တည်ရှိမှု တန်ဖိုး
Vol. 67 Ch. 1078
ချန်လွေ့က လေးလံသော မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ မှုန်ဝါးနေသော အမြင် အာရုံက တဖြည်းဖြည်း ရှင်းလင်းလာ ခဲ့သည်။
သူ ပထမဆုံး ခံစားရသည်မှာ ခေါင်းကိုက်ခြင်းပင် ဖြစ်ပြီး ဒုတိယ တုံ့ပြန်မှုက အံ့သြခြင်းပင်။
အကြောင်းမှာ သူ၏ ဝိညာဉ် စွမ်းအားက အရင်ထက် ၂ဆကျော် ပိုများလာ၍ပင်။ ချန်လွေ့က သူ၏ ဝိညာဉ်တင်မကဘဲ စိတ်ဝိညာဉ် စွမ်းအားလည်း တစ်နည်းနည်းဖြင့် အဆင့်မြှင့်ခံရပြီး ပို၍ပင် စင်ကြယ် လာကြောင်းကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။ ခေါင်းကိုက်ခြင်း အကြောင်းရင်းက လျှို့ဝှက်ရောဂါ တစ်ချို့ကြောင့် မဟုတ်ဘဲ သူက ထိုစိတ်ညာဉ် စွမ်းအား အသစ်ကို အပြည့်အဝ အသားမကျသေး၍ပင်။
၎င်းက သာမန် လေ့ကျင့်မှုကနေ ရရှိနိုင်သော အကျိုးသက်ရောက်မှု မဟုတ်သည်မှာ ရှင်းနေ၏။
ဘယ်လိုဖြစ်တာလဲ။
အရင်က ဒီလော့စ်ရိုနဲ့ တိုက်ပွဲမှာ ငါ့ရဲ့ဝိညာဉ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်။ ဆူးသရဖူရဲ့ ကုသတဲ့ စွမ်းအားကတောင် အဲဒါကို မကုသနိုင်ခဲ့ဘူး။
ထူးဆန်းတာက ငါ အခုထိ [ဓူဝံကြယ်ခရမ်းဧကရာဇ်] ဖြစ်နေ သေးတာပဲ။ အဆင့်တက်တာမရှိဘူး။
“နိုးပြီလား။” အယ်ဒီလိုင်း အသံ ထွက်ပေါ်လာခဲ့သည်။ သူ၏ခံစားမှုက အလွန်စူးရှသည်။ သူ အခုလေးတင် ကုတင်ပေါ် အိပ်ပျော်သွားခဲ့ သော်လည်း ချန်လွေ့ နိုးလာသည်နှင့် ချက်ချင်း သတိထားမိခဲ့သည်။
“အယ်ဒီလိုင်း..” ချန်လွေ့က နားထင်ကို ပွတ်ပြီး အနည်းငယ် ရင်းနှီးနေသော အခန်းကို ကြည့်လိုက်သည်။ “ငါ ဘယ်မှာလဲ။ ဘယ်လောက် အိပ်ပျော်သွားတာလဲ။”
“ဒါက နဂါးမျိုးနွယ်စုရဲ့ နေအိမ် မိုးကြိုးမြွေကျွန်းပဲ။ ကျွန်မတို့ ဒီကို မနေ့ကမှ ပြန်လာတာ။ ဒါပေမဲ့ ရှင် အိပ်ပျော်နေတာ ၁၀ရက်ရှိပြီ။”
“၁၀ရက်လား...” ချန်လွေ့က အချိန်အကြာကြီး အိပ်ပျော်ခဲ့မည်ဟု မမျှော်လင့်ထားပေ။ “မင်းတို့ကော အဆင်ပြေကြရဲ့လား။”
“ကျွန်မ အဆင်ပြေ ပါတယ်။” အယ်ဒီလိုင်း၏ မျက်လုံးက နည်းနည်း နီရဲနေသည်။ “အားလုံးက ကျွန်မရဲ့ အမှားပါ…”
ချန်လွေ့က နာဂါမိန်းကလေး၏ စကားကို ဖြတ်ပြောပြန်လိုက်သည်။ “‘အမှား’ဆိုတာ ငါတို့ အတွက် မသင့်တော်တဲ့ စကားလုံးပဲ။ ငါတို့ ပြန်ရောက်တဲ့အခါ မင်း ဒါကိုပြောရင် အသီနာတောင် စိတ်ဆိုးလိမ့်မယ်။ ပြီးတော့ အဲဒီအသူရာချောက်နက် အုပ်စိုးသူက ငါ့ရဲ့အဆိုးဆုံးရန်သူပဲ… ကောင်းပြီ။ အဲဒါကို မပြောကြ ရအောင်။ ဟယ်လင်နဲ့ လာလာရီယာ ဘယ်မှာလဲ။”
“လာလာရီယာက နည်းနည်း ပင်ပန်းနေတယ်။ သူက အချိန်လုပြီး အခု ရက်ပိုင်းမှာ ကျွန်မတို့ကို ဦးဆောင်ခဲ့တယ်။ အိုလစ်ဖီးရက်စ်က တတိယမြောက်နေ့ ရှင်ရဲ့ဘေးမှာ ရုတ်တရက် ပေါ်လာလို့ ကျွန်မတို့ လန့်သွားကြသေးတယ်။ ဟယ်လင် ကတော့…”
ချန်လွေ့က အိုလစ်ဖီးရက်စ်၏ ‘ရုတ်တရက်’ပေါ်လာခြင်းက ကြယ်အပ်နှင်းစင်မြင့်၏ပေါင်းစည်းမှု အချိန်ကန့်သတ်ချက် ကုန်ဆုံးသွား၍ အလိုအလျောက် ထွက်လာခြင်းကို သိသည်။ မစ်-နဂါးနက်က အဆင်ပြေ ပုံရသည်။ သူက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “ဟယ်လင်က ဘယ်လိုနေလဲ။”
အယ်ဒီလိုင်း ခဏတာ တွေဝေ သွားခဲ့သည်။ “သူ… သူက မာယာရှင် မျိုးနွယ်စုရဲ့ ဓမ္မတေးပင်လယ်ပြင်ကို ပြန်သွားပြီ။”
ချန်လွေ့ ခေါင်းက အနည်းငယ် လေးလံနေဆဲဖြစ်ရာ အယ်ဒီလိုင်း တွေဝေနေသည်ကို သတိမထားမိခဲ့။ သူ ပြုံးပြီး ပြောလိုက်သည်။ “မင်းက ငါ့ ကုတင်ဘေးမှာ စောင့်နေခဲ့တာပဲ။ ငါ အဆင်ပြေတယ်။ မင်း အမြန် အနားယူ သင့်တယ်။ မဟုတ်ဘဲ မျက်ကွင်းညိုရင် လှမှာမဟုတ်ဘူး။”
အယ်ဒီလိုင်း ရှက်သွေးဖြာသွားပြီး တစ်ခုခု ပြောချင်ခဲ့သည်။ သို့သော် ချန်လွေ့က သူ၏ နားထင်များကို ဖိလိုက်၏။ “ငါ့ခေါင်းက နည်းနည်း နာနေသေးတယ်။ ငါ တည်ငြိမ်တဲ့ နေရာလွတ်ထဲမှာ တရားထိုင် ချင်တယ်။ ခဏ သွားအိပ်လိုက်။ ကောင်းကောင်းအိပ်ပြီး နိုးလာမှပဲ ကိစ္စတွေကို ဆွေးနွေးကြတာပေါ့။”
“အင်း...” နာဂါ မိန်းကလေးက သူ၏ အနားယူမှုကို မနှောင့်ယှက် ချင်တာကြောင့် အလျင်အမြန် မတ်တပ်ရပ်ပြီး အပြင်ကို ထွက်သွား ခဲ့သည်။
ဒီကို ပြန်လာနိုင်တာ ဆိုတော့ လူတိုင်း အဆင်ပြေမယ် ထင်တယ်။ ဒါပေမဲ့ ဗက်ဇယ်နာ သေဆုံးတာက နှမြောစရာပဲ။ ချန်လွေ့က သက်ပြင်း အရှည်ကြီး ချလိုက်သည်။ သူက စိတ်ကို တည်ငြိမ်အောင် ထားပြီး စူပါစနစ်ထဲကို ဝင်သွားခဲ့သည်။
တိုက်ပွဲက အလွန်အမင်း အန္တရာယ် ရှိသော်လည်း သူ နောက်ဆုံးတွင် အနိုင်ရခဲ့သည်။
ထိုအနိုင်ရခြင်းက ဒီလော့စ်ရိုနှင့် တိုက်ပွဲတင် မကဘဲ စေတန်နှင့် အလောင်းကစားလည်း ပါဝင်သည်။ သူက နောက်ထပ် ၁၀နှစ်ကို အနိုင်ရခဲ့သည်။ သို့သော် စေတန်က သူ့ကို အထင်လွဲခဲ့ပြီး စစ်မှန်သော ‘မိတ်ဆွေဟောင်း’ တစ်ယောက်ဟု သဘောထားပုံ ရလေသည်။ အလွန် ပြိုင်ဆိုင်မှု ရှိသော ‘မိတ်ဆွေဟောင်း’ တစ်ယောက် ဖြစ်ပုံရသည်။ မည်သို့ ဖြစ်စေကာမူ ထိုအခက်အခဲက ခဏတာ ပြီးဆုံးသွားခဲ့လေပြီ။ သူ စေတန်နှင့် အလောင်းကစားကို အနိုင်ရခဲ့ရာ သူ၏ ကတိတည်ရန် တခြားလူ တစ်ယောက်ကို ရှာရ ပေတော့မည်။
စူပါစနစ်ထဲတွင် ကြယ်စင်စုက အရင်လိုပင် ကျယ်ပြန့်ပြီး တောက်ပ နေခဲ့သည်။ ချန်လွေ့က ဝိညာဉ် တစ်ခုလုံး တိုးတက်လာသောကြောင့် ကြယ်စင်စု စွမ်းအား သက်ဆိုင်ရာ ပြောင်းလဲမှုအချို့ ဖြစ်ပေါ်စေသည်ကို ခံစားနိုင်ခဲ့သည်။ နောင်အနာဂတ်၌ လေ့ကျင့်မှုနဲ့အတူ သီးခြားအကျိုးများ တစ်ဆင့်ချင်း ရနိုင်လိမ့်မည်။
ချန်လွေ့ တစ်ချက် တွေးလိုက်ရာ သူက ဖိုက်သွန် အရှေ့တွင် ပေါ်လာခဲ့သည်။
ဖိုက်သွန်သည် ကြယ်စင်စု ပိုင်နက်ထဲမှ ထူးခြားသော တည်ရှိမှု တစ်ခုပင်။ လက်အောက်ခံ-သခင် စာချုပ်၏ ဝိညာဉ်ဆက်သွယ်မှု အဖြစ် ချန်လွေ့က သူကို စကြဝဠာထဲတွင် လွတ်လပ်စွာ သွားလာနိုင်သော စွမ်းရည်ကို ပေးထားခဲ့သည်။ သို့သော် ၎င်းသာ ဖြစ်သည်။ သူက ဗာရိုနီကာ လိုမျိုး နတ်ဝင်သည် တစ်ယောက် ကဲ့သို့ ကြယ်စင်စု ဂြိုဟ်တိုင်းကို ချက်ချင်းရောက်နိုင်သည် မဟုတ်ပေ။ ကြယ်စင်စု နတ်ဘုရားကျောင်းကို မမြင်နိုင်သလို မသွားနိုင်ပေ။ သူက ဂြိုဟ်တစ်ခုကို ရောက်ချင်လျှင် သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ပျံသန်းရမည် ဖြစ်သည်။ စကြဝဠာက အလွန်ပင် ကြီးမားပြီး ဂြိုဟ်များ အကြားမှ အကွာအဝေးက အတော်လေး ကျယ်ပြန့်သည်။ နတ်ဘုရား-ယောင် အရှိန်ဖြင့် အသက်ရှူခြင်း၊ စားခြင်း ရုပ်ပိုင်းဆိုင်ရာ စွမ်းအား အပေါ်တွင် ကန့်သတ်ချက် မရှိလျှင်ပင် အလွန် ရှည်လျားသော ခရီး ဖြစ်သည်။
ချန်လွေ့ ရုတ်တရက် ပေါ်လာခြင်းက ဖိုက်သွန်ကို အနည်းငယ် အံ့အားသင့် စေခဲ့ပုံရသည်။ သူက ချန်လွေ့ကို ခဏတာ ကြည့်ပြီး ပြောလိုက်သည်။ “မယုံနိုင်စရာပဲ၊”
“မယုံနိုင်စရာ ဟုတ်လား။” ချန်လွေ့က ထိုစကားလုံး၌ အခြား အဓိပ္ပာယ်အချို့ ရှိနေကြောင်းကို သတိထားမိပြီး မေးလိုက်သည်။
“ငါ ပြောနေတဲ့ မယုံနိုင်စရာက မင်းရဲ့ကံကို ပြောတာ။”
ဖိုက်သွန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ “ငါ အစကတော့ စိတ်ကြည်နေခဲ့တာ။ ဘာလို့လဲ ဆိုတော့ အဲဒီအချိန် ဒီ ‘စကြဝဠာ’ရဲ့ ယုံကြည်မှု စွမ်းအားနဲ့ အသက် စွမ်းအားက အလျင်အမြန် ကုန်ဆုံး သွားခဲ့လို့ပဲ။ မင်းရဲ့ဝိညာဉ်စွမ်းအားက အလျင်အမြန် အားနည်းပြီး ပြိုလဲ လုနီးပါး ဖြစ်နေတာကို ငါ့ရဲ့ မွေးရာပါ စွမ်းရည်ကနေ ခံစားမိနိုင်ခဲ့တယ်။ မင်းရဲ့ ဝိညာဉ် ပြိုလဲသွားရင် ဒီဘုရားပေးတဲ့ အခွင့်အရေးနဲ့အတူ ဒီထူးဆန်းတဲ့ ‘စကြဝဠာ’ကနေ ငါ ထွက်ခွာနိုင်မယ်။ ကံဆိုးချင်တော့ စိတ်ကြည်နေတာက ခဏလေးနဲ့ ပျောက်သွားတယ်။ မကြာခင်မှာပဲ မင်းရဲ့ ဝိညာဉ်က ပုံမှန်အတိုင်း ပြန်ကောင်းလာခဲ့ပြီးတော့ အဲဒါက အများကြီး ပိုတိုးတက် သွားခဲ့တယ်။ ဒါက ကိုယ်ပိုင် စွမ်းအားကြောင့် မဟုတ်ဘဲနဲ့ ပြင်ပ အထူး စွမ်းအား တစ်မျိုး ဖြစ်မယ်။ ဒါကြောင့် မင်းရဲ့ကံက မယုံနိုင်စရာပဲလို့ ငါ ပြောတာ။”
ပြင်ပစွမ်းအားလား။ ချန်လွေ့က မျက်မှောင်ကြုတ်လိုက်သည်။ လန်ဘို့စ်က အေးခဲနေပြီ။ အဲဒီ အခြေအနေမှာ လာလာရီယာ၊ အယ်ဒီလိုင်းနဲ့ ဟယ်လင်တို့ပဲ ငါ့ရဲ့ ဝိညာဉ်ကို ပြန်ကောင်းလာဖို့ ပြင်ပ စွမ်းအားနဲ့ ကူညီပေးနိုင်ကြတာ။ ဘယ်သူလဲ။ ဘယ်လိုမျိုး စွမ်းအားကို သုံးခဲ့တာလဲ။
“ဒီအဆင့်အထိ လေ့ကျင့်လာတာ ဆိုတော့ ကံကလည်း စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်း ဆိုတာကို မင်း နားလည်မှာပါ။” ချန်လွေ့က ဖိုက်သွန်နှင့် ဒီကိစ္စအကြောင်းကို အများကြီး မဆွေးနွေးခဲ့ပေ။ သူက အဓိကအချက်ကို မေးလိုက်သည်။ “ခင်ဗျားရဲ့ တည်ရှိမှု တန်ဖိုးက အခြေအနေ နှစ်ရပ်နဲ့ ရှိတယ်လို့ ပြောခဲ့တယ်။ ပထမကတော့ ကျုပ် အဆောင်ပစ္စည်း ၇ခုလုံးကို စုဆောင်းတာ။ ဒုတိယ၊ ကျုပ်က စေတန်ကို အနိုင်ယူတာ။ အခုတော့ အဲဒီ အခြေအနေ နှစ်ခုလုံး ပြည့်သွားပြီ…”
“ငါ နားကြား မှားသွားတာလား။” ဖိုက်သွန်က အထင်သေးသော အမူအရာဖြင့် စကားဖြတ်လိုက်၏။ “မင်းက စေတန်ကို အနိုင်ယူခဲ့တယ် ဟုတ်လား။”
“ဒီတစ်ခေါက် ကျုပ် ရင်ဆိုင်ရတဲ့ ရန်သူက ဒီလော့စ်ရိုရဲ့ ကိုယ်ပွားနဲ့ မျှော်လင့်ချက်မဲ့ခြင်း အဓိက ယဇ်ပလ္လင်ပဲ။ ကျုပ် တစ်ယောက်တည်း ရန်သူကို ခုခံနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားကို အရင်က ဖိတ်ခေါ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ခင်ဗျား ငြင်းခဲ့တယ်။ ဒါကြောင့် ကျုပ် စေတန်ကို သွားရှာခဲ့တာ။”
“စေတန်က လှုပ်ရှားဖို့ အတွက် သဘောတူခဲ့တာလား။”
ချန်လွေ့က လက်ဖြန့်လိုက်သည်။ “အကျိုးစီးပွား အရှေ့မှာ အကြွင်းမဲ့ ရန်သူ ဆိုတာ မရှိဘူး။ စေတန်နဲ့ ကျုပ် အလွယ်တကူ မဟာမိတ် ဖွဲ့ခဲ့တယ်။ ဒါပေမဲ့ အဲဒီမဟာမိတ်က ကျုပ်ရဲ့ ဖန်တီးခြင်း ဇစ်မြစ် စွမ်းအားကို လိုချင်နေခဲ့တယ်။ ဒါကြောင့် သူက နောက်ထပ် လောင်းကြေး စာချုပ် တစ်ခုကို အဆိုပြုခဲ့တယ်။ ဘယ်သူ ဒီလော့စ်ရိုကို အရင်ဆုံးသတ်နိုင်မလဲ ဆိုတာက နောက်၃လ တိုက်ပွဲမှာ အနိုင်ရလိမ့်မယ်။ နောက်ဆုံးမှာတော့ ကျုပ် ကံကောင်းပြီး ဒီလော့စ်ရိုရဲ့ ကိုယ်ပွားကို အရင် သတ်နိုင်ခဲ့တယ်။ အလောင်းကစား အနိုင်ရခဲ့ပြီးတော့ ၁၀နှစ်အတွင်း ရလဒ်ကို ဆုံးဖြတ်ဖို့ စေတန်နဲ့ သဘောတူခဲ့တယ်။ ခင်ဗျား အရင်က ခံစားမိခဲ့တဲ့ ကျုပ်ဝိညာဉ် ပြိုလဲတော့မယ့် ကိစ္စက နောက်ဆုံး တိုက်ပွဲမှာ ဒီလော့စ်ရိုရဲ့ ဝိညာဉ် ကွဲကြေကြောင့် ဖြစ်တာ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ကျုပ်ရဲ့ အသက်ကို ပြန်ရခဲ့တယ်။”
“ဖိုက်သွန်။ ကျုပ် ခင်ဗျားကို မေးချင်တယ်။ ခင်ဗျားရဲ့ ကတိက အခုထိ တည်နေသေးလား။”
“ဟမ့်! မင်း ‘နောက်ဆုံး’ဆိုတဲ့ စကားလုံးကို ထည့်သင့်တယ်။ အဲဒါ ပိုပြီးတော့ ခြိမ်းခြောက်မှု ရှိတယ်။”
“ကျုပ် ပြောတာကို မယုံဘူးလား။”
“မဟုတ်ဘူး။ မင်း မလိမ်နေဘူး ဆိုတာကို ငါ ခံစားလို့ရတယ်။” ဖိုက်သွန်၏ မျက်နှာပေါ်မှ မထီမဲ့မြင်ခြင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ “ငါ့ရဲ့ ကတိကို ဖျက်လိုက်ရင် မင်းအတွက် ငါက တည်ရှိမှုတန်ဖိုး ဆုံးရှုံးသွားမယ် ဆိုတာကို ကောင်းကောင်း သိတယ်။ ငါ ဆုံးဖြတ်ချက် မချခင် မင်းကိုလည်း မေးခွန်းတစ်ခု မေးချင်သေးတယ်။ မင်းနဲ့ စေတန် အဆက်အသွယ် လုပ်တုန်းက စေတန်မှာ ဘယ်လိုမျိုး အထူး တုံ့ပြန်မှုတွေ ရှိခဲ့လဲ။”
“မရှိဘူးပါဘူး။ ‘ရန်လိုမှု’က ပုံမှန် စိတ်ခံစားချက်တစ်ခုပဲ ဆိုရင်ပေါ့။”
“ငါ ပြောခဲ့သလိုပဲ မင်းပြောတဲ့ အမှန်တရားကို ငါ ခံစားမိတယ်။” ဖိုက်သွန် လက်ညှိုးထိုးလိုက်သည်။ “မင်း မဖြေချင်ဘူးဆိုရင် ဒါက ငါ့ရဲ့ ‘နောက်ဆုံး’စကားပဲ။”
“ကောင်းပြီလေ။” ချန်လွေ့က ပခုံးတွန့်လိုက်သည်။ “စေတန်က အစတော့ ပုံမှန်ပဲ။ ဒါပေမဲ့ ဒီလော့စ်ရိုကို နောက်ဆုံး သတ်ပြီးတော့… သူ့ရဲ့ လေသံက နည်းနည်း ထူးဆန်းတယ်။ ကျုပ်ကို ‘မိတ်ဆွေဟောင်း’ တစ်ယောက်လို့ ပြောခဲ့တယ်။ သူက ကျုပ်ကို ၁၀နှစ်အတွင်း သတ်ပစ်ပြီး တကယ့် ထိပ်ဆုံးအဆင့်ကို တက်လှမ်းမယ် လို့တောင် ပြောခဲ့သေးတယ်။”
ဖိုက်သွန် အနည်းငယ် တုန်လှုပ် သွားခဲ့ပြီး တိတ်ဆိတ်နေ၏။
“သူ တစ်ခုခု အထင်လွဲသွားတာလို့ ကျုပ် ထင်တယ်။” ချန်လွေ့က ခေါင်းငုံ့ပြီး ဘာမှ မပြောသည့် ဖိုက်သွန်ကို ကြည့်ရင်း မျက်ခုံးများကို မြှင့်လိုက်သည်။ “ဒါမှမဟုတ် အထင်လွဲနေတာက သူ တစ်ယောက်တည်း မဟုတ်ဘူးလား။”
“ဒါက အမှားလား၊ အထင်လွဲ တာလား ဆိုတာ အရေးမကြီးဘူး။ အဓိကက မင်း သတ်မှတ်ထားတဲ့ လမ်းပေါ်မှာ ဆက်သွားဖို့ပဲ။ ပြီးတော့ မင်းက အဆုံးသတ်ကို ကိုယ်တိုင် ခံယူရလိမ့်မယ်။” ဖိုက်သွန်က သူ၏ ပုံမှန်နက်ရှိုင်းမှုကို ဆုံးရှုံးသွားခဲ့ပြီး ထူးဆန်းတဲ့ စိတ်ခံစားချက် တစ်ခု ရှိနေကာ သူ ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးများ တောက်ပနေရင်း ချန်လွေ့၏ မျက်နှာပေါ်ကို စိုက်ကြည့် နေခဲ့သည်။ “ငါ့ရဲ့နောက်ဆုံးမေးခွန်း။ မင်း ကံကြမ္မာကို ယုံလား။”
“ခင်ဗျား သိတဲ့ ကံကြမ္မာကို နတ်ဘုရား ဒါမှမဟုတ် နတ်ဘုရားမ တစ်ယောက်တည်းက ထိန်းချုပ်တာ ဆိုရင်ပေါ့။” ချန်လွေ့ ပခုံးတွန့် လိုက်သည်။ “ကံမကောင်းစွာနဲ့ပဲ ကျုပ်မှာ ဟိုးကတည်းက ဆန္ဒတစ်ခု ရှိခဲ့တယ်။ အဲဒါက ဒီအလှပဂေးကို ‘သိမ်းပိုက်ခြင်း’ဆိုတဲ့ သံစဉ်တစ်ခုကို မယဉ်မကျေးတဲ့ပုံစံနဲ့ ကျုပ်အတွက် သီဆိုခိုင်းဖို့ပဲ။”
ဖိုက်သွန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးသွားခဲ့ပြီး သူ၏ မျက်လုံးထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ရှိနေခဲ့သည်။ သူက ရုတ်တရက် ချန်လွေ့ကို အရိုအသေ ပြုလိုက်သည်။ “ကျွန်မ ရှာတွေ့ခဲ့တဲ့ တည်ရှိမှု တန်ဖိုးကို စမ်းကြည့်ရမယ် ထင်ပါတယ်... ဆာ။”
ဆာ...ဟုတ်လား။
ချန်လွေ့ စိတ်လှုပ်ရှားသွားသည်။ သို့သော် ‘ဆာ’ဟူသော နာမည်က ဖိုက်သွန်မှ အကြိမ်ပေါင်း ထောင်ချီ ပြောခံခဲ့ရသလိုမျိုး ရှင်းပြလို့မရသည့် ခံစားချက် ခံစားခဲ့ရသည်။ “ခင်ဗျား လိုမျိုး အစွမ်းထက် ပုဂ္ဂိုလ်ရဲ့ အကူအညီ ရရှိတာက အတော်လေး ကျေနပ်စရာ ကောင်းပေမဲ့ ဒါက ကျုပ်တို့ကြားက စာချုပ်ကို ပြီးမြောက်ခဲ့တာပဲ။ အထင်လွဲတာ၊ လှည့်စားတာ မဟုတ်ဘူး။”
“အဲဒါတွေ အရေးမကြီးတော့ဘူးလို့ ကျွန်မ ပြောခဲ့ပြီးပြီ။ အရေးကြီးတဲ့ အရာက ကျွန်မ အတွက်တော့ ကျွန်မ လျှောက်ချင်တဲ့ လမ်းကြောင်းကို ပြန်ရောက်လာခဲ့ပြီ။” ဖိုက်သွန်က သူ့ကို နက်နဲသော အကြည့်တစ်ချက် ကြည့်လိုက်သည်။ “ကျွန်မရဲ့ဝိညာဉ်နဲ့ မျက်လုံးအရှေ့က လူကို နာခံဖို့ သစ္စာဆိုတယ်။ ကြယ်ကြွေတမန်ဓား ဘယ်သူ့ကိုပဲ ချိန်ချိန်၊ ရန်သူက နတ်ဘုရား ဖြစ်ရင်တောင် ကျွန်မ ကြောက်ရွံ့မှာ မဟုတ်ဘူး။ ကျွန်မ ဖောက်ဖျက်ခဲ့ရင် ကျွန်မရဲ့ ဝိညာဉ် ပျက်စီးသွားပြီး ဒီလောကမှာ လုံးဝ ပျောက်ကွယ်ပါစေသား...”
ချန်လွေ့က ဖိုက်သွန်၏ ဝိညာဉ်ဖြင့် သစ္စာဆိုခြင်းက ဝိညာဉ်ဆက်သွယ်မှု ထဲကို အထူး စွမ်းအားတစ်ခုကို ထည့်လိုက်ကြောင်းကို အသေအချာ ခံစားမိခဲ့သည်။ ၎င်းက မူလ လက်အောက်ခံ-သခင်စာချုပ်တွင် အထူး ဥပဒေသ စွမ်းအားတစ်ခု ရှိစေခဲ့သည်။ ဖိုက်သွန် သစ္စာဆိုမှုကို ဖောက်ဖျက်သည်နှင့် ထိုစွမ်းအားက ပေါက်ကွဲထွက်လာပြီး သူ့ဝိညာဉ်ကို တိုက်ရိုက်ပျက်စီးစေလိမ့်မည်။
ထိုအရာက သာမန် လက်အောက်ခံ- သခင် စာချုပ်ထက် ပိုပြီး ပြင်းထန်ပေသည်။
ဖိုက်သွန် လုပ်ရပ်ကြောင့် ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ ယခုတွင် အကြီးမားဆုံးသော ခြိမ်းခြောက်မှုက အကြီးမားဆုံး အကူအညီ ဖြစ်လာ ခဲ့လေပြီ။ အနည်းဆုံးတော့ သူက သက်ပြင်းချနိုင်ခဲ့ပြီ ဖြစ်သည်။
“ကျုပ် ခင်ဗျားကို မေးချင်တဲ့ မေးခွန်းတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်...” ချန်လွေ့က လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ပတ်ဝန်းကျင် ရုတ်တရက် ပြောင်းလဲ သွားခဲ့သည်။ “အရင်ဆုံး ပြောဖို့ ပိုအဆင်ပြေတဲ့ နေရာကို ပြောင်းကြ တာပေါ့။”