ယုံကြည်မှုရှိတဲ့ယောက်ျားသားတွေက အခံ့ညားဆုံးပဲ
Vol. 32 Ch. 437
သင်္ဘောကိုယ်ထည် အဆောက်အအုံထဲသို့ ဝင်လိုက်သည်နှင့် အတွင်းပိုင်းအပြင်အဆင်များမှာ အင်မတန်မှ ခမ်းနားထည်ဝါကြောင်း တွေ့လိုက်ရသည်။
ဝင်ဝင်ချင်းပင် အမျိုးသမီးများ၏ စကားသံများ ကျွက်ကျွက်ညံအောင် နားထဲသို့ တိုးဝင်လာသည်။
မြင်ကွင်းထဲတွင်လည်း သွယ်လျသော အမျိုးသမီးများစွာသည် ဝတ်ချင်သမျှကို ရဲရဲဝံ့ဝံ့သာဝတ်ဆင်ကာ ဟိုဟိုဒီဒီ လမ်းလျှောက်နေကြသည်။
ဝတ်ပုံစားပုံများမှာ အတော်လေးတူညီသည်ဟုဆိုရပေမည်။ ချောမွေ့နုညက်သော ပုခုံးသားများကို ရက်ရက်ရောရောဖော်ပြထားကြပြီး ခါးနားအထိ ခွဲထားသော စကပ်များကို ဝတ်ဆင်ထားကြသည်။ စွဲမက်ဖွယ်ကောင်းသော ခြေလှမ်းများဖြင့် လှမ်းလျှောက်လိုက်ကြပါလျှင် ဖြူစွတ်နူးညံ့သော ခြေတံရှည်သွယ်သွယ်များကို မီးရောင်အောက်ဝယ် တောက်ပစွာမြင်တွေ့ရပေမည်။
ကိုယ်လုံးကိုယ်ထည် ပို၍ပြည့်ဝသော အမျိုးသမီးများဆိုလျှင် ခြေလှမ်းတိုင်းတွင် လှုပ်သင့်သည့်နေရာမှန်သမျှ လှုပ်ခါနေကြသည်။
ထိုမြင်ကွင်းမျိုးသာ နတ်မိမယ်တိုင်းပြည် အပြင်ဘက်တွင် ဖြစ်ပွားခဲ့ပါက ပြည့်တန်ဆာအိမ်ထဲများ မှားယွင်းဝင်ရောက်သွားမိပြီလားဟု အထင်မှားနိုင်ဖွယ်ရာပင်။
ဟုတ်ပါသည်။ ထိုနေရာတွင် အမျိုးသားအနည်းငယ်လည်း ရှိနေသည်။ သို့သော် ၎င်းတို့အားလုံးမှာ အဆင့်အတန်း နိမ့်ကျကြပြီး အမျိုးသမီးများ၏ နောက်မှ အစေခံလေးများကဲ့သို့ ခြေလှမ်းတိုင်း ထပ်ကြပ်မကွာ လိုက်ပါနေကြသည်။ အနောက်မှ ယောက်ျားတစ်ယောက်လိုက်ပါနေသော အမျိုးသမီးတိုင်းမှာအဆင့်အတန်းရာထူး မြင့်မြင့်မားမားရှိပုံပေါ်ပြီး ဟန်ပန်အမူအရာများမှာလည်း ဝင့်ကြွားထောင်လွှားလျက်ရှိကြ၏။
ရံဖန်ရံခါ အနီးအနားမှ အမျိုးသမီးအချို့သည် ထိုအမျိုးသမီးများအား မနာလိုသော အကြည့်များဖြင့် ကြည့်တတ်ကြသည်။ အမျိုးသားတစ်ဦး အဖော်ပါရှိခြင်းမှာ အလွန်ကောင်းမွန်သည်ကိုး။
အဘယ်ကြောင့်ဆိုသော် နတ်မိမယ်တိုင်းပြည်တွင် အမျိုးသားများသည် ရှားပါးသော အရင်းအမြစ်များ ဖြစ်ပြီး အမျိုးသားအနည်းငယ်ကို မိမိ၏နောက်တွင် လိုက်ပါစေနိုင်သူတိုင်းသည် အများတကာထက် သာလွန်သောခွန်အားကို ပိုင်ဆိုင်ထားကြောင်း ဖော်ပြသည့် သင်္ကေတတစ်ခု ဖြစ်သောကြောင့်ပင်။
"ကြည့်စမ်းပါဦး၊ အဲ့ဒီသခင်လေးက အရမ်းချောတာပဲ~" ထိုအချိန်တွင် အမျိုးသမီးအချို့သည် ယဲ့ကျွင်းလင်ကို သတိထားမိသွားပြီး မယုံနိုင်သလို အာမေဍိတ်သံများ ထွက်ပေါ်လာသည်။
ထို့နောက် ထိုအာမေဋိတ်သံများမှာ ကွင်းဆက်တစ်ခုကဲ့သို့ပင် အဆောက်အအုံတစ်ခုလုံးသို့ ကူးစက်ပျံ့နှံ့သွားပြီး ပရိသတ်ထဲရှိ အမျိုးသမီးများစွာတို့သည်လည်း စူးစမ်းစွာလှည့်ကြည့်မိကြသည်။ ထိုမျက်နှာအား မြင်လိုက်ရသည့်အချိန်တွင် ၎င်းတို့၏ မျက်ဝန်းသူငယ်အိမ်များ စိတ်ဝင်တစားဖြင့် ကျုံ့ဝင်သွားကာ မျက်နှာလှလှလေးများမှာ အလန့်တကြား အံ့သြဘနန်းဖြစ်ကုန်ကြ၏။
ဘုရားရေ!
ဒီအမျိုးသားက တကယ်ကို ကြည့်ကောင်းလိုက်တာ!
"ငါဘာလုပ်လို့ ဘာကိုင်ရမလဲမသိတော့ဘူး"
"သူ့ဆီသွားပြီး ဆက်သွယ်ဖို့လိပ်စာ တောင်းချင်လိုက်တာ၊ နောက်မှ စာပို့ဘာပို့နဲ့ ရင်းနှီးမှုယူပြီး အချစ်တွေပွင့်လန်းလာအောင် ဇာတ်လမ်းလေးဆင်ကြည့်ရမလား!"
"အိပ်မက်ကနေ နိုးထလိုက်ပါဦး! ဒီလိုအမျိုးသားမျိုးဆို သခင်မတစ်ယောက်က ပိုင်ဆိုင်ထားပြီးသား ဖြစ်မှာ သေချာတယ်။ သူ့နောက်ကွယ်က သခင်မကို သွားမဆွမိစေဖို့သာ သတိထားပါ!"
"အား ငါစိတ်တွေလွတ်ချင်နေပြီ။ ဒီကျိန်စာသင့်နေတဲ့ကမ္ဘာကြီးမှာ အမျိုးသားချောချောတစ်ယောက်ကိုရှာတွေ့ဖို့က တကယ်ခက်ခဲတာပဲ!"
"စိတ်မပျက်ကြပါနဲ့ ညီအစ်မတို့၊ အကြည့်နဲ့ပဲ စိတ်ပြေအောင်ဖြေကြတာပေါ့!"
အမျိုသမီးပရိသတ်ထုတစ်ခုလုံး၏ အာရုံစိုက်မှုသည် ယဲ့ကျွင်းလင် အပေါ်တွင်သာ စူးစိုက်တည်ရှိနေပြီး စကားပြောဆိုမှုများသည်လည်း သူ့အကြောင်းကိုသာ ပြောင်းလဲသွားကြသည်။ လူတိုင်းသည် ထိုသူ၏ဇာစ်မြစ် နှင့် မည်သည့်အရေးပါသော ပုဂ္ဂိုလ်က သူ့ကို မောင်းမဆောင်အတွင်း ခေါ်ယူထားနိုင်သနည်းဟု ဆွေးနွေးကုန်ကြ၏။
အမျိုးသမီးများကသာ အစစသာလွန်ပြီး အမျိုးသားလူဦးရေ ရှားပါးသော နတ်မိမယ်တိုင်းပြည်တွင် နတ်ဘုရားတမျှ ချောမွေ့သန့်စင်သော အမျိုးသားငယ်ငယ်ကို ပိုင်ဆိုင်ထားနိုင်သော သူမတွင် ဧရာမ စွမ်းအားနှင့် ဩဇာအာဏာတစ်ခု ရှိရမည်။
အမျိုးသမီးအားလုံးက ထိုသို့သာတွေးလိုက်ကြ၏။
ဘာကြောင့်လဲဆိုတော့ ထိုတိုင်းပြည်တွင် အမျိုးသားတစ်ဦးတလေမျှ လူပျိုလူလွတ်ဖြစ်နိုင်သည့် အခြေအနေမရှိပေ။ အနည်းငယ်မျှ ကြည့်ကောင်းသော အမျိုးသားတိုင်းကို နီးစပ်ရာအမျိုးသမီးများက စောစောစီးစီး သိမ်းပိုက်ထားပြီးသား ဖြစ်လေရာ ဤမျှချောမောတောင့်တင်းသော လူငယ်လေးကိုတော့ မျှော်လင့်စရာအကြောင်းပင်မရှိတော့။
မကြာမီပင် သတင်းပြန့်သွားသည်နှင့်အမျှ အထပ်တိုင်းမှ အမျိုးသမီးများသည် အလုအယက် ပြေးထွက်လာကြကာ စင်္ကြံလမ်းများမှာလည်း ထိုအမျိုးသားကို လာရောက်ကြည့်ရှုကြသည့် အမျိုးသမီးငယ်များဖြင့် ပြည့်နှက်သွားသည်။
၎င်းတို့သည် ယဲ့ကျွင်းလင်၏တစ်ကိုယ်လုံးကို စုန်ချည်ဆန်ချည် ပြူးပြဲကြည့်နေရင်း နတ်ဘုရားကဲ့သို့သော ရုပ်ရည်ကြောင့် အံ့အားသင့်ကာ မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်နေကြသည်။
တိရိစ္ဆာန်ရုံမှမျောက်ပွဲကို မမြင်ဖူးသဖြင့် ဝိုင်းကြည့်နေကြသည့်အလား။
ကံကောင်းစွာပင် ယဲ့ကျွင်းလင်သည် ထိုအတွေ့အကြုံနှင့် အသားကျထားပြီးသားဖြစ်၍ တည်ငြိမ်စွာနေနိုင်ဆဲဖြစ်သည်။ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း သက်ပြင်းချလိုက်သည်။
"တခါတလေကျတော့ အရမ်းချောနေတာကလည်း ပြဿနာတစ်မျိုးပဲ!"
ဤစကားကို ကြားသောအခါ။
ဟုန်ချန်ယဲ့၏နှုတ်ခမ်းသည် အနည်းငယ်တွန့်တက်သွားပြီး ခပ်တောင့်တောင့်ပြုံးကာ ထောက်ခံလိုက်သည်။ “"ဆရာသခင်ပြောတာ မှန်ပါတယ်!"”
"ဒီကနေစပြီး သခင်လေးယဲ့လို့ပဲ ခေါ်ပါ" ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့ သခင်လေးယဲ့!"
စိတ်ဓာတ်အကျဆုံးသူမှာ လီဝူကျယ်ဖြစ်သည်။
အမျိုးသမီးငယ်များ မည်မျှပင် ပေါများနေပါစေ၊ သူ့ကို တစ်ချက်မျှပင် ကြည့်မသွားကြပေ။
ငါ တကယ်ပဲ အဲ့လောက်တောင် ရုပ်ဆိုးနေတာလား?
ဒါမှမဟုတ် ဒီအမျိုးသမီးတွေအားလုံးမှာ အမြင်ကောင်းကောင်းမရှိကြတာလား?
လီဝူကျယ်သည် နောက်ဆုံးအချက်ကိုသာ ပို၍ယုံကြည်ချင်မိ၏။
လီဝူကျယ်၏ မည်းမှောင်နေသော မျက်နှာထားကို သတိထားမိသွားသောအခါ ဟုန်ချန်ယဲ့က စနောက်လိုသော အကြည့်ဖြင့် ပြောသည်။ "ဘာလို့ အဲ့လောက် စိတ်ဓာတ်ကျနေရတာလဲ? အရင်က မင်းပဲ တော်တော် ယုံကြည်မှုရှိခဲ့တာ မဟုတ်ဘူးလား?"
"မင်းနဲ့ ဘာဆိုင်လို့လဲ?" လီဝူကျယ်က ဒေါသတကြီးပြန်ပက်သည်။
"မင်းက နတ်မိမယ်တိုင်းပြည်ရဲ့ အလှအပစံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ငါစောစောကတည်းက ပြောခဲ့ပြီးသားပဲ။ ဒါပေမဲ့ မင်းမှမယုံဘဲ အရမ်းမျှော်လင့်ထားလိုက်တာကိုး၊ အခုတော့ လျစ်လျူရှုခံရပြီ မဟုတ်လား?" ဟုန်ချန်ယဲ့က ပြောလိုက်သည်။
"ဒါက သူတို့ သေချာမကြည့်ကြသေးလို့ပါ! တန်ဖိုးရှိတဲ့အရာဆိုတာ လွယ်လွယ်ရှာလို့မတွေ့ဘူးလေ!" လီဝူကျယ်သည် စူးရဲသောမျက်လုံးများဖြင့် ပြန်လည်စိုက်ကြည့်ရင်း ခေါင်းမာမာဖြင့် ပြန်လှန်ပြောဆိုလိုက်သည်။
ဟုန်ချန်ယဲ့ သူနှင့်ငြင်းခုံမနေချင်။ အခြေအနေမှာ စကားလုံးဖြင့်ဖော်ပြလို့မရအောင် သိသာနေပြီဖြစ်သော်ငြား သကောင့်သားကတော့ လက်မလျှော့နိုင်သေး။
ယဲ့ကျွင်းလင်က ထိုကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်အောင် စွမ်းဆောင်နိုင်သည်ကို မြင်သောအခါ ထိုနေရာတွင်ရှိနေသော အမျိုးသားအချို့သည် မနာလိုမရှုဆိတ်ကြဟန်ရှိ၏။ သူတို့ထံမှ အာရုံစိုက်မှုအားလုံး အခိုးခံလိုက်ရသည်ဟု ခံစားနေကြသောကြောင့်ပင်။
"သခင်လေး၊ ဒီလမ်းကနေ ကြွပါ!"
ဧည့်ခံမှုအတွက် တာဝန်ရှိသော မျက်နှာတွင်မှဲ့စက်များစွာဖြင့် အရပ်ပုပု မိန်းကလေးတစ်ယောက်သည် ယဲ့ကျွင်းလင်တို့အဖွဲ့အား အပေါ်ထပ်ရှိ အခမ်းနားဆုံး သီးသန့်အခန်းသို့ အနားယူရန် ခေါ်သွားလေသည်။
နတ်မိမယ်တိုင်းပြည်သည် အရာရာကို ရုပ်ရည်အပေါ်တွင် အခြေခံကာ စီရင်ဆုံးဖြတ်သော တိုင်းပြည်တစ်ခုဖြစ်သည်။ ချောမောသော အမျိုးသားများသည် အမျိုးသမီးများအချင်းချင်း အပြိုင်အဆိုင်စိတ် ရှိလာစေနိုင်သလို လှပသော အမျိုးသမီးများသည်လည်း ရှားပါးလှပါသည်ဆိုသော အမျိုးသားများထံမှပင် လိုချင်တောင့်တခြင်းခံရပြီး အစစအရာရာ ဦးစားပေးခံရတတ်၏။
ရုပ်ရည်သာမန် သို့မဟုတ် ရုပ်ဆိုးသည့် အမျိုးသမီးများအတွက်မူ အဆက်အသွယ်ကောင်းကောင်း သို့မဟုတ် ကျင့်ကြံရေးစွမ်းရည်ကောင်းကောင်း တစ်ခုခုတော့ရှိရမည်။ မရှိပါက အရိုးရှင်းဆုံး ကိုယ်ကာယလုပ်သားများအဖြစ်သာ အဆင့်နှိမ့်ချခံရမည်ပင်။
ယဲ့ကျွင်းလင်၏နောက်မှ ကပ်ရပ်လိုက်ပါလာသည့် ပုရှောင်ရှီးမှာမူ ဤလူသားအမျိုးသမီးများ အဘယ့်ကြောင့် မိမိဆရာသခင်ကို စိတ်အားထက်သန်စွာ လိုက်ပါငေးမောနေကြသနည်းဟု နားမလည်နိုင်သဖြင့် လှည့်ပတ်ကြည့်ရှုရင်း အတွေးများလျက်ရှိ၏။
သူတို့ကြည့်ရတာ ဗိုက်ဆာနေကြပုံပဲ။ တစ်ခုခု စားချင်နေတာလား?
မှိုဘုရင်မှာမူ ခေါင်းကိုတွင်တွင်ငုံ့ကာ အနောက်မှ တိတ်တိတ်ဆိတ်ဆိတ် လိုက်ပါနေပြီး လက်လေးနှစ်ဖက်ကို တင်းတင်းပိုက်ထား၏။ မျက်နှာထက်တွင် စိတ်ကျဥ်းကျပ်မှုများကို အတိုင်းသားမြင်တွေ့နိုင်သည်။
ရှက်တတ်ကြောက်တတ်သော အိမ်တွင်းအောင်းလေးတစ်ဦးအနေဖြင့် အတော်လေးအခက်တွေ့ရသော အခြေအနေပါပင်။