သီချင်းသံ
Vol. 67 Ch. 1081
“အယ်ဒီလိုင်း၊ ငါတို့ ဟယ်လင်ကို မပြောဘူးလို့ ကတိပေးထားတယ် မဟုတ်လား။” မစ်-နဂါးနက်က ချက်ချင်း အော်ပြောခဲ့သည်။
“ငါ မလုပ်နိုင်ဘူး။” အယ်ဒီလိုင်းက ခါးသက်သက် အပြုံးဖြင့် ပြောလိုက်သည်။ “ချန်လွေ့အပေါ် သူ့ရဲ့ စွန့်လွှတ် အနစ်နာခံမှုကို ငါ ဘေးကနေ ထိုင်ကြည့်မနေနိုင်ဘူး။ အနည်းဆုံးတော့ ချန်လွေ့က အမှန်တရားကို သိသင့်တယ်။”
“ဘာကို ပြောတာလဲ။ ဟယ်လင်ရဲ့ စွန့်လွှတ်အနစ်နာခံမှု ဟုတ်လား။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ “ဘာဖြစ်လို့လဲ။”
“ဆရာသခင် အဲ… ကျွန်မ ပြောမယ်။ ဘာပဲဖြစ်ဖြစ် သိမှာပါပဲ။” လာလာရီယာက လက်များကို ဆန့်လိုက်သည်။ “အဲဒီရေခဲကျွန်းမှာ ရှင် သတိလစ် နေခဲ့တာ။ ပြီးတော့ ရှင့်ရဲ့ ဝိညာဉ်က ပျက်စီးတော့မယ်။ အခြေအနေ အတော်လေး အန္တရာယ် ရှိလွန်းတော့ ဟယ်လင်က ရှင်ကို ကယ်တင်ဖို့အတွက် ပါရမီတစ်ခုကို အသက်သွင်းလိုက်တယ်။”
“ဟယ်လင်လား။” ချန်လွေ့ ရုတ်တရက် သဘောပေါက် သွားခဲ့ပြီး နောက်ဆုံး သူ၏ဝိညာဉ် ဘာကြောင့် ပြန်လည် ကောင်းမွန်ပြီး အားကောင်း လာခဲ့ရသည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။
“ဟယ်လင်၊ သူ…” အယ်ဒီလိုင်း သက်ပြင်းချလိုက်သည်။ “ရှင်ကို မာယာရှင်နှလုံးသား ပေးခဲ့တယ်။”
မာယာရှင်နှလုံးသား! ချန်လွေ့ တုန်လှုပ်သွားခဲ့သည်။ အလောင်း အောက်လမ်းပညာရှင် ဂူရာဒန်က အဆင့်တက်ရန်အတွက် မာယာရှင် နှလုံးသားကို လိုအပ်ကြောင်း သူက သိထားရာ ထိုစကားလုံးကို သိနေ၏။
မာယာရှင်နှလုံးသားက မာယာရှင်များ၏ အဖိုးအထိုက်ဆုံး အသက်သလင်းကျောက် ဖြစ်သည်။ ထိုအရာက အလွန် ထူးခြား၏။ ဆန္ဒအလျောက် မဟုတ်လျှင် မည်သူမှ မာယာရှင် နှလုံးသားကို မရယူနိုင်ပေ။
နောက်ပိုင်း အစ်ဇဘယ်လာကို ကယ်တင်ရန်အတွက် အလင်းချေမှုန်း ချိပ်ပိတ်ကို ပယ်ဖျက်ရန် အမှောင် ဒြပ်စင်ဘုရင်ထံ သွားမေးရာတွင် သူနှင့် မြေဒြပ်စင်ဘုရင်တို့ ဓမ္မတေး ပင်လယ်ပြင်ကို ဖြတ်သန်းလာခဲ့ရာ ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်ခြင်းကို ကြုံခဲ့ရသည်။ ထိုစဉ်က ဟယ်လင်ကို သူ ပထမဆုံး မြင်ခဲ့ရခြင်းပင်။ အလှအပထက် ဟယ်လင်က ခိုင်မာပြတ်သားမှုနဲ့ မယိမ်းယိုင်မှုကို အကြီးမားဆုံး ခံစားချက် ပေးခဲ့သည်။ နောက်ပိုင်း သူက နဂါးဧကရာဇ် ယောက္ခထီး အက်ဂ်လက်စ်နှင့် ပင်လယ်သေဆီကို ထပ်မံ ရောက်လာခဲ့သည်။ သိဒ္ဓိနဂါး ရိုဒရီဂူးဇ်ကို အနိုင်ယူခဲ့ပြီး မာယာရှင် မျိုးနွယ်စုအပါအဝင် ပင်လယ်ပြင်ရှိ ပင်လယ်သတ္တဝါမျိုးနွယ်စုအားလုံးကို ကယ်တင်ခဲ့သည်။ နောက်ဆုံးတွင် နဂါးဧကရာဇ်ယောက္ခထီးက အိုလစ်ဖီးရက်စ်ကို ဟယ်လင်၏ သီချင်းသံနှင့် ကုသနိုင်ရန် အတွက် မာယာရှင် မင်းသမီးလေးကို ခေါ်ဆောင်သွားခဲ့လေသည်။
အစွမ်းထက်လှသော အက်ဂ်လက်စ်ကို ရင်ဆိုင်ရသည့် အခါတွင်ပင် ဟယ်လင်က အရှုံး မပေးခဲ့ဘဲ မာယာရှင် နှလုံးသားကို လုံးဝ မပေးခဲ့ပေ။ နောက်ပိုင်းတွင် သူက အမှောင်လမြို့ မိသားစုထဲ တဖြည်းဖြည်း ဝင်ရောက်လာရာ ချန်လွေ့က မာယာရှင်နှလုံးသား အကြောင်းကို ထပ်မပြောတော့ပေ။ အကြောင်းမှာ မာယာရှင်နှလုံးသားကို ဆုံးရှုံးသွားသော မာယာရှင်များက အကြီးအကျယ် နာကျင်ရ၍ပင်။ သူက မိတ်ဆွေတစ်ယောက်ကို ထိုကဲ့သို့ မနာကျင်စေချင်ပေ။
ကံဆိုးစွာပင် ထိုမာယာရှင် မင်းသမီးလေးက လုံးဝ ကျေးဇူး မတင်ခဲ့ပေ။ သူက ‘မိန်းမများကို လုယူ’သော တစ်စုံတစ်ယောက်၏ ‘မကောင်းမှု’ကြောင့် ယခုအထိ စိတ်ပျက်နေခဲ့လေသည်။ သူက ချန်လွေ့ကို အမြဲပင် ရန်လိုခဲ့သည်။ ထိုသဘောထားကြောင့် မောင်းမဆောင်ထဲမှ မိန်းမများက ဟယ်လင်နှင့်ပတ်သက်ပြီး စိတ်ချကာ ဆက်ဆံရေးက အလွန် သဟဇာတ ဖြစ်ခဲ့သည်။ အယ်ဒီလိုင်းထက်ပင် ပိုခဲ့၏။ တစ်ခါတစ်ရံတွင် သူတို့၏ မကျေနပ်ချက်များနှင့် နစ်နာမှုများ အကြောင်းကိုပင် ပြောပြခဲ့ရာ ပထမဆုံး သတင်းအချက်အလက် ရရှိသော မာယာရှင်မင်းသမီးလေးက ဇာတ်လိုက်ကို ခပ်ကြမ်းကြမ်း စကားလုံးများဖြင့် မကြာခဏ ဝေဖန်ခဲ့ပြီး သူ့ကို စကားမပြော နိုင်အောင် လုပ်ခဲ့သည်။
ဆွေမျိုးများနှင့် မိတ်ဆွေအဖွဲ့ထဲ၌ မာယာရှင် မင်းသမီးလေးက အထူးခြားဆုံး တည်ရှိမှု ဖြစ်သည်မှာ အသေအချာပင်။ ဟယ်လင်၏ စိတ်ထဲတွင် ချန်လွေ့ကို တကယ့် မိတ်ဆွေအဖြစ် ဘယ်သောအခါမှ သဘောမထားခဲ့ပေ။
မမျှော်လင့်ဘဲ ယခုတစ်ခေါက်၌ ဟယ်လင်က သူ့ကို မာယာရှင် နှလုံးသား တကယ် ပေးခဲ့သည်။
ချန်လွေ့ တိတ်ဆိတ်နေခဲ့သည်။ အချိန် အနည်းငယ် ကြာပြီးနောက် သူ ပြောလိုက်သည်။
“ဓမ္မတေးပင်လယ်ပြင်ကို သွားရအောင်။”
လူတိုင်းက နာဂါ အကြီးအကဲ မိုဒက်စတီကို နှုတ်ဆက်ခဲ့ကြသည်။ မထွက်ခွာခင် မိုဒက်စတီက အယ်ဒီလိုင်းကို ကြည့်လိုက်သည်။ သူက အယ်ဒီလိုင်းနှင့် လုံးဝ စကား မပြောခဲ့ပေ။ သို့သော် အယ်ဒီလိုင်း ကြယ်သင်္ဘောပေါ် တက်ပြီးနောက် မိုဒက်စတီ ချန်လွေ့ကို တိုးတိုးလေး ပြောလိုက်သည်။ “သူကို ဂရုစိုက် ပေးပါ။”
ချန်လွေ့ မိုဒက်စတီကို ခေါင်းညိတ် ပြခဲ့သည်။ ခဏကြာပြီးနောက်တွင် ကြယ်သင်္ဘောက ကောင်းကင်ပေါ်ကို ပျံသွားပြီး ဓမ္မတေး ပင်လယ်ပြင်ကို ပျံသန်းသွားခဲ့သည်။
ကြယ်သင်္ဘော အမြန်နှုန်းက အလွန်ပင် မြန်လှသည်။ ဓမ္မတေး ပင်လယ်ပြင်ကို ရောက်ရှိရန် ခဏသာ ကြာခဲ့သည်။ မာယာရှင်များအတွက် ကြယ်သင်္ဘောကို ပထမဆုံး အကြိမ် မြင်ရခြင်း မဟုတ်သည့် အတွက် သူတို့က ယခင်ကလို ထိတ်လန့် မနေတော့ပေ။
ခဏအကြာ မာယာရှင်မျိုးနွယ်စု အကြီးအကဲဖြစ်သော ဟယ်လင်၏ အမေ အယ်လီနာက ချန်လွေ့ရှေ့တွင် ပေါ်လာခဲ့သည်။
“အက်ဂ်ယော… ဆာ...” အယ်လီနာက ဦးညွှတ်လိုက်သည်။ သူ့အပေါ် အယ်လီနာ၏ အကြည့်က ယခင်တစ်ခေါက်နှင့် သိသိသာသာ ကွဲပြားနေခဲ့သည်။
အယ်လီနာက တစ်ခုခုကို သိထားကြောင်း ချန်လွေ့ သိလိုက်၏။ “အကြီးအကဲ အယ်လီနာ။ ကျုပ် အရင်က မပြောခဲ့မိလို့ တောင်းပန် ပါတယ်။ ကျုပ်က ချန်လွေ့ပါ။ အက်ဂ်ယောက ကျုပ်ရဲ့ အမည်ဝှက် တစ်ခုပါ။ ကျုပ် ဟယ်လင်နဲ့ တွေ့ချင် ပါတယ်။”
“ကျွန်မ စိတ်မကောင်းပါဘူး။ ဆာ-ချန်လွေ့။ ဟယ်လင်က… သူ ရှင်နဲ့ မတွေ့ချင်ဘူးလို့ ပြောခဲ့ပါတယ်။ သူ ဘယ်သူနဲ့မှ မတွေ့ချင်ဘူး။ ကျေးဇူး ပြုပြီးတော့ ပြန်သွားပါ။”
“ကျုပ် သူနဲ့ စကား နည်းနည်းပဲ ပြောချင်တာပါ။ ကျုပ် သူ့ကို တစ်ခုခု အတင်းအကြပ် မလုပ်ခိုင်းပါဘူး။”
“စိတ်မကောင်းပါဘူး။ ကျွန်မ ဆာ့ရဲ့ တောင်းဆိုချက်ကို သဘော မတူနိုင်ဘူး။” အယ်လီနာက ချန်လွေ့ကို ခဏတာ စိုက်ကြည့်ပြီး ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ “မာယာရှင် မျိုးနွယ်စုရဲ့ စရိုက်က အတော်လေးကို ခေါင်းမာတယ်။ ကျွန်မတို့ တစ်ခုခုကို ဆုံးဖြတ် လိုက်တာနဲ့ အဲဒါက မပြောင်းလဲဘူး။ ဆာက သူ့ကို တကယ်ဂရုစိုက်ရင် အတင်းအကျပ် မလုပ်ပါနဲ့။ သူ့ကို အချိန် ပေးလိုက်ပါ။”
အယ်လီနာက ချန်လွေ့အပေါ် အနည်းငယ် ထူးဆန်းနေခဲ့သည်။ သူက ချန်လွေ့နှင့် ဟယ်လင်အကြား ဆက်ဆံရေးကို အထင်လွဲနေပုံရ၏။
ချန်လွေ့က ခဏ စဉ်းစားနေခဲ့ပြီး မရှင်းပြခဲ့ပေ။ သူက အယ်လီနာကို ဦးညွှတ်ပြီး ပြန်လှည့်သွားခဲ့သည်။
ချန်လွေ့ လေထဲရှိ ကြယ်သင်္ဘော အရှေ့ကို ပျံသန်းလာသောအခါ သီချင်းသံ တစ်ခုကို ရေးရေးလေး ကြားလိုက်ရ၏။
ရင်းနှီးသော သီချင်းသံပင်။
၎င်းက သူ့ဝိညာဉ်နှင့် ပဲ့တင်ထပ်ပြီး ထူးဆန်းသောစွမ်းအားကို သယ်ဆောင်ထားပုံရသည်။
၎င်းက ဟယ်လင်၏ သီချင်းသံပင်။
လေထဲကရဲတိုက်...
ချန်လွေ့က ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ လှိုင်းလုံးများနှင့် မာယာရှင်များ၏ တိတ်ဆိတ်နေသော ပုံရိပ်တွေကိုသာ မြင်ခဲ့ရလေသည်။ သီချင်းသံက အဘက်ဘက်မှ လာနေပုံရပြီး သူက အရင်းအမြစ်ကို ခွဲခြားမသိနိုင်ခဲ့ပေ။ ထိုအရာက သူ၏ ဝိညာဉ်ထဲကို တန်းတန်းမတ်မတ် ဝင်ရောက်သွားပြီး အချိန်အကြာကြီး ပျောက်ကွယ်မသွားနိုင်မည့် သံစဉ် တစ်ခုပင်။
ထိုအချိန် ချန်လွေ့က တစ်ခုခု သူ၏နှလုံးသားထဲ ရုတ်တရက် ဝင်ရောက်သွားသလိုမျိုး ကိုယ်တိုင် ရှင်းပြမရသည့် ခံစားချက် တစ်ခုကို အာရုံခံလိုက်မိပြီး ပျော်ရွှင်သွားသည်။ ‘တစ်ခုခု’ကို အယ်လီနာ အထင်လွဲ နေခဲ့သည်လား၊ သူကိုယ်တိုင်က အထင်လွဲနေခဲ့သည်လား ဆိုသည်ကို သူ ယခုတွင် မသေချာတော့ပေ။
မည်သို့သော အခြေအနေမျိုး ဖြစ်စေကာမူ သူက ထိုသီချင်းကို နောက်ဆုံးအကြိမ် ကြားရခြင်း မဟုတ်နိုင်ပေ။ ထို့ပြင် သူက ဓမ္မတေး ပင်လယ်ပြင်သို့ နောက်ဆုံး အကြိမ် လာရောက်ခြင်းလည်း မဖြစ်နိုင်ပေ။
ပင်လယ်ထဲတွင် လှပပြီး အနည်းငယ် လွမ်းဆွေးနေသော သီချင်းကို သီဆိုနေရင်း ပင်လယ် ပြင်တွင် ပုံရိပ်တစ်ခု ပေါ်နေခဲ့သည်။ လရောင်က သူ၏ ရှည်လျားသော ငွေဖြူရောင် ဆံပင်ကို ခရမ်းရောင် ဖျော့ဖျော့ ဖြစ်လာစေခဲ့သည်။ သူက မြင်ကွင်းထဲမှ ဧရာမမြို့ ပျောက်ကွယ် သွားသည်ကို ကြည့်ပြီး ရွှေရောင် မျက်လုံးတွေကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။
ကြယ်သင်္ဘော၏ အမြန်နှုန်းက အလွန် မြန်လှသည်။ ထိုအရာက ပင်လယ်သေမှ ထွက်ခွာခဲ့ပြီး အမှောင်လမြို့ဘက်ကို ပျံသန်း သွားခဲ့လေသည်။
လာလာရီယာက ကြယ်မြို့ကို ပထမဆုံး ရောက်ဖူးခြင်း ဖြစ်ပြီး အတွင်းထဲမှ အရာအားလုံးက အလွန် အံ့သြစရာ ကောင်းလွန်း၍ ရင်ပြား လိုလီမလေး ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ သို့သော် သူ၏ သူငယ်ချင်း မစ်-နဂါးနက် ကတော့ မစိမ်းလှပေ။ သူက ပိုင်ရှင်လိုမျိုးပင် စိတ်အားထက်သန်စွာဖြင့် ပတ်ပတ်လည်ကို လိုက်ပြခဲ့သည်။ အမှန်တကယ်၌ ထိုကောင်မလေးက ထိုနေရာကို အကြိမ် အများကြီး မရောက်ဖူးပေ။ အထူးသဖြင့် ကြယ်မြို့က အကြီးအကျယ် ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး အဆင့်(၆) အဖွဲ့အစည်း မြို့ပြ အဆင့်ကို ရောက်ရှိပြီးနောက်တွင် ဖြစ်သည်။ ထို့ကြောင့် သူက ခဏလောက် ပတ်ပြီးနောက်တွင် လမ်းပျောက်သွားခဲ့သည်။
ကံကောင်းစွာပင် ကောင်မလေးက ‘သူဌေးကိုခေါ်ခြင်း’ ဟူသော အဆုံးသတ် တိုက်ကွက်ကို သိသည်။ အော်ဟစ်ပြီးနောက် သူတို့သွားချင် နေကြသော ဂိမ်းအခန်းသို့ ချက်ချင်း အလိုအလျောက် ပို့ဆောင်ခံခဲ့ရ၏။ အိုလစ်ဖီးရက်စ်က လာလာရီယာ၏ အံ့အားသင့်နေသော မျက်နှာကို ပျော်ရွှင်စွာ ခံစားရင်း သူ ဦးဆောင်ပြီး ဝင်သွားခဲ့လေသည်။
ထိုနေရာ၌ ဂိမ်းအမျိုးမျိုး ရှိသည်။ တိုက်ခိုက်ရေး၊ စီမံခန့်ခွဲရေး၊ အတိုင် အတန်းညှိခြင်း စသဖြင့် ပါဝင်သည်။ ‘အဆုံးမဲ့စစ်သည်အွန်လိုင်း’နှင့် မတူဘဲ ၎င်းတို့ကို နတ်ဆိုးဘုံတွင် မိတ်မဆက် ရသေးပေ။ ၎င်းတို့က ချန်လွေ့၏ မူလ ‘ဂိမ်းယုံကြည်မှု စီမံကိန်း’၏ အတွင်းပိုင်း စမ်းသပ် ဗားရှင်းပင်။ လာလာရီယာ ချက်ချင်း စိတ်ဝင်စားသွားပြီး မစ်-နဂါးနက်နှင့် အတူ ပျော်ရွှင်စွာ ကစားနေခဲ့သည်။
ကောင်မလေး နှစ်ယောက်က နှလုံးသားမဲ့သော်လည်း အယ်ဒီလိုင်းက ပိုပြီး စိတ်ခံစားချက် ပိုပြင်းထန်လေသည်။ ချန်လွေ့က ဓမ္မတေးပင်လယ်ပြင်မှ ထွက်ခွာပြီး နောက်တွင် သူ၏ စိတ်ခံစားချက် အနည်းငယ် နိမ့်ကျနေကြောင်း သူ မြင်နိုင်ခဲ့သည်။ နာဂါမိန်းကလေးက အသံမထွက်ဘဲ သူ၏ ဘေးနားတွင် တိတ်ဆိတ်စွာ နေနေခဲ့သည်။
ချန်လွေ့က တစ်ခုခု ထူးဆန်း နေသည်ကို ခံစားလိုက်ရပြီး သူက ချက်ချင်း စိတ်ကို ငြိမ်ငြိမ်ထားကာ မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် သူက စူပါစနစ်ထဲကို ဝင်ရောက်ခဲ့သည်။
ဗာရိုနီကာက ယုံကြည်မှုမျှော်စင် အရှေ့တွင် ရပ်နေခဲ့ပြီး သူ့ဘေးတွင် ဖိုက်သွန် ရှိနေခဲ့သည်။
ချန်လွေ့က ခေါင်းညိတ်ပြီး ပြောလိုက်တယ်။ “ခင်ဗျားက တာဝန်ကို အချိန်မတိုင်ခင် ပြီးမြောက် ခဲ့တယ် ထင်တယ် ဗာရိုနီကာ။”
“ရှင်ပေးခဲ့တဲ့ နောက်ဆုံးရက်က ကြာလွန်းလို့ပါ။ သူရဲ့အတွေ့အကြုံနဲ့ စွမ်းရည်နဲ့ဆိုရင် ၃ရက် မကြာဘူး။” ဗာရိုနီကာက ဖိုက်သွန်ကို ကြည့်လိုက်တယ်။ “ကျွန်မမှာ မဖြေရှင်းရသေးတဲ့ ဆုတောင်းမှုတွေ အများကြီး ရှိသေးတယ်။ ဒါကြောင့် ကျွန်မ အရင် သွားလိုက်ပါဦးမယ်။”
“ဗီရိုနီကာ..”
ချန်လွေ့၏ အသံက ဗာရိုနီကာကို ရပ်တန့်သွားစေခဲ့သည်။
“ကျေးဇူးတင်ပါတယ်။”
ဗီရိုနီကာက ၎င်းတို့မှာ သာမန် ယဉ်ကျေးသော စကားလုံးများ မဟုတ်ကြောင်းကို ကြားနိုင်ခဲ့တယ်။ သူက ညင်သာစွာ ပြုံးလိုက်ပြီး အလင်းတန်းအဖြစ် ပြောင်းလဲကာ ယုံကြည်မှုကျောက်တိုင်ထဲကို ပျောက်ကွယ်သွားခဲ့သည်။
ခဏတာ တိတ်ဆိတ် နေခဲ့သော ဖိုက်သွန်က ပြောသည်။ “သူ ရှင်ကို အတော်လေး သဘောကျတယ်။”
ချန်လွေ့က ခေါင်းကို အသာလေး ခါလိုက်တယ်။ “သူက နောက် တစ်ယောက်ကို သဘောကျတာ ဒါမှမဟုတ် နောက်တစ်ယောက်က သူကို သဘောကျတာ ပိုမှန်မယ်။”
“ဒါပေမဲ့ သူ ဒီကနေ ထွက်သွားပြီး ပြန်ပြီးတော့ မွေးဖွားနိုင်ရင်တောင်မှ ဒုတိယလူကို သဘောကျတော့မှာ မဟုတ်ဘူး။”
“သူ ပြန်မွေးဖွားနိုင်တာလား။”
“ကျွန်မမှာ [ဝိညာဉ်ပြောင်း] ပညာရပ် ရှိတယ်။ အဲဒါက ဝိညာဉ်ကို ကိုယ်ခန္ဓာအသစ်ထဲ လုံးဝ လွှဲပြောင်း နိုင်တယ်။ ဒါက စစ်မှန်တဲ့ ပြန်လည် ရှင်သန်ခြင်းလိုပဲ။ အဲဒါကြောင့် အရင်တုန်းက ကျွန်မ ငွေသေတ္တာကို လုယူပြီးတော့ ကျွန်မရဲ့ကိုယ်ခန္ဓာကို ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့တာ။” ဖိုက်သွန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ “ဒါပေမဲ့ သူက ပြန်မွေးဖွားနိုင်ရင်တောင် ဒီကနေ ထွက်သွားမှာ မဟုတ်ဘူး။”
“အဲဒါတွေ…က မဆိုင်ပါဘူး။” ချန်လွေ့က စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ခင်ဗျားရဲ့ ကိုယ်ပိုင် အတွေ့အကြုံနဲ့ ပတ်သက်ပြီးတော့ တခြားတစ်ခုခု မပြောချင်ဘူးလား။။”
“ဗာရိုနီကာက ကျွန်မကို နေရာ အများကြီးဆီ ခေါ်သွားခဲ့တယ်။ ဉာဏ်ပညာနတ်ဘုရားမနဲ့ အသိပညာ နတ်ဘုရားမတို့ရဲ့ ဗိမာန်လည်း ပါတယ်။” ဖိုက်သွန်က ပထမတွင် တကယ် ထိတ်လန့်ခဲ့သော်လည်း အခုတော့ စိတ်အေးသွားခဲ့လေပြီ။ “ကျွန်မ မြင်တဲ့အရာကို မယုံနိုင်ဘူး၊ ပြီးတော့ ရှင်က ဘယ်လိုမျိုး တည်ရှိမှုလဲ ဆိုတာကိုလည်း ကျွန်မ ရှင်းပြလို့ မရဘူး။ ဒါက စွမ်းအားနဲ့ အရွယ်အစားမှာ တိုးတက်နေတဲ့ တကယ့် စကြဝဠာပဲ။ ပြီးတော့ ရှင်က ဒီစကြဝဠာရဲ့သခင်နဲ့နတ်ဘုရားလား။”
“ဒီလို အားနည်းတဲ့ နတ်ဘုရား မရှိပါဘူး။” ချန်လွေ့က ခေါင်းခါ လိုက်သည်။ “ကျုပ်ရဲ့ စွမ်းအား အစစ်အမှန်အရဆိုရင် အခု ခင်ဗျားရဲ့ ပြိုင်ဘက် မဟုတ်ဘူး။”
“ကျွန်မ ရှင်နဲ့ ပထမဆုံးအကြိမ် စပြီး စကားပြောတုန်းက ရှင်က အနိမ့်ဆုံးအဆင့်ပဲ ရှိခဲ့တယ်။ ၁၀နှစ် အတွင်းမှာ ရှင်က ကျွန်မနီးပါး တူညီတဲ့ စွမ်းအားမျိုး ရှိနေပြီ။ နောက်၁၀နှစ်ဆိုရင်…” ဖိုက်သွန်က အသက်ပြင်းပြင်းရှူလိုက်သည်။ “ကျွန်မ တကယ် မှားခဲ့တယ်။ စေတန်လည်း မှားတယ်။ သူက ရှင်ကို ၁၀နှစ် ပေးခဲ့တာကို သေချာပေါက် နောင်တရလိမ့်မယ်။”
“ကျုပ် ခင်ဗျားကို သက်ဆိုင်ရာ စွမ်းအား ပေးနိုင်တယ်။ ကြယ်နှစ်ပွင့် အစစ်အမှန် စွမ်းအားကို ခင်ဗျား နားလည် နိုင်သရွေ့ ဇိုလာနဲ့ ကတ်သရင်းတို့လို နတ်ဘုရားမ ရာထူးနဲ့ ယုံကြည်မှုကို ခင်ဗျား ရရှိနိုင်တယ်။”
“နတ်ဘုရားမ ရာထူး ဟုတ်လား။ ဒါဆို ကျွန်မလည်း နတ်ဘုရားမ တစ်ပါး ဖြစ်နိုင်တာပေါ့။” ဖိုက်သွန် ပြုံးလိုက်သည်။ “ဒါက ထူးဆန်းတဲ့ ခံစားချက်တစ်ခုပဲ။ ကျွန်မ ဆုံးရှုံး သွားပြီလို့ ထင်ခဲ့တဲ့ တစ်ခုခုက မျက်လုံးရှေ့မှာ ပြန်ပေါ်လာသလိုပဲ။ ပြီးတော့ အဲဒါက ကျွန်မ မျှော်လင့် ထားတာနဲ့ နည်းနည်း ကွာခြားပေမဲ့ အတော်လေးကို လွယ်လွယ်ကူကူနဲ့ ရရှိခဲ့တယ်။”
ချန်လွေ့က ဖိုက်သွန်၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။ “ဘာမှ မပြောချင်ဘူးလား။ ဥပမာ ကျုပ်က ခင်ဗျား ထင်ထားတဲ့သူ လိုမျိုး…”
“ဒီလိုမျိုး ဆုံးဖြတ်ဖို့ အတွက် စောနေသေးတယ်။ ကျွန်မ ရွေးချယ်မှု တစ်ခုကို လုပ်ခဲ့ပြီးပြီ။ ရှင်က ဘယ်သူပဲ ဖြစ်ဖြစ် ကျွန်မရဲ့ ရွေးချယ်မှုက မှန်မှန် မှားမှား...”
ဖိုက်သွန် ခေါင်းခါပြီး ချန်လွေ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ သို့သော် သူ၏ မျက်လုံးများက ချန်လွေ့ကို ဖောက်ထွင်းမြင်သွားပြီး တစ်ခုခုကို မှတ်မိနေသလို နောက်မှ ကြယ်ကောင်းကင်ကို စူးစိုက် ကြည့်နေတော့သည်။ အချိန် အတော် ကြာပြီးနောက် သူက ပြောသည်။ “ကျွန်မ နောက်တစ်ခါ ထပ်ပြီးတော့ နောင်တမရချင်ရုံပါ။”
ချန်လွေ့က ထိုစကား အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။ သို့သော် သူက ဖိုက်သွန်၏ လေသံထဲ၌ ရှင်းပြ၍ မရနိုင်သော ဒေါသ အရိပ်အယောင် တစ်ခုကို ခံစားလိုက်ရ၏။ သူက လရောင်အောက်မှ သီချင်းသံကို ရုတ်တရက် စဉ်းစားမိပြီး အတွေးထဲ နစ်ဝင်သွားတော့သည်။
ကြယ်သင်္ဘောထဲ၌ သူ၏ဘေးတွင် ရှိနေခဲ့သော အယ်ဒီလိုင်းက ချန်လွေ့ မျက်လုံး ဖွင့်လာသည်ကို မြင်ရာ ပျော်ရွှင်သွားခဲ့သည်။
ချန်လွေ့က နွေးထွေးမှုကို ခံစား လိုက်ရ၏။ “မင်းကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်။ အယ်ဒီလိုင်း။”
နာဂါ မိန်းကလေး၏ မျက်လုံးများ လက်သွားပြီး ခေါင်းခါလိုက်သည်။
“ငါ အဆင်ပြေတယ်။” ချန်လွေ့က ပြုံးပြီး လှပသော အသုံးအဆောင် အများအပြားကို ထုတ်လိုက်သည်။ “ဒါနဲ့ ငါ လူသား လောကကနေ လက်ဆောင်တချို့ ပြန်ယူလာတယ်။ မင်း ကြိုက်တာ အရင် ရွေးလို့ရတယ်။ ကပ်စေးနဲ အိုလစ်ဖီးရက်စ် ဒီမှာ ရှိနေရင် အကုန်ယူသွားလိမ့်မယ်။”
“အင်း။” အယ်ဒီလိုင်းက မျက်နှာ အနည်းငယ် နီရဲသွားပြီး ခေါင်းညိတ် လိုက်၏။