မင်းသမီးလေး၏ဇာတ်လမ်း
Vol. 3 Ch. 31
တောင်တက်လမ်းကြောင့် ရှောင်ချင်းအာက အသက်ရှုမ၀သလိုပင်ဖြစ်သွားခဲ့သည်။သို့သော် သူမကစိတ်ဓာတ်မကျခဲ့ပေ။
ထိုအစား သူမ၏လက်နှစ်ဖက်ကို ခါးပေါ်တင်ကာ မားမားမတ်မတ်ရပ်နေခဲ့သည်။
"မင်းသမီးလေး..."
လီယွမ်က သူမကိုပြုံးရွှင်စွာဖြင့် နှုတ်ဆက်ခဲ့သည်။ထိုအရာသည် စည်းစိမ်ဥစ္စာနတ်ဘုရားအား လာရောက်ကြိုဆိုရသည့်အခါမှသာ ရရှိလာသောခံစားချက်မျိုးဖြစ်သည်။
"အဟမ့်...အစ်ကိုကြီးလီယွမ်...ငါကကလေးတစ်ယောက်မဟုတ်တော့သလို မင်းသမီးတစ်ယောက်လည်းမဟုတ်တော့ဘူး...ငါ့ကိုချင်းအာလို့ပဲခေါ်လို့ရပါတယ်"
ရှောင်ချင်းအာက ချက်ချင်း၀င်ပြောလိုက်သည်။
ကလေးများက လျင်မြန်စွာပင်ဖွံ့ဖြိုးကြီးထွားလာကြသည်။လီယွမ်သူမအား စတွေ့ချိန်က ရှောင်ချင်းအာ၏အရပ်သည် သူ၏ပေါင်လယ်လောက်သာရှိသော်လည်း ယခုအခါတွင် သူ၏ခါးထက်ပင်ပိုမြင့်နေကြောင်း လီယွမ်သတိထားမိလိုက်သည်။
သူမ၏ပုံပန်းသွင်ပြင်ကလည်း တဖြည်းဖြည်းရင့်ကျက်လာခဲ့ကာ ကလေးတစ်ယောက်အဖြစ်မှ ငယ်ရွယ်နုပျိုသောမိန်းကလေးတစ်ယောက်အဖြစ် ကူးပြောင်းလာခဲ့သည်။
"မင်းရဲ့ခရီးဆောင်အိတ်ကို ငါကူသယ်ပေးမယ်"
လီယွမ်က သူမကိုကြည့်၍ ပြုံးလိုက်သည်။
"မလိုအပ်ဘူး...ဒီတစ်ကြိမ်မှာ ဘယ်သူ့ကိုမှအနှောင့်အယှက်မပေးဘဲ ကိုယ့်ကိုကိုယ်အားကိုးရမယ်လို့ ငါ့အဖေကပြောခဲ့တယ်...အဲလိုမှသာ ငါကထူးချွန်တဲ့ဂူသခင်တစ်ယောက်ဖြစ်လာလိမ့်မယ်"
ရှောင်ချင်းအာက ပြတ်ပြတ်သားသားငြင်းဆိုလိုက်သည်။
လီယွမ်သည် ကြောင်အသွားခဲ့ပြီး စန်းလန်ဘုရင်လိုစစ်သည်တော်က ဂူပညာအကြောင်း ဘာမှမသိဟုအော်ပြောချင်ခဲ့သည်။
"ဒါဆိုရင်လည်း ငါ့နောက်ကလိုက်ခဲ့"
လီယွမ်သည် အခြားသူများ၏ကိစ္စတွင် ၀င်မပါရန်ဆုံးဖြတ်လိုက်ပြီးနောက် ခရီးဆောင်အိတ်အားမချတမ်းသယ်ဆောင်ထားသော ရှောင်ချင်းအာကိုဦးဆောင်၍ စန်းဂူမျှော်စင်ဘေးနားရှိ အဆောက်အဦးလေးထံခေါ်ဆောင်သွားခဲ့သည်။
"အစ်ကိုယွမ်...ဘယ်သူလာတာလဲ"
၀မ်ကျောက်ကျောက်က တစ်စုံတစ်ယောက်၏ခြေသံကို ထပ်ဆောင်းကြားလိုက်ရ၍ မေးလိုက်သည်။
"စန်းလန်နယ်မြေရဲ့ မင်းသမီးလေးရှောင်ချင်းအာပါ...ချင်းအာ...ဒါကငါ့ရဲ့ညီမလေးရှောင်ကျောက်...ခုကစပြီးမင်းတို့နှစ်ယောက် အတူတူအိပ်ကြရလိမ့်မယ်"
လီယွမ်က ရှောင်ချင်းအာကိုမိတ်ဆက်ပေးလိုက်သည်။
"တွေ့ရတာ၀မ်းသာပါတယ်...ရှောင်ကျောက်"
ရှောင်ချင်းအာက မာန်မာနမထားဘဲ ချိုသာစွာနှုတ်ဆက်လိုက်သည်။
"အတူတူပါဘဲ မင်းသမီးလေး..."
ဆန့်ကျင်ဘက်တွင် ၀မ်ကျောက်ကျောက်က အနည်းငယ်ထိတ်လန့်သွားခဲ့သည်။ဤသည်မှာ အဆင့်မြင့်ပုဂ္ဂိုလ်မျိုးကို ပထမဆုံးအကြိမ်တွေ့ဆုံရခြင်းဖြစ်သည့်အတွက် သူမကိုယ်တိုင်ပင် စိတ်မထိန်းနိုင်ဘဲ တုန်လှုပ်သွားခဲ့ရသည်။
"ညီမကို ချင်းအာလို့ပဲခေါ်ပါ"
ရှောင်ချင်းအာသည် ဤနေရာနှင့်လိုက်လျောညီထွေဖြစ်ရန် ကြိုးစားနေခဲ့ကာ သူမ၏အဖေကိုသက်သေပြရန် စိတ်ဆုံးဖြတ်ထားခဲ့သည်။
…
နောက်တစ်နေ့မနက်တွင် ရှောင်ချင်းအာသည် မျက်ကွင်းများညိုမဲလျက် အိပ်ရာမှထလာခဲ့သည်။ယခုအခါ သူမ၏မျက်နှာပေါ်ရှိ အပြုံးများကပျောက်ကွယ်နေခဲ့ပြီဖြစ်သည်။
"မင်္ဂလာနံနက်ခင်းပါ အစ်ကိုကြီးလီယွမ်...အစ်မရှောင်ကျောက်"
ရှောင်ချင်းအာသည် အားနည်းသောလေသံဖြင့်နှုတ်ဆက်လိုက်သည်။သူမသည် အဖေဖြစ်သူပေးလိုက်သောတာ၀န်ကို မအောင်မြင်မှာစိုးရိမ်၍ ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။သူမသည် ဂူသခင်ဖြစ်လာရန် ပထမဆုံးကြိုးစားရာလမ်းကြောင်း၌ အခက်အခဲကြုံတွေ့လာခဲ့သည်။
"ခဏလောက် ဆက်အိပ်ရင်အိပ်လိုက်ပါလား..."
လီယွမ်က ပြုံး၍ပြောလိုက်သည်။
"ငါအိပ်မပျော်တော့ဘူး...မင်းတို့တွေဂူကောင်ပြုပြင်တာကို ငါကြည့်ချင်တယ်"
ရှောင်ချင်းအာသည် အဆက်မပြတ်သမ်းဝေနေသော်လည်း သူမ၏အိပ်ငိုက်ခြင်းကိုထိန်းချုပ်ရန်အတွက် အပြင်းအထန်ကြိုးစားနေခဲ့သည်။
"ရှောင်ကျောက်လေ့ကျင့်တာကိုပဲ သေချာအာရုံစိုက်လိုက်ပါ...ငါ့ရဲ့ဂူနည်းစနစ်က အရမ်းကိုလေးနက်ပြီး မင်းအတွက်မသင့်တော်ဘူး"
လီယွမ်က လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
တစ်ယောက်က လိမ်ညာရဲချိန်တွင် ကျန်၂ယောက်ကလည်း မယုံကြပေ။
၀မ်ကျောက်ကျောက်နှင့်ရှောင်ချင်းအာတို့သည် တယောက်ကိုတယောက်ကြည့်ရင်း ထိုအချက်ကိုသဘောတူလိုက်ကြသည်။လီယွမ်သည် ဂူတာအို၏ အရှင်သခင်တစ်ပါးဟု သူမတို့စိတ်ထဲ မှတ်ယူထားခဲ့ကြသည်။
"ဂူကောင်ကိုသန့်စင်ရတာက အရမ်းကိုပျင်းစရာကောင်းတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်...ဒီလုပ်ငန်းစဉ်မှာ စိတ်ရှည်သည်းခံမှု၊ဂရုစိုက်မှုနဲ့သတ္တိရှိမှုတို့လိုအပ်တယ်...သာမန်အချိန်တွေမှာဆိုရင် မင်းကသတိအမြဲကပ်ထားရမှာဖြစ်ပြီး အရေးကြီးတဲ့အခိုက်အတန့်တွေမှာ သတ္တိရှိဖို့လိုအပ်တယ်"
"မတော်တဆ အဆိပ်အကြွင်းအကျန်တွေကတောင် ရှားပါးရတနာတွေဖြစ်သွားနိုင်တယ်..."
၀မ်ကျောက်ကျောက်သည် သူမအားအစ်ကိုကြီးလီယွမ် သင်ကြားပေးခဲ့သလိုပင် ရှောင်ချင်းအာကို ဂူသန့်စင်ခြင်းနည်းစနစ်အား ရှင်းပြပေးနေခဲ့သည်။
ရှောင်ချင်းအာသည် ၀မ်ကျောက်ကျောက်၏စကားများကို နားမလည်သော်လည်း ဘေး၌ထိုင်ချလိုက်ကာ လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်သည်။
အစ်မရှောင်ကျောက်က ဂူကောင်ကိုသန့်စင်ချင်ရင် အချိန်ဘယ်လောက်ကြာတတ်လဲ"
"အမြန်ဆုံးကတော့ ရက်အနည်းငယ်ပဲ...အကြာဆုံးကတော့ လအနည်းငယ်ကနေ ဆယ်စုနှစ်တစ်ခုလောက်ထိကို ကြန့်ကြာသွားနိုင်တယ်..."
"ဟင်...အဲ့လောက်တောင်ကြာတာလား"
ရှောင်ချင်းအာ၏မျက်နှာအမူအရာက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။ထိုအရာသည် သူမစိတ်ကူးယဉ်ထားသကဲ့သို့မဟုတ်ပေ။
"ပုလွေမှုတ်လိုက်တာနဲ့ ဂူကောင်တွေအများအပြားထွက်ပေါ်လာတာက စစ်တိုက်တဲ့အချိန်မှာ အချက်ပေးခေါင်းလောင်းသံကြောင့် စစ်တပ်တစ်ခုဖြစ်ပေါ်လာသလိုပဲပေါ့"
ရှောင်ချင်းအာက ဂူသခင်တစ်ယောက်၏ဟန်ပန်ကို သရုပ်ဖော်ကြည့်လိုက်သည်။
ထိုအချိန်တွင် ၀မ်ကျောက်ကျောက်က ရယ်မောမိလိုက်သည်။
"မင်းပြောတာက ဂူသခင်မဟုတ်ဘူး...အဲ့ဒါကဂူအင်မော်တယ်ပဲ...ဂူကောင်ကိုသန့်စင်တဲ့အခါ အရမ်းကြီးမလောနဲ့...အထူးသဖြင့် မင်းရဲ့ပထမဆုံးဂူကောင်ကို သန့်စင်တဲ့အခါပေါ့"
"လောလောဆယ် မင်းကငယ်သေးတာဆိုတော့ မင်းရဲ့ကိုယ်ပိုင်ပင်မဂူကောင်ကို ပြုပြင်ဖို့အချိန်မကျသေးဘူး...ဒါကြောင့်ဂူသခင်တွေရဲ့ ခြေလှမ်းတွေနဲ့ရင်းနှီးအောင် ဂူသခင်တွေ့ရဲ့နည်းစနစ်ကိုနားလည်အောင် စာအုပ်တွေထဲကနေ အသိပညာရှာမှီးသင့်တယ်"
"ငါတကယ်ပဲ ဂူသခင်ဖြစ်လာဖို့အချိန်လိုသေးတာလား..."
မိန်းကလေးငယ်များ၏အရိုးများသည် အပြည့်အ၀မဖွံ့ဖြိုးသေးသလို သူမ၏စိတ်အခြေအနေကလည်း မတည်ငြိမ်သေးပေ။သူမသာ ပင်မဂူကောင်ကို အလွယ်တကူသန့်စင်နိုင်ပါက အရာအားလုံးကို လွယ်လွယ်ဟုသတ်မှတ်သွားမည်ဖြစ်သည်။
ရှောင်ချင်းအာက သူမ၏နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်မိသည်။
"ဒါပေမဲ့ ငါအခုဂူသခင်တစ်ယောက်ဖြစ်ချင်တယ်...အစ်မရှောင်ကျောက်...ဒီကန့်သတ်ချက်ကိုချိုးဖျက်ဖို့ နည်းလမ်းရှိလား"
"ရှိတာပေါ့...ဒါပေမဲ့ ဒီနည်းလမ်းကို န၀မနန်းတော်ရဲ့အတွင်းစည်းကပဲသိရှိထားပြီးတော့ သင်ယူဖို့လိုအပ်ချက်က အရမ်းကြမ်းတမ်းတယ်"
၀မ်ကျောက်ကျောက်က အဖြေပေးလိုက်သည်။
"တကယ်လား..."
ရှောင်ချင်းအာ၏မျက်လုံးများက တောက်ပလာခဲ့သည်။
"အဖေက ငါ့ကိုဒီမှာ၂လလောက်နေခိုင်းပြီးသွားရင် န၀မနန်းတော်ကိုသင်ယူဖို့စေလွှတ်လိမ့်မယ်...ဒါဆိုရင်ငါက မကြာခင်ဂူသခင်တစ်ယောက်ဖြစ်လာနိုင်တာပေါ့"
"အမ်...ဖြစ်နိုင်ပါတယ်"
၀မ်ကျောက်ကျောက်က ခဏလောက်အံ့ဩသွားခဲ့ရသည်။
မင်းသမီးလေးသည် ငယ်ရွယ်၍စကားကို လက်လွတ်စပယ်ပြောတတ်ကြောင်း သူမသိထားသော်လည်း ထိုစကားများကသူမ၏ပါးစပ်မှ ထွက်ကျလာချိန်၌ သူမပင်ခြောက်ခြားသွားခဲ့ရသည်။
ထို့နောက် မင်းသမီးလေးက သူမမွေးဖွားလာချိန်မှ ယခုအချိန်ထိဘ၀ဇာတ်ကြောင်းများကို ပြန်လည်ပြောဆိုနေခဲ့သည်။
လီယွမ်သည် မိန်းကလေး၂ယောက်ဘေး၌ထိုင်နေကာ စကားများများစားစားမပြောခဲ့ပေ။သူ့အတွက် ဤကိစ္စကပုံမှန်လိုသာဖြစ်သည်။
နဂိုကတည်းက ရှောင်ချင်းအာသည် စန်းလန်နန်းတော်၏ မင်းသမီးလေးဖြစ်ကာ ဤနေရာသို့ စမ်းသပ်ခံရန်ရောက်လာခဲ့ခြင်းဖြစ်သည်။သို့သော် နှိမ့်ကျသောနောက်ခံမှဆင်းသက်လာသူဖြစ်သော ရှောင်ကျောက်အတွက် ဤအရာကကြီးမားသောကွာဟချက်တစ်ခုဖြစ်ပေသည်။
…
တစ်လကြာပြီးနောက်....
ရှောင်ချင်းအာသည် တောင်ပေါ်ရှိခက်ခဲသောလူနေမှုဘ၀နှင့် အံ၀င်ခွင်ကျဖြစ်ကြောင်း တွေ့ရှိလိုက်ရ၍ လီယွမ်အနည်းငယ်တော့ အံ့ဩသွားခဲ့ရသည်။မင်းသမီးလေးသည် သူမ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ နောင်တရခြင်း သို့မဟုတ် ဒေါသထွက်ခြင်းအမူအရာ မထုတ်ဖော်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမ၏စိတ်အခြေအနေက ပိုမိုလေးနက်လာခဲ့ကာ အလောတကြီးဖြစ်နေခြင်းမရှိတော့ပေ။
သူမသည် ကိုယ်ပိုင်ပင်မဂူကောင်အား မသန့်စင်ရသေးသည်တောင်မှ အခြေခံဂူကောင်များအား မည်သို့သန့်စင်ရမည်ဆိုသည့်အကြောင်းကို ဂရုတစိုက်လေ့လာနေကာ အသေးစိတ်မှတ်တမ်းတင်ရန်ပင် လုပ်ဆောင်နေ၍ လီယွမ်ပင်သဘောကျသွားရသည်။
ရှောင်ချင်းအာ၏မိခင်ဖြစ်သူ စန်းလန်နယ်မြေ၏ဘုရင်မသည် ဂူသခင်တစ်ယောက်ဖြစ်ကြောင်း စန်းလန်ဘုရင်ကပြောဖူးခဲ့သည်။မင်းသမီးလေးသည် ဂူပညာအပေါ်ယခုလိုစိတ်ပါ၀င်စားနေရခြင်းမှာ သူမမိခင်၏အမွေကို ဆက်ခံရရှိခြင်းဖြစ်နိုင်ပေသည်။
မင်းသမီးလေး၏ တောင်ပေါ်ခရီးစဉ်က လီယွမ်အား အသေးစိတ်အချက်အလက်များစွာကို တွေ့မြင်လာစေခဲ့သည်။
ထို့နောက် လီယွမ်က နောက်ဆက်တွဲအဖြစ်အပျက်များကို အကြမ်းဖျင်းခန့်မှန်းနိုင်ခဲ့သည်။
စန်းလန်းဘုရင်နှင့်ကျိုးကုန်းဂူအသိုက်တို့ကြား ပူးပေါင်းဆောင်ရွက်မှုက မကြာမှီစတင်တော့မည်ဖြစ်သည်။စန်းလန်ဘုရင်ကိုယ်တိုင်က ဒါယန်းတော်၀င်မိသားစုအား အခိုင်အမာထောက်ခံသူတစ်ယောက်ဖြစ်သည်။
တစ်ဖက်တွင် ရှင်းကျန်းတောင်ပိုင်းနယ်မြေ၏ အာဏာရှင်တစ်ဖြစ်လည်း နှစ်ပေါင်းထောင်ချီအမွေဆက်ခံတည်ရှိလာသော ဂူသခင်များ၏ မြင့်မြတ်နယ်မြေဖြစ်သည်။
နှစ်ဖက်အင်အားစုများ ပေါင်းစပ်ပြီးသွားပါက ရှင်းကျန်းတောင်ပိုင်းဒေသအား တည်ငြိမ်အောင်လုပ်ဆောင်ရန် မခက်ခဲသင့်ပေ။
သို့သော် ဤနေရာမှနတ်ဆိုးများအားနှင်ထုတ်ကာ မငြိမ်မသက်ဖြစ်မှုများအား ချေမှုန်းနိုင်သည်ဆိုလျှင်တောင်မှ အခြားနေရာဒေသများ၏ အခြေအနေကို စောင့်ကြည့်ရန်လိုအပ်ပေသည်။ကမ္ဘာကြီးတစ်ခုလုံးသည် ရှင်းကျန်းတောင်ပိုင်းဒေသ၏ထိန်းချုပ်မှုအောက်တွင် မရှိပေ။
ညဉ့်ဦးယံအချိန်၌...
ပုရွက်ဆိတ်အသိုက်ဂူကောင်၏ အချက်ပေးမှုကြောင့် လီယွမ်တစ်ယောက်နိုးထလာခဲ့ရကာ ရုတ်တရက်ထထိုင်မိလိုက်သည်။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့..."
န၀မနန်းတော်၏ အမှတ်၁၆ဂူနန်းအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်နေ့မှစတင်၍ ထိုသို့သောကပ်ဘေးမျိုးသည် အနှေးနှင့်အမြန်ဆိုသလို ဤနေရာသို့ရောက်ရှိလာမည်ဖြစ်ကြောင်း လီယွမ်ရိပ်စားမိခဲ့သည်။
ယခုအခါ ရက်ပေါင်းများစွာကြာပြီးနောက် သူစိုးရိမ်ပူပန်မှုများက အမှန်တကယ်ဖြစ်လာခဲ့သည်။
လီယွမ်သည် အသက်ကိုခပ်ပြင်းပြင်းရှုရှိုက်ရင်း သူ၏စိတ်စွမ်းအားကိုစုစည်းလိုက်ကာ ပုရွက်ဆိတ်အသိုက်ဂူမှတဆင့် အမှတ်၁၂ဂူနန်းတလျှောက်ဖြန့်ကျက်ထားသော ပုရွက်ဆိတ်များထံမှ အချက်အလက်များကို ရယူလိုက်သည်။
သူ့စိတ်ထဲသို့ရောက်ရှိလာသော တုံ့ပြန်ချက်များက မသေချာမရေရာဖြစ်နေသော်လည်း များစွာသောတုံ့ပြန်ချက်များမှတဆင့် သေချာသောအချက်အလက်များကိုခန့်မှန်းရန်မှာ လီယွမ်အတွက်မခက်ခဲလှပေ။
ထောင်နှင့်ချီသောနတ်ဆိုးများနှင့်စစ်သည်တော်များသည် အမှတ်၁၂ဂူနန်းရှိရာသို့ တဖြည်းဖြည်းချဉ်းကပ်လာခဲ့ကြသည်။
"တကယ်ကြီး လူသားတွေကနတ်ဆိုးတွေနဲ့ပူးပေါင်းနေတာလား..."
လီယွမ်သည် အလွန်အံ့ဩသွားခဲ့ကာ လက်ရှိကမ္ဘာကြီး၏အခြေအနေနှင့်ပတ်သက်၍ ပိုမိုစိတ်ရှုပ်ထွေးလာခဲ့သည်။
ထို့ကြောင့်လီယွမ်သည် ကူကယ်ရာမဲ့စွာပြုံးလိုက်မိကာ ထိုအကြောင်းအားဆက်မတွေးတော့ပေ။
မည်သည့်အချိန်တွင်ဖြစ်စေ တိုင်းပြည်အားသစ္စာဖောက်သူ၊အကျိုးအမြတ်အတွက်ဆိုပါက မည်သည့်အရာကိုမဆိုလုပ်ဆောင်ဝံ့သူများသည် အမြဲလိုလိုရှိနေမှာဖြစ်သည်။
ဖိတ်ကြားမထားသောဧည့်သည်များအနက် အလွန်အစွမ်းထက်သော အော်ရာများကိုထုတ်လွှတ်နေသော တည်ရှိမှု၂ခုပါ၀င်ပြီး တစ်ခုမှာနတ်ဆိုးဖြစ်ကာ နောက်တစ်ခုမှာလူသားဖြစ်ကြောင်း လီယွမ်ကသတိပြုမိလိုက်သည်။
…
ဝါးတောလေး၏အပြင်ဘက်ရှိ သစ်ပင်မြင့်ကြီးတစ်ခုပေါ်၌...
ဓားတစ်ချောင်းကိုကိုင်ကာ သစ်ပင်အားမှီ၍အနားယူနေသော လီလောချမ်သည် ရုတ်ချည်းဆိုသလိုပင် တစ်စုံတစ်ခုအားအာရုံခံမိလိုက်၍ မျက်လုံးများပွင့်လာကာ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
"နတ်ဆိုးတွေ...သူတို့ကတကယ်ကြီးရောက်လာတာပေါ့...မင်းသမီးကိုလုပ်ကြံဖို့ရောက်လာတာလား"
…