နောက်ဆုံးရလာဒ်
Vol. 67 Ch. 1076
ထိုအချိန်တွင် ချန်လွေ့သည် အယ်ဒီလိုင်း၏ သွေးရောင်ပိုးအိမ် ကို ရှာတွေ့သွားခဲ့သည်။ ရေရိပ်ပုလဲ၏ အလင်းက နာဂါမိန်းကလေးကို တဖြည်းဖြည်းနှင့် သတိ ပြန်လည် ရရှိစေခဲ့သည်။ ချန်လွေ့၏ မျက်နှာကို မြင်ရာ သူက အံ့အားသင့်သည့် အမူအရာကို ပြသခဲ့သည်။ သို့သော် သူ၏ အံ့သြမှုသည် ချန်လွေ့၏ မျက်နှာပေါ်မှ သွေးများနှင့် ချပ်ကာမှ အက်ကွဲကြောင်းများကို မြင်လိုက် ရသောအခါ ချက်ချင်း စိုးရိမ်ပူပန်မှု အဖြစ် ပြောင်းလဲသွားခဲ့သည်။
ချန်လွေ့က ဖန်တီးခြင်း ဇစ်မြစ် စွမ်းအား သုံးတော့မည် ပြင်လိုက်စဉ် ဝဲကတော့သည် ရုတ်တရက် တောက်ပသည့် သွေးရောင်အလင်း ထုတ်လွှတ်လိုက်လေသည်။ ၎င်းက လေထဲမှ အပူချိန်ကို အလျင်အမြန် မြင့်တက်စေခဲ့သည်။ မျက်စိတစ်မှိတ် အတွင်း အလွန် ကြောက်မက်ဖွယ် ကောင်းသော အဆင့်သို့ ရောက်ရှိ သွားခဲ့လေသည်။ ချန်လွေ့သာ အယ်ဒီလိုင်းကို အချိန်မီ ကာကွယ်ရန် စွမ်းအားကို မသုံးခဲ့ပါက နာဂါ မိန်းကလေး ပြာကျသွားပေလိမ့်မည်။
ဝဲကတော့က ရွေ့လျားစပြုလာပြီး အရွယ်အစား အဆက်မပြတ် ကြိးမားလာခဲ့သည်။ ဝါးမျိုခြင်း စွမ်းအား ရုတ်တရက် အဆပေါင်း များစွာ တိုးလာခဲ့ပြီး သွေးရောင် ပိုးအိမ်အားလုံးကို စုပ်ယူခံသည်။
ချန်လွေ့၏ ‘တန်ပြန်ခြင်း’နိုင်သော စွမ်းရည်က ဒီလော့စ်ရိုကို နောက်ဆုံး သတိရှိလာစေခဲ့ခြင်း ဖြစ်သည်မှာ အသေအချာပင်။ သူက တိုက်ခိုက်ရန် အတွက် တခြား နည်းလမ်းတစ်ခုကို ပြောင်းလဲခဲ့သည်။
သူက ချန်လွေ့သည် [ကြေးမုံခန္ဓာ] စွမ်းရည်ကို ထပ်သုံးမရတော့ကြောင်း မသိခဲ့ပေ။
သို့သော်လည်း သူ၏ ဝိညာဉ်က ပြင်းထန်စွာ ပျက်စီးခဲ့ရရုံ သာမကဘဲ ကြယ်စွမ်းအား အများအပြားကို သုံးစွဲခဲ့ရသောကြောင့် သူ၏ အခြေအနေမှာ အတော်လေး ဆိုးရွားနေခဲ့သည်။
ရေရိပ်ပုလဲက အချိန်မီ အပြာရောင် အလင်းကို ထုတ်လွှတ်လိုက်သည်။ ၎င်းက နေရာလွတ်ထဲမှ ဟာကွက် အဆက်များကို ပြသနေခဲ့သည်။ ချန်လွေ့က အယ်ဒီလိုင်း၏ သွေးရောင် ပိုးအိမ်ကို ယူပြီး အဆက်မပြတ် ရွေ့ပြောင်းခဲ့သည်။ ဝါးမျိုခြင်း စွမ်းအားကို ရှောင်လွှဲရန် အတွက် အထူးအဆက်များကို အသုံးပြုခဲ့သည်။ တစ်ချိန်တည်းပင် သွေးရောင်ပိုးအိမ် ပျော်ဝင်စေရန် အတွက် ဖန်တီးခြင်း ဇစ်မြစ်ကို သူ အသက်သွင်းခဲ့သည်။ သို့သော်လည်း ထိုနေရာလွတ်က ဒီလော့စ်ရို၏ တိုင်းပြည်ဖြစ်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ကျယ်ပြန့်လာသည့် ဝဲကတော့က သူ၏ လှုပ်ရှားမှုကို ပိတ်ဆို့ထားလိုက်လေသည်။
ယခုတွင် သွေးရောင် ပိုးအိမ်သည် ပျော်ဝင်ရန် အတွက် အနည်းဆုံး တစ်မိနစ်ခန့် လိုအပ်နေသေးသည်။ ချဉ်းကပ်လာသည့် ဝဲကတော့ကို ကြည့်ရလျှင် အချိန် မမီတော့ပေ။ သူက အယ်ဒီလိုင်းကို ပစ်ထားပြီး [ကြယ်ဂိတ်]ကို အသုံးပြု၍ ချက်ချင်း ထွက်မသွားခဲ့ပါက ဝါးမျိုခံရပေမည်။
“ချန်လွေ့…” အယ်ဒီလိုင်းတွင် အလွန်ထူးခြားသော ခံစားနိုင်သည့် အစွမ်းမျိုး ရှိရာ ထိုအန္တရာယ်ကို အမြန်ဆုံး သတိထားမိခဲ့သည်။
“အယ်ဒီလိုင်း။ မင်းဘာပြောမလဲ ဆိုတာ ငါသိတယ်။” ချန်လွေ့က ခေါင်းကို ခါလိုက်ပြီး သွေးရောင် ပိုးအိမ်ဆီသို့ ဖန်တီးခြင်း စွမ်းအား ထုတ်လုပ်မှုကို တိုးမြှင့်လိုက်သည်။ “ငါတို့ ပင်လယ်နက်မှာ ရှိတုန်းက အချိန်ကို မမေ့နဲ့။ အဲဒီတုန်းက ငါ မင်းကို လက်မလျှော့ခဲ့ဘူး။ အခုဆို ပိုဆိုးသေးတယ်…”
အယ်ဒီလိုင်းက နှုတ်ခမ်းကိုက်ပြီး ငိုမလို ဖြစ်နေသည့် မျက်လုံးများဖြင့် ခေါင်းညိတ်လိုက်၏။ ချန်လွေ့၏ အာရုံ ပျက်မည်ကို စိုး၍ သူက မျက်ရည်များကို ထိန်းထားခဲ့သည်။
အလျင်အမြန် ချဉ်းကပ်လာသည့် ဝဲကတော့ကို ကြည့်လိုက်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသည့် ဆွဲဖြဲခြင်းနှင့် ဝါးမျိုခြင်း စွမ်းအားကို ခံစားလိုက်ရရာ ချန်လွေ့၏ စိတ်က တစ်ခုခုကြောင့် ပုံမှန်မဟုတ်ဘဲ တည်ငြိမ်နေပုံရသည်။ “လန်ဘို့စ် ၊ ခင်ဗျားကို တစ်ခု မေးချင်တယ်။ ကျုပ်တို့ ဒီဝဲကတော့ထဲ ဝင်သွားရင် ဘာဖြစ်မှာလဲ...”
လန်ဘို့စ်၏အသံက ရေရိပ်ပုလဲမှ ထွက်ပေါ်လာခဲ့သည်။ “မင်းရဲ့ အရာအားလုံး ဝါးမျိုခံရလိမ့်မယ်။ ယုံကြည်မှု၊ အသက်၊ ဝိညာဉ်…”
“သူ ကျုပ်ရဲ့ ယုံကြည်မှုစွမ်းအားနဲ့ အသက်စွမ်းအားကို ဝါးမျိုလိုက်ရင် ကိုယ်ပိုင်အသုံးပြုဖို့အတွက် အဲဒါကို ချေဖျက်နိုင်မှာလား...”
“ဒါက ကိုယ်ပွား တစ်ခုပဲ။ သူရဲ့ ကိုယ်ပိုင်အသုံးပြုဖို့အတွက် တကယ် ပြောင်းလဲနိုင်တဲ့ စွမ်းအား အများကြီး မရှိဘူး…”
“ဒါဆိုရင် သူ့ရဲ့ ဝါးမျိုခြင်းမှာ အကန့်အသတ် ရှိတာပေါ့”
“သေချာပေါက်ရှိတယ်…” လန်ဘို့စ်က ချန်လွေ့ ဘာလုပ်ချင်မှန်း ခန့်မှန်းမိလိုက်ပြီး ထိတ်လန့်သွား၏။ “ဒီစိတ်ကူးက မိုက်မဲပြီး ရူးသွပ်တယ်။ သေချာရဲ့လား။ မင်း…”
“သေချာဖို့အတွက် နောက်ကျသွားပြီ ထင်ပါတယ်…”
ဧရာမ ဝါးမျိုခြင်း စွမ်းအားက ချန်လွေ့ကို ရစ်ပတ်သွားလေပြီ။ တချိန်တည်းမှာပင် ချန်လွေ့၏ ကိုယ်ခန္ဓာက ခရမ်းရောင်အလင်းများ ပြည့်နေပြီး စကြဝဠာ ကြယ်များ၏ ပုံပန်းသဏ္ဌာန်ကို ပြသနေခဲ့သည်။ ပတ်ဝန်းကျင်မှ စွမ်းအားက ကြယ်တောင်ပံ နှစ်စုံ အဖြစ်သို့ စုစည်းသွားပြီး သူနှင့် အယ်ဒီလိုင်းကို ပတ်ထားခဲ့လေသည်။
အဓိကယဇ်ပလ္လင် ပင်လယ်ပြင်၌ အနက်ရောင်လျှပ်စီးသည် ပို၍ပင် ပြင်းထန်လာခဲ့ပြီး ဒီလော့စ်ရိုကို ပတ်ထားသည့် ‘အရိုးစက်လုံး’က အပိုင်းအစများအဖြစ် ကွဲကြေနေခဲ့ပြီ ဖြစ်၏။ အဓိက ယဇ်ပလ္လင်တစ်ခုလုံး အကာအကွယ် လုံးဝ ဆုံးရှုံးရန် မကြာတော့ပေ။ အဓိကယဇ်ပလ္လင်၏ အကာအကွယ် မရှိဘဲနှင့် မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်၏ ကိုယ်ပွားကို ဖယ်ရှားခြင်းက အများကြီး ပို၍လွယ်ကူပေလိမ့်မည်။
‘ရစ်ချက်’ ဒီလော့စ်ရိုရဲ့ ကိုယ်ထဲကို ပြေးဝင်သွားတဲ့ အကြောင်းရင်းက စွန့်စားတာ သေချာတယ်။ ဒါပေမဲ့ ဒီလော့စ်ရိုရဲ့ နောက်ပိုင်း အသွင်ပြောင်း စွမ်းအားကို ကြည့်မယ်ဆိုရင် ‘ရစ်ချက်’မှာ ဘာအခွင့်အရေးမှ မရှိဘူး။
ကံကောင်းချင်တော့ စာချုပ်က အခုထိ မပျောက်သေးဘူး။ ‘ရစ်ချက်’ အသက်ရှင်နေသေးတယ်။ သူက ဒီလော့စ်ရိုရဲ့ နေရာလွတ်ထဲမှာ အကျဉ်းချခံထားရတာ ဖြစ်နိုင်တယ်။ ဒီလော့စ်ရိုကို သတ်လိုက်နိုင်ရင် ‘ရစ်ချက်’ကို ကယ်နိုင်မယ်။
ထိုသို့’ကယ်ဆယ်ခြင်း’က ဖန်တီးခြင်းဇစ်မြစ်ကို ရယူရန်ပင်။
လောင်းကြေးစာချုပ်၏ စည်းမျဉ်းအရ ဖန်တီးခြင်းဇစ်မြစ်ကို ရရှိပြီးနောက်တွင် ၃လအချိန်သည် ပြောင်းလဲခြင်းမရှိဘဲ ရှိနေလိမ့်မည်။ တစ်လကျော် ပြီးနောက်တွင် သူက ‘ရစ်ချက်’ကို သတ်ပြီး အမှောင် နတ်ဘုရားကျောင်း စီမံကိန်း၏ အကြီးမားဆုံး အတားအဆီးကို ဖယ်ရှားနိုင်ပေမည်။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ဟု ပြောနိုင်ပေ၏။
ထိုအချိန်တွင် အရိုးစက်လုံးသည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး ထိုလျှပ်စီးများက အမှန်တကယ်ပင် တွန်းကန်ခံလိုက်ရသည်။ ထို့နောက် အရိုးစက်လုံးက တဖြည်းဖြည်း ဖောင်းလာခဲ့သည်။ စေတန်က ဒီလော့စ်ရိုတွင် အဆုံးသတ် တိုက်ကွက်အချို့ ရှိနေသေးသည်ကို သိသောကြောင့် သူက စိတ်ကို အမြန်ဆုံး အာရုံစိုက်လိုက်သည်။
သို့သော်လည်း ဖောင်းနေသည့် အရိုးစက်လုံးသည် တဖြည်းဖြည်း ကျုံ့လာခဲ့သည်။ မူလအနေအထား မရောက်ခင်မှာပင် ရုတ်တရက် ဖောင်းလာပြန်သည်။ ထိုပမာဏက ယခင်ထက်ပင် ပိုကြီးမားခဲ့သည်။
“ဘုန်း!”
ဒီလော့စ်ရိုကို ပတ်ထားသော အရိုးစက်လုံးက အလိုလို ကွဲကြေသွားခဲ့ပြီး အတွင်းထဲမှ ချော်ရည်ကဲ့သို့ ခန္ဓာကိုယ် ပေါ်ထွက်လာခဲ့သည်။
ပို၍ အံ့သြစရာ ကောင်းသည်မှာ ဖောင်းပွခြင်း မရပ်တန့်သွားခြင်းပင်။ ဒီလော့စ်ရို၏ ခန္ဓာကိုယ်က မထိန်းချုပ်နိုင်သည့် ထူးဆန်းသော ရှုံ့တွမှု အမျိုးမျိုးကို အဆက်မပြတ် ပြသနေခဲ့သည်။ ပူဖောင်းတစ်ခုက အဆက်မပြတ် လေသွင်းပြီးနောက် လေထုတ်ခံနေရသလိုပင်။ စွမ်းအား အငွေ့အသက် ရှုပ်ထွေးနေခဲ့သည်။
“အိုး သွားပြီ!” စေတန်၏ မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူ ခုနက ဒီလော့စ်ရို၏ ပါးစပ်ထဲသို့ ပြေးဝင်သွားခဲ့သည့် ချန်လွေ့ကို ရုတ်တရက် သတိရသွားခဲ့သည်။
စေတန်သည် တွေဝေခြင်း မရှိဘဲ လက်များကို အဆက်မပြတ် လှုပ်ယမ်းလိုက်၏။ မြွေပုံစံ ကဲ့သို့ အထူး သင်္ကေတများက လှုပ်ရှားမှု လမ်းကြောင်းနှင့်အတူ တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။ အေးစက်သော မျက်လုံးများသည် ပြောင်းလဲစ ပြုလာပြီး မြွေနှင့် ဧရာမနဂါးများလို ပုံမှန် ဒေါင်လိုက် သူငယ်အိမ်များ ဖြစ်လာခဲ့သည်။ အဓိက ယဇ်ပလ္လင် တစ်ခုလုံး၏ ပြင်းထန်လှသော အပူချိန်ကို အေးစက်သော အငွေ့အသက်က အစားထိုးသွားပြီး လှိုင်းတွန့်နေကာ ဆူပွက်နေသည့် ချော်ရည်က အမြန် တောင့်တင်း သွားတော့သည်။
၎င်းက အေးခဲသွားခြင်း မဟုတ်ဘဲ ကျောက်မျက်ကဲ့သို့ သလင်းကျောက် အလင်းကို ထုတ်လွှတ် နေသည့် တခြား ထူးဆန်းသော အပြာရောင် သလင်းကျောက်တစ်ခုသာ ဖြစ်၏။
ဒီလော့စ်ရို၏ ခန္ဓာကိုယ်သည် အံ့မခန်း အဆင့်အထိ ဖောင်းလာခဲ့ပြီ ဖြစ်သည်။ သူက ၎င်းကို ဖိနှိပ်ရန် အတွက် အသည်းအသန် ကြိုးစားနေ သည်မှာ ထင်ရှားသော်လည်း သူက မအောင်မြင်နိုင်ခဲ့ပေ။
စေတန်၏ မျက်လုံးများထဲတွင် အလင်းများ လင်းလက်သွားခဲ့သည်။ သူက လက်များကို ပို၍မြန်ဆန်စွာ လှုပ်ယမ်းနေခဲ့သည်။ သူ၏လက်များ ဝေဝါးလာခဲ့ပြီး မြွေပုံစံသင်္ကေတများ လက်ခနဲ ဖြစ်နေကာ ဒီလော့စ်ရို၏ ကိုယ်ပေါ်တွင် ပေါ်လာ၏။ ၎င်းက ရေတွက် မရနိုင်သော ထူထပ်သည့် စာသားများကဲ့သို့ပင်။
မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်၏ ဆူပွက်နေသည့် ချော်ရည်ကဲ့သို့ ခန္ဓာကိုယ်က သလင်းကျောက်အဖြစ် အလျင်အမြန် ခိုင်မာသွားခဲ့သည်။ စေတန်၏ မျက်နှာလည်း သလင်းကျောက် အပြာရောင် အလင်း တစ်ထပ်ဖြင့် ဖုံးသွားပြီး ခိုင်မာနေသည့် အလင်းက မျက်နှာဖုံး ကဲ့သို့ပင်။
“[စော်ကားခြင်းအပြစ်]!” စေတန်၏ မြန်နှုန်းမြင့် လှုပ်ယမ်းမှုများ ရပ်တန့်သွားပြီး လက်ချောင်းများကို ဆုပ်လိုက်သည်။ ခမ်းနားလှသည့် အစွမ်း တစ်ခု ပေါက်ထွက် လာခဲ့ပြီးနောက်တွင် ထိုမြွေပုံစံကွက်များက ရုတ်တရက် အပြာရောင် အက်ကွဲကြောင်းများ ကဲ့သို့ပင် ဒီလော့စ်ရို၏ ကိုယ်ထဲသို့ ဝင်သွားခဲ့သည်။
နောက်စက္ကန့်ပိုင်းတွင် ပုံစံကွက်များက အစစ်အမှန် အက်ကွဲကြောင်းများ အဖြစ်သို့ ပြောင်းလဲသွားပြီး ဒီလော့စ်ရို၏ ကိုယ်ခန္ဓာတစ်ခုလုံးတွင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ စေတန်၏ မျက်နှာထောင့်များတွင်လည်း သေးငယ်သော အက်ကွဲကြောင်းများ ရှိနေခဲ့သည်။ ၎င်းက အစွမ်းထက် တိုက်ကွက်တစ်ခု ဖြစ်သော်လည်း တစ်ခုခု ပေးဆပ်ရလေသည်။
သူက ‘ရစ်ချက်’၏ စွမ်းအားမှာ အနိုင်ရရန် မလုံလောက်ကြောင်း ရိုးရိုးရှင်းရှင်းပင် တွေးနေခဲ့သည်။ ထို့ကြောင့် သူက အေးအေးဆေးဆေး တိုက်ခိုက်နေခဲ့သည်။ သို့သော်လည်း ယခုလို ရုတ်တရက် ပြောင်းလဲမှု ဖြစ်လာရာ သူ လက်ပိုက်ကြည့်၍ မရတော့ပေ။
ဒီလော့စ်ရို၏ ကိုယ်ခန္ဓာ အက်ကွဲ သွားသည့်အချိန် မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်၏ ကိုယ်ပွားက ကမ္ဘာကို တုန်လှုပ်စေသည့် ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်လေသည်။ သူ၏ မျက်လုံးနှင့် ပါးစပ်မှ ပြင်းထန်သော ခရမ်းရောင် အလင်း ရုတ်တရက် လင်းလက်သွားခဲ့သည်။
[စော်ကားခြင်းအပြစ်] ကြောင့် ကွဲသွားခဲ့သော ကိုယ်ခန္ဓာ အပိုင်းအစ များလည်း ထိုတောက်ပနေသော ခရမ်းရောင် ကြယ်အလင်း နှင့်အတူ ပေါက်ထွက်လာခဲ့ပြီး ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။
ကြယ်အလင်းထဲတွင် ထင်းခနဲ ဖြစ်နေရာ နေရာနှစ်ခု ရှိနေသည်။ ကြယ် အကြီး အသေးများက အဓိပ္ပာယ်တစ်ခုကို ကိုယ်စားပြုသည့် ပုံစံကို ဖန်တီးနေခဲ့သည်။ တစ်ခုက တောင်ပံဖြန့်ထားသော ဇာမဏီကဲ့သို့ ဖြစ်နေပြီး နောက်တစ်ခုက သက်တန့် တစ်ခု ကဲ့သို့ပင်။
အတွင်းပိုအပြင် ဖိအားအောက် ဒီလော့စ်ရို၏ ကိုယ်ခန္ဓာသည် မခံနိုင် တော့ပေ။ အက်ကွဲသည့် အပိုင်းအစ များသည် ချက်ချင်း ပျက်စီးသွား၏။ လေထဲတွင် ပြင်းထန်သော ဟိန်းသံ ဖျော့ဖျော့လေးတစ်ခု ရှိနေခဲ့သည်၊ “သိပ်မကြာတော့ဘူး…”
ဒီလော့စ်ရို ပျောက်သွားသည်နှင့် ကောင်းကင်မှ ဖိနှိပ်ခံထားရသည့် သွေးရောင်တိမ်များ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ အနီးနားမှ မွန်းကျပ်စေသည့် အပူချိန်လည်း ပျောက်ကွယ်သွားပြီး အရာအားလုံးကို ပိတ်ဆို့ထားသည့် မှောင်မိုက်သော အအေးဓာတ်သာ ကျန်ရစ်နေခဲ့သည်။
စေတန်က [စော်ကားခြင်းအပြစ်] ကို အသက်သွင်းလိုက်ရာတွင် သူ၏ မျက်နှာပေါ်ရှိ အပြာရောင်အလင်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်လုံး ထောင့်တွင် ရှိသည့် အက်ကွဲ သည့်ပုံစံများက သွေးရာများအဖြစ် ပြောင်းလဲသွားပြီး သူ၏ အရေခွံထဲသို့ အလျင်အမြန်ပျောက်သွားခဲ့သည်။
လေထဲတွင် ပုံရိပ် တစ်ခုသည် အေးခဲနေသည့် ပင်လယ်ပေါ်သို့ ပြုတ်ကျခဲ့သည်။ သူက ဒူးတစ်ဝက် ထောက်နေပြီး မောဟိုက်နေခဲ့သည်။ သူ၏ ကိုယ်ခန္ဓာကို ပတ်ထားသည့် ကြယ်အလင်း ပျောက်ကွယ်သွားခဲ့ပြီး နတ်ဘုရား-ယောင်အဆင့် အငွေ့အသက်လည်း နတ်ဘုရားတစ်ပိုင်း အဆင့် ဖြစ်လာခဲ့သည်။ သူ၏ မျက်နှာ အပေါ်တွင် မခြောက်သေးသည့် သွေးစက်များကို မြင်တွေ့နိုင်ပြီး ရေတွက်မရနိုင်သည့် ကြောက်မက်ဖွယ် ဒဏ်ရာများလည်း ရှိနေခဲ့သည်။
စေတန်၏ မျက်လုံးများ အေးစက် နေခဲ့သော်လည်း နောက်ဆုံးတွင် သူ ခေါင်းညိတ်လိုက်သည်၊ “မင်းနိုင်တယ်…”
စာချုပ်၏ ဆုံးဖြတ်ချက်က အမျှတဆုံးပင်။ စေတန်၏ တုံ့ပြန်မှု အလွန်မြန်ခဲ့သည်။ သူက အဆုံးသတ် တိုက်ကွက်ကို ချက်ချင်း အသက်သွင်းပြီး ဒီလော့စ်ရိုကို ကွဲကြေစေခဲ့သည်။ သို့သော် တကယ့် အဆုံးသတ် တိုက်ကွက်က အတွင်းထဲ တစ်ဖက်လူစတင်ခဲ့သော ခရမ်းရောင် ကြယ်အလင်း တိုက်ခိုက်မှုပင်။
ထိုသို့ရလဒ်ကို စေတန် မထင်ထား ခဲ့ပေ။ ဒီ’ရစ်ချက်’က မယုံနိုင်စရာပဲ။ သေချာတာက သူရဲ့ စွမ်းအား ငါ့ထက် အများကြီး နိမ့်တယ်။ ဒါပေမဲ့ သူက ငါ့ထက် အရင် ဒီလော့စ်ရိုရဲ့ ကိုယ်ပွားကို ဖယ်ရှားနိုင်ခဲ့တယ်!
ချန်လွေ့က မောဟိုက် သွားပြီး ရပ်လိုက်သည်။ သူ စကားပြောရန် လုပ်တုန်းမှာပင် သူ၏ ရင်ဘတ်က မွန်းကျပ်သွားပြီး ချောင်း အနည်းငယ် ဆိုးကာ သွေးများ ထွက်လာခဲ့သည်။ ထိုတစ်ကြိမ်တွင် သူ၏ နားများနှင့် နှာခေါင်းမှလည်း သွေးများ စတင်၍ စီးကျလာပြန်သည်။
ချန်လွေ့က သူ၏ လက်များဖြင့် အေးအေးဆေးဆေး သုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် စေတန်က အေးစက်စွာ ပြောလိုက်သည်။ “မင်းက ဘယ်သူလဲ။”
“စာချုပ်မှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်လေ။ ရစ်ချက်ပါ။” ချန်လွေ့ ပြုံးလိုက်သည်။
“မင်း ဖုံးကွယ်ဖို့ ကြိုးစားပေမဲ့ ငါ အဲဒီအထူးစွမ်းအားကို ခံစားမိတယ်။” စေတန်၏ အကြည့်က ပို၍ပင် ပြင်းထန်လာခဲ့သည်။ “ဖန်တီးခြင်း ဇစ်မြစ်တင်မကဘဲ ပြီးပြည့်စုံလုနီးပါး ဖြစ်တဲ့ ပျက်စီးခြင်းဇစ်မြစ်ကောပဲ!”
ချန်လွေ့ နှလုံး ခုန်သွားခဲ့သည်။ စေတန်က ပျက်စီးခြင်း ဇစ်မြစ်ကို တကယ် သတိထားမိ သွားတာလား။ ဒါဆို ငွေသေတ္တာ လျှို့ဝှက်ချက်က…
စေတန်က ချန်လွေ့၏ စိတ်အပြောင်းအလဲများကို ရှင်းရှင်းလင်းလင်းခံစားမိခဲ့ပြီး စိတ်ထဲတွင် ပို၍ သေချာသွားခဲ့သည်။ “မင်း အဲဒီ တြိဂံတိုက်ခိုက်မှုကို သုံးလိုက်တော့ မင်းက ဖန်တီးခြင်းနဲ့ ပျက်စီးခြင်းကို တကယ်တမ်း ပေါင်းစည်းထားခဲ့တယ်။ စွမ်းအားက ယခုထိ အားနည်းနေပေမဲ့ အဲဒီလို တိုက်ခိုက်မှု ပုံစံကို လူတစ်ယောက် ဆီမှာပဲ မြင်ဖူးတယ်။ ငါ စာချုပ်ကို လက်မှတ်ထိုးတုန်းက မင်းရဲ့ဝိညာဉ် စွမ်းအားက ထူးခြားနေတယ်လို့ ခံစားခဲ့ရတာ ဒါကြောင့်ကိုး…”
ထိုသို့ ပြောပြီးနောက် စေတန်၏ မျက်လုံးများက ချန်လွေ့၏ ရင်ဘတ်ပေါ် ချိတ်ဆွဲထားသည့် ရေရိပ်ပုလဲဆီသို့ လှည့်သွားခဲ့သည်။ “ပြီးတော့ ရေဒြပ်စင် သံတမန်က မင်းကို ရေဒြပ်စင်နှလုံးသား တကယ် ပေးခဲ့တယ်။ ဟမ့်!”
ချန်လွေ့ ထိတ်လန့်သွားခဲ့ပြီး သူ နောက်ဆုံး နားလည် သွားခဲ့သည်။ ဒြပ်စင် နှလုံးသား! ရေရိပ်ပုလဲက တကယ်တော့ ဒြပ်စင်နှလုံးသား ဖြစ်နေတာပဲ!
“ဘာပဲဖြစ်ဖြစ် ငါ ရှုံးနိမ့်တာကို ငါ ဝန်ခံတယ်!” စေတန်က ခေါင်းကို ခါလိုက်သည်။ “တကယ်တော့ ငါ တကယ် မှားသွားခဲ့တယ်။ မင်းက တကယ် ‘မိတ်ဆွေဟောင်း’ ပဲ! ဒါက တကယ် အံ့သြစရာပဲ။ ငါ့ရှေ့မှာ မင်း ဒီလိုပုံစံနဲ့ ပြန်ပေါ်လာမယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ ဒါဆိုလည်း ၁၀နှစ် အတွင်း တိုးတက်လာမလဲ ဆိုတာ ကြည့်တာပေါ့!”
မိတ်ဆွေဟောင်းလား။ ချန်လွေ့ ခဏတာ အံ့သြသွား၏။ စေတန်က ဒါကို ငွေသေတ္တာနဲ့ ဆက်စပ်ပြီး မတွေးမိခဲ့တဲ့ပုံပဲ။ ဒါဆိုရင်… သူ တစ်ခုခုကို အထင်လွဲသွားတာပဲ။
သို့သော်လည်း ချန်လွေ့က သေချာပေါက် ရှင်းပြမည် မဟုတ်ပေ။ ထိုကဲ့သို့ အထင်လွဲမှုက သူ့အတွက် ယခုတွင် ဆိုးကျိုးထက် ကောင်းကျိုး ပိုရှိသည်မှာ သေချာသည်။
“ငါရဲ့ လမ်းပေါ်မှာ ရပ်နေတဲ့ အရာအားလုံး ပျက်စီးရမယ်။ မင်းပါ အပါအဝင်ပေါ့…” စေတန်က လက်ညှိုးတစ်ချောင်းကို မြှောက်လိုက်၏။ “မင်းရဲ့ အသက်နဲ့ ဝိညာဉ်က ငါ့အတွက် ထိပ်ဆုံး အဆင့်ကို တက်လှမ်းဖို့ အကောင်းဆုံး စတေးခံ ပစ္စည်းပဲ။ ၁၀နှစ် ကြာပြီးရင် မင်းကို ငါ့လက်နဲ့ ကိုယ်တိုင် သတ်ပစ်နိုင်မယ့် အချိန်ကို မျှော်လင့် နေမယ်။ ထိုခံစားချက်က လောက တစ်ခုလုံးကို အဆုံးသတ်တာထက် ပိုလှပနိုင်တယ်…”
ထိုသို့ ပြောပြီးနောက် စေတန်၏ ပုံရိပ် တဖြည်းဖြည်း မှေးမှိန်သွားပြီး ချန်လွေ့၏ ခြေထောက်အောက်မှ ခိုင်မာနေသည့် သလင်းကျောက် မျက်နှာပြင် အရည်ပျော်စပြုလာ၏။
ဒီလော့စ်ရိုနှင့် အဓိက ယဇ်ပလ္လင် ပျက်စီးမှုကြောင့် သွေးရောင် တိမ်နှင့် ချော်ရည် နှစ်ခုလုံး ပျောက်ကွယ် သွားခဲ့ပြီး အနီးနားမှ ပင်လယ်ပြင်က ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့သည်။
ရုတ်တရက် ချန်လွေ့က တစ်ခုခုကို ခံစားမိပြီး သူ၏ ရင်ဘတ်ပေါ်တွင် ချိတ်ဆွဲထားသည့် ‘ရေရိပ်ပုလဲ’ကို အံ့သြစွာဖြင့် ချွတ်လိုက်သည်။
အပြာရောင်ပုတီးလုံးပေါ်တွင် ထင်ရှားနေသော အက်ကွဲကြောင်း တစ်ခုကို တွေ့လိုက်ရ၏။
ရေဒြပ်စင်နှလုံးသား ကွဲသွားပြီ!