အမျိုးသားတစ်ဦးကို အပိုင်ရယူနည်း ဗျူဟာစာအုပ်
Vol. 32 Ch. 439
"ဒီကမ္ဘာမှာ အမျိုးသားချောချောတွေ ရှိနေသေးတာလား?!"
တုန်ဖန်းမုန့်ယောင်သည် စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး သူမ၏လေသံတွင် အံ့အားသင့်မှုများ ရောယှက်နေသည်။ "အဒေါ်မေ၊ ယောက်ျားလိုချင်လွန်းလို့ ရူးသွားတာ မဟုတ်လား? ထင်ယောင်ထင်မှားတွေများဖြစ်နေတာလား?"
နတ်မိမယ်တိုင်းပြည်သည် အမျိုးသမီးများဖြင့် ပြည့်နှက်နေပြီး အမျိုးသားများသည် ရှားပါးသော အရင်းအမြစ် ဖြစ်ကာ အမျိုးသားချောချောများဆိုလျှင် ပို၍ပင် ရှားပါးသည်။
အမျိုးသားချောချောများကို တုန်ဖန်းမုန့်ယောင်သည် နန်းတော်တွင် ငယ်စဉ်ကတည်းက နေထိုင်လာရာမှ လက်ချိုးရေတွက်နိုင်လောက်သည့် အနည်းစုသောအရေအတွက်ကိုသာ မြင်ဖူးသည်။ ၎င်းတို့အားလုံးကို သူမ၏ မိခင်က ကမ္ဘာအနှံ့မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အကောင်းဆုံးသော အရည်အသွေးကိုသာ စစ်ထုတ်ရွေးချယ်ထားခြင်းပင်။
ယခုတွင် အဒေါ်မေက အပြင်တွင် အမျိုးသားချောချောတစ်ဦး ရှိသည်ဟု ကိုယ်တိုင်ပြောဆိုလာသောအခါ ကြားလျှင်ကြားချင်း စိတ်လှုပ်ရှားသွားရပေသည့် ပြန်လည်စဥ်းစားကြည့်သော် တုန်ဖန်းမုန့်ယောင်သည် ဤသတင်းမှာ တစ်ခုခုတော့လွဲနေသလို ခံစားမိရ၏။
လူ့ဘုံလောကရဲ့ ပိုက်ကွန်ကနေလွတ်ထွက်လာတဲ့ ငါးရံ့စင်းလုံးချောကြီးတစ်ကောင်များလား?
လက်ရှိအုပ်စိုးသူ၏ တရားဝင်သမီးတော်ဖြစ်သည့် တုန်ဖန်းမုန့်ယောင်သည် နတ်မိမယ်တိုင်းပြည် ၏ အမြင့်မြတ်ဆုံး တော်ဝင်မင်းသမီးဖြစ်ပြီး ချစ်ခင်နှစ်လိုမှုများစွာကို ပိုင်ဆိုင်ရရှိကာ ငယ်စဉ်ကတည်းက ကျင့်ကြံရာတွင် ပါရမီထူးပြီး နားလည်နိုင်စွမ်းရည်လည်း လွန်စွာမြင့်မားသည်။ အသက်ဆယ့်ရှစ်နှစ်တွင်ပင် သူမသည် ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ တက်ရောက်နိုင်ပြီးဖြစ်လေပြီ။
ငယ်ရွယ်သေးသည့်အချိန်တွင် ထိုမျှမြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်ထားသောကြောင့် သူမတွင် မာနကြီးသည့် စရိုက်ရှိပြီး ထိန်းချုပ်ခံရခြင်းကို မနှစ်သက်ပေ။ နှစ်နှစ်ခန့်အကြာတွင် သူမသည် နန်းတော်မှ တိတ်တိတ်လေးထွက်ပြေးကာ တိုင်းပြည်အနှံ့ ခရီးသွားလာခဲ့ပြီး ယနေ့မှသာ ရတနာသင်္ဘော ဖြင့် တော်ဝင်မြို့တော်သို့ ပြန်သွားရန် ပြင်ဆင်နေခြင်းဖြစ်သည်။
တိုင်းပြည်အနှံ့ ခရီးသွားလာခဲ့သမျှတစ်လျှောက်လုံး အမျိုးသားဦးမျှတွေ့ဖို့ကိုပင် ရှားပါးခက်ခဲလှခဲ့ရာ တုန်ဖန်းမုန့်ယောင်သည် အပြန်လမ်းတွင်မှ အမျိုးသားချောချောတစ်ဦး ပေါ်ပေါက်လာခြင်းကို အံ့သြမဆုံးဖြစ်နေတော့၏။ ဘယ်ပိုက်ကွန်ကလွတ်လာတဲ့ အဆီအသားအပြည့်နဲ့ ငါးရံ့ကြီးများလဲ?
"မင်းသမီးရယ်၊ ဘာတွေလျှောက်ပြောနေတာလဲ..."
အဒေါ်မေ၏ မျက်နှာသည် အနည်းငယ် နီရဲသွားသည်။ "ယောက်ျားလိုချင်လွန်းလို့ ရူးသွားတာ" ဆိုတာ ဘာအဓိပ္ပာယ်လဲ? အဲ့လိုကြီးပေါ်တင်ထုတ်ပြောစရာစကားလား?
သူမသည် မင်းသမီး ငယ်စဉ်ကတည်းက စောင့်ရှောက်အုပ်ထိန်းလာသော အခြွေအရံကိုယ်ရံတော်တစ်ဦးဖြစ်ပြီး လက်ရှိအုပ်စိုးသူ၏ လက်အောက်ခံစစ်သည်တော်တစ်ဦးလည်းဖြစ်၏။ မင်းသမီးသည် လွန်ခဲ့သောနှစ်နှစ်က နန်းတော်မှအောင်မြင်စွာ တိတ်တိတ်လေး ထွက်ပြေးနိုင်ခဲ့သည်ဟု ထင်ရသော်လည်း နောက်ကွယ်မှ အုပ်စိုးသူသည် အရာအားလုံးကို ကြိုမြင်နေခဲ့ပြီးဖြစ်၍ မင်းသမီးလေးကို အစဥ်အမြဲ ကြည့်ရှုစောင့်ရှောက်ဖို့ရာ သူမကိုလိုက်ပါစေခဲ့ခြင်းပင်။
သူမသည် နတ်မိမယ်တိုင်းပြည်တွင်ရှိသော ထိပ်တန်းမသေမျိုးအရှင်များထဲမှ တစ်ဦးဖြစ်ပြီး ဇီးပွင့်နတ်သမီးဟု လူသိများသည်။ သူမ၏ ထူးချွန်ပြောင်မြောက်သည့် ဇီးပွင့်ဓားပညာမှာ သမုဒ္ဒရာလေးစင်းနှင့် ဂနိုင်ရှစ်တောကို လှုပ်ခတ်ခါယမ်းစေခဲ့သည်ပင်။
ဤအချိန်တွင် တုန်ဖန်းမုန့်ယောင်၏ မယုံသင်္ကာမေးခွန်းကို ရင်ဆိုင်ရသည့်အခါ အဒေါ်မေက ခါးခါးသီးသီးပြုံးရင်း တုံ့ပြန်သည်။ "မင်းသမီး၊ မယုံဘူးဆိုရင် အပြင်ထွက်ပြီး မေးစမ်းကြည့်ပါ။ အဲ့ဒီ အမျိုးသားချောချောလေးက အောက်ထပ်မှာ ပေါ်လာကတည်းက သင်္ဘောပေါ်က အမျိုးသမီးတွေအားလုံးရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့တာ!"
အဒေါ်မေ၏ ယုံကြည်မှုအပြည့်ရှိသော ပုံစံကို မြင်လိုက်ရသည့်အခါ တုန်ဖန်းမုန့်ယောင်လည်း ထိုစကားမှန်ကန်ကြောင်း ယုံကြည်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဤသို့သော်ကိစ္စသည် နောက်ပြောင်နေစရာမဟုတ်သည်လေ။
"ဒါဆို သူအခု ဘယ်မှာလဲ?"
တုန်ဖန်းမုန့်ယောင်သည် စိတ်အားထက်သန်စွာ မေးလိုက်သည်။
သင်္ဘောထဲတွင် ထိုမျှပွက်လောရိုက်သွားစေသော ထိုအမျိုးသား၏ရုပ်ရည်မှာ မည်မျှထူးခြားကွဲပြားနေကြောင်း သူမလည်းစူးစမ်းချင်မိသည်သာ။
"မင်းသမီးကို လျှောက်တင်ပါတယ်၊ အဲ့ဒီလူက မျက်နှာချင်းဆိုင်အခန်းကို ငှားရမ်းထားပါတယ်!" အဒေါ်မေက လေးနက်စွာ ပြန်လည်ဖြေကြားလိုက်သည်။
"အဒေါ်မေ၊ ကျွန်မကို အမှန်အတိုင်းဖြေ၊ အဲ့ဒီ အမျိုးသားက ကျွန်မအမေရဲ့ နန်းတွင်းက အခြွေအရံအမျိုးသားတွေနဲ့ ယှဥ်နိုင်လောက်လား"
"မင်းသမီး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ အားလုံး ပေါင်းလိုက်ရင်တောင် ဒီအမျိုးသားကို ယှဉ်လို့မရပါဘူး!!"
"တကယ်လား?"
"ဒီငယ်သားရဲ့ အသက်နဲ့အာမခံပါတယ်၊ လုံးဝမှန်ကန်ပါတယ်!"
သူမ၏ စိတ်ထဲတွင် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ထင်မှတ်မှားစေခဲ့သော ဆံဖြူလူငယ်ကို ပြန်လည်အမှတ်ရလိုက်သည့်အခါ အဒေါ်မေ၏ နှလုံးခုန်သံသည် မြန်ဆန်သွားကာ အောက်နှုတ်ခမ်းကို မသိမသာကိုက်လျက် မျက်လုံးတို့မတည်မငြိမ်ဖြင့် ဟိုကြည့်သည်ကြည့်ဖြစ်သွားရ၏။
သူမသည် ဤအသက်အရွယ်ထိ ကျင်လည်နေထိုင်ခဲ့သမျှ ယခုမှသာ ဤမျှချောမောသောရုပ်သွင်ကို ထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ရုပ်ရည်နှင့် ဟန်ပန်အရ ထိုသူသည် နန်းတော်ရှိ အုပ်စိုးသူ၏အနှစ်သက်ဆုံး အမျိုးသားအခြွေအရံများကို ချက်ချင်းပင် လွှမ်းမိုးကျော်တက်သွားနိုင်သည်ဟု သူမ မြင်သည်။
အုပ်စိုးသူ၏ အနှစ်သက်ဆုံး အမျိုးသားအခြွေအရံများကို ကမ္ဘာအနှံ့မှ စုဆောင်းရရှိထားခြင်းဖြစ်ပြီး ၎င်းတို့၏ ရုပ်ရည်များသည် ကိုယ်ပိုင်ထူးခြားမှုများရှိကာ အပြင်လောကရှိ အမျိုးသားတိုင်းနှင့် နှိုင်းယှဥ်လျှင်ပင် ထိပ်တန်းဟုသတ်မှတ်နိုင်သော အဆင့်တစ်ခုရှိကြောင်း သိထားရမည်။
သို့သော် ထို ဆံဖြူလူငယ်နှင့် နှိုင်းယှဉ်လိုက်သောအခါ လရောင်နှင့် ယှဉ်ပြိုင်လိုသော ပိုးစုန်းကြူးကဲ့သို့ မီးစာကုန်သေဆုံးသွားဖို့ရာသာ ရှိပေတော့မည်။
ဤအဖြေကို ကြားလိုက်ရသည့်အခါ တုန်ဖန်းမုန့်ယောင်သည် တစ်ဖန်ပြန်လည် အံ့အားသင့်သွားရပြန်၏။
သူမ၏ မိခင်တွင် အမျိုးသားအခြွေအရံ အယောက်သုံးထောင် ရှိသော်လည်း ခုနစ်ဦးသည်သာ အနှစ်သက်ဆုံး လက်ရွေးစင်များဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထို အမျိုးသားအခြွေအရံခုနစ်ဦးတွင် အကောင်းဆုံးသော ရုပ်ရည်သွင်ပြင်များရှိပြီး စွမ်းဆောင်ရည်မှာလည်း သံသယဖြစ်စရာမရှိပေ။ တုန်ဖန်းမုန့်ယောင်ကိုယ်တိုင်ပင် ထို အမျိုးသားအခြွေအရံခုနစ်ဦးသည် သူမ ယခုအသက်အရွယ်အထိ မြင်ဖူးသမျှထဲတွင် ကြည့်အကောင်းဆုံး ရုပ်ရည်ပိုင်ရှင်များဖြစ်ကြောင်း သတ်မှတ်ထားမိသည်။
သို့သော် အဒေါ်မေက နန်းတော်ရှိ ထိပ်တန်းအမျိုးသားအခြွေအရံ ခုနစ်ဦးကို ပေါင်းလိုက်ရင်ပင် လက်ရှိအပြင်မှ အမျိုးသားကို ယှဉ်နိုင်မည်မဟုတ်ဟု အခိုင်အမာ ပြောဆိုခြင်းကြောင့် တုန်ဖန်းမုန့်ယောင် အကြီးအကျယ်တုန်လှုပ်သွားရ၏။
တစ်ချိန်တည်းတွင် သူမသည် အလွန်အမင်းစိတ်လှုပ်ရှားမှုကိုလည်း ခံစားရသည်။ ဤအရာသည် ကောင်းကင်ဘုံမှ သူမ၏ အနာဂတ်ခင်ပွန်းကို ပိုင်ဆိုင်နိုင်ရန် ဖူးစားဖန်ပေးခြင်းဖြစ်မည်ဟု ခံစားလိုက်ရ၏။
ဒီလူ့ကို တော်ဝင်နန်းတော်သို့ ပြန်ခေါ်သွားနိုင်ပါက လူတိုင်းမနာလိုအားကျကြမည်မလွဲ။
"အဒေါ်မေ၊ ဘာလို့ရပ်နေသေးတာလဲ? တော်ဝင်မင်းသမီးနာမည်နဲ့ သူ့ကို အမြန်ဖိတ်ကြားခိုင်းလိုက်၊ ကျွန်မသူနဲ့ နှစ်ယောက်တည်း နေချင်တယ်!"
တုန်ဖန်းမုန့်ယောင်သည် တော်ဝင်မင်းသမီးဟန်ပန်ကိုဖော်ထုတ်ကာ အမိန့်သံဖြင့် စေခိုင်းလိုက်သည်။
နတ်မိမယ်တိုင်းပြည်တွင် အမျိုးသမီးများကို ဦးစားပေးရိုသေလေးစားကြ၏။ သူမသည် အုပ်စိုးသူ ၏ တရားဝင်သမီးတော် ဖြစ်သည့်အတွက် ဤမျှမာန်မာနကြီးမားသည်မှာ သဘာဝပင်။ အမျိုးသားချောချောတစ်ယောက် ရောက်ရှိနေကြောင်း ကြားသိလိုက်ရသည့်အခါ အတင်းအဓမ္မ သိမ်းပိုက်လိုသော လိုအင်ဆန္ဒကို ထိန်းချုပ်မထားနိုင်တော့။ သူမ၏နောက်ခံဂုဏ်ပုဒ်ကိုသာ ပြသလိုက်လျှင် ထိုအမျိုးသား စိတ်မလိုလျှင်တောင် သေချာပေါက်နာခံရိုကျိုးရမည် အသေအအချာပင်။
သို့သော်လည်း အဒေါ်မေမှာ အကျပ်ရိုက်သွားဟန်ရှိပြီး ခပ်တိုးတိုးပြန်မေးလာသည်။ "မင်းသမီး၊ ဒီလိုလုပ်ချင်တာ သေချာရဲ့လား?"
"ဘာလို့မသေချာရမှာလဲ?" တုန်ဖန်းမုန့်ယောင် မျက်မှောင်ကြုတ်လိုက်သည်။
"ဒီငယ်သားရဲ့ အမြင်အရ သူက ကြင်နာပြီး ဖြောင့်မတ်တဲ့ လူကောင်းတစ်ယောက်ဖြစ်မယ်ဆိုရင် မင်းသမီး ဒီလိုအကျပ်ကိုင်ခေါ်ဆိုလိုက်တဲ့ ချိန်းဆိုမှုကို မဖြစ်မနေ လာရောက်ရရင်တောင်မှ စိတ်ထဲသိပ်ကျေနပ်လိမ့်မယ်မထင်ပါဘူး။ ဒါမှမဟုတ် သူက မင်းသမီးရဲ့ရာထူးရာခံကို ဒီလောက်မြန်မြန်သိသွားမယ်ဆိုရင် သူအဆင့်အတန်းမြင့်တက်ဖို့ အသုံးချချင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဟန်ဆောင်ရာမှာ ကျွမ်းကျင်တဲ့ မြေခွေးကောင်မျိုးဖြစ်နေရင် မင်းသမီးရဲ့အခြွေအရံဖြစ်ဖို့ သင့်တော်မှာမဟုတ်ပါဘူး"
အဒေါ်မေ၏ ခွဲခြမ်းစိတ်ဖြာထားသော အကြံပြုချက်ကို ကြားလိုက်ရသည့်အခါ တုန်ဖန်းမုန့်ယောင်ကိုယ်တိုင်လည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသည်။
သို့သော်လည်း သူမသည် ထိုအမျိုးသား၏ ခန္ဓာကိုယ်ကိုသာ လိုချင်တောင့်တခြင်းဖြစ်လေရာ ဤမျှနက်နက်နဲနဲစဉ်းစားရန် လိုအပ်ပါသလား?
အဒေါ်မေသည် မိန်းကလေး၏ အတွေးများကို ဖောက်မြင်လိုက်ရသကဲ့သို့ လေးနက်သော အမူအရာဖြင့် အကြုံပြု၏။ “"မင်းသမီး၊ ဒီကိစ္စက မင်းသမီးရဲ့ တစ်သက်တာ ပျော်ရွှင်မှု နဲ့ ပတ်သက်နေတာမို့ နှစ်ခါပြန်စဉ်းစားဆင်ခြင်ပါ!"”
"အား အရမ်းစိတ်ရှုပ်ဖို့ကောင်းလိုက်တာ! ဒါဆို ဒီမင်းသမီး ဘာလုပ်သင့်တယ်လို့ အဒေါ် ထင်လဲ?" တုန်ဖန်းမုန့်ယောင်သည် သူမ၏ခြေထောက်ကို ကလေးဆန်ဆန် တစ်ချက်ဆောင့်နင်းလိုက်သည်။
အဒေါ်မေက လေးနက်သောအသံဖြင့် ဆို၏။ "ဒီငယ်သားက မင်းသမီးကိုယ်တိုင် သူ့ဆီသွားပြီး စကားအရင်ပြောကြည့်သင့်တယ်လို့ ယုံကြည်ပါတယ်။ အရေးကြီးဆုံးကတော့ မင်းသမီးရဲ့ နောက်ခံအစစ်အမှန်ကို အရင်ဖုံးကွယ်ထားရမယ်။ ဒီလိုနည်းနဲ့ သူ့ရဲ့အကျင့်စရိုက်အစစ်အမှန်ကို အကဲဖြတ်နိုင်ပါတယ်"
"မင်းသမီး အားလုံးကို သေချာသိသွားပြီဆိုမှ သင့်တော်တဲ့ အခွင့်အရေးတစ်ခုကို ရှာပြီး မင်းသမီးရဲ့ တော်ဝင်အထောက်အထားကို ထုတ်ဖော်လိုက်ပါ။ သူက သေချာပေါက် အရမ်းအံ့အားသင့်သွားမယ်လို့ ကျွန်မယုံကြည်ပါတယ်!"
တုန်ဖန်းမုန့်ယောင်၏ မျက်လုံးများ တောက်ပသွားသည်။
ကြားရသလောက် ဤနည်းလမ်းက ပို၍စိတ်ချရသည်။ တစ်ဖက်လူကို အကျပ်ကိုင်ရာလည်းမရောက်သလို စရိုက်မှန်ကိုလည်း အကဲခတ်ခွင့်ရှိမည်။