← Chapters

အခန်း (၄၄၂)

Vol. 32 Ch. 442

အခန်း (၄၄၂)

Vol. 32 Ch. 442

"အဟွတ်!"

တမင်လုပ်ယူထားသော ကလေးဆန်ဆန်အသံကိုကြားလိုက်ရချိန်တွင် ယဲ့ကျွင်းလင်မှာ သူ့ဦးနှောက်ကြီးပင်ကျုံ့ဝင်သွားသလားဟု ထင်မိရသည်။ မျက်ခုံးများတွန့်ချိုးနေကာ မျက်နှာမှာ အတော်လေးမသက်မသာဖြစ်နေဟန်ပင်။

မွေးညင်းများပင် ထောင်ထသွားရသည်!

"သခင်မလေးမုန့်၊ မင်းက ပုံမှန်လည်း စကားကိုဒီလိုပဲပြောတတ်တာလား?"

"ဟုတ်ကဲ့၊ ဘာလို့လဲဆိုတော့ သမီးက ဒီနှစ်မှ အသက်ဆယ့်ရှစ်နှစ်ပြည့်တာမို့လို့~~"

"..."

ယဲ့ကျွင်းလင်၏နဖူးကြောများ ပိုမိုထင်ရှားလာပြီး ခပ်တင်းတင်းလေသံဖြင့် ပြောလိုက်သည်။ "စကားကို ဒီလိုပုံစံနဲ့ဆက်ပြောနေမယ်ဆိုရင် အခုချက်ချင်းထွက်သွားပါ!"

ထိုအသံသည် သူ့နားများကို တစ်ခဏချင်းအတွင်း အ‌တော်လေးမောပန်းသွားအောင် နှိပ်စက်သွားခဲ့လေပြီ။

"အယ်?"

တုန်ဖန်းမုန့်ယောင် ကြောင်အသွားသည်။

ဒီလောက် အလွန်အကျွံကြိုးစားထားတာကို တစ်ဖက်လူက ဒီလောက်ထိရွံရှာစက်ဆုပ်သွားရသလား?

တုန်ဖန်းမုန့်ယောင်သည် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်နေပြီး မျက်လုံးများတွင် ခံစားချက်များ အဆက်မပြတ်ပြောင်းလဲနေသည်။

"ဟားဟားဟားဟား!!"

တခဏမျှအကြာတွင် သူမသည် ခေါင်းကိုမော့လှန်၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် လက်သေးသေးလေးများဖြင့် ရင်ဘတ်ကိုနာနာပုတ်ကာ ပြောသည်။ "သခင်လေးယဲ့၊ တကယ်တော့ ကျွန်မ သခင်လေးကို နောက်ပြောင်နေတာပါ! လာ၊ လာ၊ လက်ဖက်ရည်သောက်၊ လက်ဖက်ရည်သောက်!"

တုန်ဖန်းမုန့်ယောင်သည် ကိုယ်ပိုင် ပုံစံအသစ်တစ်ခုကို အဝတ်လဲသကဲ့သို့ လျင်မြန်စွာ ပြောင်းလဲလိုက်သည်။

ယဲ့ကျွင်းလင် ပါးစပ်အဟောင်းသားဖြစ်သွားရ၏။

ဒီမိန်းမရဲ့ဦးနှောက်မှာ ပြဿနာတစ်ခုခုရှိနေတာလား? ဒါမှမဟုတ် စရိုက်မျိုးစုံပေါင်းစပ်နေတဲ့ရောဂါများ ရနေတာလား?

တုန်ဖန်းမုန့်ယောင်သည် လက်ဖက်ရည်ခွက်ဖြင့်သောက်ရတာ သေးငယ်လွန်းသည်ဟု ခံစားလာရသဖြင့် လက်ဖက်ရည်အိုးတစ်လုံးလုံးကို တိုက်ရိုက်ကောက်ယူပြီး မော့ချလိုက်သည်။

ကျေနပ်အားရသော အားခနဲ အသံနှင့်အတူ လက်ဖက်ရည်တစ်အိုးလုံးအား အဆုံးသတ်လိုက်သည်။ ထို့နောက် လက်ဖက်ရည်အိုးကို ပေါ့ပေါ့ပါးပါးပြန်ချလိုက်ပြီး သူမ၏ ညာဘက်တံတောင်ဆစ်ကို ကုလားထိုင်၏နောက်ကျောတွင် ဟန်ပါပါတင်ကာ ခြေတစ်ဖက်ပေါ် တစ်ဖက်ချိတ်ထိုင်လျက် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။ "သခင်လေးယဲ့၊ ကျွန်မကို အခုရော ဘယ်လိုထင်လဲ?"

ကြွက်စုတ်ကောင်လေး၊ ဒီမင်းသမီးက မင်းကို သေတဲ့အထိဆွဲဆောင်ပြမယ်!

တုန်ဖန်းမုန့်ယောင်သည် သူမ၏ မမပုံစံအား သန်မာပြီးထူးခြားသည်ဟုယူဆကာ အပြည့်အဝယုံကြည်မှုရှိထားသည်။ တစ်ဖက်လူမှာ အထင်ကြီးလေးစားရုံစွာဖြင့် သူမကို တက်တက်ကြွကြွဆက်ဆံလာလိမ့်မည် အသေအချာပင်။

ယဲ့ကျွင်းလင် : "?"

အမှုပိတ်ပြီ။

ဒီမိန်းကလေးတော့ ရောဂါတော်တော်ဆိုးနေပြီပဲ။

"ရှောင်ဟုန်၊ သခင်မလေးကို လိုက်ပို့ပေးလိုက်ပါ!"

ယဲ့ကျွင်းလင် တိုက်ရိုက်မောင်းထုတ်လိုက်တော့သည်။

ဟုန်ချန်ယဲ့က ထူးဆန်းနေသောအမူအရာဖြင့် ရှေ့တက်လာပြီး ခပ်တောင့်တောင့်ဆိုသည်။ "သခင်မလေးမုန့်၊ ကျေးဇူးပြုပြီး ပြန်ပါတော့။"

တုန်ဖန်းမုန့်ယောင် ကြောင်အသွားသည်။

ဒီ၊ ဒီလိုပဲ နှင်ထုတ်လိုက်တော့မှာလား?

စကားဆက်မပြောတော့ဘူးလား?

အရာအားလုံး ရှုပ်ထွေးအောင်လုပ်လိုက်မိကြောင်း သတိထားမိသောအခါ တုန့်ဖန်းမုန့်ယောင် နာနာခံခံထရပ်ကာ စိတ်ပျက်လက်ပျက်ထွက်ခွာသွားသည်။

အမျိုးသမီးတစ်ယောက်အတွက် အမျိုးသားတစ်ယောက်ကိုလိုက်ဖို့ မည်မျှခက်ခဲကြောင်း သူမ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။

ကိုယ်ပိုင်အခန်းသို့ ပြန်ရောက်လာသည့်အခါ။

တုန်ဖန်းမုန့်ယောင်သည် သူမ ခုနက ပြောဆိုခဲ့သော အရူးစကားများကို ပြန်တွေးမိပြီး ပါးပြင်များပူလောင်လာကာ ရှက်လွန်း၍ မြေကြီးထဲဝင်အောင်းနေချင်စိတ် ပေါက်သွားရသည်။

ငါ့ ဘာတွေပြောခဲ့တာလဲ?

တော်တော်လေးကို တုံးအညံ့ဖျင်းနေသေးတာပါလား။

"မင်းသမီး၊ ကျွန်မထင်တယ် သခင်လေးယဲ့က လုံးဝကို ရိုးရှင်းမနေဘူး!" အဒေါ်မေသည် ခဏတာ တွန့်ဆုတ်နေပြီးနောက် သူမ၏အမြင်ကို စိုးရိမ်စိတ်ကြီးစွာ ပြောပြလိုက်သည်။

သူမသည် ထိုအုပ်စုတစ်စုလုံးကို အကဲဖြတ်လို့မရသည်မှန်သော်လည်း သခင်လေးယဲ့ တစ်ဦးတည်းကပင် သူမကို စကားလုံးများဖြင့် ဖော်ပြ၍မရသော ခံစားချက်တစ်ခုအား ပေးစွမ်းနေခဲ့သည်။

သူမသည် နတ်မိမယ်တိုင်းပြည်၏ ထိပ်တန်း စစ်မှန်သောမသေမျိုးအရှင်တစ်ပါးဖြစ်သော်ငြား ထိုသူကို မျက်နှာချင်းဆိုင်မိလိုက်သည့် တစ်ခဏ၍ ဒူးထောက်ခစားလိုစိတ်ဖြစ်ပေါ်လာကြောင်း သတိထားမိခဲ့လိုက်၏။

"အဒေါ် ပြောတာမှန်တယ်၊ သခင်လေးယဲ့က တကယ်ကို ရိုးရှင်းမနေဘူး၊ သူက ရုပ်ရည်ကြည့်ကောင်းတာတင်မကဘဲ အကျင့်စရိုက်ကလည်း အရမ်းမြင့်မြတ်တယ်၊ တခြား အမျိုးသားတွေနဲ့ လုံးဝမတူဘူး။"

သူမ၏ တွေ့ဆုံလက်ဆောင်ကို အခိုင်အမာ ငြင်းပယ်ခြင်းအား ပြန်စဉ်းစားလိုက်သည့်အခါ တုန်ဖန်းမုန့်ယောင်သည် ထိုသူကို အထင်ကြီးလေးစားမိပြန်တော့၏။

ငွေကြေးကိုစွဲလမ်းတပ်မက်ကာ လူကိုဖားယားပေါင်းသင်းနေကြသူများနှင့် လားလားမှမတူညီ။

သခင်လေးယဲ့၏ ထိပ်တန်းအဆင့် စိတ်ဝိညာဥ်ကျောက်တုံး ၁၀၀,၀၀၀ ကို ဂရုမစိုက်လိုက်သည့် အပြုအမူက တုန်ဖုန်းမုန့်ယောင်ကို အံ့အားတသင့်ဖြစ်စေရုံသာမက နှစ်သက်မှုကိုလည်း ပိုတိုးစေပြန်သည်။

သို့သော် သူမ မသိသည်မှာ ထိုသူသည် မသေမျိုးသလင်းကျောက်ကိုသာ အသုံးပြုခြင်းဖြစ်သည်ပင်။

"အာ၊ မင်းသမီး၊ ဒီငယ်သားရဲ့ဆိုလိုရင်းကို မင်းသမီး နားလည်မှုလွဲသွားပုံပေါ်တယ်" အဒေါ်မေ ပြန်လည်လျှောက်တင်လိုက်သည်။

ဒုန်း!

စိတ်ဆိုးဒေါသထွက်နေသော တုန်ဖန်းမုန့်ယောင်သည် ရုတ်တရက် စားပွဲကို ပိတ်ရိုက်လိုက်သည်။ "အဒေါ်မေ၊ ဘယ်နေရာမှာ ပြဿနာရှိနေလဲဆိုတာ ကျွန်မသိပြီ!"

"ဘယ်၊ ဘယ်နေရာမှာလဲ?"

တုန်ဖန်းမုန့်ယောင်သည် အပြာရောင်စာအုပ်ကို ဆွဲထုတ်လိုက်ပြီး ဒေါသတကြီးဆို၏။ "ကျွန်မက တိုင်းပြည်ရဲ့ မင်းသမီးပဲ! ကျွန်မမှာ မွေးရာပါ အားသာချက်ကြီး ရှိနေတာကို ဒီရယ်စရာကောင်းတဲ့ လုပ်ရိုးလုပ်စဉ်တွေကို မလိုအပ်ဘဲ လိုက်လုပ်ခဲ့မိတာ၊ အခုတော့ အကျိုးသက်ရောက်မှုက ဆန့်ကျင်ဘက်ဖြစ်ပြီး သခင်လေးယဲ့ဆီကနေ ကန်ထုတ်ခံလိုက်ရပြီ!"”

"ဒီစာအုပ်က အန္တရာယ်ရှိတာပဲ! ဒီစာအုပ်ကိုရေးတဲ့ စာရေးဆရာကလည်း အမျိုးသားတွေအကြောင်းကို လုံးဝမသိဘူး၊ သူက စိတ်ကူးပဲယဥ်တတ်တဲ့ အဖွားကြီးတစ်ယောက်ပဲ၊ ဟမ့်!"

ပြောဆိုပြီးနောက် တုန်ဖန်းမုန့်ယောင်သည် အပြာရောင်စာအုပ်အား မြေကြီးပေါ်ပစ်ချက်လျက် အကြိမ်အနည်းငယ် ‌ဆောင့်နင်းလိုက်သည်။

အဒေါ်မေ၏ အံ့အားသင့်နေသော အကြည့်အောက်တွင် တုန်ဖန်းမုန့်ယောင်သည် မာန်ပါပါခါးထောက်လိုက်ပြီး ပန်းရောင်သမ်းနေသော မျက်နှာနုနုလေးအား မာနကြီးစွာ မော့ပင့်လိုက်သည်။ "ဒီမင်းသမီး ကတော့ နောက်တစ်ဆင့်မှာ သခင်လေးယဲ့ကို အောင်နိုင်ဖို့ ကိုယ်ပိုင်နည်းလမ်းတွေကိုပဲ အားကိုးတော့မယ်! သူ့ကို ကျွန်မတို့ နတ်မိမယ်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်ကိုဖြစ်စေရမယ်!"”

ရဲရင့်တက်ကြွစွာ ကြွေးကြော်ပြီးနောက် တုန်ဖန်းမုန့်ယောင်သည် အင်အားအပြည့်ရှိလာဟန်ပေါ်ပြီး မျက်နှာချင်းဆိုင်အခန်းအား တက်တက်ကြွကြွပြေးသွားလေတော့၏။

ဖရဲသီးကိုမမှည့်သေးခင် မခူးရမှန်းသိသော်ငြား ဖရဲသီးနုနုလေး၏အရသာကို မြည်စမ်းချင်စိတ်အား ထိန်းမရနိုင်တော့ပါချေ။

အခန်းထဲတွင် အဒေါ်မေသည် မလှုပ်မယှက် ရပ်ကျန်နေခဲ့သည်။

ခဏအကြာတွင် သူမသည် သတိပြန်ဝင်လာပြီး "အမျိုးသားတစ်ဦးကို မင်းကို အမြန်ဆုံးချစ်လာအောင် ဘယ်လိုလုပ်ရမလဲ" ဟု ခေါင်းစဉ်တပ်ထားသော အပြာရောင်စာအုပ်အား မြေကြီးပေါ်မှ ကောက်ယူလိုက်သည်။

သူမသည် စာအုပ်ပေါ်မှ ဖုန်မှုန့်များကို ပုတ်ခါလိုက်ပြီး သူမ၏ ရင်ခွင်ထဲတွင် ဂရုတစိုက် ထည့်ပိုက်လိုက်ကာ အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ "မင်းသမီးရဲ့ စကားတွေက တကယ်ကို နာကျင် စရာပါပဲ။"

ဘာပဲဖြစ်ဖြစ် ငါလည်း နန်းတော်မှာနေရာတာပျင်းလို့ လျှောက်ရေးခဲ့ရုံပါပဲလေ!

All Chapters