← Chapters

အခန်း (၄၃၆)

Vol. 32 Ch. 436

အခန်း (၄၃၆)

Vol. 32 Ch. 436

ဆွေးနွေးပြောဆိုသံများ မြင့်တက်လာပြီး ပြန်လည်ကျဆင်းသွားသည်။

အမျိုးသမီးများအားလုံးသည် အထိန်းအကွပ်ကင်းမဲ့စွာဖြင့် ယဲ့ကျွင်းလင်ကို စိုက်ကြည့်နေကြပြီး သူတို့၏မျက်လုံးများမှာ တဖျတ်ဖျတ်တောက်ပနေကာ လိုအင်ဆန္ဒကြောင့် သွားရည်ပင်ကျလုနီးပါး ဖြစ်နေကြရှာ၏။

အမျိုးသားဆိုသည်မှာ နတ်မိမယ်တိုင်းပြည်တွင် ရှားပါးသောအရင်းအမြစ်တစ်ခုဖြစ်သည်။ ရုပ်ရည်က အနည်းငယ်မျှ ကြည့်ပျော်ရှုပျော်ဖြစ်နေလျှင်ပင် အမျိုးသမီးအများအပြား၏ မျက်နှာသာပေးမှု ကို ရရှိကြမည်ဖြစ်၏။

ယဲ့ကျွင်းလင်တွင် ဓားသွားကဲ့သို့ ထက်ရှပြတ်သားသော မျက်ခုံးမွှေးနှစ်သွယ်နှင့် ကြယ်ရောင်တောက်ပသည့် မျက်လုံးများရှိကာ အလွန်ပြေပြစ်ချောမောသော ရုပ်ရည်အစိတ်အပိုင်းများကိုလည်း ပိုင်ဆိုင်ထားသည်။ ကျင့်ကြံဆင့်မှာ မသေမျိုးဘုရင်အဆင့်ဖြစ်သောကြောင့် လူတစ်ကိုယ်လုံးတွင် သန့်စင်မြင့်မြတ်ပါသည့် မသေမျိုးအငွေ့အသက်များ လွှမ်းခြုံရစ်လေရာ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းမှာ ငေးမဝအောင်ခမ်းနားကြော့ရှင်းလှ၏။

နေရာတွင် ငြိမ်သက်စွာ ရပ်နေရုံမျှဖြင့် တစ်ကမ္ဘာလုံးသည် သူ့အနီးအနားတွင်သာ လည်ပတ်နေသကဲ့သို့ခံစားရမည်ဖြစ်ပြီး နေနှင့်လသည်ပင် အရောင်အဝါခြင်းယှဥ်လျှင် မှိန်ဖျော့သွားသကဲ့သို့ပင်။

အမျိုးသားများကို ရှားရှားပါးပါးမှ တစ်ခါတလေလောက်မြင်ဖူးသည့် ဤအမျိုးသမီးများ၏အမြင်တွင် ယဲ့ကျွင်းလင်၏ရုပ်ရည်သည် သူတို့၏နှလုံးသားကို တိုက်ရိုက် ရိုက်ခတ်နိုင်သော တည်ရှိမှုတစ်ခုပင်ဖြစ်သည်။

ရိုးရိုးလေးတစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူတို့၏နှလုံးသားများ တလှပ်လှပ်တုန်ခါလာပြီး အသက်ရှူနှုန်းများ မြန်ဆန်လာကာ ထိုသူ့ဆီသို့အပြေးသွား၍ တစ်ခုခုလုပ်ပစ်လိုသည့် ဆန္ဒများမှာ အုံလိုက်ကျင်းလိုက်။

"ဒီက အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်ပုံက အရှေ့ပိုင်းဒေသထက် အများကြီးပိုပွင့်လင်းတယ်နော်" ယဲ့ကျွင်းလင်က မှတ်ချက်ပြုသည်။

ယဲ့ကျွင်းလင်သည် အမျိုးသမီးများ၏ ပြင်းထန်သောတုံ့ပြန်မှုများကို ထူးဆန်းသည်ဟု မယူဆပါ။

အဘယ်ကြောင့်ဆိုသော် သူသည် အရှေ့ပိုင်းဒေသတွင်ပင် ပျိုမေတို့ကြား နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ့ကို အားပေးထောက်ခံသူများမှာလည်း ရေတွက်၍ မရလောက်အောင် များပြားသည်။ ထို့ကြောင့် ထိုသို့ ရူးသွပ်စွဲလမ်းသည့် မြင်ကွင်းမျိုးကို သူ့အနေနှင့် ရင်းနှီးနေပြီးသားဖြစ်၏။

အဲ့လောက် အရေးပါမနေပါချေ။

ထိုအချိန်တွင် လီဝူကျယ်က တစ်ခုခုကို သတိထားမိသွားဟန်ဖြင့် မျက်လုံးများပြူးကျယ်လာတော့၏။

ဘာတွေဖြစ်နေတာလဲ?

သူတို့က ငါ့ကို လုံးဝ လျစ်လျူရှုသွားတာလား?

ငါလည်း ယောက်ျားတစ်ယောက်ပါကွ! ငါ့ကိုကြည့်ပါဦး! တစ်ချက်လေးငဲ့ကြည့်ပါဦး!!

သို့သော် နံ‌ဘေးမှဆရာသခင်၏ အရှိန်အဝါက လွန်စွာတောက်ပလင်းချင်းနေသဖြင့် လီဝူကျယ်မှာ မထင်မရှားအဖော်သဟဲတစ်ဦးထက် မပိုတော့ပါချေ။

ဒုန်း~!

ထိုအချိန်တွင် ကောင်းကင်ယံမှ ခပ်အုပ်အုပ် အသံတစ်သံ ထွက်ပေါ်လာသည်။

ကျိလွမ်းလေးမြှားပုံသဏ္ဍာန် ထွင်းထုထားကာ အဆောင်အယောင်ရှုပ်ထွေးကြွယ်ဝသော ဇိမ်ခံသင်္ဘောတစ်စီးသည် လေထဲတွင် တည်ငြိမ်စွာ ဝဲပတ်နေပြီး ရေကန်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။

၎င်းသည် တော်ဝင်မြို့တော်သို့ သွားလာကူးလူးအတွက် အထူးသီးသန့်ပြုလုပ်ထားသော ရတနာသင်္ဘောဖြစ်ပြီး ခရီးသည်ထောင်ပေါင်းများစွာကို သယ်ဆောင်နိုင်ကာ အထပ်တိုင်းတွင် သီးသန့်အခန်းများနှင့် ဖျော်ဖြေရေးနေရာများပါရှိသည်။ သစ်သီးများနှင့် သရေစာများလည်း ပေါများသလို ဝန်ဆောင်မှုမှာလည်း လွန်စွာကောင်းမွန်သည်ဟု နာမည်ကြီး၏။

ယဲ့ကျွင်းလင်က ၎င်းသည် သူ၏အရင်ခေတ်သစ်ဘဝမှ ဇိမ်ခံခရီးသည်တင်သင်္ဘောတစ်စီးနှင့် တူကြောင်း စဥ်းစားမိသည်။ ။

ရွှပ်~

သင်္ဘောအတွင်းမှ ခေါက်သိမ်း၍ရသော လှေကားကျယ်ကျယ်အချို့သည် ကမ်းခြေဆီသို့ ဖြည်းဖြည်းချင်းတိုးထွက်လာပြီး ဆက်သွယ်ပေးလိုက်ကြ၏။

ရေတွက်မရနိုင်သော စူးစူးရဲရဲ အကြည့်များအောက်တွင် ယဲ့ကျွင်းလင်နှင့် သူ၏အဖွဲ့သည် လှေကားပေါ်သို့ စနစ်တကျတက်လှမ်းလိုက်ကြသည်။

သင်္ဘောခကောက်ခံရန် တာဝန်ရှိသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးသည် ပြည့်ဖြိုးသောကိုယ်ဟန်၊ လှပသောဟန်ပန်နှင့် ကြွကြွရွရွလှမ်းလာပုံမှာ ထူးခြားသည့်ဆွဲဆောင်မှုတစ်ခုကို ဖော်ပြလျက်ရှိ၏။

သူမသည် ယဲ့ကျွင်းလင် သင်္ဘောပေါ်သို့ တက်လာသည်ကို မြင်သောအခါ မျက်လုံးအစုံ လက်ခနဲပြူးကျယ်သွားပြီး ပျော်ရွှင်သော အပြုံးတစ်ခုသည် ချက်ချင်း ပွင့်လန်းလာသည်။ ထို့နောက် နူးညံ့ချိုသာစွာဖြင့် စကားဆို၏။ "သခင်လေးရှင်၊ ကျေးဇူးပြုပြီး သင်္ဘောခလေး လက်ကမ်းပါဦး။ စုစုပေါင်း အဆင့်မြင့် ဝိညာဉ်ကျောက် နှစ်ခုပါရှင့်~"

ဤဈေးနှုန်းသတ်မှတ်ချက်တွင် အစားအသောက်နှင့် နေရာထိုင်ခင်းများ ပါဝင်သော်လည်း အခြေခံအကျဆုံးအဆင့်သာဖြစ်သည်။

"ကျွန်တော်တို့အတွက် အကောင်းဆုံးသီးသန့်အခန်းကို စီစဉ်ပေးပါ!"

ဟုန်ချန်ယဲ့က နေရာကို ကျွမ်းဝင်နေသောလေသံဖြင့် ပေါ့ပေါ့ပါးပါးဆိုသည်။ သူသည် အဆင့်မြင့် ဝိညာဉ်ကျောက် ဆယ်ခုကို အမြန်ထုတ်ကာ အလယ်အလတ်အရွယ်အမျိုးသမီး၏လက်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်ပုံမှာ အတော်လေးသုံးနိုင်ဖြုန်းနိုင် ရက်ရက်ရောရောရှိလှဟန်ပင်။

ထို့နောက် ယဲ့ကျွင်းလင်နောက်မှ နှစ်လှမ်းအကွာတွင် လိုက်ပါရင်း သွားရမည့်လမ်းကို အသာညွှန်ပြပေးသည်။

ထိုကဲ့သို့ ရိုရိုသေသေအပြုအမူကို မြင်သောအခါ အမျိုးသမီးများမှာ ဟုန်ချန်ယဲ့သည် ယဲ့ကျွင်းလင်ကို ကာကွယ်ရန် ယဲ့ကျွင်းလင်၏အမျိုးသမီးမှ တာဝန်ပေးထားသောအစောင့်သာဖြစ်မည်ဟု ပို၍ယုံကြည်ကုန်ကြတော့၏။

တစ်ချိန်တည်းတွင်ပင် သူတို့သည် ထိုကဲ့သို့ နတ်ဘုရားတမျှ အမျိုးသားတစ်ဦးကို မောင်းမဆောင်ထဲခေါ်သွင်းနိုင်သည့် အမျိုးသမီးမှာ မည်မျှအာဏာကြီးမားလောက်လေမည်နည်းဟုတွေးကာ သက်ပြင်းမချဘဲ မနေနိုင်တော့ပါချေ။

"သခင်လေး၊ သခင်လေးအတွက် အကောင်းဆုံးသီးသန့်အခန်းကို ချက်ချင်းစီစဉ်ပေးဖို့ ကျွန်မရဲ့ လက်အောက်ခံဝန်ထမ်းတွေကို ညွှန်ကြားထားပါတယ်။ တစ်ခုခုလိုအပ်တာရှိရင် ကျွန်မကိုသာပြောပါနော်။ ကျွန်မကို ဒေါ်ဒေါ်ဟွားလို့ခေါ်နိုင်ပါတယ်။ ဒီလိုဝန်ဆောင်မှုပေးခွင့်ရတာ အလွန်ဝမ်းမြောက်မိပါတယ်ရှင်~"

အဒေါ်ဟွားသည် သူမ၏လက်ထဲရှိ ဝိညာဉ်ကျောက်များကို အလေးချိန် ချိန်ဆကြည့်နေပြီး မျက်နှာတစ်ခုလုံးမှာလည်း ပြုံးရွှင်ဝင်းပလျက်ရှိ၏။

ဤ ဆံဖြူသခင်လေးသည် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး၏ အဖိုးထိုက်ရတနာတစ်ပွင့် ဖြစ်လိမ့်မည်ဟု သူမသိသည်။ သို့သော် ထိုမျှချောမောသန့်ပြန့်သော အမျိုးသားတစ်ဦးကို ဝန်ဆောင်မှုပေးနိုင်ခြင်းသည် တစ်သက်မှတစ်ခါ ရှားရှားပါးပါးရနိုင်သော ကောင်းချီးတစ်ခုပင်။

သီးသန့်ခန်းထဲ လက်ဖက်ရည်ဝင်ပို့ရင်း တစ်ခုခုများလုပ်နိုင်မည်ဆိုပါက အိပ်မက်ထဲတွင်ပင် အောင်ပွဲခံနေရလောက်မည်။

ဘာလေးပဲဖြစ်ဖြစ် လုပ်လိုက်ရရင် သေရကျိုးနပ်ပါပြီလေ။

တစ်ဖက်တွင် ယဲ့ကျွင်းလင်သည် တစ်ကိုယ်လုံး ကြက်သီးဖြန်းခနဲထသွားရသည်။ ဤအဒေါ်ကြီးသည် ဘာကြောင့် သူ့ကို အရှင်လတ်လတ် ဝါးစားတော့မလို ကြည့်နေရသနည်း?

"အဟမ်း!"

အဒေါ်ဟွား၏ စားမတတ်ဝါးမတတ်အကြည့်များကို မြင်သောအခါ လီဝူကျယ်သည် တမင်တကာ ချောင်းအနည်းငယ်ဟန့်ပြီး သူမ၏ဘေးတွင်အသာကပ်ရင်း ခြေလှမ်းများကို တမင်တကာ နှေးကွေးလိုက်သည်။ ရင်ဘတ်ကိုကော့ကာ ယောက်ျားပီသသောဆွဲဆောင်မှုကို ထုတ်ဖော်ပြရန် ကြွက်သားများကိုပင် ထုတ်ပြလိုက်သေး၏၊

အဒေါ်ဟွားသည် တောင့်တင်းသွားပြီး ဦးထုပ်ဆောင်းထားသောလူကို အပေါ်အောက်တစ်ချက် စုန်ဆန်ကြည့်ကာ စိတ်မရှည်သောလေသံဖြင့် မေးသည်။ "တစ်ခုခုပြောစရာရှိလို့လား?"

လီဝူကျယ်မှာ တစ်ခုခုလွဲမှားနေသလို ခံစားနေရသည်။ ထို့ကြောင့် ဦးထုပ်ကို အမြန်ချွတ်ကာ သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ပြောလိုက်၏။ "ကျွန်တော် အမျိုးသား ပါ!"

"သြော်… အဲ့ဒါတော့ မြင်ပါတယ်" အဒေါ်ဟွား၏လေသံများ အေးစက်နေပြီး အနည်းငယ်မျှပင် ရွံရှာဟန်ပေါက်နေသေးသည်။

ယခင်ကဆိုလျှင် အမျိုးသားများကို သူမ ဤသို့တုံ့ပြန်မည်မဟုတ်သော်လည်း ယဲ့ကျွင်းလင်ကို မြင်ပြီးသကာလ ရုပ်ရည်စံနှုန်းများမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် လီဝူကျယ်၏ ယောက်ျားပီသလွန်နေသောမျက်နှာကြီး ပေါ်လာချိန်တွင် စိတ်ပျက်လက်ပျက်အမူအရာဖြစ်သွားရခြင်းပင်။

မည်သို့ပင်ဖြစ်စေ လီဝူကျယ်ကဲ့သို့ အရပ်ရှည်ရှည်နှင့် ကြံ့ခိုင်ကြမ်းတမ်းသော ပုံပန်းသွင်ပြင်ရှိသည့် အမျိုးသားတစ်ဦးသည် နတ်မိမယ်တိုင်းပြည်၏ အလှအပစံနှုန်းများအရ မဆိုးပါဘူးဟူသော အတိုင်းအတာတွင်သာရှိသည်။ ရုပ်ရည်ချောမောကြည့်ကောင်းခြင်းနှင့် လားလားမှမသက်ဆိုင်။

အလွန်ဆုံးမှ မျိုးပွားခြင်းအတွက် လိုအပ်သောကိရိယာတစ်ခုအဖြစ်သာ သဘောထားအသုံးပြုကြပေမည်။

တစ်ဖက်တွင် ယဲ့ကျွင်းလင်သည် နတ်မိမယ်တိုင်းပြည်မှ အမျိုးသမီးများစွာအတွက် နူးညံ့သော ချစ်ခင်နှစ်လိုမှုကို ဖြစ်ပေါ်စေရုံသာမက နုနယ်ဖြူစင်သော ပုံပန်းသွင်ပြင်လေးကြောင့် ပြင်းပြင်းထန်ထန် ကာကွယ်ပေးလိုသောဆန္ဒနှင့် လူကို ခုန်အုပ်ဖမ်းဆီးကာ အကြမ်းဖက်အမြတ်ထုတ်လိုသောဆန္ဒများကို တက်တက်ကြွကြွဖြစ်ပေါ်စေ၏။

ဆိုရိုးစကားရှိသကဲ့သို့ပင်။ တစ်ပါးသူနှင့် မနှိုင်းယှဥ်သရွေ့ ချို့ယွင်းချက်ဆိုတာ ရှိမလာနိုင်။

အဒေါ်ဟွား၏ ပြတ်သားသောသဘောထားကို သိမြင်ပြီးနောက် လီဝူကျယ်သည် တိတ်ဆိတ်စွာဖြင့် ဦးထုပ်ကို ပြန်ဆောင်းလိုက်ပြီး အရှက်ရသွားသည့်မျက်နှာကိုဖုံးကွယ်ရန် အမြန်ဆွဲချလိုက်ရသည်။

ထို့နောက် ခပ်တိုးတိုးရေရွတ်လိုက်သည်။

"မဖြစ်နိုင်ဘူး။ ကြည့်ရတာ မူနေတာထင်ပါတယ်"

All Chapters