အခန်း (၄၃၈)
Vol. 32 Ch. 438
ယဲ့ကျွင်းလင် ဖြတ်လျှောက်သွားသည့်အခါတိုင်း လမ်းတစ်လျှောက်ရှိ စင်္ကြံလမ်းများတွင် မှီတွယ်စောင့်ဆိုင်းနေသော အမျိုးသမီးငယ်များသည် အောက်နှုတ်ခမ်းများကို ညင်သာစွာဆွဲကိုက်ပြတတ်ကြကာ ရီဝေမူးယစ်နေဟန် အမူအရာများဖြင့် အမျိုးမျိုးအချက်ပြလျက်သားရှိသည်။
"မောင်လေးရေ မမနဲ့လာကစားပါဦး~"
ဤသည်ကိုမြင်သောအခါ။
လီဝူကျယ်၏အသက်ရှူသံမှာ ပို၍ပြင်းပြလာသည်။ မိမိသွားပါက မည်သို့တုံ့ပြန်မည်ကို သိလိုသဖြင့် ငယ်ငယ်လှလှအမျိုးသမီးတစ်ဦးရှေ့ ခပ်တည်တည်သွားရပ်လိုက်သည်။
ရလဒ်အနေဖြင့် ထိုအမျိုးသမီးတို့သည် ချက်ချင်းဆိုသလို မျက်နှာတည်ကာ လက်ပိုက်ရင်း ခပ်အေးအေးဖြင့် ဆိုသည်။ "ဘာလိုချင်လို့လဲ? မိန်းမ မမြင်ဖူးဘူးလား?"
လီဝူကျယ်သည် ဤတိုင်းပြည်၏ ခွဲခြားဆက်ဆံမှုသဘောတရားအား လေးလေးနက်နက် သဘောပေါက်သွားရတော့၏။
သူသည် တိတ်ဆိတ်စွာပင် ပြန်လှည့်လာလိုက်ပြီး ငိုချင်စိတ်ဖြင့် နှာခေါင်းများစပ်လာကာ ဝမ်းနည်းမှုသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းစိမ့်ထွက်လာသည်။
နှုတ်ဖြင့် ဝန်မခံချင်သော်လည်း ယခုအခါ သူ့ရုပ်ရည်အခြေအနေကို ကောင်းစွာ သိရှိသွားခဲ့ပြီပင်။
ထို့နောက်။
ယဲ့ကျွင်းလင်တို့အဖွဲ့ သီးသန့်အခန်းထဲသို့ ဝင်ရောက်သွားပြီး အမျိုးမျိုးသော သစ်သီးများ၊ မုန့်များနှင့် ဝိုင်များ အဆင်သင့် လာရောက်ချထားပေးသည်ကို တွေ့လိုက်ရ၏။ အရာအားလုံးကို ပြီးပြည့်စုံစွာ စီစဉ်ထားပြီးသားပင်။
"မဆိုးဘူး၊ ဒီက ဝန်ဆောင်မှုက စေ့စပ်တိကျတာပဲ" ယဲ့ကျွင်းလင်က ရွှေရောင်ဝင်းမှည့်နေသော မက်မွန်သီးတစ်လုံးကိုကိုင်ကာ တစ်ချက်ကိုက်ကြည့်လိုက်သော် အရည်ရွှမ်းပြီး မွေးကြိုင်နေသည်ကို တွေ့လိုက်ရသည်။
"ရှောင်လီ၊ ဘာဖြစ်လို့လဲ?" ရုတ်တရက် ယဲ့ကျွင်းလင်သည် တတိယတပည့်လေး၏ ပြိုတော့မည့်မိုးကဲ့သို့ အခြေအနေကို သတိထားမိသွားသည်။
လီဝူကျယ်သည် သူ၏ဝါးဦးထုပ်ကို ဆွဲချွတ်လိုက်ပြီး ကြမ်းတမ်းကြံ့ခိုင်သော မျက်နှာသွင်ပြင်အား ဖော်ပြလိုက်သည်။ ထို့နောက် အနားရှိ ကုလားထိုင်တစ်လုံးပေါ် ထိုင်လိုက်ပြီး ဝိညာဉ်ပျောက်ဆုံးနေသကဲ့သို့ လေဟာနယ်ကို ကြောင်တောင်တောင် ငေးကြည့်နေသည်။
"ဆရာသခင်" လီဝူကျယ်က တိုးတိုးလေးရေရွတ်လိုက်သည်။ "ကျွန်တော်တကယ်ပဲ အဲ့လောက်တောင် ရုပ်ဆိုးနေတာလား?"
ယဲ့ကျွင်းလင်၏ မက်မွန်သီးကိုင်ထားသောလက် တုန်သွားသည်။
ချီးတဲ့မှ၊ မင်းမပြီးနိုင်တော့ဘူးလား?
သို့သော် လီဝူကျယ်တစ်ယောက် ထိုမျှ စိတ်ပျက်အားငယ်နေပြီး ဘဝကို သံသယဝင် လာသည်အထိ မာနထိခိုက်နေသည်ကို မြင်သောအခါ ယဲ့ကျွင်းလင်သည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး စာနာစိတ်အပြည့်ဝင်သွားရသည်။
သူ၏ အရင်ဘဝ လူနေမှုပုံစံသည်လည်း ရုပ်ရည်ကိုအဓိကထား မျက်နှာလိုက်တတ်ကြသော အသိုင်းအဝိုင်းဖြစ်လေရာ သာမန်ရုပ်ရည်သာရှိခဲ့သော လူတစ်ယောက်အဖြစ် ဖယ်ကျဥ်ခံရသည့်အဖြစ်အား အပြည့်အဝနားလည်နိုင်သည်ပင်။
ယဲ့ကျွင်းလင်သည် စာနာမှု အပြည့်ဖြင့် လီဝူကျယ် ၏ ပုခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။ "တကယ်လို့ အရမ်းဆိုးနေရင်လည်း အသစ်ပြန်မွေးဖွားလိုက်ပေါ့"
"အယ်?"
လီဝူကျယ် ကြောင်တောင်တောင်လှည့်ကြည့်လာသည်။
"အာ... မှားလို့၊ ဆရာသခင် ပြောချင်တာက မင်းကတကယ်တော့ အရမ်းကြည့်ကောင်းပါတယ်။ ဒါပေမဲ့ သိပ်မထင်ရှားတာ၊ နားလည်လား?" ယဲ့ကျွင်းလင် စကားအမြန်ပြန်ပြင်လိုက်သည်။
"မထင်ရှားတာ?" လီဝူကျယ် ပိုကြောင်သွားသည်။
"အတိအကျပြောရရင် မင်းက မထင်မရှားကြည့်ကောင်းနေတာ!"
ယဲ့ကျွင်းလင်က လေးလေးနက်နက်ရှင်းပြသည်။
"ကြည့်ကောင်းတယ်ဆိုတာ ကြည့်ကောင်းတာပဲလေ၊ 'မထင်ရှားတာ' ဆိုပြီး ထပ်ရှိသေးတာလား?" လီဝူကျယ်က သံသယအပြည့်ဖြင့် မေးခွန်းပြန်ထုတ်သည်။
"ရှိတာပေါ့၊ ဥပမာ၊ မင်းရဲ့ ဆရာသခင်၊ ငါဆိုရင် အရမ်းသိသိသာသာ ကြည့်ကောင်းတာ!" ယဲ့ကျွင်းလင်က အခိုင်အမာပြောလိုက်သည်။
"အဲ့လိုကိုး" လီဝူကျယ် ရုတ်တရတ် နားလည်သွားသယောင်ပင်။
မှန်ပါတယ်၊ သူတကယ်တော့ အရမ်း ကြည့်ကောင်းနေခဲ့ပြီး မထင်ရှားရုံသက်သက်ပဲ။
ယဲ့ကျွင်းလင်က အလေးအနက်ထားပြီး ဆက်ပြောသည်။ "အတိုချုပ်ပြောရရင် မင်းတစ်ခုမှတ်ထားဖို့ရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသားတစ်ယောက်က အခံ့ညားဆုံးပဲ!"
"ရုပ်ရည်နဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့၊ မင်းက အပေါ်ယံအချက်တွေမလိုဘဲ အလိုလိုထူးခြားနေပြီးသားပါ!"
ထိုစကားအဆုံးတွင်။
လီဝူကျယ်သည် ရုတ်တရက် ဉာဏ်အလင်းပေါက်သွားသလို ခံစားလိုက်ရသည်။
မှန်လိုက်တာ၊ ယုံကြည်မှုရှိတဲ့ အမျိုးသားတစ်ယောက်ဟာ အခံ့ညားဆုံးပဲပေါ့။
ဟုန်ချန်ယဲ့မှာတော့ ပြောစရာစကားမရှိတော့။
ရုတ်တရက် အပြင်ဘက်တွင် အမျိုးသမီးအချို့ ခိုးကြောင်ခိုးဝှက် ပေါ်လာသည်ကို သူ သတိထားမိလိုက်သည်။
ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်ပြီး တံခါးကို တွန်းဖွင့်လိုက်ကာ ခပ်အေးအေးဆိုသည်။ “"ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သူတွေ ချက်ချင်းထွက်သွားပါ။ သခင်လေးယဲ့ရဲ့ အနားယူချိန်ကို မနှောင့်ယှက်ပါနဲ့!"”
ခိုးကြောင်ခိုးဝှက် ဆက်ကြည့်ရန် သတ္တိမွေးထားသော အမျိုးသမီးကျင့်ကြံသူများမှာ ချက်ချင်းပင် မျက်နှာဖြူဆုတ်လျက် အလျင်အမြန်လှည့်ပြေးထွက်ကုန်ကြ၏။
ငွေရောင်မျက်နှာဖုံးတစ်ဝက် စွပ်ထားသော အနီရောင်ဝတ်အမျိုးသမီး၏ အသံတွင် မမြင်ရသော ဖိနှိပ်မှုတစ်ခု ရှိနေပြီး အလွန်ကြောက်စရာကောင်းလေသည်။
သခင်လေးယဲ့တွင် ထူးခြားသောနောက်ခံတစ်ခုရှိထားပြီးတာ သေချာပါပြီ။
သခင်မတစ်ပါးက ပိုင်ဆိုင်ထားသော ယောက်ျားသားကို မတောင့်တအပ်ပေ!
တစ်ချိန်တည်းမှာပင်။
မျက်နှာချင်းဆိုင်ရှိ ဇိမ်ခံ သီးသန့်အခန်းထဲတွင်။
နူးညံ့သော ကုတင်ပေါ်တွင် ကျင့်ကြံပြီးကာစ မိန်းကလေးငယ်တစ်ဦးသည် သူမ၏ ကြည်လင်တောက်ပသော မျက်လုံးများကို ဖွင့်လိုက်သည်။ နူးညံ့သိမ်မွေ့သော မျက်နှာတွင် မကျေနပ်မှုများ ပေါ်လွင်နေပြီး နှုတ်ခမ်းကိုစူကာ မေးလိုက်သည်။ "အဒေါ်မေ၊ အပြင်မှာ ဘာလို့ ဒီလောက်ဆူညံနေတာလဲ?"
သူမသည် ပန်းရောင်ဖဲကြိုးနှစ်ခုဖြင့် ဆံပင်နှစ်ဖက်ကို စည်းနှောင်ထားပြီး အလှဆင်ပုံဖော်ထားသော ပန်းရောင်ဂါဝန်ကို ဝတ်ဆင်ထားသည်။ သူမ၏အသားအရေသည် နို့ကဲ့သို့ ဖြူစွတ်ချောမွေ့နေကာ မျက်နှာသွင်ပြင်သည် အရုပ်လေးကဲ့သို့ ချစ်စဖွယ်ကောင်းလှ၏။ မျက်ခုံးထင်းထင်းမြင့်မြင့်တွင် မာနအရိပ်အယောင်တချို့ကို မြင်တွေ့နိုင်ပေသည်။
အပြင်ဘက်မှ မည်သူတစ်ဦးတစ်ယောက်မှ ဤမိန်းကလေးငယ်တွင် အလွန်ထင်ရှားသော နောက်ခံတစ်ခုရှိကြောင်း မသိကြပေ။
သူမ၏ မျိုးရိုးနာမည်မှာ တုန်ဖန်း ဖြစ်ပြီး နာမည်ရင်းမှာ မုန့်ယောင် ဖြစ်သည်။
နတ်မိမယ်တိုင်းပြည်တွင် တုန်ဖန်းသည် တော်ဝင်မျိုးရိုးနာမည် ဖြစ်၏!
အဒေါ်မေဟုခေါ်သော သက်လတ်ပိုင်းအရွယ်အမျိုးသမီးသည် မျက်လုံးတစ်ဝိုက် အရေးအကြောင်းများထင်ပေါ်နေသော်ငြား သြဇာအာဏာကြီးရင့်သော တာအိုသူတော်စင်တစ်ပါးကဲ့သို့ တည်ငြိမ်အေးဆေးသည့်ရုပ်ရည်ရှိသည်။ သူမသည် အသက်လေးဆယ်ခန့်ရှိပြီး ဤအချိန်တွင် ထိုမျက်နှာမှာ ရှားရှားပါးပါး ပန်းရောင်သမ်းနေခဲ့ကာ လေသံများလည်း အဖျားခတ်တုန်ယင်နေခဲ့၏။
"မင်းသမီး၊ အပြင်မှာ အရမ်းချောတဲ့ အမျိုးသားတစ်ဦး ရောက်နေပါတယ်!!"
တုန်ဖန်းမုန့်ယောင်မှာ ဆတ်ခနဲဆိုသလို ကုတင်ပေါ်မှထကာ မြေပြင်သို့ ဆင်းလိုက်သည်။ သူမ၏ အသက်ရှူနှုန်း မြန်ဆန်လာပြီး တုန်ယင်စွာဖြင့် ထပ်မေးလိုက်သည်။
"ဘာ ဘာပြောလိုက်တယ်? အရမ်းချောတဲ့အမျိုးသား?!"