သူတို့ကိုယ်သူတို့ စစ်မှန်သောမသေမျိုးအရှင်ထက်တော့ မလျော့နိုင်ဟု သတ်မှတ်ထားကြသည်ပင်။
အဒေါ်မေ မတတ်သာစွာ သက်ပြင်းချလိုက်ပြီး တုန်ဖန်းမုန့်ယောင်ကို ပြန်လည်လျှောက်တင်လိုက်ရသည်။ “မင်းသမီး၊ ဥက္ကဌနာလန် ပြောတာ မှန်ပုံရတယ်။”
တုန်ဖန်းမုန့်ယောင် မျက်မှောင်ကြုတ်လိုက်သည်။ “ကောင်းပြီ၊ နာလန်ယန်၊ ဒီကိစ္စအတွက် ဒီမင်းသမီး အပြစ်မယူတော့ဘူး!”
“ကျေးဇူးတင်ပါတယ်၊ မင်းသမီး!”
နာလန်ယန်မှာ အလွန်ဝမ်းသာအားရဖြစ်ပြီး ငိုချတော့မတတ်ပင်။ သူမ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ကပ်ငြိနေဆဲဖြစ်၏။
အကယ်၍ သူမသည် ဆယ်နှစ်တာ သစ်သားမြင်းနှိပ်စက်မှုကို အမှန်တကယ် ပြစ်ဒဏ်ခံခဲ့ရပါလျှင်...
ထိုခံစားချက်ကို စဉ်းစားလိုက်ရုံနှင့်ပင် ဦးရေပြားကကျဥ်တက်လာအောင် ကြက်သီးထမိသည်။ သူမ မခံစားနိုင်၊ လုံးဝ မခံစားနိုင်ပေ။ စိတ်ရောကိုယ်ပါ ပျက်စီးကြေမွစေမည့် ပြစ်ဒဏ်မျိုးသာ ဖြစ်ပေတော့၏။
ဆံပင်ငွေရောင်နှင့်လူငယ်ကို လှမ်းကြည့်ရင်း တုန်ဖန်းမုန့်ယောင်သည် လက်များကိုအချင်းချင်းလိမ်ယှက်ကာ နှုတ်ခမ်းအားအသာကိုက်ရင်း ဆိုသည်။။ “သခင်လေးယဲ့၊ ရှင့်ကို ဒီလောက်အကြာကြီး စောင့်ခိုင်းမိစေတဲ့အတွက် ကျွန်မ တကယ်စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်မတို့ တခြားရထားကို ပြောင်းစီးရလိမ့်မယ်လို့ ထင်ပါတယ်။”
“နောက်ပြီး တကယ်တော့ ကျွန်မက နတ်မိမယ်တိုင်းပြည်ရဲ့ မင်းသမီးပါ၊ ကျွန်မရဲ့ နာမည်ရင်းကတော့ တုန်ဖန်းမုန့်ယောင်ပါ။ ရာထူးဂုဏ်သိမ်တွေကြောင့် ရှင်နဲ့အလှမ်းဝေးသွားရမှာ ကြောက်လို့ အရင်က မပြောခဲ့တာပါ။”
တုန်ဖန်းမုန့်ယောင်၏အမြင်တွင် သူမ၏ အဆင့်အတန်းမှာ နတ်မိမယ်တိုင်းပြည်၏ အနာဂတ်အုပ်စိုးရှင်ဖြစ်သောကြောင့် သာမန်လူတို့အမြင်တွင် အလွန်မြင့်မြတ်မြင့်မားပေမည်။ ယဲ့ကျွင်းလင်တွင် နောက်ခံကောင်းကောင်းတစ်ခု ရှိခဲ့လျှင်ပင် မှူးမတ်မျိုးရိုးမှ သခင်လေးတစ်ဦးမျှသာ ဖြစ်ရမည်။ ထို့ကြောင့် သူမ၏နာမည်ရင်းနှင့် နောက်ခံအစစ်အမှန်ကို သိရှိပြီးချိန်တွင် ဖိအားများစွာ ခံစားရလိမ့်ဦးမည်ဟု ကြိုတွက်ထားခဲ့၏။
သို့သော် ယဲ့ကျွင်းလင်က ပေါ့ပေါ့ပါးပါးပင် လက်ကိုဝှေ့ယမ်းကာ ပြောလာသည်။ “ရပါတယ်၊ ကျွန်တော် ဂရုမစိုက်ပါဘူး”
ထိုစကား၏ နောက်ကွယ်ကအဓိပ္ပာယ်မှာ - တိုင်းပြည်ငယ်လေးက ဆင်းဆင်းရဲရဲမင်းသမီးလေးတစ်ယောက်ဖြစ်နေလို့ စိတ်မပူပါနဲ့၊ ငါ့မှာအဲ့လိုခွဲခြားဆက်ဆံတတ်တဲ့အလေ့ မရှိပါဘူး၊ အေးဆေးပေါ့..
သို့သော် တုန်ဖန်းမုန့်ယောင်၏ အမြင်တွင် ယဲ့ကျွင်းလင်သည် သူမ၏ လျှို့ဝှက်ဖုံးကွယ်မှုကို အပြစ်မဆိုရုံသာမက သူမ၏ အဆင့်အတန်းကို သိပြီးနောက်တွင်ပင် နှိမ့်ချခြင်းလည်းမရှိ မာန်မာနထောင်လွှားနေခြင်းလည်းမရှိဘဲ ပေါ့ပေါ့ပါးပါးသာ ဆက်နေနိုင်ခဲ့သည်။ ဤအပြုအမူကြောင့် ယဲ့ကျွင်းလင်၏ ကိုယ်ကျင့်စရိုက်ကို ပို၍ပင် သဘောကျမိလာခဲ့၏။
အကယ်၍ တစ်ဖက်လူသာ သူမကို ကြောက်လန့်တုန်လှုပ်နေပုံပြလာလျှင် သို့မဟုတ် မျက်နှာချိုသွေးရန် ကြိုးစားခဲ့လျှင် တုန်ဖန်းမုန့်ယောင် အလွန်စိတ်ပျက်မိလိမ့်မည်။
နာလန်ယန်က ယဲ့ကျွင်းလင်ကို လျှို့ဝှက်စွာ လေ့လာစူးစမ်းနေရင်း မျက်လုံးများကကျဥ်းမြောင်းလျက် ရင်ထဲတွင် ဒေါသထန်သောမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်နေသလို ခံစားရသည်။
ဒီ သခင်လေးယဲ့ဆိုတာက ဘာလို့ဒီလောက်တောင် ချောနေရတာလဲ!
မင်းသမီးဆီက ဒီလောက်မျက်နှာသာပေးခံနေရတာ အံ့သြစရာမဟုတ်တော့ပါဘူး!
နာလန်ယန်မှာ ငေးကြည့်မိလေလေ ပိုသဘောကျလေဖြစ်ပြီး စိတ်ထဲတွင် ဆွဲဆောင်မှုရှိသော စိတ်ကူးမြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
သခင်လေယဲ့သာ ကြာပွတ်ကို ကိုင်ထားပါက သူမသည် ထိုကြာပွတ်ဖြင့်ပင် လိုလိုလားလားအရိုက်ခံချင်လာလိမ့်မည် ဟု။
ကံမကောင်းစွာဖြင့် ထိုသို့ချောမောသန့်ပြန့်သော အမျိုးသားအား မင်းသမီးက လက်ဝယ်ပိုင်ဆိုင်ပြီးဖြစ်သောကြောင့် သူမကဲ့သို့ အဆင့်အတန်းနိမ့်သူတစ်ဦးက ပိုင်ဆိုင်ဖို့ရန် မရည်ရွယ်သင့်ပေ။
ဟူး!
မနာလိုစရာကောင်းလိုက်တာ!
“ဒီမြင်းတွေက စကားနားမထောင်ဘူးလား?” ယဲ့ကျွင်းလင် ပန်းရထားဆီ စိတ်ရောက်သွားကာ ရွှေနီရောင်ချီလင်မြင်း ကိုးကောင်ဆီသို့ လျှောက်သွားခဲ့သည်။
“သခင်လေးယဲ့၊ သူတို့ကနည်းနည်းရိုင်းတယ်၊ မထိခိုက်အောင် သတိထားပါ!” တုန်ဖန်းမုန့်ယောင် က စိုးရိမ်တကြီး အော်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ဖြစ်ပေါ်လာသော မြင်ကွင်းသည် သူမကို မျက်လုံးပြူးမျက်ဆံပြူးဖြင့် ထိတ်လန့်အံ့သြသွားစေခဲ့၏။
မူလက မာနကြီးပြီး စကားနားမထောင်ဟန်ရှိသော ရွှေနီရောင်ချီလင်မြင်း ကိုးကောင်သည် ယဲ့ကျွင်းလင်၏ အကြည့်အောက်တွင် မသိစိတ်က ပေါ်ပေါက်လာသော ကြောက်ရွံ့မှုသည်ကား ရေကာတာကျိုးပေါက်သကဲ့သို့ အရှိန်ပြင်းပြင်း ပေါက်ကွဲထွက်လာခဲ့သည်။ သူတို့သည် ကြောက်စိတ်ဖြင့် ထိန်းမရအောင် တုန်ယင်နေကြပြီး မော့ပင့်ထားမိသော ဦးခေါင်းများကို အသာနှိမ့်ချကာ နက်ရှိုင်းသော ရိုသေလေးစားမှုဖြင့် ဦးညွှတ်ထားမိလျက်သား ရှိကြတော့၏။
“အခုကျ သူတို့က တော်တော်လေး စကားနားထောင်နေတာပဲကို”
ယဲ့ကျွင်းလင် ကျေနပ်စွာပြုံးလိုက်ပြီး လက်ကိုဆန့်တန်းကာ တစ်ကောင်ချင်းစီ၏ ခေါင်းကို ပွတ်သပ်ပေးနေလိုက်သည်။ ရွှေနီရောင်ချီလင်မြင်း ကိုးကောင်သည် အနည်းငယ်မျှပင် မလိုလားကြောင်း မပြသရဲခဲ့ဘဲ ယဲ့ကျွင်းလင်၏ လက်ဖြင့် ပွတ်သပ်ချော့မြူခံရခြင်းအား ဂုဏ်အင်တစ်ရပ်အဖြစ် ကျေနပ်စွာခံစားနေခဲ့ကြ၏။
သူတို့၏ အလွန်ထက်မြက်သော အာရုံခံစားမှုဖြင့် ယဲ့ကျွင်းလင်သည် ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးတစ်ပါးဖြစ်ကြောင်း ခံစားမိကြသည်။ ထိုသို့သော တည်ရှိမှု၏ ရှေ့တွင် ဦးညွှတ်အရိုအသေပြုရခြင်းသည် တွန့်ဆုတ်ရှက်ရွံ့နေရမည့်အရာမျိုးမဟုတ်။
“ဘာတွေဖြစ်နေတာလဲ?” တုန်ဖန်းမုန့်ယောင် အံ့ဩသွားပြီးနောက် နာလန်ယန်ကို စူးစမ်းမေးမြန်းသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ နာလန်ယန်၏ အမူအရာမှာလည်း ပြောစရာစကားမရှိလောက်အောင်ပင် အံ့အားသင့်နေဟန်။
ထိုအဖြစ်အပျက်အား မြင်လိုက်ရသောအခါ အဒေါ်မေ၏ ဦးရေပြားသည် ထုံကျဥ်သွားပြီး ယဲ့ကျွင်းလင်၏ နောက်ခံအဆင့်အတန်းအား နက်နက်နဲနဲ စဉ်းစားလိုက်မိသော် မသိစိတ်မှ လှိုက်တက်လာသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
သူမသည် ဘာတစ်ခုကိုမှတော့ လက်လွတ်စပယ်မပြုမူရဲသေးပါ။ ထိုသူ၏ လှုပ်ရှားမှုများကိုသာ ဆက်လက်စောင့်ကြည့်ရုံသာ တတ်နိုင်မည်။ ကံကောင်းစွာဖြင့် တစ်ဖက်လူသည် နတ်မိမယ်တိုင်းပြည်အပေါ် မကောင်းသောရည်ရွယ်ချက် မရှိဘဲ ပေါ့ပေါ့ပါးပါး ခရီးသွားတစ်ဦးဖြစ်ပုံသာပေါ်သည်။
“မင်းသမီး၊ ဒီ သခင်လေးယဲ့က မင်းသမီးစိတ်ကူးနိုင်တာထက် အများကြီး ပိုကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်တယ်။ မင်းသမီးသူ့ကို ဘယ်လောက်ပဲသဘောကျပါစေ၊ ပိုင်ဆိုင်နိုင်ဖို့အတွက်တော့ ကံမပါလာခဲ့ဘူးထင်ပါတယ်။” အဒေါ်မေ စိတ်ထဲမှ သက်ပြင်းချရင်း ညည်းညူလိုက်သည်။
ယဲ့ကျွင်းလင်သည် ရွှေနီရောင်ချီလင်မြင်း ကိုးကောင်ကို ယဉ်ပါးစေခဲ့ပြီး ပန်းရထားပေါ်သို့ ခပ်သွက်သွက်ပင်တက်လိုက်သည်။ ခမ်းနားထည်ဝါသော ပန်းရထားနှင့် ခန့်ညားချောမောသော ယောက်ျားပျိုတို့ ပေါင်းစပ်လိုက်သောအခါ မြင်ကွင်းမှာ ရှုမငြီးလောက်အောင် ပနံသင့်လှ၏။
ယဲ့ကျွင်းလင်သည် မြေပြင်ထက်မှ မှင်တက်နေဆဲ မိန်းကလေးကို လှမ်းကြည့်လိုက်ပြီး စေတနာအပြည့်ဖြင့် လက်ကိုဆန့်တန်းပေးလိုက်သည်။ “မုန့်ယောင်၊ ကိုယ်မင်းကို ဆွဲတင်ပေးမယ်။”
တုန်ဖန်းမုန့်ယောင်သည် ပြိုင်ဘက်ကင်းအောင် ထူးခြားသန့်စင်သော ထိုပုဂ္ဂိုလ်ကို မော့ကြည့်လိုက်ပြီး ခဏတာ စွဲလန်းနစ်မျောသွားခဲ့မိသည်။ အသိစိတ်ပြန်ဝင်လာချိန်တွင် မျက်နှာလှလှလေးမှာ ပန်းသွေးရောင်ထလျက်ရှိလေပြီ။
သို့သော် မင်းသမီးတစ်ပါးအနေဖြင့် သူမ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို တတ်နိုင်သမျှအဖတ်ဆယ်ရန် ကြိုးစားလိုက်ပြီး ယဲ့ကျွင်းလင်အား သူမကို မင်းသမီးတစ်ပါးနှင့်အညီ လိုက်လျောညီထွေဖြစ်စွာ ဆက်ဆံပေးဖို့ တောင်းဆိုရန်ပြင်လိုက်သည်။
တုန်ဖန်းမုန့်ယောင်သည် လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး သူမ၏ သိမ်မွေ့နုနယ်သော မျက်နှာကို ခင်တင်းတင်းမော့ပင့်ကာ ဆိုသည်။ “ရှင်က ‘မင်းသမီး၊ ကျေးဇူးပြုပြီး ရထားပေါ် တက်ပါ’ လို့ ပြောရမှာ”
ယဲ့ကျွင်းလင်: “...”
ညီမလေး၊ နင်ငါနဲ့လာကစားနေတာလား?
တစ်ဖက်မှ ဘာတုံ့ပြန်မှုမှ မရှိသည်ကို မြင်သောအခါ တုန်ဖန်းမုန့်ယောင်သည် ထပ်ပြောရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ ဤတစ်ကြိမ်တွင်မူ စကားလုံးများကို ပိုမိုရှင်းလင်းကျယ်လောင်စွာ အသံထွက်ပြောဆိုရင်း ယဲ့ကျွင်းလင်အား လိုက်နာလုပ်ဆောင်ရန် သိသိသာသာ မျက်စပစ်ပြလိုက်သည်။
“ရှင်က ‘မင်းသမီး၊ ကျေးဇူးပြုပြီး ရထားပေါ် တက်ပါ’ လို့ ပြောရမှာ!”
ယဲ့ကျွင်းလင်က စိတ်မရှည်စွာ ပြန်ပက်လိုက်သည်။ “ရူးနေတာလား? တက်ချင်တက် မတက်ချင်နေလေ!”
ထိုစကားအဆုံးတွင် ဇက်ကြိုးအား တစ်ချက်လှုပ်လိုက်သောအခါ ရွှေနီရောင်ချီလင်မြင်း ကိုးကောင်သည် ချက်ချင်း နားလည်နာခံစွာဖြင့် ခွာများကို အားကောင်းစွာခတ်ထုတ်လျက် ရောင်စုံ မင်္ဂလာတိမ်တိုက်များကို နင်း၍ ခမ်းနားထည်ဝါသော ပန်းရထားကို ဆွဲခေါ်သွားကြလေသည်။
တုန်ဖန်းမုန့်ယောင်: “???”