သွေးရောင်ပိုးအိမ်
Vol. 67 Ch. 1074
ဒီလော့စ်ရို ပါးစပ်ထဲသို့ ချန်လွေ့ ခုန်ဝင်လိုက်သည်နှင့် အပြင်ဘက်ရှိ မီးလျှံများထက် အဆ(၁၀၀) ပို၍ ပြင်းထန်သည့် ကြောက်မက်ဖွယ်ရာ မီးလျှံစွမ်းအင် လွှမ်းမိုးသွားခြင်းကို ချက်ချင်း ခံစားလိုက်ရသည်။ သာမန် နတ်ဘုရား-ယောင် အလယ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦးဆိုလျှင် ချက်ချင်းပင် ပြာကျသွား နိုင်သည်။
သို့သော် ချန်လွေ့က ခြွင်းချက် ဖြစ်၏။
သူ့ပေါ်မှ [မီးဇာမဏီအမာရွတ်]က မီးထိခိုက်မှုကို ၉၀% လျှော့ချပေး နိုင်သည့်အပြင် မီးလုံးဝ ပြီးနိုင်သော အခွင့်အရေး ၁၀% ရစေနိုင်သည်။ ထိုအရာက အလင်းဒြပ်စင် စွမ်းအား ဆန့်ကျင်နိုင်သည့် [အလင်းကျက်သရေခန္ဓာ] ထက် ပိုမို အစွမ်းထက်ပေသည်။ ၎င်းက ထိုစဉ်က သူ၏ ချစ်လှစွာသော သမီးလေး၏ လက်ဆောင် ဖြစ်လေသည်။
ကြယ်ချပ်ကာက ပစ္စည်းများနှင့် စွမ်းရည်များကို ပေါင်းစည်းနိုင်ရာ အဝတ်ဗလာ ဖြစ်သွားမည့် အခြေအနေမှ ရှောင်ရှားနိုင်ခဲ့သည်။
လျှော့ချလိုက်သော မီးထိခိုက်မှုက အပြည့်အဝ အကျိုးသက်ရောက်မှု မရှိတော့သည် မဟုတ်သော်လည်း ချန်လွေ့က [ကြယ်အစောင့်အရှောက်တောင်ပံ] ကိုသာ အသက်သွင်းရန် လိုခဲ့သည်။ သို့သော် သူက နောက်ထပ်စွမ်းအား တစ်ခုကို မခုခံနိုင်ခဲ့ပေ။ ထိုအရာက ဝါးမျိုခြင်းပင်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ အသက် စွမ်းအင်နှင့် ယုံကြည်မှု စွမ်းအင်များက မြစ်ရေစီးသကဲ့သို့ ထိန်းမနိုင် သိမ်းမရ လျင်မြန်စွာ ပျောက်ဆုံးနေခဲ့သည်။ ထိုအရာက ဒီလော့စ်ရို၏ ‘အသက်ဝါးမျိုခြင်း’ နှင့် ‘ယုံကြည်မှုဝါးမျိုခြင်း’ ဟူသော ကြောက်မက်ဖွယ်ရာ စွမ်းအားများ ဖြစ်ကြပေသည်။
အထူးဆန်းဆုံးမှာ ဒီလော့စ်ရို၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် သူက ခန္ဓာကိုယ်တွင်း အင်္ဂါများကို မတွေ့ရဘဲ အပူချိန် မြင့်မားသော ငရဲလို နေရာတစ်ခုသာ တွေ့ရသည်။ သူ၏ ခန္ဓာကိုယ်က အဆုံးမရှိသော မှိုင်းမှောင်သည့် နေရာလွတ်ထဲသို့ ကျဆင်းသွားခဲ့သည်။
ထိုအခြေအနေက အရင်တစ်ခါ နိတ်မိတ်ပုံရိပ်ကြောင့် ဝါးမျိုခံရချိန် ထူးဆန်းသော စွမ်းအားဖြင့် ဝိုင်းရံ ခံရသော ခံစားချက်နှင့် လုံးဝကွာခြား သွားခဲ့လေသည်။ အကယ်၍သာ အခြားသော နတ်ဘုရား-ယောင် အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦးဆိုလျှင် ခက်ခက်ခဲခဲ စုဆောင်းထားသော တိုင်းပြည်တစ်ခုလုံး၏ ယုံကြည်မှုနှင့် အသက် စွမ်းအင်များ အပြည့်အဝ ဝါးမျိုခံရမည် ဖြစ်သည်။ နောက်ဆုံး သူက လုံးဝ ပင်ပန်းနွမ်းနယ်လာပြီး အကာအကွယ် စွမ်းအား ဆုံးရှုံး သွားကာ သေဆုံးခြင်းသို့သာ ဦးတည် သွားပေလိမ့်မည်။
ထိုအချိန် ချန်လွေ့၏ စူပါစနစ်ထဲရှိ ကြယ်စင်စုတိုင်းပြည် အစွမ်းအစက အပြည့်အဝ ပေါ်ထွက်လာသည်။ ကျယ်ပြောသော အသက်စွမ်းအင်နှင့် ယုံကြည်မှု စွမ်းအင်က ကုန်ခမ်း လုနီးပါး ဖြစ်သော်လည်း ချန်လွေ့ကို အမြဲတမ်း ကာကွယ်ပေးထားသည်။ သို့သော် သူသည် အမြဲ နိမ့်ကျသော အနေအထားတွင်သာ ရှိနေခဲ့သည်။ မကြာမီ သူ၏ စွမ်းအားများ ကုန်ဆုံးတော့မည် ဖြစ်ရာ ၎င်းသည် သေဆုံးရမည်ကို စောင့်ဆိုင်းနေရ သကဲ့သို့ပင် ဖြစ်သည်။
ထို့ပြင် အဆုံးထိ ကျသွားပြီးနောက် အိုလစ်ဖီးရက်စ်နှင့် ချိတ်ဆက်မှုကို လုံးဝ မခံစားရတော့ပေ။
ချန်လွေ့က တိုက်ပွဲပေါင်းများစွာ ကြုံတွေ့ ခဲ့ဖူးသောကြောင့် လူသစ် တစ်ဦး မဟုတ်တော့ပေ။ ယခင် [ရှုထောင့်ဖျက်ဆီးခြင်း]မှ ဒီလော့စ်ရို၏ တိုက်စစ်နှင့် ခံစစ်စွမ်းအားမှာ မိမိထက် အများကြီး သာလွန်သော်လည်း လုံးဝ မတုန်ခါနိုင်စရာ မဟုတ်ကြောင်း သူ မြင်နိုင်ခဲ့သည်။ သူ့ရှေ့ရှိ ထိုဖြေရှင်း မရနိုင်လုနီးပါး အခြေအနေသည် တကယ်တမ်းတွင် မဖြေရှင်းနိုင်သော အခြေအနေမျိုး မဟုတ်။ အဓိကမှာ အားနည်းချက်များကို ရှာဖွေပြီး မျှခြေတစ်ခုခုကို ဖြိုခွင်းကာ အားနည်းချက်များကို ဖန်တီးရန်ပင် ဖြစ်သည်။
“[မီးလိုကျူးကျော်]!” ချန်လွေ့က တိုက်ခိုက်မှုစွမ်းအားကို မြှင့်ပေးသော စွမ်းရည်ကို အသက်သွင်းလိုက်သည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဧရာမ အလင်းလုံး ၇ လုံးက ရှေ့တွင် ပေါ်လာကာ တပြိုင်နက်တည်း ပေါက်ကွဲသွားကြသည်။
[ကြယ်(၇)ပွင့်ပေါက်ကွဲခြင်း] ၏ စွမ်းအားက အားကောင်းသော်လည်း ပတ်ဝန်းကျင်ရှိ နေရာလွတ်က အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိခဲ့။ ချန်လွေ့က မျက်မှောင်ကြုတ်ကာ နောက်ထပ် အစွမ်းထက်သော ဧရိယာ တိုက်ခိုက်မှုကို ထပ်မံ အသက်သွင်းလိုက်ပြန်သည်။
“[ဓူဝံကြယ်မုန်တိုင်း]!”
မရေတွက်နိုင်သော ကြောက်မက်ဖွယ် ကြယ်အလင်းတန်းများက မရဏ အလင်းကွေးများ ဖြစ်လာသည်။ [ဝူဝံကြယ်မုန်တိုင်း]က နေရာလွတ်ကို ဖြတ်ပြီး တဝီဝီ မြည်နေသော်လည်း အချည်းနှီးသာဖြစ်သည်။ ၎င်းသည် လေထဲတွင် လက်သီးချက် ရာပေါင်း များစွာ ထိုးသကဲ့သို့ အသုံးမဝင်ခဲ့ပေ။
ချန်လွေ့က မျက်မှောင်ကြုတ် လိုက်လေသည်။ ဒီနေရာလွတ်မှာ ဝါးမျိုခြင်း စွမ်းအားနဲ့ ဖိနှိပ်ခြင်း စွမ်းအားကလည်း အတော်လေး အားကောင်းတယ်။ ငါ့ရဲ့ တိုက်ခိုက်မှု စွမ်းအားက ပုံမှန်ထက် အများကြီး နိမ့်နေပြီးတော့ ကြယ်စွမ်းအား သုံးစွဲမှုကလည်း နှစ်ဆ နီးပါးပဲ။ အခက်ခဲဆုံးက ငါ့ရဲ့ အစွမ်းထက် တိုက်ခိုက်မှု နှစ်ခုလုံးက လုံးဝ အကျိုးသက်ရောက်မှု မရှိတာပဲ။
ထိုစဉ် သူ၏ ရင်ဘတ်ထဲမှ ရေရိပ်ပုလဲ ရုတ်တရက် တုန်ခါလာပြီး ရေတွက်မရနိုင်သော အပြာရောင် အလင်းတန်းများ ပတ်ဝန်းကျင်သို့ ပျံ့လွင့်သွားခဲ့သည်။ ထိုအပြာရောင် အလင်း၏ စွမ်းအားကြောင့် မူလက သေဆုံးနေသော နေရာလွတ်တွင် အမျိုးမျိုးသော ‘ပုံစံကွက်’ များက ချက်ချင်း ပေါ်လာခဲ့သည်။
“ဒါက ဒီလော့စ်ရိုရဲ့ အသူရာ ချောက်နက် နေရာလွတ် စွမ်းအား ဖြစ်ရမယ်။ ဒီနေရာလွတ်က အဆက်မပြတ် ပြောင်းလဲနေပြီးတော့ မရေတွက်နိုင်တဲ့ ရွေ့လျားနေတဲ့ နေရာလွတ် အလွှာတွေ အထပ်လိုက် ဖွဲ့စည်းထားတာပဲ။ အဲဒါက အဆုံးမဲ့ ကွင်းဆက်တစ်ခုကို ဖန်တီးနေတယ်။ မင်းက နေရာလွတ်ရဲ့ ရွေ့လျားမှု လမ်းကြောင်းကို ရှာရမယ်။ ပြီးရင် အားအနည်းဆုံး အဆက်နေရာကို တိုက်ခိုက်ရမယ်။ ဒါပေမဲ့ ရေရိပ်ပုလဲမှာ အချိန် အကန့်အသတ် ရှိတယ်။ ဒါကြောင့် မင်း မြန်မြန် လုပ်ရမယ်။”
ရေဒြပ်စင် ဘုရင်၏ အသံ ထွက်ပေါ်လာသည်။ ထိုပုလဲက လန်ဘို့စ်၏ မျက်စိနှင့် နားသဖွယ်ပင်။ သူက အပြင်ဘက် အခြေအနေကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။ ထိုပုလဲ၏ အရည်အသွေးကလည်း အလွန် ထူးခြားပေသည်။ ၎င်းက ဒီလော့စ်ရို၏ စွမ်းအားကြောင့် မကွဲကြေ သွားခဲ့ပေ။ ချန်လွေ့၏ ထူးခြားသော ခန္ဓာနှင့် ကြယ်စွမ်းအား ကာကွယ်မှုသည်လည်း အဓိက အကြောင်းရင်းတစ်ခု ဖြစ်သည်။
ချန်လွေ့၏ မျက်လုံးများ လင်းလက် သွားခဲ့သည်။ လန်ဘို့စ်က ရေရိပ်ပုလဲမှာ ဒီလော့စ်ရို၏ တိုင်းပြည်အပေါ် အထူးချုပ်တည်းမှု တစ်ခု ရှိနေကြောင်း ပြောခဲ့ဖူးသည်။ သို့သော် ၎င်း၏ စွမ်းအားက အကန့်အသတ်ရှိပြီး လုံးဝအားကိုး၍ မရပေ။ ယခင်က ဒီလော့စ်ရိုကို သတ်ရန် [ရှုထောင့်ဖျက်ဆီးခြင်း] ကို အသက်သွင်းခဲ့စဉ်တွင် အသုံးပြုရန် အခွင့်အရေး မရှိခဲ့ပေ။ ယခုမူ ၎င်းသည် ထိုနေရာတွင် အသုံးဝင် ခဲ့လေပြီ။
ချန်လွေ့က ချက်ချင်းပင် [အထူးစိစစ်မှု]ကို အသက်သွင်း လိုက်သည်။ ရေရိပ်ပုလဲ၏ ပုံစံကွက်က မမြင်နိုင်သော ပုံရိပ်တစ်ခု အပေါ်တွင် အထူး ‘ပုံဖော်ဆေး’ တစ်မျိုး လောင်းချလိုက် သလိုမျိုးပင် ရောင်ခြည်များ ဖြာထွက် နေခဲ့သည်။ မူလ ဖုံးကွယ်ထားသော စုတ်ချက်များနှင့် အရောင်များက ရုတ်တရက် ပေါ်ထွက်လာသည်။
လန်ဘို့စ် ပြောခဲ့သလိုမျိုးပင် ရေရိပ်ပုလဲ၏ အာနိသင်က အတော်လေး အကန့်အသတ် ရှိပြီး အပြာရောင်အလင်းက ခဏအကြာ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ထိုအချိန်တိုအတွင်းတွင် ချန်လွေ့က ထိုနေရာလွတ်ကွင်းဆက်၏ စည်းချက်ကို နားလည်သွားခဲ့လေပြီ။ သူ အော်လိုက်ရာ [မီးလိုကျူးကျော်] ၏ စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး ညာလက်ထဲရှိ စုဆောင်းထားသော စွမ်းအားများက ပေါက်ထွက်သွားကာ ပြင်းထန်သော ပျက်စီးခြင်း အငွေ့အသက်ပါသည့် အနီရောင် အလင်းတစ်ခု ပေါက်ကွဲ ထွက်လာသည်။
[အစစ်အမှန်အနီရောင်ပျက်သုဉ်း]!
[အစစ်အမှန်အနီရောင်ပျက်သုဉ်း] ၏ အနီရောင် အလင်းက နေရာလွတ်ကို ပုံမှန်အတိုင်း နှစ်ပိုင်း ခွဲလိုက်ခြင်းမျိုး မဖြစ်စေဘဲ ထိုအစား မျဉ်းဖြောင့်တစ်ခုကို လျှပ်စီးပုံစံအဖြစ် ခေါက်လိုက်သလို အနီရောင်အလင်း ရုတ်တရက် ကောက်ကွေ့သွား၏။
အမှန်၌ ထိုသို့ အစွမ်းထက်သော အန္တိမ တိုက်ခိုက်မှုသည် နေရာလွတ် အဓိက အစိတ်အပိုင်းကို တိကျစွာ ထိမှန်ခဲ့ပြီး အဆက်မပြတ် လည်ပတ် နေသော နေရာလွတ်၏ စွမ်းအားကို ဖျက်ဆီးကာ အရေးပါသည့်အချက်မှာ ပိတ်ဆို့နေသော နေရာလွတ်ကြောင့် ဖြစ်လာသည့် အက်ကွဲကြောင်းပင်။
“[လေလိုမြန်ဆန်]!”
ချန်လွေ့က လျင်မြန်သည့် လျှပ်စီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး နေရာလွတ်က [အစစ်အမှန်အနီရောင် ပျက်သုဉ်း] ကို မဝါးမျိုတွင် အက်ကွဲကြောင်းထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
အတားအဆီး အလွှာများစွာကို ဖြတ်ကျော်ပြီးနောက်ဆုံးတွင် မူလက သေဆုံးနေသော နေရာလွတ်ကို ထိုးဖောက်ပြီးနောက် ချန်လွေ့က ရှေ့တွင် အလင်းရောင် တောက်ပ လာကြောင်း ခံစားမိ လိုက်သည်။ မှောင်မိုက်နေသော နေရာလွတ်မှ တောက်ပသည့် သွေးနီရောင် နေရာလွတ် အဖြစ် ပြောင်းလဲသွား၏။
၎င်းက အလွန်ပင် ကြီးမားသည့် လိုဏ်ဂူကဲ့သို့ ပတ်ဝန်းကျင်တစ်ခုပင်။ လူသားလောကရှိ အိပ်မက်ဆိုး တောနက်ထဲမှ အိပ်မက်ဆိုး မီးတောင်တွင် ချန်လွေ့ ကြုံတွေ့ ခဲ့ရသော မြင်ကွင်းနှင့် အနည်းငယ် ဆင်တူသည်။ နေရာလွတ်က ကျယ်ပြန့်သော်လည်း ထိုနေရာမှ လေထုသည် ထိုနေရာထက် အများကြီး စိတ်ဓာတ်ကျဖွယ်ရာ ကောင်းနေပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။
ချန်လွေ့က အိုလစ်ဖီးရက်စ်နှင့် ချိတ်ဆက်မှု အငွေ့အသက်ကို ချက်ချင်းပင် ခံစားမိခဲ့သည်။ ၎င်းက ရှေ့တည့်တည့်တွင်ပင်။
ရှေ့ကိုကြည့်လိုက်ရာ ထင်းခနဲ အဖြစ်ဆုံးမှာ နေရာလွတ်ထဲရှိ ဧရာမ သွေးရောင် ဝဲကတော့ပင် ဖြစ်သည်။
သွေးရောင် ဝဲကတော့သည် ချန်လွေ့ကို အလွန် အန္တရာယ်ရှိသည့် ခံစားချက်မျိုး ပေးခဲ့သည်။ ဝဲကတော့ အရှေ့ရှိ မြေပြင်တွင် သေးငယ်ပြီး ကြီးမားသော အနီရောင် အရာများ ထောင်နှင့်ချီ ရှိနေသည်။ သေချာ ကြည့်လိုက်ရာ ၎င်းတို့သည် သတ္တဝါ အမျိုမျိုး ခေါင်းကိုသာ ဖော်ထားသည့် ပိုးအိမ်ကဲ့သို့ အရာများပင်။ ထိုသတ္တဝါ အများစုသည် သက်ရှိများ ဖြစ်ပြီး များပြားသည့် စိတ်ခံစားမှု စွမ်းအား ထုတ်လွှတ်နေခဲ့သည်။ ထိုအရာက မျှော်လင့်ချက်မဲ့ခြင်းပင်။
မစ်-နဂါးနက်၏ ချိတ်ဆက်မှု အငွေ့အသက်က အတွင်းထဲမှ လာနေလေသည်။ ချန်လွေ့က အငွေ့အသက် အတိုင်း သွေးရောင် ပိုးအိမ်တစ်ခုကို ရှာတွေ့ခဲ့သည်။
အသေအချာပင် မစ်-နဂါးနက်က အကျဉ်းချ ခံထားရသည်။ သူ၏ မျက်လုံးနက်များက အာရုံစိုက်မှု ပျောက်ဆုံးနေပုံရပြီး အရှေ့မှ ဝဲကတော့ကို မျက်တောင် မခတ်ဘဲ ကြည့်နေခဲ့သည်။
“အိုလစ်ဖီးရက်စ်!” ချန်လွေ့ အော်လိုက်သော်လည်း မစ်-နဂါးနက် ဘာမှ ပြန်မတုံ့ပြန်ခဲ့ပေ။ သူ၏ မျက်နှာက သေနေသော ခန္ဓာကိုယ် သဖွယ် တွေဝေနေခဲ့သည်။
ထိုစဉ် ချန်လွေ့၏ ရင်ဘတ်ပေါ်ရှိ ရေရိပ်ပုလဲက အပြာရောင် အလင်းလှိုင်းများ ထပ်ထုတ်လိုက်ပြီး အိုလစ်ဖီးရက်စ်၏ မျက်နှာပေါ်သို့ လင်းသွားခဲ့သည်။ တဖြည်းဖြည်းနှင့် မစ်-နဂါးနက်၏ မျက်လုံးများသည် နောက်ဆုံးတွင် အသက်ဝင်လာ၏။
“သူဌေး…” အိုလစ်ဖီးရက်စ်က ချန်လွေ့ကို မြင်လိုက်ရပြီး သူ၏ အားနည်းသော အသံထဲ အံ့အားသင့်မှု အပြင်းအထန် ရှိနေခဲ့သည်။
“အယ်ဒီလိုင်းနဲ့ တခြားသူတွေ ဘယ်မှာလဲ...”
“ကျွန်မ မသိဘူး…” မစ်-နဂါးနက် ရုတ်တရက် တစ်ခုခု သတိရသွားပြီး ကြောက်လန့်တကြား အမူအရာကို ပြသကာ ငိုချခဲ့သည်။ “ဗက်ဇယ်နာ… ဗစ်ဆီနာ အစားခံလိုက် ရတယ်! အယ်ဒီလိုင်းနဲ့ တခြားသူတွေကို သွားကယ်လိုက်ဦး!”
“အစားခံလိုက်ရတယ် ဟုတ်လား” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ မစ်-နဂါးနက် စိတ်ရောရုပ်ပါ အလွန် ပင်ပန်းနွမ်းနယ်နေကြောင်း မြင်တော့ သူ ထပ်မမေးတော့ပေ။ “စိတ်မပူပါနဲ့၊ ငါ အယ်ဒီလိုင်းနဲ့ တခြားသူတွေကို ရှာလိုက်မယ်။ ကောင်းကောင်းအိပ်။ နိုးလာရင် အဆင်ပြေသွားလိမ့်မယ်။”
ထိုသို့ ပြောလိုက်ပြီး နောက်တွင် ချန်လွေ့က ကြယ်အပ်နှင်းစင်မြင့်၏ စွမ်းအားကို အသက်သွင်းလိုက်သည်။ အိုလစ်ဖီးရက်စ် သွေးရောင်ပိုးအိမ်မှ ချက်ချင်း ပျောက်ကွယ် သွားပြီး ပေါင်းစည်းထားသည့် အခြေအနေနှင့် စူပါစနစ်ထဲသို့ သိမ်းခံခဲ့ရသည်။ ထိုသို့ ပေါင်းစည်းထားသည့် အခြေအနေ၏ အမြင့်ဆုံးကြာချိန်မှာ ၃ရက် ဖြစ်ပြီး စိတ်နှင့် ရုပ်ပိုင်း ထိခိုက်မှုများကို ထိထိရောက်ရောက် ကုသပေးနိုင် သည်ဟု သူ ယုံကြည်သည်။ မစ်-နဂါးနက်က ပေါင်းစည်းထားသည့် အခြေအနေမှ နိုးလာပြီးနောက်တွင် ပြန်လည် ကောင်းမွန်လာလိမ့်မည်။
အခု မေးစရာ ရှိတာက အယ်ဒီလိုင်း၊ ဟယ်လင် နဲ့ လာလာရီယာတို့ အသက်ရှင်နေ သေးလား ဆိုတာပဲ။
ချန်လွေ့က အလျင်အမြန်ပင် သွေးရောင်ပိုးအိမ်များကို ရှာဖွေရန် စတင်ခဲ့သည်။ ထိုအချိန်တွင် သူ့ရှေ့မှ ‘ဝဲကတော့’သည် အစာချေဖျက်သည့် ကိုယ်တွင်းအင်္ဂါတစ်ခုလို ရုတ်တရက် ရွေ့လျားလာပြီး ပြင်းထန်သော ဝါးမျိုခြင်း စွမ်းအားကို ထုတ်လွှတ် လိုက်သည်။ ချဉ်းကပ် လာသော သွေးရောင်ပိုးအိမ် အခု ၁၀၀ နီးပါး ရုတ်တရက် ပျံလာပြီး ဝဲကတော့ ဆီသို့ ပျံသန်းသွားခဲ့သည်။
ချန်လွေ့ အမြန် တွေးလိုက်သည်။ ထို့နောက် “ဗက်ဇယ်နာ အစားခံ လိုက်ရတယ်” ဟူ၍ အိုလစ်ဖီးရက်စ် ပြောခဲ့သည်ကို သူ နောက်ဆုံးတွင် နားလည်ခဲ့သည်။ ဒီ’ဝဲကတော့’က ယဇ်ပလ္လင် တစ်ခုခု ဖြစ်မယ်!
အိုလစ်ဖီးရက်စ်နဲ့ အခြားသူတွေ ‘ရတနာရှာဖွေမှု’ အတွက် အဓိက ယဇ်ပလ္လင်ထဲ ဖောက်ထွင်းဝင်ခဲ့တာ ဖြစ်နိုင်တယ်။ နောက်တော့ သူတို့ကို ဒီလော့စ်ရိုက ဖမ်းခဲ့ပြီး စတေးခံ အနေနဲ့ ဒီစတေးခံ နေရာလွတ်ထဲမှာ အကျဉ်းချထားတာပဲ။
အချိန်တစ်ခုတွင် ‘ဝဲကတော့’က သတ်မှတ်ထားသော စတေးခံ ဓလေ့ထုံးတမ်းကို ပြီးမြောက်ရန် သွေးရောင်ပိုးအိမ် ပမာဏ တစ်ခုကို အလိုအလျောက် စုပ်ယူလိမ့်မည်။ ဗက်ဇယ်နာ၏ ဝိညာဉ် ကွင်းဆက် ပျောက်ကွယ်သွားရခြင်းမှာ ကံမကောင်းဘဲ ချန်လွေ့ သူ့ကို မတွေ့ခင်တွင် ဝါးမျိုခံရသည့်အတွက် သေဆုံးခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် ပြန်ပြောရလျှင် ဗက်ဇယ်နာ၏ ဝိညာဉ်ကွင်းဆက် မပျောက်ခဲ့ပါက ချန်လွေ့သည် ပင်လယ်သေဘက်မှ ‘မိသားစုလည်ပတ်ခြင်းနှင့် ရတနာ ရှာဖွေခြင်းအဖွဲ့’ ဘာဖြစ်သွားကြောင်း လုံးဝ သိနိုင်မည် မဟုတ်ပေ။
ချန်လွေ့၏ မျက်လုံးများ ရပ်တန့် သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ‘စတေးခံ’ များထဲတွင် ရင်းနှီးသော မျက်နှာနှစ်ခု ဖြစ်သည့် ဟယ်လင်နှင့် လာလာရီယာ တို့နှင့်အတူ ပိုမို၍ သေးငယ်သော သွေးရောင်ပိုးအိမ် နှစ်ခုကို သူ ရုတ်တရက် မြင်လိုက် ရသောကြောင့်ပင်!
“[သစ်တောလိုနှေးကွေး]!”
ဝဲကတော့ဆီသို့ ပျံသန်းနေသော သွေးရောင် ပိုးအိမ်များ၏ အရှိန်က ရုတ်တရက် နှေးကွေးသွားခဲ့ပြီး ပတ်ပတ်လည်ရှိ အရာအားလုံးလည်း ‘နှေးကွေး’ သွားခဲ့သည်။ ထိုအချိန် ချန်လွေ့သည် ဝဲကတော့၏ ရှေ့တွင် ပေါ်လာခဲ့ပြီး သွေးရောင် ပိုးအိမ် နှစ်ခုကို တစ်ခုပြီးတစ်ခု ဖမ်းလိုက်၏။ သူတို့က အသေအချာပင် ဟယ်လင် နှင့် လာလာရီယာတို့ ဖြစ်လေသည်!
မျက်စိ တစ်မှိတ် အတွင်းမှာပင် ဝဲကတော့က မူလအရှိန် ပြန်လည် စတင်ပြီးနောက် သွေးရောင် ပိုးအိမ် အားလုံးကို မျိုချလိုက်လေသည်။ တစ်ချိန်တည်းမှာပင် ချန်လွေ့သည် သူယူသွားခဲ့သော သွေးရောင်ပိုးအိမ် နှစ်ခုနှင့်အတူ အဝေးတွင် ပေါ်လာပြီး မောဟိုက်နေခဲ့သည်။ [ဓူဝံကြယ် အသွင်ပြောင်းလဲခြင်း]ကို အသက်သွင်း လိုက်သည့် အချိန် ကတည်းက ယခုထိ သူသည် ကြယ်စွမ်းအား များစွာကို သုံးစွဲခဲ့ပြီး ဖြစ်သည်။ ခုနက အချိန်အရှိန်အဝါကို ထပ်မံ အသက်သွင်း လိုက်ပြန်ရာ စွမ်းအား မလုံလောက်ကြောင်း သူ ခံစားလိုက်ရသည်။
သူတို့ နှစ်ဦးစလုံးက ကြယ်တစ်ပွင့် [ကြယ်အဆင့်တိုးမြှင့်မှု] မလုပ်ရသေးပေ။ သူက ထိုနေရာတွင် ကြယ်အပ်နှင်းခြင်း လုပ်နိုင်လျှင်ပင် သူတို့သည် အိုလစ်ဖီးရက်စ်ကဲ့သို့ ကြယ်အပ်နှင်းခြင်း စင်မြင့်ထဲသို့ ပေါင်းစည်း၍ မရနိုင်ပေ။ ထို့ကြောင့် သူက ကျက်သရေမျှော်စင် ကိုသာ အသုံးပြု၍ ရနိုင်သည်။ သို့သော် ထိုကဲ့သို့သော သွေးရောင်ပိုးအိမ်တွင် အသူရာချောက်နက် စွမ်းအားသည် အလွန် အားကောင်းစွာ ရှိနေရာ သူတို့ကို ကျက်သရေမျှော်စင်ထဲတွင် ထိန်းသိမ်း မရနိုင်ပေ။ သွေးရောင် ပိုးအိမ်ကို အရင် ဖယ်ရှားရပေမည်။