ကျန်းမာတဲ့ဥ
Vol. 67 Ch. 1084
ဇိုလာက သူ၏ အမျိုးသားကို စနောက်ရန် မရည်ရွယ်သော်လည်း ရေဒြပ်စင် ဘုရင်ကို ပြန်လည် အသက်သွင်းရန် အဓိကကျသော ပစ္စည်းအကြောင်းကို သူ အမှန်ပင် ကြားဖူးခဲ့သည်။ လူသားလောက၌ ရှိနေစဉ်က ဖြစ်ခဲ့ပြီး ကံဆိုးစွာပင် အသေးစိတ် အတိအကျကို သူ မစဉ်းစားနိုင်တော့ပေ။
ချန်လွေ့က ထိုကဲ့သို့သော ကိစ္စမျိုးကို အလျင်လို၍ အသုံး မဝင်ကြောင်း သိသောကြောင့် နတ်မိမယ်နဂါးကို ဖြည်းဖြည်းချင်း ပြန်စဉ်းစားခိုင်းရုံသာ တတ်နိုင်၏။ သို့သော် လူသားလောက ကလည်း အလွန် အရေးကြီးသော သဲလွန်စ တစ်ခု ဖြစ်သည်။ သူက [ကြယ်ဂိတ်] မှတစ်ဆင့် လူသား လောကသို့ ပြန်သွားပြီး ရှာဖွေနိုင်၏။
ဇိုလာနှင့် အစ်ဇဘယ်လာတို့၏ တညီတညွတ်တည်း အပြင်းအထန် တောင်းဆိုချက်အရ ချန်လွေ့သည် ဖိုက်သွန်၏ သရုပ်မှန်ကို မဖော်ထုတ် ခဲ့သော်လည်း အဆိပ်နဂါးကို သနား ညှာတာပြီး မသတ်ပစ်ရန် ဖိုက်သွန်ကို လျှို့ဝှက်တောင်းဆိုခဲ့သည်။
ဤသို့ဖြင့် ‘ဆယ်လီ’ အမည်ရသော အမျိုးသမီးက လေ့ကျင့်ရေး အဖွဲ့သို့ တရားဝင် ဝင်ရောက်လာခဲ့သည်။
ဖိုက်သွန်၊ ဇိုလာနှင့် အစ်ဇဘယ်လာတို့သည် မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။ သူတို့သည် ရွှေရောင်နယ်မြေတွင် ရှိနေစဉ်က ဖိုက်သွန်၏ တမင်တကာ ချဉ်းကပ်မှုကြောင့် သုံးယောက်သား ဆက်ဆံရေးမှာ အတော်လေး ရင်းနှီးခဲ့သော်လည်း ချန်လွေ့က ဖိုက်သွန်၏ မည်သူဖြစ်ကြောင်း ဖော်ထုတ်လိုက်ပြီးနောက် သူတို့က ချက်ချင်းပင် ရန်ဘက်များ ဖြစ်သွားခဲ့ကြသည်။ ထို့နောက် သိဒ္ဓိအလင်းတောင်တန်းတွင် အမျိုးသမီးနှစ်ယောက်က ထိုကြောက်မက်ဖွယ်ကောင်းသော ရန်သူကို အမြဲတစေ သတိဖြင့် စောင့်ကြည့်ခဲ့ကြသည်။ ယခုအခါ တပ်ဖွဲ့ တစ်ခုတည်းမှ အဖော်များ ဖြစ်လာကြသည်ကို မယုံနိုင်သလို ခံစားမိကြသည်။
ဖိုက်သွန်က စာချုပ်ကြောင့် ဇိုလာနှင့် အခြားသူများ အပေါ်တွင် သူ၏ ရပ်တည်ချက်ကို တမင်တကာ မနှိမ့်ချဘဲ မနှိမ့်ချ မထောင်လွှားသော တည်ငြိမ်မှုကို ထိန်းသိမ်းထား၏။ အမှန်တကယ်တွင် သူက ‘ထိုလောက’ မှ နတ်ဘုရားမ နှစ်ပါး ဖြစ်သော ဇိုလာနှင့် ကတ်သရင်းကို အလွန် အလေးထားဆဲ ဖြစ်ပြီး အထူးသဖြင့် ‘ဉာဏ်ပညာနတ်ဘုရားမ’ ကတ်သရင်းကို ပို၍ အလေးထားသည်။ နတ်ဘုရားမ ရာထူးကြောင့် ဖြစ်နိုင်၏။ သူတို့က ဖိုက်သွန်အား အလွန် ထူးခြားသော ခံစားချက်ကို ပေးစွမ်းနေသည်။
စေတန်နှင့် အဆုံးအဖြတ် တိုက်ပွဲသည် ၁၀ နှစ် ရွှေ့ဆိုင်းထားပြီး လက်ရှိအကျပ်အတည်းကို ယာယီ ဖြေရှင်းပြီးသော်လည်း လူတိုင်းက ထိုသို့ လေ့ကျင့်ရေး အခွင့်အရေးကို စွန့်လွှတ်ပြီး မပြန်သွားချင်ကြပေ။ ထိုအစား သူတို့က ဆက်လက် နေထိုင်ရန်၊ ပိုမို မြင့်မားသော စွမ်းအားအဆင့်သို့ ကြိုးစားရန်နှင့် ကြယ်နှစ်ပွင့် ဆင့်ကဲပြောင်းလဲမှုကို အမြန်ဆုံး သဘောပေါက်ပြီး ချန်လွေ့ အတွက် တကယ့် အင်အားတစ်ခု ဖြစ်လာစေရန် ဆုံးဖြတ်ခဲ့ကြသည်။
ကတ်သရင်း တစ်ယောက်ကသာ တိုင်းရေးပြည်ရာများကို စိုးရိမ်သည့် အတွက် အင်ပါယာသို့ အရင်ဦးစွာ ပြန်သွားပြီး အားလပ်သည့် အခါမှသာ လာမည်ဟု ပြောခဲ့လေသည်။ ကတ်သရင်းသည် ယခု နတ်ဘုရား တစ်ပိုင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး စူပါစနစ်၏ အဆင့်အတန်းကို ရရှိထားသည်။ သူသည် [ကြယ်နတ်ဘုရားစုံမြင်ကွင်း] ၏ အဓိက နက္ခတ်တာရာများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ သူနှင့် ဇိုလာတို့သည် ‘တာဝန်’ကို အစောဆုံး ပြီးမြောက် ခဲ့သူ နှစ်ယောက် ဖြစ်ပြီး ကျန်လူများ လိုက်မီရန် ပစ်မှတ်များ ဖြစ်လာခဲ့ ကြသည်။
ကတ်သရင်းသည် အရိပ်နက် အင်ပါယာ၏ ဧကရီ ဖြစ်သောကြောင့် ချန်လွေ့က သူ၏ ခံစားချက်များကို ကောင်းကောင်း နားလည်သည်။ ယခု ဂူရာဒန် အထူး ကင်းထောက်တစ်ဦး ဖြစ်နေပြီဖြစ်ရာ ကတ်သရင်း အဖွဲ့ကို မဦးဆောင်လျှင်ပင် အန္တရာယ်က အတော်လေး လျော့ကျသွားပေမည်။ ထို့အပြင် ဖိုက်သွန်၏ စွမ်းအားက နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ရောက်ရှိရန် သိပ်ပြီး ကြာမြင့်မည် မဟုတ်ပေ။ သူတို့ သတိထားနေသ၍ စမ်းသပ်ချက်၌ ပြဿနာ မရှိနိုင်ပေ။
ချန်လွေ့က လူတိုင်းအတွက် လေ့ကျင့်ရေးကို စီစဉ်ပြီးနောက် ကတ်သရင်းကို ရေကန်ပြာ တောင်တန်းရှိ ကြယ်မြို့ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
လက်ရှိ ကြယ်အမှတ် ၇ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။
မုန်တိုင်းကျွန်းနှင့် သိဒ္ဓိအလင်း တောင်ထိပ်တွင် တစ်ခုစီ ရှိကြသည်။ ၎င်းတို့က လူသား လောကအတွက် ဖြတ်သန်းသွားလာရာ လမ်းကြောင်း အဖြစ် တာဝန်ယူထားသည်။
ကြောက်မက်ဖွယ် မိုးပျံနယ်မြေ၌ တစ်ခု ရှိပြီး ၎င်းကို လူတိုင်း၏ လေ့ကျင့်ရေးအတွက် အသုံးပြုသည်။
နတ်ဆိုးဘုံ ပင်လယ်သေရှိ မီရို ပင်လယ်ပြင်တွင် တစ်ခု ရှိပြီး ၎င်းက လန်ဘို့စ်၏ ရေခဲပြင်သို့ တိုက်ရိုက် ဦးတည်သည်။
ရေကန်ပြာ တောင်တန်းရှိ ကြယ်မြို့တွင် တစ်ခု ရှိပြီး ၎င်းကို မကြာသေးမီက အသွားအပြန် ယာယီ တယ်လီပို့ လမ်းကြောင်းအဖြစ် သတ်မှတ်ထား၏။
ကြယ်ကြွေတမန် အင်ပါယာ၏ နန်းတော်တွင် တစ်ခု ရှိပြီး ၎င်းကို စေတန်နှင့် အမှောင်နတ်ဘုရားကျောင်း တပ်ဖွဲ့များ ပေါ်လာသည့် အခါတွင် အရေးပေါ် အကူအညီ အတွက် အသုံးပြုမည် ဖြစ်သည်။
သွေးရောင်အင်ပါယာ နန်းတော်၌ တစ်ခု ရှိပြီး ၎င်းကို စေတန်နှင့် အမှောင်နတ်ဘုရားကျောင်း တပ်ဖွဲ့များ ပေါ်လာသည့်အခါ အရေးပေါ် အကူအညီ အတွက် အသုံးပြုမည် ဖြစ်သည်။
မူလက အရိပ်နက် အင်ပါယာရှိ ကြယ်အမှတ်ကိုမူ ထိုအချိန်က ကတ်သရင်းကိုယ်တိုင် ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေတွင် လေ့ကျင့်နေရာ မီရိုပင်လယ်ပြင်သို့ ပြောင်းလဲခဲ့သည်။ လိုအပ်လျှင် ချန်လွေ့က ကတ်သရင်း နှင့်အတူ ပြန်လာစဉ် ကြယ်အမှတ်ကို နောက်တစ်ခါ ထပ်မံ သတ်မှတ်မည် ဖြစ်သည်။
ကတ်သရင်းက အသစ်အဆန်း ဖြစ်ပြီး အဆင့်မြှင့်တင်ထားသော ကြယ်မြို့ကို အံ့အားသင့်သွားသည်။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ထိုမြို့ပြကို မဟာဗျူဟာမြောက် အခြေစိုက်စခန်းကြီးတစ်ခု သို့မဟုတ် ရွေ့လျား ခိုလှုံရာတစ်ခု အဖြစ် အသုံးပြုနိုင်သည် ဟူ၍ပင်။
ကတ်သရင်း၏ နောက်ဆက်တွဲ အတွေးအမြင်အချို့က ချန်လွေ့ကို အမှန်ပင် အလွန် ထက်မြက်သလို ခံစားရစေခဲ့သည်။ ဥပမာအားဖြင့် လူသားလောကရှိ စစ်သည်များ၏ ‘တပ်ဖြန့်ပုံစံ’ ကို အသုံးပြု၍ အဂ္ဂိရတ် သတ္တဝါများ၏ တိုက်ခိုက်ရေး စွမ်းအားကို များစွာ တိုးတက်စေခြင်း။ လူသား စစ်သည်များက စုပေါင်း တိုက်ခိုက်ရာတွင် အတော်ဆုံးပင်။ သူတို့က ပုံမှန်အားဖြင့် မှော်ပုံစံကွက် သို့မဟုတ် မှော်စက်ဝိုင်းတစ်မျိုးမျိုးကို အသုံးပြု၍ အစွမ်းအားနှင့် ခွန်အားကို ပေါင်းစည်းကြသည်။ ထိုအရာက ထိုအစွမ်းထက် ပုဂ္ဂိုလ်များနှင့် ယှဉ်ပြိုင်ရန် မိမိတို့ ကိုယ်ပိုင်ထက် အဆများစွာ ပိုမို၍ ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်ပေမည်။
ယခု နတ်ဆိုးဘုံတွင် ကောလိပ် တည်ဆောက်မှုနှင့်အတူ ပညာရပ် ဆိုင်ရာ လေ့လာမှု အမျိုးမျိုးသည် မှော်စက်ကွင်း နှင့် စာလိပ်ပညာလို လူသိနည်းသော ဘာသာရပ်များ အပါအဝင် ဖွံ့ဖြိုးတိုးတက်သော အဆင့်သို့ ရောက်ရှိ လာခဲ့သည်။ သက်ဆိုင်ရာ ပစ္စည်းများနှင့် အသက်မွေးဝမ်းကျောင်းကိုလည်း အလွန်လူကြိုက်များသော ‘အဆုံးမဲ့စစ်သည်အွန်လိုင်း’ ဂိမ်းတွင် ထည့်သွင်း မိတ်ဆက်ခဲ့သည်။
ဂိမ်းထဲရှိ စာလိပ် မှော်ပညာရှင်နှင့် မှော်အစီအရင် ပညာရှင်တို့သည် သာမန် အသက်မွေးဝမ်းကျောင်းများ ဖြစ်သော်လည်း လူကြိုက်များလှ၏။ ယန္တရားပညာရှင်နှင့် ဆေးရည် ပညာရှင်တို့ထက် လုံးဝ မလျော့ပေ။ စာလိပ်ပညာရှင်၏ အခန်းကဏ္ဍက အလွန် ထင်ရှားပြီး အရေးကြီးသည့် အခိုက်အတန့်များတွင် အသက်ကိုပင် ကယ်တင်နိုင်သည်။ တစ်ချိန်တည်း မှော်အစီအရင် ပညာရှင်က အဖွဲ့ တစ်ဖွဲ့၏ တိုက်ခိုက်ရေး စွမ်းရည်ကို တိုးတက်စေနိုင်သည်။ အထူးသဖြင့် မကောင်းဆိုးဝါးများ ဝိုင်းတိုက်သည့် အဖြစ်အပျက်များတွင် မှော်အစီအရင် လက်ခံထားသော ကစားသမားများ ဖွဲ့စည်းထားသော အကြီးစား တပ်ဖြန့် ပုံစံများမှာ ယခင်က မရရှိနိုင်သော တိုက်စစ်နှင့် ခုခံရေးစွမ်းရည်များကို ပြသနိုင်ပြီး သေဆုံး ထိခိုက်မှုနှုန်းကို များစွာ လျှော့ချနိုင်ခဲ့သည်။
လက်တွေ့နှင့် ဂိမ်းများရှိ စာလိပ် များနှင့် မှော်စက်ကွင်းများကြားတွင် ခြားနားချက်အချို့ ရှိနေသော်လည်း ၎င်းတို့က အချင်းချင်း အပြန်အလှန် ဖြည့်ဆည်းပေးကြသည်။ နတ်ဆိုးဘုံ စာလိပ်ပညာနှင့် မှော်အစီအရင် ပညာတို့က အလွန် လျင်မြန်စွာ တိုးတက်လာပြီး ကဏ္ဍ များစွာကို စစ်တပ်တွင် အသုံးချခဲ့ပြီး စစ်တပ်၏ တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင် ပေးခဲ့သည်။
နတ်ဆိုးဘုံက ယခုအခါ အင်ပါယာ သုံးခု၏ မဟာမိတ်ဖွဲ့မှု အောက်တွင် ငြိမ်းချမ်းသော ကာလ တစ်ခုတွင် ရှိနေသော်လည်း သူတို့၏ သတိ ဝီရိယကို မလျှော့ချနိုင်ပေ။ အင်ပါယာ သုံးခု၏ အသင်းအဖွဲ့ကို ထာဝစဉ် ထိန်းသိမ်းထားနို င်လျှင်ပင် လောကကြီးသည် ငြိမ်းချမ်းမည် မဟုတ်ပေ။ ရေတိုတွင် အမှောင် နတ်ဘုရားကျောင်း၏ စိုးရိမ်ပူပန်မှု ရှိနေပြီး ရေရှည်တွင် အသူရာ ချောက်နက်၏ စိုးရိမ်ပူပန်မှုလည်း ရှိနေသည်။ ထို့အပြင် နှစ် ၁၀၀ ကြာပြီးနောက် လူသားလောကနှင့် စစ်ပွဲတစ်ခု ဖြစ်ပွားဦးမည် ဖြစ်သည်။
ချန်လွေ့က နတ်ဆိုးဘုံနှင့် လူသား လောက အကြား စစ်ပွဲမှာ အမှန် တကယ်၌ အဖြေ မပေါ်သော ပြိုင်ပွဲ တစ်ခုဖြစ်ကြောင်း သိရှိပြီးဖြစ်သည်။ နှစ်ဖက်စလုံးတွင် သေဆုံးခဲ့သော စစ်သားအများအပြားက စတေးမှု တစ်မျိုးမျိုးနှင့် ညီမျှသည်။ ရှာဖွေ တွေ့ရှိဖို့ စောင့်ဆိုင်းနေတဲ့ ပိုပြီး ကြီးမားတဲ့ လျှို့ဝှက်ချက်တွေက ရှိနေသေးတယ်။ ဖိုက်သွန်ကလည်း အားလုံး မပြောပြသေးဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် လုံးဝ နောက်ကျ မသွားခင် နှစ်၁၀၀ကျော် အချိန် ကျန်နေ သေးတယ်။ အဲဒီအချိန် ရောက်ရင် ဒီလိုအဆုံးမဲ့ စတေးမှု သံသရာကို ချိုးဖျက်ဖို့ ကြိုးစားရမယ်။
လောကနှစ်ခုကြားက စစ်ပွဲမှာ စတေးမှုတစ်ခု ဖြစ်ပြီး အမှောင် နတ်ဘုရားကျောင်းသည် ပုဂ္ဂိုလ်ရေး ရည်မှန်းချက် တစ်ခု ဖြစ်ပါက ချန်လွေ့က ထိုလောင်းကြေး စာချုပ် အောင်မြင်မှုကြောင့် ကံစမ်းမည် မဟုတ်ပေ။ မည်သို့ပင် ဖြစ်စေကာမူ သူ့တွင် ၁၀နှစ် အချိန်ရှိသေးရာ စေတန်ကို ကဏ္ဍ အားလုံးတွင် ကျော်လွှားရန် ယုံကြည်မှု ရှိသည်။
ထိုအရာများနှင့် နှိုင်းယှဉ်လျှင် အသူရာ ချောက်နက်က တကယ့် ပြဿနာ ဖြစ်သည်။ ယခုအခါ အဓိက ယဇ်ပလ္လင် သုံးခုကို ဖျက်ဆီးခဲ့ပြီး ဖြစ်ရာ အဓိက ကုန်းမြေကို အသူရာချောက်နက် တိုက်ခိုက်မှုကို များစွာ နှောင့်နှေး စေခဲ့သော်လည်း ထိုမျှနှင့် ရပ်တန့်မည် မဟုတ်သည်မှာ သေချာသည်။ တိမ်စီးနင်းအင်ပါယာ၊ လျှို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်း စသည်တို့မှ ကြည့်ရလျှင် လောကကြီးသည် ထိုသွေးနီရောင် ပျက်စီးခြင်းကို မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ရင်ဆိုင်ရမည်သာ ဖြစ်သည်။
စာလိပ်ပညာ၊ မှော်အစီအရင်ပညာ၊ ပညာရပ်အမျိုးမျိုး၊ နည်းဗျူဟာများ အပါအဝင် အရာ အားလုံးကို လက်ဆင့်ကမ်းပြီးနောက် ရှေ့ဆက် တိုးတက်စေပါက ချန်လွေ့နှင့် အခြားသူများ မရှိတော့သည့်တိုင် အသူရာချောက်နက်ကို တိုက်ခိုက် နိုင်စွမ်းမှာ များစွာ တိုးတက်လာမည် ဖြစ်သည်။
အဂ္ဂိရတ် သတ္တဝါများတွင် တပ်မှူး အမိန့်ကို လုံးဝ နာခံသည့် အထူး အရည်အချင်း ရှိသည်။ မှော်အစီအရင် ထပ်ပေါင်းထည့်ခြင်း အောင်မြင်ပါက သူတို့သည် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး စစ်ယန္တရားများ ဖြစ်လာကြမည်ဖြစ်ပြီး အထူးသဖြင့် ထိုအထူး အဆင့် သတ္တဝါများပင်။ သူတို့သည် အဆင့်မြင့်ပုဂ္ဂိုလ်များကို တိုက်ခိုက်နိုင်စွမ်းလည်း ရှိလာနိုင်သည်။
ချန်လွေ့က သလင်းကျောက် ဇာမဏီကို မှော်စက်ဝိုင်းနှင့် ပတ်သက်သော အသိပညာနှင့် ကိုယ်ပိုင် အတွေးအခေါ်များကို ပြောပြလိုက်သည်။ သလင်းကျောက် ဇာမဏီက သက်ဆိုင်ရာ သုတေသနနှင့် စမ်းသပ်မှုများကို သစ္စာရှိစွာဖြင့် ချက်ချင်း စတင် လုပ်ဆောင်ခဲ့သည်။ ထိုအရာအားလုံး ပြီးစီးသွားပြီးနောက် ချန်လွေ့က ကတ်သရင်း၊ အယ်ဒီလိုင်းနှင့် အခြား သူများနှင့်အတူ အမှောင်လမြို့သို့ ပြန်လာခဲ့သည်။
ရေကန်ပြာ တောင်တန်းသည် အမှောင်လ နယ်မြေ အတွင်းတွင် ရှိသည်။ ချန်လွေ့က ကြယ်သင်္ဘော မသုံးဘဲ ရွှေ့ပြောင်းခြင်း စွမ်းအားကို အသက်သွင်းကာ ခဏအကြာတွင် အမှောင်လသို့ ရောက်ရှိသွားသည်။
ယခုအခါတွင် ဆွေမျိုးများနှင့် မိတ်ဆွေအများစုက လေ့ကျင့်ရေး အတွက် ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေတွင် ရှိနေကြသည်။ အသီနာက ကိုယ်ဝန် ရှိနေ၏။ ခီရာနှင့် အခြားသူများက သူကို စောင့်ရှောက်ရန် နန်းတော်တွင် နေရစ်ခဲ့သောကြောင့် အိမ်သည် ယာယီအားဖြင့် လွတ်နေခဲ့သည်။ ချန်လွေ့က အမှောင်လ နန်းတော်သို့ တိုက်ရိုက် သွားခဲ့သည်။
မနက်ခင်း အချိန် ဖြစ်နေလေပြီ။ ချန်လွေ့နှင့် အခြားသူများ ပေါ်လာသည့်အခါ အသီနာ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားခဲ့သည်။
“ချန်လွေ့။ ကတ်သရင်း။ အိုလီဖီးရက်စ်။ အယ်ဒီလိုင်း။ လာလာရီယာ။ နင်တို့ အားလုံး ပြန်လာကြပြီပဲ။”
“အင်း၊ နင့်ပုံစံက ကြည့်ကောင်း သားပဲ။” ကတ်သရင်းက အသီနာကို ကြည့်လိုက်၏။ “အချိန်စောသေးပေမဲ့ အစားအသောက်နဲ့ ဘေးကင်းဖို့ကို ဂရုစိုက်နော်။ ငါ အရင်တစ်ခေါက် လုပ်ပေးခဲ့တဲ့ အစားအစာ စာရင်း အတိုင်းပဲစား။”
“သိပါပြီ။ ကတ်သရင်း။” အသီနာ ကတ်သရင်းကို ပြုံးပြီး ရှက်နေသော အယ်ဒီလိုင်းကို ခေါင်းညိတ် ပြလိုက်သည်။
အသီနာက မောင်းမဆောင်ထဲတွင် လူချစ်လူခင် အများဆုံး ဖြစ်ပြီး အထူးသဖြင့် ယခု မိခင်လောင်း တစ်ဦး ဖြစ်သည့်အတွက် ပို၍ပင် ချစ်ခင်ကြလေသည်။ သူက ကတ်သရင်းနှင့် ပြောစရာ အကြောင်း များစွာ ရှိသည်။ ကတ်သရင်းက သူ၏ ကိုယ်ဝန်ကို သတိပြုမိခဲ့သူ ဖြစ်ပြီး အသီနာက အဖိုးတန်သော ကိုယ်ဝန်ဆောင် အတွေ့အကြုံ များနှင့် အကြံဉာဏ်များစွာကိုလည်း ရရှိခဲ့သည်။
ချန်လွေ့က အသီနာကို သွားဖက် တော့မည်အချိန်န် အိုလီဖီးရက်စ်က ဦးသွားခဲ့သည်။ မစ်-နဂါးနက်၏ စိတ်ထဲတွင် အသီနာက မိတ်ဆွေ တစ်ဦးနှင့် ငွေရှင်တစ်ဦး ဖြစ်သည်။ အမှောင်လနှင့် မင်းသား အိုဆိုင်ဒန်တို့ တိုက်ပွဲကတည်းက စကားတည်သော အသီနာသည် အိုလီဖီးရက်စ်ကို ငွေများစွာ ရရှိစေခဲ့သည်။ သူက ဘယ်တော့မှ ကတိမဖျက်ဘဲ သာမန် နေ့များတွင်လည်း သူ့ကို ဂရုစိုက်ရာ ကောင်မလေး၏ စိတ်ထဲတွင် ထိပ်ဆုံး ၅ယောက်စာရင်းထဲ သေချာပေါက် ပါဝင်လေသည်။
“အသီနာ။ နင် အမေ ဖြစ်တော့မယ်လို့ ကြားတယ်။” မစ်နဂါးနက်သည် ပျော်ရွှင်စွာဖြင့် သူ၏နားကို အသီနာ၏ ပြားချပ် နေသော ဗိုက်တွင် ကပ်ကာ နားထောင်လိုက်လေသည်။ သူက ‘ကျွမ်းကျင်သူ’ တစ်ဦး ကဲ့သို့ပင် ခေါင်းညိတ်လိုက်လေသည်။ “ဒါက ကျန်းမာတဲ့ ဥတစ်လုံး ဖြစ်မယ်လို့ ထင်တယ်။”
အသီနာ - “...”
ချန်လွေ့ - “...”
စည်ကားနေစဉ် ချန်လွေ့သည် သူ၏ လက်မောင်းရှိ [မီးဇာမဏီ အမာရွတ်]က တဖြည်းဖြည်း ပူနွေး လာသည်ကို ရုတ်တရက် ခံစားမိလိုက်ပြီး ကတ်သရင်းလည်း တစ်စုံတစ်ခုကို ခံစားမိပုံရသည်။ မကြာမီတွင် အဝေးမှ သူ့သမီးငယ်၏ ပျော်ရွှင်စွာ အော်သံကို ကြားလိုက် ရလေသည်။ “မေမေ။ ဖေဖေ။”
မျက်စိ တစ်မှိတ် အတွင်းမှာပင် အနီရောင် အလင်းတန်း တစ်ခုက ပျံသန်းလာပြီး ကတ်သရင်း၏ ရင်ခွင်ထဲသို့ တိုးဝင်သွားလေသည်။ ၎င်းမှာ ချစ်လှစွာသော သော်သော်ပင် ဖြစ်၏။
ကလေးမလေးက မေမေ့ရင်ခွင်ထဲ ခဏတဖြုတ် ပွတ်သပ်နေပြီးနောက် ချန်လွေ့ထံသို့ လက်ကိုဆန့်တန်း လိုက်သည်။ “ဖေဖေ ချီပေး။”
ချန်လွေ့က ပြုံးရင်း လမ်းလျှောက် သွားကာ ကလေးမလေးကို ကတ်သရင်းထံမှ ချီယူပြီး နမ်းလိုက်သည်။ ကလေးမလေးက အဖေ ဖြစ်သူ၏ မျက်နှာပေါ်တွင် တံတွေးရာတွေ ပေသွားအောင် နမ်းလိုက်သည်။ သို့သော်လည်း သော်သော်လေးက ထိုစူးရှသော မုတ်ဆိတ်မွေးများကို မဟာဗျူဟာ ကျကျ ရှောင်ရှားခဲ့ပြီး ရံဖန်ရံခါ သူ၏ ဆွဲခြင်း စွမ်းရည်ဖြင့် ၎င်းတို့ကို ဖယ်ရှားရန် ကြိုးစားခဲ့လေသည်။
အသီနာက ထိုမိသားစု သုံးဦး၏ ရင်းနှီးမှုကို ကြည့်ရင်း သူ၏ ဗိုက်ကို ပွတ်သပ်လိုက်မိပြီး မျက်နှာပေါ်တွင် နွေးထွေးသော အမူအရာ တစ်ခု ပေါ်လာသည်။ ထိုအချိန်တွင် တံခါးဝ၌ ခီရာ၏ မကျေမနပ် ဖြစ်သော အသံ ထွက်ပေါ်လာသည်။ “ဒိုဒို၊ နင်က မေမေရှိတော့ ဒေါ်လေး ခီရာကို မလိုချင်တော့ဘူးလား။”
“ဒေါ်လေး အဲလစ်ကိုရောပဲ။” လိုလီ မင်းသမီးလေးကလည်း သူ၏ အမည်ကို ထည့်သွင်းပြောကြားလို၍ အလျင်အမြန် ထပ်ပြောလိုက်၏။
“အစ်မ အဲလစ်ပါ။” ဒိုဒိုက လိုလီ၏ ‘အမှား’ကို အချိန်မီ ပြန်ပြင်ပေးပြီး ခီရာဘက်သို့ လှည့်ကြည့်လိုက်သည်။ “ဒေါ်လေး ခီရာ။ သော်သော် ဗိုက်ဆာတယ်။”
“အင်းပါ။” ခီရာက မျက်မှောင် ကြုတ်ပြီး နေရာလွတ် လက်စွပ်ထဲမှ အစားအစာ အိတ်ကြီး တစ်လုံးကို ထုတ်ယူကာ စားပွဲ တစ်ခုလုံးကို ဖြည့်လိုက်သည်။ သော်သော်က ချက်ချင်းပင် ချန်လွေ့၏ ရင်ခွင်ထဲမှ ခုန်ထွက်ပြီး စားပွဲဆီသို့ ပျံသန်း သွားလိုက်သည်။
“ခီရာ၊ ဒီလောက် အများကြီး မလိုပါဘူး။” ချန်လွေ့က ပြုံးလိုက်၏။ “ကိုယ်တို့ မနက်စာ စားပြီးပြီ။ အခု နေ့လယ်စာ မစားခင် အချိန် နည်းနည်း ကျန်ပါသေးတယ်။”
“မဟုတ်ဘူး။ ဒါက ရှင်တို့ အားလုံး အတွက် မဟုတ်ဘူး။”
ခီရာ၏ စကားကြောင့် ချန်လွေ့ အံ့အားသင့်သွားသည်။ ထို့နောက် ရှေ့မှ မြင်ကွင်းကို မြင်သည့်အခါ ချန်လွေ့၏ အပြုံးက သူ၏ မျက်နှာ ပေါ်တွင် အေးခဲသွားသည်။
စားပွဲ အပြည့် အစားအစာများကို သော်သော်က မျက်စိ တစ်မှိတ် အတွင်း စားလိုက်ခြင်းပင်။
“သော်သော်။ အဆင်ပြေရဲ့လား။” ချန်လွေ့က အလျင်အမြန် သွားကာ သမီးဖြစ်သူကို ပွေ့ဖက်လိုက်သည်။
ကလေးမလေးက မျက်ရည်များ ဝဲလျက် ခေါင်းညိတ်လိုက်ရာ ချန်လွေ့ ထိတ်လန့်သွား၏။ “ဘာဖြစ်လို့လဲ။ သမီးလေး။”
“သမီး ဗိုက်ဆာနေသေးတယ်...”