အထာပေးတဲ့ယောက်ျား
Vol. 32 Ch. 448
တုန်ဖန်းမုန့်ယောင်သည် ချီလင်ပန်းရထားကို မောင်းနှင်၍ ထွက်ခွာသွားပြီး မိုးကုတ်စက်ဝိုင်းထဲတွင် ပျောက်ကွယ်သွားသော လူငယ်ကို ငေးကြည့်နေမိခဲ့သည်။ သူမ၏ မျက်နှာမှာ ကြောင်တောင်တောင်ဖြစ်နေပြီး မျက်လုံးများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
ဘာတွေဖြစ်နေတာလဲ?!
ဒီမင်းသမီးကို ဒီလိုပဲ လျစ်လျူရှုပြီး ထွက်သွားတာလား?
ကျွန်မက ‘မင်းသမီး၊ ကျေးဇူးပြုပြီး ရထားပေါ်တက်ပါ’ လို့ ပြောခိုင်းရုံလေးပဲ မဟုတ်လား?
အား၊ ပြန်လာပါ! ပြန်လာပြီး ကျွန်မကို ပြန်ခေါ်သွားပါ!
တုန်ဖန်းမုန့်ယောင်၏ စိတ်အခြေအနေသည် လုံးဝပျက်စီးယိုင်လဲသွားခဲ့သည်။ ဖြစ်ရပ်များက သူမ၏ မျှော်လင့်ချက်အားလုံးကို ကျော်လွန်ဖျက်ဆီးသွားခဲ့လေပြီ။ မင်းသမီးတစ်ပါးအနေဖြင့် အရှက်ရလို့မဆုံးနိုင်အောင် ရှိ၏။
“ဒါ၊ ဒါ၊ ဒါ…” ထိုမြင်ကွင်းကို မြင်ပြီး နာလန်ယန်လည်း တအံ့တသြဖြစ်နေကာ သူမ၏ ခေါင်းထဲတွင် တဝီဝီမြည်နေခဲ့သည်။
သခင်လေးယဲ့က ဘယ်လိုလုပ်ပြီး ဒီလောက်ထိအတင့်ရဲရတာလဲ?
ရုပ်လေးချောမောရုံနဲ့ နတ်မိမယ်တိုင်းပြည်မှာ သူလုပ်ချင်ရာ လုပ်နိုင်မယ်လို့ တကယ်ထင်နေတာလား?
ဒီလူ သိထားရမှာက တော်ဝင်မိသားစုရဲ့ အသည်းညှာလို ချစ်မြတ်နိုးရတဲ့ သမီးတော်၊ ဘုရင်မရဲ့ ပထမဆုံးအမွေဆက်ခံသူကို စိတ်ဆိုးအောင် လုပ်လိုက်မိပြီဆိုတာပဲ!
အဒေါ်မေ တစ်ဦးတည်းသာ ယဲ့ကျွင်းလင်၌ ထိုသို့ပြုလုပ်ပိုင်ခွင့်ရှိကြောင်း သိနားလည်ထားသည်ပင်။ ထိုအချိန်တွင် သူမလည်း ဘာမှမတတ်နိုင်တော့ဘဲ ခါးသီးစွာပြုံးလျက်သာ ကျန်ခဲ့ရ၏။
မင်းသမီး၏ မာန်မာနကြီးသော သဘောထားသည် ဤအချိန်ဤနေရာတွင် ထုတ်ဖော်ပြသရမည်မဟုတ်။ ထိုသူက တစ်ဖက်လူ၏စိတ်အလိုကျ ချော့မော့လိုက်လျောပေးမည့်အဆင့်အတန်း ဟုတ်မနေခဲ့။
“သူ ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ? ဒီမင်းသမီး ဒေါသထွက်တယ်! ဒီဒေါသကို ဘာနဲ့မှဖြေလို့မပြေနိုင်ဘူး!”
တုန်ဖန်းမုန့်ယောင် ဒေါသတကြီး ခြေဆောင့်လိုက်ပြီး နာကျည်းစိတ်ဖြင့် သွားများကို တင်းတင်းဖိကြိတ်ထားလိုက်သည်။ အမှန်တော့ ဒေါသနှင့်နောင်တ နှစ်မျိုးလုံးခံစားနေခဲ့ရခြင်းသာ။ အမူပိုမနေခဲ့မိလျှင်အကောင်းသားဟု တွေးမိလေ၏။
“အကိုကြီးဟုန်၊ ဆရာသခင်ကတော့ ကျွန်တော်တို့အတွက် တကယ်ကို စံပြပုဂ္ဂိုလ်ပဲ!” လီဝူကျယ် က တိတ်တဆိတ် အသံပို့လွှတ်ပြီး အားကျစိတ်ဖြင့် ပြောလိုက်သည်။
“ဟဲဟဲ၊ ကောင်မလေးက သူ့အလိုသူပဲ ဆွဲတွေးနေတာကိုး။ လက်တွေ့ကို သိလာမှပဲ လက်တွေ့မကျတဲ့ စိတ်ကူးတွေကို စွန့်လွှတ်နိုင်မှာ။” ဟုန်ချန်ယဲ့က လက်ပိုက်ရပ်နေရင်း ခပ်နောက်နောက်အပြုံးတစ်ပွင့်ဖြင့် ဘေးမှရပ်ကြည့်နေသည်။
ဤသို့ ရုတ်ရုတ်သဲသဲမြင်ကွင်းကြောင့်တွင် ဘာကြောင့်ရယ်မသိ သူကတော့ အရမ်းကိုမှ ပျော်ရွှင်ကျေနပ်နေမိသည်။ သူက ပွဲကြိုက်သည်လေ။
“မင်းသမီး၊ စိတ်လျှော့လိုက်ပါတော့။ နန်းတော်ကို ပြန်ရမယ့်အချိန် ရောက်ပြီ။” အဒေါ်မေသည် အထပ်ထပ်အခါခါ တွန့်ဆုတ်တုံ့ဆိုင်းနေပြီးမှ တုန်ဖန်းမုန့်ယောင်ကို အကြံပေးလိုက်သည်။
သူမ၏ မူလရည်ရွယ်ချက်မှာ တုန်ဖန်းမုန့်ယောင်ကို ယဲ့ကျွင်းလင်နှင့် ဝေးဝေးနေစေရန်သာဖြစ်သည်။ ထိုအဖွဲ့၏ မူလဇာစ်မြစ်ကို သူမကိုယ်တိုင်လည်း မသိရသေးပေ။ ပိုကြာကြာနေပါက ပြဿနာများ ပိုဖြစ်လာနိုင်ဖွယ်ရှိသည်။ အဆက်အသွယ်ကို လျင်မြန်စွာ ဖြတ်တောက်ပြီး နန်းတော်သို့ ပြန်ကာ ဖြစ်ပျက်သမျှကို သတင်းပို့ပြီးမှ နောက်အစီအစဥ်များ ထပ်ချသင့်ချရမည်။
“အဒေါ်မေ၊ ဘာကို ဆိုလိုတာလဲ? သခင်လေးယဲ့ကို စွန့်လွှတ်ဖို့ ပြောနေတာလား?” တုန်ဖန်းမုန့်ယောင် ဒေါသတကြီး မေးလိုက်သည်။
အဒေါ်မေ မျက်နှာပျက်သွားရသည်။ “ဒါပေမယ့် သူက မင်းသမီးကို အဲလို ဆက်ဆံခဲ့တာတောင် မင်းသမီးက…”
“အဒေါ်မေ နားမလည်ဘူးပဲ! ကျွန်မ ခုနက သေချာစဉ်းစားကြည့်ပြီးပြီ၊ သခင်လေးယဲ့က ကျွန်မကို နောက်ဆုံးရွေးချယ်မှုတစ်ခု ပေးခဲ့တာလေ!”
တုန်ဖန်းမုန့်ယောင် စိတ်ငြိမ်သွားပြီး အလေးအနက် ပြောလိုက်သည်။
အဒေါ်မေမှာ နားကြားများမှားလေသလားဟုပင် ထင်သွားကာ အံ့သြတကြီးပြန်မေးလိုက်သည်။ “ရွေးချယ်မှုလား"
“ကျွန်မ မေးမယ်၊ သခင်လေးယဲ့ ထွက်မသွားခင် နောက်ဆုံးပြောသွားတဲ့ စကားတစ်ခွန်းဘာလဲ?”
“‘တက်ချင်တက် မတက်ချင်နေ’ ဆိုလားပဲ?”
“မှန်တယ်! အဲဒီစကားပဲ!”
တုန်ဖန်းမုန့်ယောင်၏ မျက်လုံးများမှာ ဉာဏ်အလင်းဖြင့် တောက်ပနေပြီး သူမသည် ကိုယ့်အတွေးကိုယ် ယုံကြည်စိတ်ချစွာဖြင့် ပြောလိုက်သည်။ “အဒေါ်မေ၊ သခင်လေးယဲ့က ကျွန်မကို တက်ချင်လားဆိုတဲ့ စကားပါအောင် မေးပေးခဲ့ပြီးပြီပဲ။ ဒီလိုအရေးကြီးတဲ့ အချိန်မှာ ကျွန်မက နောက်ဆုတ်ပေးရမှာလား?”
“အဲလိုသာဆိုရင် ကျွန်မ၊ တုန်ဖန်းမုန့်ယောင်၊ မိန်းမတစ်ယောက် ဖြစ်နေပါဦးမလား?!”
နားထောင်နေသော အဒေါ်မေ၏ အမူအရာမှာ ကြောင်တောင်တောင်ဖြစ်နေပြီး နှုတ်ခမ်းများ တရွရွလှုပ်ရှားနေသော်ငြား ဘာစကားပြောပြီး ဘယ်လိုတားရမလဲ စဥ်းစားလို့မရနိုင်ခဲ့ပေ။
မင်းသမီး၊ သခင်လေးယဲ့က အဲဒီအဓိပ္ပာယ်ကို ဆိုလိုတယ်ဆိုတာ မင်းသမီး တကယ်သေချာပါရဲ့လား? ဒါက မင်းသမီး ကိုယ့်ဘာသာ အဓိပ္ပာယ်တွေ ဖန်တီးပြီး စိတ်ကူးယဥ်နေတာ မဟုတ်ဘူးလား?
နာလန်ယန်လည်း အံ့ဩသွားခဲ့သည်။ ခဏတာ စဉ်းစားပြီးနောက် သူမ၏ လှပသော မျက်လုံးများ ပိုမိုတောက်ပလာပြီး ထိုဖွင့်ဆိုချက်မှာ အဓိပ္ပာယ်ရှိသည်ဟု ရုတ်တရတ် ခံစားလိုက်ရ၏။
သခင်လေးယဲ့ ထွက်သွားခါစက ထိုသူကို အတင့်ရဲလွန်းသည်၊ တော်ဝင်မင်းသမီးကို လှောင်ပြောင်ဝံ့သည်ဟု ထင်ခဲ့မိသည်။ သို့သော် ထိုစကားနောက်တွင် နက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ပါရှိနေခဲ့သည်ပင်။
မင်းသမီးကတော့ နတ်မိမယ်တိုင်းပြည်ရဲ့ မင်းသမီးဖြစ်တာနဲ့အညီ ယောက်ျားတစ်ယောက်ရဲ့ ပါးနပ်တဲ့လှည့်ကွက်တွေကို မြင်နိုင်တာပဲ!
“ဟင်း~”
လီဝူကျယ် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ “ဒီမိန်းကလေးရဲ့ နားလည်နိုင်စွမ်းကတော့ နည်းနည်းများလွန်းနေတာပဲ!”
ဟုန်ချန်ယဲ့ကမူ ရယ်မချမိအောင်ထိန်းထားရဟန်ဖြင့် နှုတ်ခမ်းများတွန့်တက်နေသည်။ “ဒီနိုင်ငံက အမျိုးသမီးတွေက အဲ့လိုပဲ။ နည်းနည်း ထူးဆန်းတယ်၊ ကြာရင်အကျင့်ဖြစ်သွားလိမ့်မယ်။”
“ဟမ့်!”
သူမကိုယ်သူမ အရာအားလုံးကို သိမြင်နိုင်လိုက်ပြီဟုသာ သတ်မှတ်ထားသော တုန်ဖန်းမုန့်ယောင်သည် မာနကြီးစွာဖြင့် မေးစေ့ကိုမော့ပင့်ထားလိုက်၏။
ဒီလို ပေါ်ပေါ်တင်တင် အရိပ်အမြွက်ပေးလိုက်ပြီးမှ ဒီမင်းသမီး နားမလည်နိုင်လောက်ဘူးလို့ တကယ်ထင်နေတာလား?
ဒီယောက်ျားကတော့၊ ငါ့ရဲ့ဉာဏ်ပညာကို အရမ်းလျှော့တွက်နေတာပဲ!
“အဒေါ်မေ၊ အချိန်မရှိဘူး! ကျွန်မကို ချီလင်ပန်းရထားနောက် မြန်မြန်လိုက်မီအောင် ခေါ်သွား!” တုန်ဖန်းမုန့်ယောင်က တိုက်တွန်းလိုက်သည်။
“မင်း…”
အဒေါ်မေမှာ ရွေးချယ်စရာမရှိတော့ဘဲ ခေါင်းညိတ်လိုက်ရသည်။ “ဟူး! ကောင်းပြီလေ!”
မင်းသမီးက ဒီလောက်အပြင်းအထန် တောင်းဆိုနေမှတော့ လက်အောက်ငယ်သားတစ်ဦးအနေနဲ့ အမိန့်ကိုမဆန့်ကျင်ရဲလှပါ။
ရွှစ်!
ထို့နောက် အဒေါ်မေသည် တုန်ဖန်းမုန့်ယောင်၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး တောက်ပသော မသေမျိုးအရှင်အလင်းတန်းအဖြစ် ပြောင်းလဲကာ ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။
“သွားကြမယ်၊ ဘာတွေဖြစ်နေလဲ သွားကြည့်ရအောင်။” ဟုန်ချန်ယဲ့လည်း အတူခုန်ပျံလိုက်သည်။
“ဟုတ်ပြီ!”
လီဝူကျယ်သည် ပုရှောင်ရှီးနှင့် မှိုဘုရင်၏လက်ကို လှမ်းဆွဲလိုက်ပြီး သူတို့နောက်မှ အတူလိုက်ပါသွားခဲ့သည်။
…
ညကောင်းကင်ယံအပေါ်၌။
အမျိုးမျိုးသော မျှောလှေများသည် တော်ဝင်မြို့တော်တစ်လျှောက် လှည့်လည်ဝေ့ဝိုက်နေကြပြီး အဆုံးမရှိ ချီးကျူးသံများမှာလည်း မြေပြင်ထက်မှ တဖွဲဖွဲထွက်ပေါ်နေခဲ့သည်။ မျှောလှေပွဲတော်၏ ပတ်ဝန်းကျင်သည် ပွဲတော်၏ အသက်ဝင်ဆုံး အချိန်ကာလဟု ဆိုနိုင်မည်ဖြစ်သော ညချမ်းချိန်ခါသို့ ချင်းနင်းဝင်ရောက်လာလေပြီ။
ထိုစဉ် အမျိုးသမီးတစ်ဦးသည် မျက်လုံးပြူးခနဲဖြစ်ကာ သူမ၏ သွယ်လျသောလက်ဖြင့် ဆန့်တန်းထိုးညွှန်ပြရင်း အော်ဟစ်လိုက်သည်။ “ညီအစ်မတို့၊ မြန်မြန်ကြည့်ကြစမ်း၊ ဟိုပန်းရထားက အရမ်းထူးခြားတာပဲ!”
လူတိုင်းက သူမ၏ အကြည့်နောက် လိုက်ကြည့်လိုက်ကြသော် ချီလင်ပန်းရထား၏ ထွက်ပေါ်လာမှုအား မြင်လိုက်ရပြီး ရင်ခုန်သံများမှာလည်း တဒိန်းဒိန်းမြန်ဆန်လာတော့၏။
ရွှေနီချီလင်မြင်း ကိုးကောင်သည် အရောင်အသွေးစုံလင်သော မင်္ဂလာတိမ်တိုက်များကို နင်းဖြတ်၍ ခမ်းနားလှပသော ပန်းရထားအား ဆွဲယူလှည့်လည်နေခဲ့သည်။ အထင်ကြီးစရာကောင်းလောက်သော ဝင်ရောက်လာမှုကြောင့် ပွဲကြည့်ပြည်သူအပေါင်းမှာ ကျန်မျှောလှေများကိုပင် ဂရုမစိုက်နိုင်တော့သည်အထိ မီးဝင်းဝင်းတောက် အာရုံစိုက်လာကြတော့၏။
“ငါ အဲဒီပန်းရထားကို မှတ်မိတယ်! ဒါက မျှောလှေပွဲတော်ရဲ့ မျက်နှာစာ၊ အဆင့်အမြင့်ဆုံး ချီလင်ပန်းရထား ပဲ!”
“အမလေး၊ ဘယ်သူ့မလို့ ဒီလောက် အင်အားကြီးမားပြီး နာမည်ကျော်ကြားတဲ့ ချီလင်ပန်းရထားကိုတောင် ငှားရမ်းခေါ်ယူနိုင်တာလဲ?”
“နေစမ်းပါဦး၊ ပန်းရထားပေါ်မှာ ယောက်ျားတစ်ယောက်ရှိနေတယ်! သူ အရမ်းချောတာပဲ၊ ငါ သေတော့မယ်!”
“ရှူး၊ ဘာတွေဖြစ်နေတာလဲ၊ ငါ့ကို ကြည့်ခွင့်ပေးပါဦး၊ အမလေး! အရမ်းချောတာကြီးဟဲ့၊ ဒီလူကတော့ ညကြီးအချိန်မတော် အန္တရာယ်ပြုခံရမှာ မကြောက်ဘူးလား?!”
ချီလင်ပန်းရထားသည် ကောင်းကင်ယံတစ်လျှောက် ခန့်ညားစွာ ရွေ့လျားသွားလာနေသည်နှင့်အမျှ အမျိုးသမီးငယ်များစွာသည်လည်း ပန်းရထားပေါ်တွင် စီးနင်းလိုက်ပါလာ အရပ်ရှည်ရှည် ပုဂ္ဂိုလ်ထံ၌သာ အာရုံစိုက်မိနေခဲ့ကြသည်။
သူတို့မြင်ရသလောက်ဆိုလျှင် ဆံပင်ငွေရောင်ရှိသော လူငယ်တစ်ဦးသည် လက်များကို နောက်ကျောဘက်သို့ပို့ထားရင်း ဖြောင့်တန်းစွာ မတ်တပ်ရပ်နေခဲ့သည်။ ငွေဖြူရောင်ဆံပင်သည် လေနှင့်အတူလွင့်ပျံနေခဲ့ကာ လရောင်အောက်တွင် တစ်မျှင်ချင်းစီ ကြည်လဲ့တောက်ပနေခဲ့သည်။ အသားအရေသည်ပင် နူးညံ့ဖြူစင်ကာ အပြစ်အနာအဆာမရှိ။
အထူးသဖြင့် နတ်ဘုရားတမျှဟု ခိုင်းနှိုင်းရလောက်မည်ဖြစ်သော ထိုမျက်နှာသည် ပြည်ပျက်စေလောက်အောင်ပင် ချောမောလှသည်။
ချီလင်ပန်းရထား၏ ခမ်းနားမှုကို နောက်ခံထားထားသော ထိုခံ့ညားချောမောမှုကား အသွေးအသားဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်ဟုပင် မထင်ရအောင် မြင့်မြတ်သန့်စင်နေခဲ့လေသည်။
လရောင်နှင့် ညကောင်းကင်ယံတို့ပါ အလိုက်သင့် ပေါင်းစပ်လိုက်သောအခါ တစ်နှစ်တာကာလပတ်လုံးတွင် မျက်စိအအေးဆုံးမြင်ကွင်းဟုဆိုလျှင် လွန်နိုင်စရာမရှိ။
ယောက်ျားဦးရေ နည်းပါးသော ဤနိုင်ငံတွင် တော်ဝင်မြို့တော်ရှိ များပြားလှသော အမျိုးသမီးများပင် ဤအချိန်တွင် မိုးကြိုးပစ်ခံရသကဲ့သို့ နားထဲပင်တဝီဝီမြည်လျက် မူးဝေလာခဲ့၏။
မကြာမီပင် ထိုနတ်ဘုရား၏ သွင်ပြင်ဟန်ပန်ကြောင့် မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာကာ မျက်နှာတို့ သွေးရောင်လွှမ်း၍ စိတ်မထိန်းနိုင်စွာ စတင်အော်ဟစ်ကြလေတော့၏။
“အား~~~”
မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု အားနည်းသူအချို့မှာ ရှက်စရာကောင်းလောက်အောင်ပင် ရုပ်ပျက်ဆင်းပျက်ရူးသွပ်သွားခဲ့၍ မြင်ကွင်းတစ်ခုလုံး ရှုပ်ထွေးသွားရလေသည်။
ယဲ့ကျွင်းလင်သည် ချီလင်ပန်းရထားထက် စီးနင်းလိုက်ပါရင်း တော်ဝင်မြို့တော် တစ်လျှောက် မည်သည့်နေရာသို့ ဖြတ်သွားသည်ဖြစ်စေ စိတ်လွတ်လက်လွတ်အော်ဟစ်သံများ နားနှင့်မဆံ့အောင် နားထောင်နေခဲ့ရ၏။
“ဒီသခင်လေးက ဘယ်သူများလဲကွယ်? ကျွန်မတို့ရဲ့ တော်ဝင်မြို့တော်မှာ ဘယ်တုန်းက ဒီလို နတ်ဘုရား နဲ့တူတဲ့ ယောက်ျားတစ်ယောက် ထွက်ပေါ်လာတာလဲ?”
“အား၊ သူ့ဆီကို အပြေးသွားပြီး ခုန်အုပ်လိုက်ချင်တယ်!”
“စိတ်ထိန်းပါ၊ ညီမလေး! ဒီလိုလူမျိုးဟာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ နှစ်ကိုယ်တူကျင့်ကြံဖော်ဖြစ်ရမယ်။ ကျွန်မတော့ သွားမစရဲဘူး!”
“ဟုတ်တယ်လေ၊ အဖိုးအတန်ဆုံး ချီလင်ပန်းရထားကိုတောင် စီးနိုင်နေတာကို ကြည့်လိုက်ရုံနဲ့ သူ့နောက်ခံ ဘယ်လောက်တောင်ကြောက်စရာကောင်းလဲဆိုတာ သိရလိမ့်မယ်!”
တော်ဝင်မြို့တော်ရှိ အမျိုးသမီးများစွာ၏ ဆွေးနွေးမှုအကြောင်းအရာသည် ယဲ့ကျွင်းလင်၏အကြောင်းသာ ဖြစ်နေခဲ့သည်။ ထူးကဲသာလွန်သော ရုပ်ရည်ကို အံ့ဩနေရစဉ်မှာပင် သူ့နောက်ကွယ်မှ အိမ်ထောင်ဦးစီး အမျိုးသမီးကိုလည်း ကြောက်ရွံ့ကြရသေး၏။
သူတို့၏ အမြင်တွင် ဤသည်မှာ ချမ်းသာကြွယ်ဝမှုကို လူအများမြင်အောင် ထုတ်ခင်းပြသခြင်းပင်။
ထူးခြားသည်မှာ ထိုအမျိုးသမီးသည် မျှောလှေအခမ်းအနားကို အဘယ်ကြောင့် ကိုယ်တိုင်မတက်ရောက်ခဲ့သနည်း။ အဘယ်ကြောင့် သူမ၏ နှစ်ကိုယ်တူကျင့်ကြံဖော်ကို ပန်းရထားပေါ်တွင် တစ်ယောက်တည်း ပေါ်လာစေခဲ့သနည်း။
နောက်ကွယ်မှ အကြောင်းရင်းမှာ ခန့်မှန်းလို့မရနိုင်သဖြင့် တကယ်ကို စိတ်ဝင်စားစရာကောင်းသည်။
ဤအချိန်တွင် ယဲ့ကျွင်းလင်သည် ချီလင်ပန်းရထားကို အေးအေးလူလူစီးနင်းကာ တော်ဝင်မြို့တော်၏ လှပသော ရှုခင်းများကို တဝကြီးခံစားနေခဲ့သည်။ အလွန်ထူးဆန်းသော အော်ဟစ်သံများကို သူ ကြားနေရသော်လည်း သိပ်ပြီးဂရုစိုက်မနေခဲ့။
ကျန်ခဲ့သော ထိုမိန်းကလေး တုန်ဖန်းမုန့်ယောင်အကြောင်းကိုလည်း ယဲ့ကျွင်းလင် စိတ်ရှုပ်ခံပြီး တွေးမနေတော့ဘဲ ရထားကိုပြန်လှည့်ပေးဖို့ စိတ်ကူးမရှိတော့ပေ။
ဒီအချိန်ထိ သူငယ်ချင်းပေါင်းပေါင်းလာခဲ့ပြီးမှ ရုတ်တရက်ကြီး မင်းသမီးစိတ်ဝင်ပြီး ရှက်စရာကောင်းသောစကားကို သူ့အားအတင်းအကျပ်ပြောခိုင်းခဲ့လေသည်။ ပြန်လှည့်ပေးစရာ အကြောင်းမရှိ။
‘မင်းသမီး၊ ကျေးဇူးပြုပြီး ရထားပေါ်တက်ပါ’ ဆိုလားပဲ? ဒီလို ရိုးဖြောင့်မှုမရှိတဲ့ အပြုအမူမျိုးကို လုံးဝအားမပေးဘူး!
ရုတ်တရက် လောဘစိတ်ဖြင့် ပြည့်နှက်နေသော မိန်းမအသံခပ်နိမ့်နိမ့်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံ၏ ရန်လိုသောရည်ရွယ်ချက်မှာ အလွန်ထင်ရှားသိသာနေခဲ့လေ၏။
“သခင်လေး၊ ညဘက်နောက်ကျမှ အပြင်ထွက်တဲ့ အမျိုးသားတွေ ရုပ်ရည်ဒီလောက်ချောမောနေရင် အန္တရာယ်ရှိနိုင်တယ်လို့ ဘယ်သူမှ မသင်ပြခဲ့ဖူးဘူးလား?”
“ရှင့်ကိုတော့ သင်ပြပေးရတော့မှာပဲ!”
“ကျွန်မက ရှင့်ကို စားတော့မှာ ဟား ဟား ဟား”
စာစဉ်ပြီး၏