ကန်းမန်ရှစ်ပါးစွေ့ (သမီးက ၁၈နှစ်ပဲရှိသေးတယ် အဟင့်)
Vol. 32 Ch. 441
တုန်ဖန်းမုန့်ယောင်သည် သတိပြန်ဝင်လာပြီး သူမ၏ ပါးပြင်များ နီရဲကာ ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။
ဤသည်မှာ သူမ တစ်ခါမျှ မခံစားဖူးသည့် ခံစားချက်ဖြစ်ပြီး ယခင်က တည်ငြိမ်အေးဆေး၍ ယုံကြည်မှုအပြည့်ရှိသောဟန်ပန်မှာ စိတ်လှုပ်ရှားမှုများဖြင့် အစားထိုးခံလိုက်ရတော့၏။
"ကျွန်မ၊ ကျွန်မနာမည်က တုန်... အိုး၊ မဟုတ်ဘူး၊ သခင်မလေးမုန့် လို့ပဲ ခေါ်နိုင်ပါတယ်။"
"သခင်မလေးမုန့်၊ ထိုင်ပါဦး။"
"ဟုတ်"
တုန်ဖန်းမုန့်ယောင်၏ အသံသည် ခြင်တစ်ကောင် တိုးတိုးလေးအော်မြည်သကဲ့သို့ ပျော့ပျောင်းညင်သာနေပြီး ထိုင်ခုံပေါ်တွင် နာခံစွာထိုင်ကာ သူမ၏မျက်လုံးများကို သတိကြီးစွာမော့ပင့်လျက် တစ်ဖက်လူအား ထပ်မံအကဲခတ်သည်။
တကယ်ပဲ ဒီလို ချောမောခံ့ညားတဲ့အမျိုးသားက စိတ်ကိုပျော်ရွှင်ကြည်နူးစေတာပဲ။
တံခါးအပြင်ဘက်တွင် ရပ်နေသော အဒေါ်မေသည် ပထမတွင် သခင်လေးယဲ့၏ ရုပ်ရည်ကို သတိလက်လွတ် ငေးမောနေခဲ့သော်လည်း စိတ်ပြန်ငြိမ်သွားပြီးနောက် မျက်လုံးများတွင် အံ့အားသင့်မိသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
ထိုလူငယ်၏ ကျင့်ကြံဆင့်ကို လုံးဝဖောက်ထွင်းကြည့်မြင်လို့မရနိုင်သောကြောင့်ပါပင်။
ထိုလူငယ်အပြင် ထိုအခန်းထဲတွင်ရှိသမျှလူတိုင်းအား သူမဖောက်ထွင်းမြင်နိုင်ခြင်းမရှိပါလေ။
ထိပ်တန်း စစ်မှန်သောမသေမျိုးအဖြစ် လက်ရှိဧကရာဇ်မှလွဲ၍ တစ်တိုင်းပြည်လုံး သူမကိုထိုသို့ခံစားချက်မျိုး မပေးစွမ်းနိုင်ခဲ့ပါ။
အဒေါ်မေတစ်ယောက် စဉ်းစားလေလေ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားရလေလေဖြစ်ပြီး ထိုလူတစ်စု၏ နောက်ခံကိုလည်း သံသယဝင်လာမိသည်။
သူမ၏အကြည့်သည် တစ်နေရာတွင်ရပ်နေသော အနီရောင်ဝတ်စုံဝတ်ထားသည့် ပုံရိပ် ပေါ်သို့ ကျရောက်သွားသည့်အခါ နှလုံးသားက ထိတ်ခနဲခုန်လှုပ်သွားခဲ့သည်။
ဒီလူကို ရင်းနှီးနေသလို ခံစားနေရတာပဲ။
"သခင်မလေးမုန့်၊ ကျွန်တော့်ကိုပေးဖို့လက်ဆောင်ရှိတယ်ဆိုတာ မေ့များသွားပြီလား?" ထိုစကားတစ်ခွန်းက တုန်ဖန်းမုန့်ယောင်၏ နစ်မြောငေးမောနေခြင်းကို ဖြိုခွဲလိုက်ပြီး သူမသည် ရုတ်တရက် လက်တွေ့လောကသို့ ပြန်လည်ရောက်ရှိလာကာ အနည်းငယ် ရှက်ရွံ့သွားသည်။
နတ်မိမယ်တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာရှိ မင်းသမီးတစ်ပါးက ယောက်ျားတစ်ယောက်ရှေ့မှ ဣန္ဒြေပျက်ပြားလောက်တဲ့အထိ အသိစိတ်လွတ်သွားရသတဲ့လား!
ငါ စိတ်တည်ငြိမ်အောင် အရင်ကြိုးစားပြီး စာအုပ်ထဲကအတိုင်း အစဥ်လိုက်လုပ်ဆောင်ရမယ်။ ပထမဆုံး သူ့နဲ့ပိုပြီးရင်းနှီးအောင် မိတ်ဖွဲ့ပြီး အရွယ်ရောက်ပြီးအမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုတွေကို ပြသရမယ်။
"သခင်လေးယဲ့၊ ဒါက ကျွန်မ သခင်လေးအတွက် အထူးပြင်ဆင်ပေးထားတဲ့ တွေ့ဆုံခြင်းလက်ဆောင်ပါ။" တုန်ဖန်းမုန့်ယောင်သည် သိုလှောင်လက်စွပ် တစ်ခုကို ထုတ်ယူပြီး စားပွဲပေါ်သို့ ညင်သာစွာ တင်လိုက်သည်။ သူမ၏ နှုတ်ခမ်းများထက်တွင် ထိုလက်ဆောင်အပေါ် ယုံကြည်မှုအပြည့်ရှိဟန် အပြုံးလေးတစ်ခုကိုလည်း မြင်နိုင်ပေ၏။
ပထမဆုံးအနေနဲ့ ငွေကြေးစွမ်းအားကို ပြသရမယ်။ အပေါဆုံးနဲ့ အရိုင်းစိုင်းဆုံး ငွေကြေးထိုးနှက်ချက် ကို အသုံးပြုပြီး တစ်ဖက်လူခြေချော်လက်ချော်ဖြစ်မယ့်အချိန်ကို စောင့်ဖမ်းရမယ်။ ဒါမှ ပဏာမခြေလှမ်း အရဦးနိုင်ပြီး နောက်ပိုင်းမှာလည်း ကိုယ်ကပဲဦးဆောင်သူဖြစ်နိုင်လိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ဒီလူက ငွေမက်တတ်တဲ့သူဖြစ်နေမယ်ဆိုရင် ထိန်းချုပ်ရတာ ပိုပြီးလွယ်ကူမှာပဲ။
တိုင်းပြည်ရဲ့ မင်းသမီးတစ်ယောက်အနေနဲ့ သူမအတွက် မလိုအပ်ဆုံးနဲ့ အပေါများဆုံးအရာက ပိုက်ဆံပဲလေ။
ယဲ့ကျွင်းလင်သည် သိုလှောင်လက်စွပ်ကို ကောက်ယူပြီး သူ၏ နတ်ဘုရားအာရုံဖြင့် ခပ်ကြမ်းကြမ်းစစ်ဆေးကြည့်လိုက်သည်။
လက်စွပ်အတွင်း ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ရှိနေသည်ကို မြင်လိုက်ရသည့်အခါ သူ၏အမူအရာသည် အနည်းငယ်ထူးဆန်းသွားပြီး စိတ်ထဲမှ မကျေမနပ် ရေရွတ်လိုက်မိသည်။ "ဒီမိန်းမက တော်တော်ဆင်းရဲတာပဲ။"
ထိုစိတ်ဝိညာဥ်ကျောက်တုံးပမာဏမှာ နတ်မိမယ်တိုင်းပြည်တွင် အဖိုးထိုက်ချင်ထိုက်နေနိုင်သော်ငြား သူ့အတွက်တော့ လမ်းဘေးမှ အပေအရေကျောက်တုံးလေးတစ်လုံးကဲ့သို့ ဖြစ်၏။
စနစ်ထဲ နေ့တိုင်းအဝင်အထွက်လုပ်ပြီး ရရှိသော ဆုလာဘ်များသည်ပင် ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံးများ မဟုတ်တော့ဘဲ မသေမျိုးသလင်းကျောက်များ ဖြစ်နေလေပြီ။
သာမန် မသေမျိုးသလင်းကျောက်တစ်ခု၏ တန်ဖိုးကပင် ရေတွက်မရနိုင်သော ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ၏ တန်ဖိုးအား ကျော်လွန်နိုင်သေးသည်။ မသေမျိုးသလင်းကျောက်တွင် မသေမျိုးစွမ်းအင်များပါဝင်နေသောကြောင့် မြေကြီးနှင့်ကောင်းကင်တမျှကွာခြားသည်ဟုသာ ဆိုရပေမည်။
ဒါ့အပြင် သူက အခုမသေမျိုးဘုရင်တစ်ပါးဖြစ်နေပြီဆိုတော့ စိတ်ဝိညာဥ်ကျောက်တုံး ဘယ်လောက်များများရှိနေပါစေ သူ့အတွက်က တန်ဖိုးမရှိတော့ပေ။
"သခင်မလေးမုန့်၊ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒီပိုက်ဆံကိုတော့ ပြန်ယူလိုက်ပါ။"
ယဲ့ကျွင်းလင်သည် သူ့လက်ထဲမှ သိုလှောင်လက်စွပ်ကို ပြန်ချလိုက်ပြီး ဤ "ကြီးမားသော" ငွေကြေးပမာဏကို အခိုင်အမာ ငြင်းပယ်လိုက်သည်။
အဓိပ္ပာယ် သဘောတရား အရတော့ - ညီမလေး၊ မင်းပေးတာ တကယ်ကို နည်းလွန်းတယ်၊ ကိုယ့်ဘာသာပြန်ယူသွားပြီး မုန့်ဝယ်စားလိုက်ပါ၊ အကိုကြီး ဘယ်လိုမှ စိတ်ထဲမထားပါဘူး!
"ရှင်?!"
တုန်ဖန်းမုန့်ယောင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူမသည် သခင်လေးယဲ့၏ အမူအရာကို တစ်ချိန်လုံးလေ့လာစောင့်ကြည့်နေခြင်းဖြစ်ပြီး ထိုသူမှ အမူပိုနေခြင်းမဟုတ်ဘဲ ပိုက်ဆံကိုတကယ်ပြန်ပေးချင်ခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ မယုံနိုင်လောက်အောင် ဖြစ်သွားရသည်။
ဒါတွေက ထိပ်တန်းအဆင့် စိတ်ဝိညာဉ် ကျောက်တုံး ၁၀၀,၀၀၀! ၁၀၀,၀၀၀ အတိ!
ဒီလို ကြီးမားတဲ့ သွေးဆောင်မှုကို တကယ်ကြီး ခုခံနိုင်တယ်ပေါ့?
တုန်ဖန်းမုန့်ယောင် ရှော့ခ်ရသွားသည်။
အကြီးအကျယ်ကို ရှော့ခ်ရသွားသည်!
သူမ၏ဘဝတွင် ပိုက်ဆံကို အမှိုက်သရိုက်လောက်သာ သဘောထားသော လူရိုးလူဖြောင့်တစ်ယောက်အား ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ပြဿနာက နောက်တစ်ဆင့် ဘာဆက်လုပ်ရမလဲ?
တုန်ဖန်းမုန့်ယောင်သည် သူမ၏ ဦးနှောက်ကို ပွက်ပွက်ဆူပျာလောင်ခတ်အောင် စဉ်းစားနေသည်။ သူမ၏ နဖူးမှ ချွေးတစ်စက်စီးကျလာပြီး နီရဲနေသောမျက်နှာမှာ အတော်လေးစိတ်မသက်မသာဖြစ်နေရဟန်။
ယဲ့ကျွင်းလင် တိတ်တိတ်လေးတွေးမိသည်။ ဒီမိန်းမရဲ့ဖင်မှာ လိပ်ခေါင်းဖြစ်နေတာများလား?
ထိုင်နေရတာတောင် အတော်လေးအဆင်မပြေတဲ့ပုံပဲ။
"သခင်မလေးမုန့်၊ စိတ်ကို အေးအေးထားလိုက်ပါဦး။" ယဲ့ကျွင်းလင်သည် လက်ဖက်ရည်အိုးကို ယူပြီး သူမအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ သီးသန့်ခန်းများအတွက် ပြင်ဆင်ပေးထားသော သင်္ဘောမှလက်ဖက်ရည်ပင်။
လက်ဖက်ရည်သည် ချိုမြိန်ပြီး အဆုံးမရှိ စွဲကျန်ရစ်စေသော အရသာမျိုးရှိသည်။ ဂရုတစိုက် မြည်းစမ်း လိုက်သည့်အခါ သင်းပျံ့သောရနံ့လေးတစ်ခုလည်း ပါဝင်နေကြောင်း သိရပေမည်။
"ကျေးဇူး၊ ကျေးဇူးတင်ပါတယ်။"
တုန်ဖန်းမုန့်ယောင်သည် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး အသာမော့သောက်လိုက်သည်။ ထို့နောက် စာအုပ်ထဲတွင် ဖော်ပြထားသော ဇာတ်ကောင်ပုံရိပ်များကို ရုတ်တရက်သတိရသွားပြီး သူမ၏ လှပသောမျက်လုံးများ ပိုမိုတောက်ပလာသည်။
စိတ်အခြေအနေကို အောင်မြင်စွာ ပြန်လည်ချိန်ညှိပြင်ဆင်နောက် တုန်ဖန်းမုန့်ယောင်သည် လက်ဖက်ရည်ခွက်ကို ညင်သာစွာ ချလိုက်သည်။ သူမ၏ ကြည်လင်တောက်ပသော မျက်လုံးများက ယဲ့ကျွင်းလင်ကိုစိုက်ကြည့်နေကာ အဓိပ္ပာယ်ပါပါလေသံဖြင့် ဆို၏။ "သခင်လေးယဲ့၊ ဒီလက်ဖက်ရည်ကလေ အရမ်းကိုအရသာရှိတာပဲနော်"
ယဲ့ကျွင်းလင်တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ တဖြန်းဖြန်းထသွားရသည်။
ထို့နောက် လက်ထဲရှိ လက်ဖက်ရည်ခွက်ကို အမြန်ငုံ့ကြည့်ပြီး စိတ်ထဲမှ တိတ်တိတ်လေး ညည်းညူ လိုက်သည်။ "လက်ဖက်စိမ်းရည်ငှဲ့ပေးလိုက်သင့်တာ..."
ဘာလို့ ဒီမိန်းမက ချက်ချင်းကြီး လက်ဖက်ရည်ကြိုက်နှစ်သက်သူ ဖြစ်သွားရပြန်တာလဲ?
"ကောင်းတယ်ဆိုရင် များများသောက်ပါ၊ ကျွန်တော့်မှာ အများကြီးရှိသေးတယ်။" ယဲ့ကျွင်းလင် သူမအတွက် နောက်တစ်ခွက်ထပ်ငှဲ့ပေးလိုက်သည်။
တုန်ဖန်းမုန့်ယောင်သည် သခင်လေးယဲ့၏ အာရုံစိုက်မှုကို ရရှိလိုက်သောကြောင့် တိတ်တိတ်လေး ဝမ်းမြောက်သွားသည်။
စာအုပ်ထဲမှာ ပြောထားသလိုပဲ အဆင့်မြင့်မုဆိုးတွေဆိုတာ အရင်ဆုံး သားကောင်အသွင်ယူရမတဲ့လေ။
သူမ၏ ချိုသာနူးညံ့သောအပြုအမူက ထိုအမျိုးသားကို ကာကွယ်လိုစိတ်တွေ ဖြစ်ပေါ်လာစေမယ်လို့ သူမ ယုံကြည်သည်။
တုန်ဖန်းမုန့်ယောင်သည် လက်ဖက်ရည်ခွက်ကို မရဲတရဲ ကောက်ကိုင်လိုက်ပြီး သူမ၏ မျက်လုံးကြီးများကို မှိတ်တုတ်မှိတ်တုတ်လုပ်ကာ ရှက်ရွံ့စွာဖြင့် စကားဆို၏။ "သခင်လေးယဲ့၊ ကျွန်မကို ဘယ်လိုမြင်လဲဟင်?"
ယဲ့ကျွင်းလင် ခဏရပ်ပြီး စဉ်းစားလိုက်သည်။ ထို့နောက် သူက လေးလေးနက်နက် ပြန်ဖြေလာသည်။ "မင်းက တော်တော်လေးလူကောင်သေးတယ်လို့ မြင်တယ်"
ရိုးရိုးသားသားပြောရလျှင် သူမက တကယ်ကို သေးသေးပိန်ပိန်လေးသာဖြစ်၏။
တုန်ဖန်းမုန့်ယောင်သည် ထိုစကားအား သေးငယ်ပြီးချစ်စဖွယ်ကောင်းသည်ဟူသော ချီးကျူးစကားအဖြစ်မှတ်ယူကာ နှလုံးသားမှာ ဝမ်းမြောက်ပျော်ရွှင်သွားရသည်။ ထို့နောက် ကလေးဆန်ဆန်နည်းဗျူဟာကို ဆက်လက်အသုံးချလိုက်သည်။ "လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်၊ သမီးကဒီနှစ်မှ အသက်၁၈နှစ်ပြည့်တာလေ..."