← Chapters

နတ်မိမယ်တိုင်းပြည်၏ ဓလေ့များမှာ မျှော်လင့်ထားသည့်အတိုင်း ပွင့်လင်းလှသည်။

Vol. 32 Ch. 444

နတ်မိမယ်တိုင်းပြည်၏ ဓလေ့များမှာ မျှော်လင့်ထားသည့်အတိုင်း ပွင့်လင်းလှသည်။

Vol. 32 Ch. 444

ဆိုင်ရှင်အမျိုးသမီး၏ ရိုင်းစိုင်းသော စကားများသည် ယဲ့ကျွင်းလင်ကို ရှက်ရွံ့စေခဲ့သော်လည်း ထိုနေရာ၌ရှိသော အမျိုးသမီးအများအပြားကိုတော့ အားကျစိတ်များ ပေါ်ပေါက်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဆိုင်ရှင်အမျိုးသမီး ပြောဆိုခဲ့သည့်စကားမှာ သူတို့ရင်ထဲမှ ခံစားချက်များနှင့် ထပ်တူညီနေခဲ့သောကြောင့်ပင်။

တုန်ဖန်းမုန့်ယောင်၏ မျက်လုံးလှလှလေးများမှာ မီးပွင့်လုမတတ် ပြူးထွက်လာသည်။ နိုင်ငံတော်၏ မင်းသမီးတစ်ပါးအနေဖြင့် သူမ၏ ပိုင်ဆိုင်လိုစိတ်မှာ သာမန်အမျိုးသမီးများထက် ပိုမိုပြင်းထန်သည်။ မိမိချစ်မြတ်နိုးရသူကို အခြားတစ်ယောက်က ပွင့်ပွင့်လင်းလင်း လှောင်ပြောင်စော်ကားသည်အား မည်သို့သည်းခံနိုင်ပါမည်နည်း။

“ဆိုင်ရှင်အမျိုးသမီး! ရှင်ဒီနေရာကို ဆက်ဖွင့်ချင်သေးလား၊ မဖွင့်ချင်တော့ဘူးလား?” တုန်ဖန်းမုန့်ယောင်က ဒေါသထွက်နေသော ကျားသစ်မလေးတစ်ကောင်နှယ် အံတင်းတင်းကြိတ်ရင်း ရန်တွေ့လိုက်သည်။

“ဒါ၊ ဒါက နားလည်မှုလွဲတာပါ…” ဆိုင်ရှင်အမျိုးသမီးမှာ ထိုသို့စိုက်ကြည့်ခံရသောအခါ ရင်ထဲ၌ အေးခနဲဖြစ်သွားပြီး နဖူးထက်တွင် ချွေးများစို့လာသည်။

သူမသည် တော်ဝင်မြို့တော်၌ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်ခဲ့သော်လည်း ယဲ့ကျွင်းလင် ကဲ့သို့ ချောမောခန့်ညားသော ယောက်ျားတစ်ဦးကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ ထို့ကြောင့် စိတ်ဆန္ဒ၏ လွှမ်းမိုးမှုအောက်တွင် တုန်ဖန်းမုန့်ယောင်၏ သတိပေးချက်ကို အလိုလို လျစ်လျူရှုမိခဲ့ခြင်းပင်။

ရမ်းကားစနောက်လိုက်ရခြင်းက ခဏတာအတွက် စိတ်ကျေနပ်မှုရရှိစေနိုင်သော်လည်း မိသားစုပျက်စီးရမည့်ကိန်းပင်။

“ထားလိုက်ပါ၊ သူက စတာပဲကို။ ပွဲတော်ထဲကြီးမှာ ဆူဆူညံညံမလုပ်ပါနဲ့တော့။” ယဲ့ကျွင်းလင်က လက်ကို ဝှေ့ယမ်းကာ တားဆီးလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်မကဒီတိုင်းစတာပါ။” ဆိုင်ရှင်အမျိုးသမီးက ကျေးဇူးတင်စွာ လိုက်လံထောက်ခံသည်။

ယဲ့ကျွင်းလင်က ဆိုင်ရှင်အမျိုးသမီးကို ဝင်ရောက်ကူညီပြောဆိုလိုက်သဖြင့် တုန်ဖန်းမုန့်ယောင်လည်း ထိုကိစ္စကို ဆက်လက်ဖိအားပေးရန် ခက်ခဲသွားခဲ့သည်။

သို့သော် သူမသည် ပဟေဠိရှုံးသွားသည့်အပိုင်းကို စိတ်ထဲရှိနေဆဲဖြစ်သည်။ ဒေါသကို မထိန်းနိုင်ဘဲ မီးပုံးပေါ်မှ "ချောင်" ဆိုသည့် စာလုံးကို လက်ညှိုးထိုးပြီး ဆူပူလိုက်သည်။

“ဆိုင်ရှင်အမျိုးသမီး၊ ကျွန်မ တကယ်ပဲ ရှင့်မှာ စာလုံးနဲ့ပက်သက်ပြီး ဗဟုသုတမရှိဘူးလို့ တွေးမိတယ်။ ဒီကမ္ဘာပေါ်မှာ ‘ချောင်’ ဆိုတဲ့ မျိုးရိုးနာမည် ဘယ်လိုလုပ်ရှိမှာလဲ? လက်တွေ့ဘဝနဲ့မနီးစပ်မှတော့ ဘယ်သူကဖြေနိုင်လိမ့်မလဲ! နောက်တစ်ခါ ပဟေဠိ မလုပ်ခင် ဦးနှောက်ကို ပိုသုံးပေးပါ!”

ထိုစကားကို ကြားပြီးနောက် ဆိုင်ရှင်အမျိုးသမီးသည် ‌ကြောက်ရွံ့နေခြင်းမရှိတော့ဘဲ မကျေမနပ်ဖြင့် ပြန်ပက်လာ၏။ “သခင်မလေး၊ သခင်မလေး ကိုယ်တိုင်က ဗဟုသုတနည်းပါးနေတာပါ၊ ဘာလို့ တခြားလူကို အပြစ်လာပြောနေရတာလဲ? ဒီမျိုးရိုးနာမည်က ကျွန်မတို့ နတ်မိမယ်တိုင်းပြည်မှာ သေချာပေါက်ရှိတယ်!”

“ဘယ်မှာလဲ? ဘယ်မှာလဲ? ရှိရင် ထွက်လာခိုင်းလိုက်!” တုန်ဖန်းမုန့်ယောင်က ခါးထောက်လျက် အထက်စီးကပြောသည်။

သူမ၏ စကားသံဆုံးသည်နှင့် လူအုပ်ထဲမှ အမွှာညီအစ်မနှစ်ယောက်သည် သူတို့၏ လက်များကို မြှောက်လိုက်ကြပြီး စကားဆိုလာကြသည်။ “သခင်မလေး၊ ကျွန်မတို့က ဆိုင်ရှင်အမျိုးသမီးအတွက် သက်သေခံပေးဖို့ ဆန္ဒရှိပါတယ်!”

လူတိုင်းက အံ့သြစွာ လှည့်ကြည့်လိုက်ကြပြီး ရေရွတ်လိုက်ကြသည်။ “ဟင်၊ တကယ်ပဲ ဒီလိုမျိုးရိုးနာမည် ရှိနေတာပါလား!”

တုန်ဖန်းမုန့်ယောင် အံ့သြတုန်လှုပ်သွားပြီး သံသယဝင်သော လေသံဖြင့် မေးလိုက်သည်။ “မင်းတို့မှာ အမျိုးသမီးကောင်းလက်မှတ် ပါလား?”

အမျိုးသမီးကောင်းလက်မှတ်ဆိုသည်မှာ နတ်မိမယ်တိုင်းပြည်ရှိ အမျိုးသမီးများအတွက် တရားဝင်အထောက်အထားတစ်ခုဖြစ်သည်။ (မှတ်ပုံတင်လိုပါပဲ)

တော်ဝင်မြို့တော်မှာ လူအများအပြား ရောနှောနေထိုင်ကြသဖြင့် စည်းကမ်းတကျ ထိန်းသိမ်းနိုင်ရန်အတွက် အမျိုးသမီးတို့မှာ အမျိုးသမီးကောင်းလက်မှတ်ကို အမြဲဆောင်ထားလေ့ရှိသည်။

“ပါပါတယ်!” အမွှာညီအစ်မများက သူတို့၏ အမျိုးသမီးကောင်းလက်မှတ်များကို တစ်ယောက်တစ်ချောင်းစီ ထုတ်ပြလိုက်ကြသည်။

လက်မှတ်များပေါ်တွင် သူတို့၏ နာမည်အပြည့်အစုံနှင့် နေရပ်လိပ်စာများကို ရှင်းလင်းစွာ ဖော်ပြထားသည်။ မျိုးရိုးနာမည်ကို ကြည့်လိုက်သောအခါ အမှန်ပင် ‘ချောင်’ ဆိုသည့် စာလုံး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

လီဝူကျယ် ခေါင်းကိုနာနာကုတ်လိုက်ရင်း တိုးတိုးရေရွတ်လိုက်မိသည်။ “ဒီလိုနာမည်မျိုး တကယ်ရှိတာလား?”

ထိုအချိန်၌ တုန်ဖန်းမုန့်ယောင်၏ မျက်နှာသည် ဒေါသအရိပ်အယောင်ဖြင့်နီရဲလာပြီး မြေကြီးထဲသို့ တိုးဝင်သွားချင်စိတ် ပေါ်လာသည်။ ရှက်စရာကောင်းလှသည်ပင်။

ဒီစာလုံးကြီးက အပြင်လောကမှာ တကယ်ရှိနေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ?

“သခင်မလေး၊ နောက်တစ်ခါ သတိထားပါ။” သူမ၏ အပြစ်ကင်းစင်မှုကို ရှင်းပြပြီးနောက် ဆိုင်ရှင်အမျိုးသမီး၏ လေသံတွင် မကျေနပ်မှု အရိပ်အယောင်များ ပါဝင်လာသည်။

“ကျွန်မ၊ ကျွန်မ တောင်းပန်ပါတယ်!” အခြေအနေများ ဒီလိုဖြစ်လာသောအခါ တုန်ဖန်းမုန့်ယောင်သည် ဆက်လက်ခေါင်းမာ၍ မရတော့သောကြောင့် ခေါင်းငုံ့ပြီး သူမ၏အမှားကို ဝန်ခံလိုက်ရသည်။ ဆယ်ကျော်သက်မိန်းမငယ်၏ စိတ်သဘောထားမှာ ရိုးစင်းဖြူစင်လှသေး၏။

အဒေါ်မေက တိတ်တဆိတ်စောင့်ကြည့်ရင်း အသာခေါင်းညိတ်လိုက်သည်။

မင်းသမီးမှာ မောက်မာသော ပင်ကိုစရိုက်ရှိသော်လည်း အမှားကိုသိလျှင် ချက်ချင်းတောင်းပန်ပြင်ဆင်ပေးတတ်သည့် စိတ်ကောင်းလေးကတော့ ပျက်စီးနေသော မှူးမတ်အများအပြားထက် သာလွန်လှသည်။

နတ်မိမယ်တိုင်းပြည်၏ အနာဂတ်အုပ်စိုးရှင်တစ်ဦးအနေဖြင့် ကိုယ်ကျင့်တရားမှာ အလွန်အရေးကြီးသည်မဟုတ်လော။ ကိုယ်ရံတော်တစ်ဦးအနေဖြင့် သူမသည် မင်းသမီး၏ ပြောင်းလဲမှုများကို လက်ရှိ အုပ်စိုးရှင်ထံသို့ လျှို့ဝှက်စွာ တင်ပြရမည့် တာဝန်ရှိသည်။

ယဲ့ကျွင်းလင် တွေးလိုက်သည်။ “ဒီလိုပဟေဠိမျိုးကိုတောင် ခန့်မှန်းရုံနဲ့ အဖြေမှန်နေတာ ရွှေရောင်ကံတရား ကြောင့်များလား?”

သူသည် စနစ်ကပေးခဲ့သော ဆုလာဘ်များထဲတွင် ရွှေရောင်ကံတရား ပါဝင်သည်ကို ပြန်လည်မှတ်မိလိုက်သည်။ ၎င်းကြောင့်ပင် ယွင်ရှန်းကျွန်း၏ စမ်းသပ်မှုတွင် မဖြစ်နိုင်သော အောင်မြင်မှုမှတ်တိုင်များစွာကို ပေါက်ပေါက်ရှာရှာ စိုက်ထူနိုင်ခဲ့ပြီး ထိုကျွန်းအမွေအနှစ်အား အောင်မြင်စွာ ဆက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုကြုံတွေ့နေရသော အဖြစ်အပျက်များသည်လည်း ကံတရားနှင့် သက်ဆိုင်နေသည်ဟု ယဲ့ကျွင်းလင် ခံစားမိသည်။ ဤယူဆချက်ကို စမ်းသပ်ရန်အတွက် သူသည် အခြားဆိုင်များကိုပါ သွားကြည့်ရန် ဆုံးဖြတ်လိုက်၏။

“သခင်လေး၊ ဂရုစိုက်သွားပါ! မကြာခဏ လာလည်ပါဦး!” ဟု ဆိုင်ရှင်အမျိုးသမီးက ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်ကို လှုပ်ယိမ်းပြရင်း ဖိတ်ခေါ်ကျန်ရစ်သည်။

ဆိုင်မှ အမျိုးသမီးဖောက်သည်အများအပြားသည်လည်း ယဲ့ကျွင်းလင်၏ နောက်သို့ တန်းစီလိုက်လာကြပြီး ထိုသူ၏ ကျောပြင်ကို ကြည့်မြင်ရရုံမျှဖြင့် မရိုးမရွဖြစ်နေကြလေသည်။

တုန်ဖန်းမုန့်ယောင်သည် သခင်လေးထံမှ မျက်နှာရချင်ပြီး မိမိ၏ပဟေဠိစွမ်းရည်ကိုလည်း သက်သေပြချင်သေးသောကြောင့် မနီးမဝေးတစ်နေရာမှ ပဟေဠိဆိုင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ “ကြည့်ပါဦး၊ ဟိုမှာလည်း တစ်ဆိုင်ရှိတယ်!”

“အိုး" ယဲ့ကျွင်းလင် လှမ်းကြည့်လိုက်သည်။

ဆိုင်ရှင်ဖြစ်သူမှာ အညိုရောင်ဝတ်ရုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်သည်။ မျက်ကွင်းမှာ ညိုမည်းချိုင့်ချနေပြီး မျက်နှာမှာ ပိန်ချုံးနေသဖြင့် တစ်စုံတစ်ခုအား မအိပ်မနေ အလွန်အကျွံ ပျော်ပါးထားပုံပေါ်သည်။

နတ်မိမယ်တိုင်းပြည်၏ ပွင့်လင်းသောသဘောသဘာဝနှင့် ပေါင်းစပ်လိုက်သောအခါ ထိုတစ်စုံတစ်ခုကို မတွေးဘဲမနေနိုင်တော့ပေ။

“သခင်လေး၊ ပဟေဠိ လာဖြေကြည့်ပါဦး! အဖြေမှန်ရင် လက်ဆောင်လေးတစ်ခု ရပါမယ်!”

ဆိုင်ရှင်သည် အကျင့်ပါနေသည့်အတိုင်း ဖိတ်ခေါ်လိုက်ရင်း အကြည့်က ယဲ့ကျွင်းလင်အပေါ် ချက်ချင်း စူးစိုက်သွားသည်။ ထို့နောက် နတ်ဘုရားနှယ် ရုပ်ရည်ကို မြင်ပြီး အံ့သြသွားရုံသာမက နက်ရှိုင်းသော သနားကရုဏာစိတ်လည်း ဖြစ်ပေါ်လာသည်။

ဤမျှချောမောသောသူသည် နတ်မိမယ်တိုင်းပြည်၌ မည်သို့ အသက်ရှင်နေထိုင်နိုင်မည်နည်း။

ဝံပုလွေနှင့် ကျားများကဲ့သို့ သန်မာထွားကျိုင်းလှသော အမျိုးသမီးများ၏ နှိပ်စက်အသုံးပြုခြင်းကို ပြင်းထန်စွာ ခံစားရမည်မဟုတ်လော။

နောက်ဆုံးတွင် သူ့ကဲ့သို့ စွမ်းဆောင်ရည်မြင့်မားသော ယောက်ျားတစ်ဦးပင် ထိုအမျိုးသမီးများကြောင့် နှစ်ပေါင်းများစွာ ပင်ပန်းနွမ်းနယ်ခဲ့ရသည်။

ဤသို့ဖြင့် သူသည် အမျိုးသမီးတစ်ဦးက သူ့အား လက်ပြလိုက်သည်နှင့် နှလုံးသားထဲမှ စိမ့်နေအောင်ကြောက်ရွံ့လာမိတော့၏။

ဆိုင်ရှင်အမျိုးသား အာရုံပျံ့လွင့်နေစဉ်မှာပင် ယဲ့ကျွင်းလင်သည် ဆိုင်ရှေ့သို့ အေးဆေးကြော့ရှင်းစွာ ရောက်ရှိလာခဲ့သည်။ ချိတ်ဆွဲထားသော မီးပုံးခြောက်လုံးကို ကြည့်လိုက်သောအခါ သူ၏ နှုတ်ခမ်းထောင့်၌ အဓိပ္ပါယ်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။

သူသည် ပဟေဠိများကို အနီးကပ်ပင် မကြည့်တော့ဘဲ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

“ပထမတစ်ခုက ‘သမိုင်း’!”

“ဒုတိယတစ်ခုက ‘တွင်’!”

“တတိယတစ်ခုက ‘အချောဆုံး’!”

“စတုတ္ထတစ်ခုက ‘စာရေးဆရာ’!”

“ပဉ္စမတစ်ခုက ‘၏’!”

“ဆဋ္ဌမတစ်ခုက ‘စွန့်စားမှုများ’!”

ထိုသူသည် ပဟေဠိခြောက်ခု၏ အဖြေများကို တစ်ဆက်တည်း ပြောဆိုလိုက်သောကြောင့် အတူလိုက်ကြည့်နေသော လူတိုင်း၏ ဦးနှောက်များ ချို့ယွင်းသွားလုနီးပါး ဖြစ်သွားရသည်။

တုန်ဖန်းမုန့်ယောင်၏ မျက်လုံးလှလှလေးများ ပြူးကျယ်လာပြီး ယဲ့ကျွင်းလင်ကို မယုံကြည်နိုင်စွာ မော့ကြည့်နေမိသည်။

ဒီလောက်တောင်မြန်တာလား?

သူမပင် အဆင်သင့်မဖြစ်သေး!

တုန်ဖန်းမုန့်ယောင်သည် ပထမပဟေဠိကိုပင် စဉ်းစားနေဆဲပြီး မျက်နှာမပျက်အောင် အဖြေမှန်ပေးရန် ရည်ရွယ်ခဲ့သော်လည်း ယဲ့ကျွင်းလင်က အဖြေခြောက်ခုလုံးကို တစ်ပြိုင်နက်တည်း ပြောဆိုလိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

မမြန်လွန်းဘူးလား?

ဆိုင်ရှင်အမျိုးသားသည် ယဲ့ကျွင်းလင်ကို အံ့သြတုန်လှုပ်စွာ ကြည့်ပြီး အာမေဋိတ်ပြုလာသည်။ “မင်း၊ မင်း…”

အဖြေအားလုံး မှားသွားသည်ဟု ထင်ပြီး ယဲ့ကျွင်းလင်က ရှက်ရွံ့သော်လည်း ယဉ်ကျေးသောအပြုံးဖြင့် ပြောလိုက်သည်။ “နောက်တာပါ၊ စိတ်ထဲရှိတာကို ပြောလိုက်တာ။”

နောက်ဆုံးတော့လည်း ဘယ်လိုပဟေဠိမျိုးက ဒီလိုဆန်းကြယ်တဲ့အဖြေတွေ ရှိမှာတဲ့လဲ?

“သခင်လေး၊ သခင်လေးက အံ့မခန်းပဲ! အဖြေတွေအားလုံးကို တကယ်ပဲမှန်အောင် ဖြေနိုင်ခဲ့တယ်!!!” နောက်တစ်စက္ကန့်တွင် ဆိုင်ရှင်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

သူကိုယ်တိုင် ခက်ခက်ခဲခဲ ပြင်ဆင်ထားသော ပဟေဠိခြောက်ခုလုံးကို တစ်စုံတစ်ဦးက တစ်ပြိုင်နက်တည်း အဖြေမှန်လိမ့်မည်ဟု တကယ်မမျှော်လင့်ထားခဲ့ပေ။

“ဘုရားရေ!” လူတိုင်း အံ့အားသင့်သွားကြသည်။

ပဟေဠိခြောက်ခုလုံး မှန်တယ်? ဒီလိုလူကို ပ‌ဟေဠိဘုရင်ဟု ခေါ်ခြင်းသည် စော်ကားရာရောက်ပေလိမ့်မည်။

ထိုသူသည် ပဟေဠိနတ်ဘုရားတစ်ပါးပင်!

ထိုအချိန်၌ ယဲ့ကျွင်းလင်မှာ နေရာ၌ပင် လုံးဝ ကြောင်အသွားခဲ့သည်။

လာနောက်နေတာလား?

ငါက စိတ်ထဲရှိတဲ့အတိုင်း လျှောက်ပြောလိုက်တာလေ၊ တကယ်အလုပ်ဖြစ်သွားတာလား?!

ဘယ်လိုပဟေဠိမျိုးက ဒီလိုဆန်းကြယ်တဲ့ အဖြေတွေ ရှိမှာလဲ?!

သူ့အား လူအာရုံစိုက်အောင် သက်သက်လှည့်စားသည်ဟု မစွပ်စွဲနိုင်စေရန် ဆိုင်ရှင်သည် မီးပုံးပေါ်မှ အဖြေများကို တစ်ခုချင်းစီ လျင်မြန်စွာ ဖွင့်ပြလိုက်သည်။

တစ်ပြိုင်နက်တည်းပင် ရွှေရောင်စာလုံးခြောက်လုံးသည် လူတိုင်း၏ မျက်စိရှေ့၌ ထွက်ပေါ်လာခဲ့၏။

အချောဆုံးစာရေးဆရာရဲ့ သမိုင်းကြောင်း။

All Chapters