← Chapters

အခန်း (၄၄၀)

Vol. 32 Ch. 440

အခန်း (၄၄၀)

Vol. 32 Ch. 440

"အဒေါ်မေ၊ အဒေါ်က ဒီကိစ္စတွေမှာ ဒီလောက်တော်လိမ့်မယ်လို့ ကျွန်မမထင်ထားဘူး!" တုန်ဖန်းမုန့်ယောင်သည် တာအိုဝတ်ရုံနှင့် သက်လတ်ပိုင်းအမျိုးသမီးကို မျက်စိတစ်ဖက်မှိတ်ပြပြီး ရွှင်မြူးစွာစနောက်သည်။ "ရိုးရိုးသားသား ဝန်ခံလိုက်ပါ၊ အဒေါ် အမျိုးသားဘယ်လောက်များများနဲ့ ချိန်းတွေ့ဖူးလဲ?"

အဒေါ်မေက ရယ်မောလိုက်သည်။ "မင်းသမီး၊ ကျွန်မကို မနောက်ပါနဲ့"

သူမသည် ဤနည်းဗျူဟာများကို ရိုးရာပုံပြင်စာအုပ်များမှ သင်ယူခဲ့ရသည်ဟု ပြောပြသင့်ပါသလား?

အဘယ်ကြောင့်ဆိုသော် ကျန်းဟူသိုင်းလောကတွင် ပျံ့နှံ့နေသော ပုံပြင်စာအုပ်များသည် များသောအားဖြင့် ဤကဲ့သို့သော ဇာတ်လမ်းမျိုးကို ဖန်တရာတေအောင် ရေးသားနေတတ်ကြသည်သာ။ အမျိုးသမီး ဇာတ်ဆောင်သည် သူမ၏အင်အားကြီးသော နောက်ခံကို လျှို့ဝှက်ထားပြီး အမျိုးသားဇာတ်ဆောင် နှင့်အတူ လောကဓံ၏အတက်အကျလှိုင်း၊ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများကို မျှဝေခံစားကာ အခက်အခဲများကို အတူတကွ ရင်ဆိုင်ကြမည်။ နောက်ဆုံးတွင်မှ သူမ၏ အထောက်အထားအစစ်အမှန်ကို ထုတ်ဖော်လိုက်ပြီး ချစ်ခင်ရသောအမျိုးသားနှင့်အတူ ထိုအချိန်မှစ၍ အပူအပင်ကင်းမဲ့စွာ၊ ပျော်ရွှင်စွာဖြင့် ဘဝကို ဖြတ်သန်းသွားကြလေသည် ဟုသတည်း...

"ကောင်းပြီ၊ ဒါဆို ဒီအစီအစဥ်အတိုင်းပဲဆက်သွားမယ်။ ဒီမင်းသမီး ကိုယ်တိုင် အကုန်လုပ်မယ်နော်။ ဒါပေမဲ့ မလှုပ်ရှားခင် နည်းဗျူဟာစာအုပ်ထဲမှာ ရေးထားတဲ့ မဟာဗျူဟာကို အရင်ဖတ်လိုက်ဦးမယ်၊ ဒါမှ အပြည့်အဝ ယုံကြည်မှုရှိမှာ"

ပြောဆိုပြီးနောက် တုန်ဖန်းမုန့်ယောင်သည် သူမ၏ သိုလှောင်လက်စွပ် မ အပြာရောင် အဖုံး ပါသော စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ အဖုံးပေါ်တွင် စာလုံးကြီး ဆယ့်တစ်လုံးကို ထင်ရှားစွာ ရိုက်နှိပ်ထား၏။

"အမျိုးသားတစ်ဦးကို မင်းကိုအမြန်ဆုံးချစ်လာအောင် ဘယ်လိုလုပ်ယူရမလဲ။"

"ဒါ၊ ဒါက ဘာလဲ?" အဒေါ်မေ ကြောင်အသွားသည်။

တုန်ဖန်းမုန့်ယောင်သည် မျက်နှာကိုမော့ချီကာ သူမ၏လက်ထဲတွင်ရှိသော အပြာရောင် စာအုပ်ကို ဝှေ့ယမ်းရင်း၊

"အဒေါ်မေ၊ အဒေါ်ကလည်း ခေတ်နောက်ကျနေလိုက်တာ! ဒါက ကျန်းဟူရဲ့ လေနှင့်တိမ်တိုက် စာအုပ်ဆုပေးပွဲမှာပထမအဆင့်ရတဲ့ အရောင်းရဆုံးစာအုပ်ပဲ။ ဒီစာအုပ်က ကျွန်မတို့ အမျိုးသမီးဇာတ်ဆောင် ကို ဘယ်လိုပုံဖော်သရုပ်လုပ်ရမယ်ဆိုတာနဲ့ အမျိုးသားတစ်ယောက်ကို တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လိုအရယူနိုင်မလဲဆိုတဲ့ နည်းလမ်းတွေကို အသေးစိတ်ဖော်ပြထားတာ။ သူ့အတွက် ကံကြမ္မာစီမံပေးထားတဲ့ ဖူးစာဖက်ကိုတွေ့လိုက်ရပြီလို့ စွဲမှတ်သွားစေမယ့်နည်းလမ်းတွေပေါ့!"

တုန်ဖန်းမုန့်ယောင်သည် ဤစာအုပ်ထုတ်ဝေခြင်းမှာ အမျိုးသမီးများအားလုံးအတွက် ကောင်းချီး တစ်ခုဖြစ်သည်ဟု ခံစားရသည်။ အတွင်းမှ အကြောင်းအရာများမှာလည်း အချက်အလက် အထောက်အထား ခိုင်လုံပြည့်စုံစွာဖြင့် ဖော်ပြထားပြီး တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် အလွန်ယုတ္တိရှိ၍ အားကိုးချင်စရာကောင်းသည်ဟု ခံစားရစေ၏။ ဤစာအုပ်ကို ထုတ်ဝေသော စာရေးဆရာသည်လည်း အမျိုးသားများကို ကောင်းစွာနားလည်သူ ဖြစ်ရမည်။

"မင်းသမီး၊ တကယ်ကို အမြော်အမြင်ကြီးမားပါတယ်! မြန်မြန်လေ့လာပါ! ဖော်ပြထားတဲ့ နည်းလမ်းတွေကို လိုက်နာပြီး အဲ့ဒီ အမျိုးသားချောချောကို အရယူဖို့ မဟာဗျူဟာခင်းလိုက်ပါတော့!" အဒေါ်မေသည် မျှော်လင့်တကြီး အမူအရာဖြင့် အားပေးလိုက်သည်။

"အလျင်မလိုပါနဲ့ဦး၊ ဘယ်နည်းလမ်းတွေကို ဘယ်လိုဆက်ပြီးသုံးသင့်လဲဆိုတာ အရင်ကြည့်လိုက်ဦးမယ်" တုန်ဖန်းမုန့်ယောင်သည် အပြာရောင်စာအုပ်ကို ဖွင့်လိုက်ပြီး တောက်ပနေသောမျက်လုံးများဖြင့် စတင်ဖတ်ရှုသည်။

အချိန်အတော်ကြာပြီးနောက် ယဲ့ကျွင်းလင်သည် အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရ၏။

"ဆရာသခင်၊ ကျွန်တော် သွားကြည့်လိုက်မယ်" ဟုန်ချန်ယဲ့က ထရပ်ကာ တံခါးကို အမြန်သွားဖွင့်လိုက်သည်။

တံခါးဖွင့်လိုက်သောအခါ ပန်းရောင်ဝါဝန်ဝတ်ထားပြီး ဆံပင်ကို နှစ်ဖက်စည်းထားသော ဘာဘီရုပ်လေးတစ်ရုပ်ကဲ့သို့ နူးနူးညံ့ညံ့မျက်နှာလှလှလေးဖြင့် မိန်းကလေးငယ်တစ်ဦး တံခါးအပြင်ဘက်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

မူလက သူမ၏မျက်နှာတွင် ချိုမြိန်သော အပြုံးတစ်ခုရှိနေသော်လည်း ဟုန်ချန်ယဲ့ တံခါးဖွင့်လိုက်သည်ကို မြင်လိုက်သောအခါ သူမ၏အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမသည် မျက်မှောင်ကြုတ်ကာ လေသံခပ်တင်းတင်းဖြင့်မေးလာ၏။ "မင်း ဘယ်သူလဲ?"

သူမ၏လေသံတွင် ပြင်းထန်သော သံသယစိတ်များ ပါဝင်နေသည်။

တုန်ဖန်းမုန့်ယောင်၏ မျက်လုံးထဲတွင် ဤအနီရောင်ဝတ်စုံနှင့် ငွေရောင်မျက်နှာဖုံးတစ်ဝက်ကို ဝတ်ဆင်ထားသော အမျိုးသမီးသည် မရှင်းပြနိုင်သော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားရစေ၏။

သို့သော် အထူးဆန်းဆုံးအရာမှာ သူမသည် ထိုသွင်ပြင်ဟန်ပန်ကို ငယ်စဉ်က တစ်နေရာရာတွင် တွေ့ခဲ့ဖူးသကဲ့သို့ ထူးဆန်းသော ရင်းနှီးမှုတစ်ခုလည်း ရှိနေပြန်သည်။

ဟုန်ချန်ယဲ့သည် ကလေးမလေးကိုငုံ့ကြည့်ရင်း တစ်ချက်ပြက်ရယ်ပြုသည်။

"ဟမ့်၊ ဘယ်ကလာတဲ့ ကလေးမလဲ၊ ဒီလောက်ယဉ်ကျေးမှုမရှိတာ! ငါ့တို့သခင်လေးယဲ့ရဲ့ စိတ်ကြည်လင်မှုကို မနှောင့်ယှက်စမ်းနဲ့!"

"မင်း၊ မင်းဘာပြောလိုက်တာလဲ?!"

တုန်ဖန်းမုန့်ယောင်သည် ဦးစွာကြောင်အသွားပြီးနောက် ဒေါသဖြင့် ပေါက်ကွဲသွားသည်။ သူမ၏ ရင်ဘတ်သည် ပေါင်းအိုးထဲမှထွက်လာကာစ ပေါင်မုန့်‌သေးသေးလေးများကဲ့သို့ နိမ့်ချည်မြင့်ချည်လှုပ်ခါကပြီး မျက်လုံးများက အနီရောင်ဝတ်ရုံနှင့်လူအား ပေါက်ထွက်မတတ်စူးစိုက်ကြည့်နေသည်။

သူမကို တစ်စုံတစ်ယောက်က ကလေးမလို့ခေါ်သတဲ့လား?

အတင့်ရဲလိုက်တာနော်!

တုန်ဖန်းမုန့်ယောင် ဒေါသထွက်တော့မည့်ဆဲဆဲတွင် သူမ၏နောက်မှ အဒေါ်မေက အမြန်သတိပေးသည်။ "သခင်မလေး၊ သခင်လေးယဲ့ကို တွေ့ဖို့လာတာရော မေ့သွားပြီလား?"

ထိုစကားဆုံးသည်နှင့်။

တုန်ဖန်းမုန့်ယောင်သည် သူမ၏ခေါင်းပေါ် ရေအေးများ လောင်းချခံလိုက်ရသကဲ့သို့ ဒေါသမီးမှာ ရှဲခနဲငြိမ်းသေသွားပြီး ပုလဲလုံးလိုသွားဖြူဖြူလေးများကို တင်းတင်းစေ့လျက် စိတ်ငြိမ်အောင်ပြန်ထိန်းသည်။

စာအုပ်မှ ညွှတ်ကြားချက်အရ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းသည် အလွန်အရေးကြီးသည် ဆို၏။ ဤအချိန်တွင် သူမ ထိန်းမနိုင်သိမ်းမရ ဒေါသထွက်လိုက်ပါက တစ်ဖက်အမျိုးသား၏ သူမအပေါ် အထင်ကြီးလေးစားစိတ်တို့ လုံးဝလျော့ကျသွားမည်။ ထို့အပြင် ဤသူသည် သခင်လေးယဲ့ကို ကာကွယ်ရန် တာဝန်ရှိသော ကိုယ်ရံတော်တစ်ဦးသာဖြစ်သည်။ လက်အောက်ငယ်သားတစ်ဦးအတွက်နှင့် ဒေါသထွက်နေရန် မလိုအပ်ပေ။

ဤသို့ တလှည့်တွေးလိုက်ပြီးသည့်အခါ။

တုန်ဖန်းမုန့်ယောင် အပြုံးချိုချိုကို အတင်းအကျပ်ဖော်ပြလိုက်ပြီး ဘာဘီရုပ်လို မျက်နှာငယ်ငယ်နုနုလေးအား အားကိုးလျက် ချစ်စရာကောင်းသည့်ပုံစံလေးတစ်ခု လုပ်ယူလိုက်သည်။ ထို့နောက် ညင်သာသော အသံဖြင့် စကားဆို၏။ "အထင်မလွဲပါနဲ့၊ ကျွန်မက သခင်လေးယဲ့ကို အထူး လာရောက်တွေ့ဆုံနှုတ်ဆက်တာပါ။ လက်ဆောင်ပစ္စည်းတွေလည်း ရက်ရက်‌ရောရောပါလာပါတယ်။ အတွင်းကို ဝင်ပြီး သတင်းပို့ပေးပါဦး!"

ဟုန်ချန်ယဲ့ စိတ်မရှည်လက်မရှည်ဖြင့် ငြင်းဆန်တော့မည့်အချိန်တွင် ယဲ့ကျွင်းလင်၏အသံက နောက်ဘက်မှ ထွက်လာသည်။ "ရှောင်ဟုန်၊ ဧည့်သည်လာတယ်လေ၊ သူ့ကို ဝင်ခွင့်ပေးလိုက်"

"ဟုတ်ကဲ့ပါ"

ဆရာသခင်ကိုယ်တိုင်က ဝင်ပြောလာသည်ဖြစ်ရာ ဟုန်ချန်ယဲ့သည် နာခံစွာ ဘေးသို့ ဖယ်ပေးလိုက်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။ သူသည် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ကောင်းကောင်းသိနေသဖြင့် နှုတ်ခမ်းထက်မှမဲ့ပြုံးကို ဖျောက်ဖျက်လို့မရခဲ့ပေ။

တုန်ဖန်းမုန့်ယောင်သည် တိတ်တဆိတ် ဝမ်းမြောက်သွားပြီး တည်ငြိမ်စွာ အခန်းထဲသို့ ဝင်ရောက်သွားသည်။ သူမသည် ကုလားထိုင်ပေါ်တွင် ထိုင်၍ လက်ဖက်ရည်သောက်နေသော ဆံဖြူလူငယ်ကို မြင်လိုက်ရသည့်အခိုက်တွင် စိတ်အစဥ်မှာ ဗုံးတစ်လုံးလိုပေါက်ကွဲသွားသည်ဟုခံစားလိုက်ရပြီး မျက်လုံးလှလှလေးများလည်း ပြူးကျယ်သွားရ၏။

သူ၏နူးညံ့သော၊ လရောင်စီးဆင်းသကဲ့သို့ ရင်ဘတ်နှင့် ကျောထက်ဖြာကျနေသော ငွေရောင်ဆံပင်များမှာ တစ်ချောင်းချင်းစီ ကြည်လင်တောက်ပနေသည်။ ဓားသွားကဲ့သို့ မျက်ခုံးများသည် နားထင်များဆီသို့ အဖျားကော့တက်သွားပြီး မျက်လုံးအိမ်ငယ်တွင် တောက်ပသော ကြယ်ပင်လယ်တစ်ခုကို ပိုင်ဆိုင်ထားလေသလားဟုပင် ထင်မှတ်ရ၏။ သူ၏အသားအရေသည် ကျောက်စိမ်းကဲ့သို့ ချောမွေ့ဖြူစွတ်နေပြီး မျက်နှာသွင်ပြင်များမှာ နှိုင်းယှဥ်စရာမရှိလောက်အောင်‌ ချောမောခံ့ညားသည်။ ပန်းချီကားချပ်ထဲမှ ပုဂ္ဂိုလ်တစ်ဦးအလား၊ ဤလောကတွင် ရှင်သန်တည်ရှိနေခြင်းကပင် မယုံကြည်နိုင်စရာ။

ဤအချိန်တွင် တုန်ဖန်းမုန့်ယောင်သည် အဒေါ်မေပြောသည့် အမျိုးသားချောချောမှာ မည်မျှအံ့အားသင့်စရာကောင်းပြီး ကမ္ဘာကိုလှုပ်ကိုင်နိုင်သည့် စွမ်းရည်မျိုး ပိုင်ဆိုင်ထားမှန်း ကောင်းစွာနားလည်လိုက်ရလေသည်။

သူမမိခင်၏ အနှစ်သက်ဆုံး အမျိုးသားအခြွေအရံ ခုနစ်ဦးပေါင်းလျှင် ထိုသူ၏ ဆံချည်တစ်မျှင်ကိုပင် ယှဉ်နိုင်မည်မဟုတ်ပေ။

သေမျိုးလူသားနှင့် ကောင်းကင်နတ်ဘုရားကြားက နှိုင်းဆမမီနိုင်သော ကွာခြားချက်ကဲ့သို့။

"ဒီက သခင်မလေးကို ဘယ်လိုခေါ်ရမလဲ?"

ချိုမြိန်နူးညံ့သည့် နုနုငယ်ငယ်မျက်နှာ၊ ဆံပင်ကို နှစ်ဖက်စည်းထားသည့်ပုံစံလေးနှင့် သေးသေးသွယ်သွယ် ကိုယ်လုံးကိုယ်ထည်ရှိသော မိန်းကလေးငယ်ကို ကြည့်ပြီး ယဲ့ကျွင်းလင်၏ မျက်ခုံးနည်းနည်းပင့်ကာ စိတ်ထဲမှကြိတ်တွေးလိုက်သည်။

"ဒီကလေးလေးက အရမ်းချစ်စရာကောင်းတာပဲ။ လက်သီးနဲ့တစ်ချက်လောက်ထိုးပြီးစလိုက်ရင် အကြာကြီးအော်ငိုနေလောက်တယ်"

All Chapters