[ကြယ်နတ်ဘုရားစုံ မြင်ကွင်း]
Vol. 67 Ch. 1080
ဖိုက်သွန်က ဗာရိုနီကာနှင့်အတူ ထွက်သွားပြီးနောက် ချန်လွေ့က လေ့ကျင့်ရေးကွင်းပြင်ဆီ တန်းတန်းမတ်မတ် သွားခဲ့သည်။ ဒီလော့စ်ရိုနှင့် နောက်ဆုံးတိုက်ပွဲတွင် သူ၏ဝိညာဉ်က သေရေးရှင်ရေး အခြေအနေသို့ ရောက်ရှိနေခဲ့ချိန် မသိစိတ်ဖြင့် အရင် တစ်ခါမှ မအောင်မြင်ခဲ့သော တိုက်ကွက်ကြီး တစ်ခုကို အသက်သွင်းနိုင်ခဲ့သည်။
ယခင် နည်းလမ်းက ဒီလော့စ်ရို အပေါ်မှာ သိသာသော သက်ရောက်မှု တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ သူက ယုံကြည်မှုများနှင့် အသက်များကို ဝါးမျိုခဲ့ပြီး ဝန်ပိလုနီးပါး ဖြစ်ခဲ့သည်။ ထို့ပြင် စေတန် လည်း အပြင်ဘက်မှ တစ်ချိန်တည်း၌ တိုက်ခိုက်နေရာ အတွင်းရော အပြင်ပါ ပျက်စီးမှုကို ခံစားနေခဲ့ရသည်။ ထိုတိုက်ခိုက်မှုက ခုခံ၍ မရနိုင်သော စွမ်းအားကို သယ်ဆောင်လာခဲ့ပြီး ဒီလော့စ်ရို၏ ဝိညာဉ်ကို လုံးဝ အနိုင်ယူခဲ့ရာ စွမ်းအားက ထင်ရှားနေပေသည်။
၎င်းက [ဓူဝံကြယ်တိုင်းပြည်] အပေါ် အခြေခံ ထားလေသည်။ ‘နတ်ဘုရားမ’ နက္ခတ်တာရာ နှစ်ခုက အဓိကဖြစ်ပြီး ‘စကြဝဠာပျက်သုဉ်း’၏ တိုးမြှင့် ဖွဲ့စည်းပုံကို ကိုးကားကာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သန့်စင်ပြီး ဖိသိပ်ထားသော ကြယ်စွမ်းအား၊ စိတ်စွမ်းအား၊ ဝိညာဉ်စွမ်းအား ၊ ယုံကြည်မှုစွမ်းအား၊ အသက်စွမ်းအား နှင့် အခြားသော စွမ်းအားများကို တစ်ခုတည်း အဖြစ် ပေါင်းလိုက်ပြီး အန္တိမ တိုက်ကွက် ဖြစ်လာစေခဲ့၏။
ချန်လွေ့က ထိုအရာကို [ကြယ်နတ်ဘုရားစုံမြင်ကွင်း] ဟူ၍ အမည်ပေးခဲ့သည်။ ၎င်းက အမှန်ပင် အတော်လေး ‘ရည်မှန်းချက်’ ကြီးမားပေသည်။ အကြောင်းမှာ ထိုအကွက်၏ တကယ့်စွမ်းအားက လက်ရှိအဆင့် မဟုတ်ဘဲ အနာဂတ် ဖြစ်နေ၍ပင်။
လက်ရှိ’ကြယ်နတ်ဘုရားများ’မှာ ဇိုလာ နှင့် ကတ်သရင်း တို့သာ ဖြစ်ကြသည်။ အနာဂတ်၌ ကျန်သော သူများ ကြယ်နှစ်ပွင့် တိုးမြှင့်ခြင်းကို နားလည်လာသည်နှင့် နောက်ထပ် လူများကို ပို၍ပို၍ ကြယ်အပ်နှင်း နိုင်ပေမည်။ တစ်ယောက်တိုးလျှင် စွမ်းအား နှစ်ဆတိုးမည် ဖြစ်သည်။ ကြယ်နှစ်ပွင့် တိုးမြှင့်ခြင်းကို လက်ခံ ထားသူတိုင်းက စူပါစနစ်၏ ‘ကြယ်နတ်ဘုရားများ’ ဖြစ်လာလျှင် ထိုတိုက်ကွက် စွမ်းအားက မယုံနိုင် လောက်သော အဆင့်အထိ မြင့်တက် လာပေလိမ့်မည်။
သို့သော် အဓိကမှာ ချန်လွေ့က ထိုစွမ်းအားကို တကယ်ထိန်းချုပ်ပြီး လိုချင်သလို အသက်သွင်းနိုင်ရန်ပင်။
သူ၏ ဝိညာဉ်က လုံးဝ ပျက်စီး လုနီးပါး ဖြစ်ခဲ့ရာ မှတ်ဉာဏ် အများအပြားက ဝေဝါးနေခဲ့သည်။ ယခင် ဖွင့်ထားခဲ့သော [အထူးစိစစ်မှု] လုပ်ဆောင်ချက်က [ကြယ်နတ်ဘုရားစုံမြင်ကွင်း] ခံစားချက်အများစုကို မှတ်ဉာဏ်ထဲ ကူးယူခဲ့သည်။ မှန်ပေသည်။ ထိုသို့ အသက်စွမ်းအား ပါဝင်သည့် တိုက်ကွက်မျိုးကလည်း ‘ဘဝ’ တစ်မျိုးပင်။ ထို့ကြောင့် သူက သတ်မှတ်ထားသော ပုံစံတစ်ခုကို အတင်း အသုံးမပြုနိုင်ခဲ့ပေ။ ထိုအစား သူက ဒီတိုက်ကွက်ကို တကယ် အမိအရ ပိုင်ဆိုရန် သေခြင်း ရှင်ခြင်း ‘အလိုလိုသိစိတ်’ကို ဖမ်းယူပြီး လျှို့ဝှက်ချက်ကို နားလည်အောင် ပြုလုပ်သင့်ပေသည်။
ချန်လွေ့၏ ဝိညာဉ်က ရှင်းပြ၍ မရဘဲ ပြန်လည် ကောင်းမွန်လာပြီး အများကြီးပိုမိုတိုးတက်လာပြီးနောက် သူ၏ စွမ်းအား တိုးတက်လာခဲ့ရုံ မကဘဲ ရှုထောင့်အားလုံးက သူ၏ ထိန်းချုပ်မှုလည်း အရည်အသွေး ပြောင်းလဲမှု တစ်ခုခုကြောင့် ပိုမို ကောင်းမွန်လာသလို ခံစားခဲ့ရ၏။ သူသာ သာမန် လေ့ကျင့်သူ တစ်ယောက်ဆိုရင် နောက်အဆင့်ကို တိုးတက်ဖို့အတွက် အောင်မြင်မှုကို ရှာတွေ့နိုင်လေပြီ။ ကံဆိုးစွာပင် သူ၏ လေ့ကျင့်မှု လမ်းကြောင်းက သာမန် လူများနှင့် ကွဲပြားသည်။ ယခုဆိုလျှင် စူပါစနစ်၏ ဓူဝံကြယ်ခရမ်း ဧကရာဇ်က နတ်ဘုရားတစ်ပိုင်း အဆင့်အထိသာ ရောက်ရှိနိုင်ပုံ ရလေသည်။
ယုံကြည်မှု စွမ်းအားနှင့် အသက် စွမ်းအားကို ပိုမို၍ နားလည် လာသည်နှင့်အမျှ ကြယ်အပ်နှင်းနှင့် ‘နတ်ဘုရား’အပ်နှင်းခြင်း၏ မှော်ဆန်သော ခံစားချက်အပါအဝင် ဓူဝံကြယ်ခရမ်းဧကရာဇ်၏ လျှို့ဝှက်ချက်ကို ချန်လွေ့က ရေးရေးလေး ခံစားမိခဲ့သည်။ ၎င်းက ‘ထိန်းချုပ်ခြင်း’ ပင်။
အရာအားလုံးကို ထိန်းချုပ်ခြင်း။ ကိုယ်တိုင်မှ ‘စကြဝဠာ’ တစ်ခုလုံး အထိ။ နတ်ဘုရားတစ်ပိုင်းအဆင့် အထွတ်အထိပ်က အခြေခံအုတ်မြစ် စုဆောင်းခြင်းနှင့် နားလည်ခြင်း ဖြစ်ပြီး [ဓူဝံကြယ်အသွင်ပြောင်းခြင်း] ကတော့ ထိုနားလည်မှု အပေါ်တွင် တကယ် အသုံးချခြင်းပင်။
[ဓူဝံကြယ်ပြာအသွင်ပြောင်းခြင်း]မှ [ဓူဝံကြယ်နီအသွင်ပြောင်းခြင်း] သည် ယနေ့ ‘ခရမ်းရောင်’အထိ သူက ‘ထိန်းချုပ်ခြင်း’ကို အဆင့်ဆင့်ရယူပြီး နားလည်ခဲ့သည်။ ထိုအရာက ကြယ်(၆)ပွင့် ဆင့်ကဲပြောင်းလဲခြင်း အတွက် အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်မည်ဟု ထင်မိနေခဲ့သည်။
[ဓူဝံကြယ်အသွင်ပြောင်းခြင်း] က ‘အကြိုကြည့်ခြင်း’ သို့မဟုတ် ‘နမူနာ’ နှင့်တူသည်။ ‘ကြယ်စင်စု’က စကြဝဠာ တစ်ခုလုံး၏ ပင်လယ်ထဲမှ ရေတစ်စက်လိုပင်။ တစ်နေ့ သူက ထိုရေစက်မှ တဆင့် ပင်လယ်ပြင် တစ်ခုလုံးကို မြင်နိုင်လျှင် ထိုအရာက စစ်မှန်သော အရည်အသွေး ပြောင်းလဲမှုအတွက် ဖြစ်လိမ့်မည်။ အန္တိမစွမ်းအားကို ပိုင်ဆိုင်ရမည့် အချိန်လည်း ဖြစ်ပေလိမ့်မည်။
ထိုသို့ ‘လမ်းစဉ်ကိုမြင်ခြင်း’၏ ပျော်ရွှင်မှုနှင့် သိမြင်မှုမျိုး နှင့်အတူ ချန်လွေ့က အချိန်ဥပဒေသ အဆ ၁၀၀၀ရှိသော လေ့ကျင့်ရေးကွင်းထဲ ဝင်ခဲ့ပြီး [ကြယ်နတ်ဘုရားစုံမြင်ကွင်း] ကို စတင်လေ့ကျင့်ခဲ့သည်။
ချန်လွေ့၏ အသိစိတ် စူပါစနစ်မှ ထွက်ခွာသွားပြီးနောက် အပြင်ဘက် လောကတွင် တစ်နေ့နှင့် တစ်ည ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထိုလေ့ကျင့်မှု ပြီးနောက်တွင် သူက [ကြယ်နတ်ဘုရားစုံမြင်ကွင်း] လျှို့ဝှက်ချက်များကို အခြေခံအားဖြင့် ကျွမ်းကျင်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက များစွာ တိုးတက်လာသော ဝိညာဉ် စွမ်းအားနှင့် လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်ခဲ့သည်။
ချန်လွေ့က ကုတင်ပေါ်မှ ထပြီး တံခါးအပြင်ဘက်ကို လမ်းလျှောက် ထွက်ခဲ့သည်။
သူ ရှိနေသောအိမ်က မိုးကြိုးမြွေ ကျွန်းရှိ သေးငယ်ပြီး ချောင်ကျသော တောင်ကြားတစ်ခု၌ တည်ရှိသည့် အယ်ဒီလိုင်း နေအိမ်ပင်။ ထိုနေရာကို လန်းဆန်းသော ရနံ့များ ထုတ်လွှတ် နေသည့် ရောင်စုံပန်းများ ဝန်းရံ ထားလေသည်။
ထိုနေရာမှ ပန်းများနှင့် အပင်များကို ကောင်းကောင်း ဂရုစိုက် ထားသည်ကို မြင်နိုင်ပေသည်။ အယ်ဒီလိုင်း၏ အရင်းနှီးဆုံး အစ်မ စထရီနာ လုပ်ထားခြင်း ဖြစ်နိုင်၏။ ချန်လွေ့က ၎င်းကို စဉ်းစားပြီး ကြယ်အမှတ်တစ်ခု မှတ်လိုက်သည်။ ထို့နောက် သူက [ကြယ်ဂိတ်] မှတဆင့် မီရိုပင်လယ်ပြင်ဆီကို ရောက်လာခဲ့ပြီး သူက ကြယ်သင်္ဘော တည်ရှိရာ ကျွန်းကို ရှာတွေ့ခဲ့သည်။
ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင် (မျှော်လင့်ချက်မဲ့ခြင်း အဓိကယဇ်ပလ္လင်) ပျောက်ကွယ် သွားပြီးနောက် မီရိုပင်လယ်ပြင်က အရင်လို လျို့ဝှက် ဆန်းကြယ်သည့် ထူးဆန်းသော စွမ်းအားများ မရှိတော့ပေ။ သူက ရေဒြပ်စင်ဘုရင် တည်ရှိရာ ရေခဲကျွန်းအသေးကို ရောက်လာသည်။ လုံခြုံရေးအတွက် ချန်လွေ့က အေးခဲနေတဲ့ လန်ဘို့စ်ကို စောင့်ရှောက်ရန် တိုင်းပြည်အဆင့် တိုက်တန် တစ်ကောင်နှင့် ယန္တရား သက်ရှိအချို့ကို ချန်ထားခဲ့သည်။
ထို့နောက် သူက ကြယ်သင်္ဘောဆီ ပြန်လာခဲ့သည်။ မိုးကြိုးမြွေကျွန်းစု တည်နေရာကို ဇယားပေါ်တွင် မှတ်သားပြီး နေရာလွတ် ခုန်ကူးခြင်း စတင်ခဲ့သည်။
ပင်လယ်သေ၏ ထူးခြားသော စွမ်းအားကြောင့် နေရာလွတ် ခုန်ကူးခြင်းက ယခုတစ်ခေါက်၌ အခက်အခဲ အချို့နဲ့ ကြုံခဲ့ရသည်။ သို့သော် သလင်းကျောက် ဇာမဏီ၏ တွက်ချက်မှု နှင့် ညှိနှိုင်းမှုတို့ကြောင့် အခက်အခဲတွေကို နောက်ဆုံးတွင် ကျော်လွှားနိုင်ခဲ့သည်။ ၃နာရီခန့် ကြာပြီးနောက် ကြယ်သင်္ဘောက နောက်ဆုံးတွင် မိုးကြိုးမြွေကျွန်း အနီးမှာ ပေါ်လာခဲ့သည်။
ချန်လွေ့ တဲအိမ်ကို ပြန်လာသော အချိန် ကောင်းကင်၌ ခရမ်းရောင်လ တစ်စင်း ရှိနေခဲ့ပြီ ဖြစ်သည်။ သူက စိုးရိမ်နေသော မျက်နှာအမူအရာများ ရှိနေသည့် အိုလစ်ဖီးရက်စ်၊ လာလာရီယာနှင့် အယ်ဒီလိုင်းတို့ကို မြင်လိုက်သည်။ သူ ပျောက်သွားပြီဟု သူတို့ ထင်နေသည်မှာ သိသာနေ၏။ ချန်လွေ့ကို မြင်ရာ အယ်ဒီလိုင်းက သိသိသာသာ စိတ်သက်သာရာ ရသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် မစ်-နဂါးနက်က လေထဲ ပျံလာပြီး အော်ဟစ်ငိုယိုခဲ့သည်။
“သူဌေး!”
“လူတိုင်းကို စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်။ ငါ အပြင်မှာ တစ်ခုခုလုပ်ဖို့ ထွက်သွားတာ…” သူ စကားမဆုံးခင်မှာပင် မစ်-နဂါးနက်က သူ၏ လက်မောင်းထဲ ထိုးဝင်သွားပြီး ရှိုက်ကြီးတငင် ငိုကြွေးခဲ့သည်။
“အိုလစ်ဖီးရက်စ်... ဒီလောက်ကြီး အပိုမလုပ်ပါနဲ့။” ချန်လွေ့က အံ့အားသင့်သွား၏။ အမှန်အတိုင်း မစ်-နဂါးနက်က တကယ့် အလှပဂေး တစ်ယောက်ပင်။ သူ၏ ရင်သားက သာမန်သာ ဖြစ်သော်လည်း သူက အရပ်ရှည်ပြီး ခြေထောက်သွယ်၏။ ခြေအိတ်နှင့် ဂါဝန်အတို တစ်စုံကို တွဲဝတ်ထားလျှင် အမှောင်လမြို့ လမ်းများပေါ် လမ်းလျှောက်သည့် အခါ မျက်လုံး အတော်များများကို ဆွဲဆောင်နိုင်ပေလိမ့်မည်။
သို့သော် ချန်လွေ့က ‘စေ့စပ်သူ’ ဖြစ်သော ဒီကောင်မလေး အပေါ် အစ်ကိုနှင့်ညီ မခံစားချက်မျိုးသာ ရှိလေသည်။ (အစ်ဇဘယ်လာ - ဟေး၊ သူက ရှင့်ထက်ကို အသက်ကြီးတယ် မဟုတ်ဘူးလား) ကောင်မလေးကလည်း ဘာမှမသိဘဲ ချန်လွေ့ကို စေ့စပ်သူ အဖြစ် လက်မခံထားပုံ ရသည်။ အဲဒီအစား သူက ချန်လွေ့ကို သူဌေးနှင့် ဆွေမျိုး အဖြစ်သာ သဘောထားခဲ့သည်။
“ဟုတ်ပါပြီ။ မငိုပါနဲ့တော့။ ငါ အဆင်ပြေတယ် မဟုတ်ဘူးလား။” ချန်လွေ့က မစ်-နဂါးနက်၏ ဆံပင်ကို ပွတ်သပ်ပေးလိုက်သည်။
“မဟုတ်ဘူး သူဌေး။ ကျွန်မ ဒီတစ်ခါက် သေတော့မလိုပဲ။ ကျွန်မ ရှင်နဲ့အစ်မကို မတွေ့နိုင်တော့ဘူးလို့ ထင်တာ!”
“အာ… ဟုတ်ပါပြီ။ မင်း အခု အဆင်ပြေနေပြီ မဟုတ်လား။”
“ကျွန်မ ထောက်ပံ့ကြေးတွေနဲ့ နှစ်ကုန်အပိုဆုတွေ မရတော့မလို့!”
“ကျွန်မ အအေးဒဏ် ကာကွယ်ခ မရတော့မလို့!”
“ကျွန်မ ပင်စင်အာမခံ မရတော့ မလို့!”
“ကျွန်မ အိမ်ယာရန်ပုံငွေ မရတော့ မလို့!”
ချန်လွေ့ စကားပင် မပြောနိုင် တော့ပေ။ “…”
မစ်-နဂါးနက်၏ ရှိုက်ကြီးတငင် ငိုယိုသံကို နားထောင်ပြီး ချန်လွေ့က သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ “ဟုတ်ပြီ။ အိုလစ်ဖီးရက်စ်၊ မင်းရဲ့ ထိတ်လန့်မှုကို သက်သာစေဖို့ အတွက် ငါ ပြန်ရောက်ရင် အဲဒီ ထောက်ပံ့ငွေတွေ မင်းကို ကြိုတင် ပေးလိုက်မယ်။ နှစ်ကုန် အပိုဆုကို နှစ်ဆတိုးပေးမယ်!”
“သူဌေး။ ရှင်က အတော်လေးကို စိတ်ကောင်းတာပဲ!”
ထိုအကွက် အလုပ်ဖြစ်သည်မှာ အသေအချာပင်။ မစ်-နဂါးနက်က ချက်ချင်း ရယ်မောလိုက်ပြီး သူ၏ ပါးကို စိတ်လှုပ်ရှားစွာ နမ်းလိုက်၏။
ထိုလုပ်ရပ်က ချန်လွေ့ကို ခဏတာ ကြောင်တောင်သွားစေသည်။ အိုလစ်ဖီးရက်စ် ကိုယ်တိုင်ပင် အနည်းငယ် နေရခက်နေခဲ့ပြီး သူက ချန်လွေ့၏ လက်မောင်းများကို လွှတ်လိုက်ရင်း ရှက်နေကာ ခေါင်းကို ကုတ်နေခဲ့သည်။ သို့သော်လည်း သူထွက်ခွာခင်မှာ ကောင်မလေးက မျက်ရည်နှင့် နှာရည်များကို ချန်လွေ့ပေါ်တွင် သုတ်သွားခဲ့သည်။
နဂါးများ၏အကျင့်။ ။ တခြားသူတွေရဲ့အဝတ်အစားတွေက အရေးမကြီးဘူး။
ချန်လွေ့- “…”
လာလာရီယာက ရောက်လာပြီး အနည်းငယ် စကားထစ်နေခဲ့သည်။၊ “ဟို… ချန်လွေ့၊ ကျွန်မ… ရှင့်ကို အသက်ကြွေး တစ်ခု တင်နေတယ်။ မဟုတ်ဘူး။ နှစ်ခု။ ဗက်ဇယ်နာက ကျွန်မ ရှင့်ကို အကြွေးတင်တယ်လို့ သတ်မှတ်လို့ရတယ်။ ဒီတစ်ခေါက် ရတနာမြေပုံကို ကျွန်မ ထုတ်ခဲ့တာ။ အဲဒါ အရင်က ရှေးဟောင်းပင်လယ် သတ္တဝါ မျိုးနွယ်စုရဲ့ ရတနာကို မှတ်တမ်းတင်ထားတာ။ ဒါပေမဲ့ ဒါက ဒီလို ကြောက်မက်ဖွယ် တည်ရှိမှုမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ငါ့ကြောင့် ဗက်ဇယ်နာ သေခဲ့တာ။ ပြီးတော့ အိုလစ်ဖီးရက်စ်နဲ့ တခြား သူတွေလည်း သေတော့မလို ဖြစ်ခဲ့တယ်။ ဒါတွေ အားလုံးက ကျွန်မရဲ့ အမှားပဲ။”
“ထားလိုက်ပါ။ ကိစ္စတွေက အခု ပြီးသွားပြီပဲ။ ဗက်ဇယ်နာကတော့ နှမြောစရာပါ။ ဒါပေမဲ့ တခြားသူတွေ အားလုံး ဘေးကင်းကြလို့ တော်သေး တာပေါ့။”
“မဟုတ်ဘူး။ ကျွန်မက ကြင်နာမှုနဲ့ ရန်ငြိုးကြားမှာ ရှင်းရှင်းလင်းလင်း ခြားနားထားတယ်။ ကျွန်မ ရှင့်ကို အကြွေး တင်တယ်လို့ ပြောရင် အကြွေး တင်တာပဲ။”
“အဲဒါ အမှန်ဆိုရင် ခင်ဗျား ကျုပ်ကို အကြွေး အများကြီး တင်နေသလိုပဲ။” ချန်လွေ့က ခေါင်းကို ခါလိုက်သည်။ ရင်ပြားလိုလီမက ယခင်တစ်ခေါက် သွေးရောင်အင်ပါယာ သိုင်းပြိုင်ပွဲ၌ ရှုံးနိမ့်သူပင်။
“ဟုတ်တယ်။ လာလာရီယာက ကျွန်မကို ပိုက်ဆံ အကြွေးတင် နေသေးတယ်။ ငွေချေး စာချုပ်က အိမ်သာဘေးက မြေပုံထဲမှာ အခုထိ မြှုပ်ထားတုန်းပဲ။ နဂါးကောင်း တစ်ကောင်အနေနဲ့ အစ်မတွေကို တောင်မှ စာရင်းရှင်းရမယ်လို့ အမေ ပြောခဲ့ဖူးတယ်။”
မစ်-နဂါးနက် ဖြတ်ပြောလိုက်ရာ လာလာရီယာ ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ သူက မကြားချင် ယောင်ဆောင်ပြီး ချန်လွေ့ကို ရန်စသော ပုံစံဖြင့် မျက်ခုံးပင့် လိုက်သည်။ “ဟင်း ဟင်း၊ အကြွေးက ဒီလောက်အထိ စုပုံနေပြီ။ ကျွန်မမှာ ပိုက်ဆံ မရှိဘူး။ ဒါပေမဲ့ ကျွန်မ ဒီမှာ ရှိနေတယ်။ နောက်ဆုံး နည်းလမ်း အနေနဲ့ ကျွန်မက ခန္ဓာကိုယ်နဲ့ အကြွေးဆပ်မယ်… မင်းမှာ တောင်းဖို့ သတ္တိရှိတယ် ဆိုရင်ပေါ့။”
လောင်းကစား အကြွေးတွေကို ခန္ဓာကိုယ်နဲ့ ဆပ်တာလား။ ချန်လွေ့ ကလည်း ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ ထိုရင်ပြားလိုလီက သူ၏ တိုက်ခိုက်ရေး စွမ်းအားနှင့် မောင်းမဆောင် ပဍိပက္ခအကြောင်း ကောင်းကောင်း သိနေသည်။ သူက ထိုသို့ ပြောလိုက်ခြင်းမှာ ချန်လွေ့၌ သတ္တိမရှိကြောင်း သေချာနေ၍ပင်။ သံသယ ဖြစ်စရာ မလိုဘူး။ သူက တကယ် အရှက်မရှိဘူး။ နဂါးကျွန်းက ယောက္ခထီးဆီက သင်ကြားခံရတဲ့ ဆက်ခံသူ ဆိုတဲ့အတိုင်းပဲ။
ရင်ပြားလိုလီက တကယ်တော့ လူကောင်းတစ်ယောက် ဖြစ်ပြီး ‘သော်သော်ပြဇာတ်အဖွဲ့’၏ သစ္စာရှိ အဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။ မိတ်ဆွေ တစ်ယောက် အနေနဲ့ ချန်လွေ့က သူအတွက် ခက်ခဲအောင် မလုပ်ချင်ပေ။ “အရင်တစ်ခေါက် ကျုပ်က ခင်ဗျားရဲ့ အဖိုးတန်ဆုံး ဖြစ်တဲ့ မုတ်ဆိတ်ကို ယူခဲ့တယ်။ တကယ်တော့ ကျုပ် အဲဒါကို ကျေသွားပြီလို့ ပြောခဲ့တယ်။ အခု တစ်ခေါက်ကတော့ အင်း၊ ကျုပ် ခင်ဗျားရဲ့ ‘ဆရာသခင်’ ဆိုတဲ့ ဂုဏ်ပုဒ်ကို မကြိုက်ဘူး။ အဲဒါကို ပြောင်းမယ်ဆိုရင် ကျုပ်တို့က တစ်ယောက်နဲ့ တစ်ယောက် အကြွေး မတင်တော့ဘူး။”
“ဟမ့်! ဆရာသခင်… ကောင်းပြီ။ နောက်ကျရင် ပါ့ဂ်လီအို၊ ရိုမန်နဲ့ မရောထွေးရအောင် ‘ဆရာသခင်’လို့ ကျွန်မကိုယ် ကျွန်မ မသုံးတော့ဘူး။ ဒီလိုလုပ်ရအောင်! ဆရာသခင်… ကျွန်မ ရှင့်ကို ဒီလိုမျိုး ဆုံးရှုံးမှု ခံစားရအောင် မလုပ်နိုင်ဘူး။ ကျွန်မ ရှင်ကို ကျေးဇူးတင်တဲ့ အနမ်း တစ်ခုလည်း ပေးမယ်။ ဒါပေမဲ့ ဒီကျေးဇူးတင်တဲ့ အနမ်းကို ရှင့်ရဲ့ မိန်းမဆီကို လွှဲပြောင်းပေးလိမ့်မယ်။ ငါက အရမ်း ဉာဏ်ကောင်းတာပဲ! စဉ်းစားလိုက်ဦးမယ်။ ငါ့ရဲ့အလှပဂေး ရင်းနီကို ရွေးသင့်လား။ ဒါမှမဟုတ် အလှပဂေး ခီရာလား။ အိုးဟိုဟိုဟို…”
ငါ့ရဲ့ ဘေးနားမှာ ပုံမှန် တွဲဖက် တစ်ယောက်မှ မရှိနိုင်ဘူးလား။ ချန်လွေ့က ချွေးများကို သုတ်ပြီး ပုံမှန် အဖြစ်ဆုံးသော နာဂါမိန်းကလေးကို ကြည့်လိုက်သည်။
လိမ္မာတဲ့ အယ်ဒီလိုင်းရဲ့အကြည့်က နည်းနည်း ထူးဆန်းနေပြီးတော့ ငါ့ရဲ့ အကြည့်ကို ရှောင်နေသလိုပဲ။
“အယ်ဒီလိုင်း။ ဘာဖြစ်လို့လဲ။”
“ဘာမှ…မဖြစ်ပါဘူး။” နာဂါ မိန်းကလေးက ခေါင်းကို ငုံ့လိုက်၏။
သူ စကားပြောရန် ငြင်းနေကြောင်း သတိထားမိသောအခါ ချန်လွေ့က ထပ်မမေးတော့ပေ။၊ “ ပင်လယ်သေ အထဲမှာ ငါ ရှိနေတာ အတော်လေး ကြာခဲ့ပြီ။ ဇိုလာနဲ့ တခြားသူတွေက အန္တရာယ်ရှိတဲ့ နေရာမှာ အခုထိ လေ့ကျင့်နေတုန်းပဲ။ တခြား ဘာမှ မရှိရင် ပြန်ကြရအောင်။ အယ်ဒီလိုင်း၊ မင်း နေခဲ့ချင်လား ဒါမှမဟုတ် ငါနဲ့ လိုက်ခဲ့မလား။”
“အစ်မက တံခါးပိတ် လေ့ကျင့်ဖို့ သွားနှင့်ပြီ။” အယ်ဒီလိုင်းက တုံ့ဆိုင်း နေခဲ့ပြီးနောက် ဖြေလိုက်သည်။ “ကျွန်မ… ကျွန်မ ရှင်နဲ့အတူ ပြန်တာ ပိုကောင်းမယ် ထင်တယ်။”
ချန်လွေ့က ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “အင်း၊ ဟယ်လင်ကော။”
“ဟယ်လင်…” အယ်ဒီလိုင်းက နှုတ်ခမ်းကို ကိုက်ပြီး နောက်ဆုံးတွင် သတ္တိမွေးကာ ပြောလိုက်သည်။ “ရှင် ဓမ္မတေးပင်လယ်ပြင်ကို သွားပြီး သူ့နဲ့ သွားတွေ့တာ ပိုကောင်းမယ်။”
“သူ့ကို တွေ့ရမယ် ဟုတ်လား။ ဘာဖြစ်လို့လဲ။” ချန်လွေ့က အယ်ဒီလိုင်း တစ်ခုခု ဖြစ်နေကြောင်း သတိထားမိခဲ့သည်။