← Chapters

စိတ်စွမ်းအားတိုးမြင့်ရေးလမ်းကြောင်း

Vol. 3 Ch. 37

စိတ်စွမ်းအားတိုးမြင့်ရေးလမ်းကြောင်း

Vol. 3 Ch. 37

ရှောင်ကိုင်နှင့်ဝူမေ့တို့၂ကောင်လုံးသည် ဝိညာဉ်အသိစိတ်အား ပိုင်ဆိုင်ထားနိုင်ခြေအလွန်မြင့်မားပေသည်။ထို့ကြောင့်လီယွမ်သည် သူတို့၏စိတ်ပိုင်းဆိုင်ရာတုံ့ပြန်ချက်များကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပြီး သူတို့၏ပျော်ရွှင်မှု၊၀မ်းနည်းမှု၊ဒေါသနှင့်ပျော်ရွှင်မှုတို့ကို သိရှိနိုင်ပေသည်။

သူတို့နှင့်နှိုင်းယှဉ်ကြည့်ပါက ဧရာမဝိညာဉ်ဂူကောင်နှင့်ပြန်လည်ရှင်သန်ခြင်းဂူကောင်တို့ထံမှ ရရှိလာသောတုံ့ပြန်မှုက များစွာအားနည်းပေသည်။

ဧရာမဝိညာဉ်ဂူကောင်က သူ၏ခံစားချက်များကို တိုက်ပွဲအတွင်း၌သာဖော်ပြလိုသည်။

ပြန်လည်ရှင်သန်ခြင်းဂူကောင်ကလည်း ဒဏ်ရာရရှိနေချိန်မှသာ လှုပ်ရှားနိုင်ပေသည်။ထိုဂူကောင်သည် သူ့ကိုတိတ်ဆိတ်စွာဖြင့် ပြန်လည်နိုးထစေခြင်း၊ဒဏ်ရာများမှပြန်လည်ကောင်းမွန်လာစေကာ ထိခိုက်မှုဒဏ်အား ခံနိုင်ရည်ရှိစေရန်အတွက် ကန့်သတ်ထားခြင်းဖြစ်ပေသည်။

ပုံရိပ်ယောင်ပိုးခြည်ဂူကောင်က ကြားတစ်နေရာတွင်ရှိသည်။

လီယွမ်က ထိုဂူကောင်၏ပုံစံကိုပြောရမည်ဆိုပါက ထိုကောင်လေးသည် အလုပ်မလုပ်ချင်ဘဲ အလုပ်လုပ်နေရသည့် အမြဲလိုလိုပျင်းရိနေတတ်သည့် ပျင်းရိတတ်သောအလုပ်သမားဖြစ်သည်။

ထို့ကြောင့် လီယွမ်ကစတင်တွေးတောလိုက်သည်။

ငါသာဂူအိမ်ကို တည်ဆောက်ချင်တယ်ဆိုရင် သုံးရောင်ခြယ်မီးတောက်စပါးအုံးနဲ့ပင့်ကူဘုရင်မဂူကောင်ကို အူတိုင်အနေနဲ့အသုံးပြုရမယ်...

ဂူထိန်းချုပ်ခြင်းနယ်ပယ်၏ အမြင့်ဆုံးသောအဆင့်ဖြစ်သော အတွေးမရှိ၊နှလုံးသားမဲ့အခြေအနေအတွက်မူ တိကျသောမှတ်တမ်းမရှိပေ။ထိုအကြောင်းကိုနားလည်ရန် သူ့ကိုယ်သူသာ အားကိုးနိုင်မည်ဖြစ်သည်။

န၀မအဆင့် ဂူဧကရာဇ်များသည်တောင်မှ အတွေးမရှိ၊နှလုံးသားမဲ့ဟူသော စိတ်အခြေအနေအား မရောက်ရှိနိုင်ပေ။

လီယွမ်သည် လက်ရှိအချိန်၌ ထိုအကြောင်းကိုမစဉ်းစားသေးပေ။

"ဂူအိမ်ကိုတည်ဆောက်ဖို့အတွက် ဒုတိယလိုအပ်ချက်က ဂူအိမ်ဆီကနေရလာမယ့် အဆုံးမရှိတဲ့တုံ့ပြန်ချက်တွေကို တောင့်ခံနိုင်ဖို့အတွက် ငါကနယ်မြေအဆင့်စိတ်စွမ်းအားကို ပိုင်ဆိုင်ထားရမယ်"

အကယ်၍ ဂူသခင်သာ နယ်မြေအဆင့်စိတ်စွမ်းအားကို ပိုင်ဆိုင်ထားခြင်းမရှိပါက အတွေးတစ်ချက်တည်းဖြင့် ဂူကောင်အမြောက်အများကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။ထိုသို့ဂူကောင်အမြှောက်အများကို တစ်စိတ်တစ်၀မ်းတည်းဖြစ်အောင် မစုစည်းနိုင်ပါက ဂူအိမ်ကိုမတည်ဆောက်နိုင်ပေ။

"ငါ့အတွက်တော့ အရမ်းမခက်ခဲပါဘူး"

လီယွမ်သည် ဂူကောင်များကို နေ့တိုင်းလိုလိုသန့်စင်ပေးနေပြီး လက်အောက်ခံဂူကောင်အများအပြားကို ထိန်းချုပ်ထားသည့်အတွက် ထိုအရာကပင် သူ၏စိတ်စွမ်းအားကို နေ့တိုင်းလေ့ကျင့်ပေးနေသကဲ့သို့ ဖြစ်နေခဲ့သည်။

သူသည် "အဆင့်မြင့်ဂူထိန်းချုပ်ခြင်းလျှို့ဝှက်နည်းစနစ်"တွင် မှတ်တမ်းတင်ထားသော စိတ်စွမ်းအားကိုလေ့ကျင့်သောနည်းလမ်းကို ကျင့်သုံးပြီးနောက် လီယွမ်သည်စိတ်ဝိညာဉ်နယ်ပယ်ကို တဖြည်းဖြည်းကျင့်သားရလာခဲ့သည်။

စိတ်ဝိညာဉ်နယ်ပယ်ထဲသို့ ရောက်ရှိလာချိန်တွင် မိမိကိုယ်ကိုပြန်လည်တွေ့ရှိရသည့် ခံစားချက်ကအလွန်အံ့ဩစရာကောင်းပေသည်။

ထိုအရာသည် သီးခြားဆန်သောကောင်းကင်ဥယျာဉ်ကို လာရသကဲ့သို့ ပေါ့ပါးသောလေနုအေးကိုခံစားရပြီး အဆုံးစွန်ဆုံးသောလွတ်လပ်မှုနှင့် လွပ်လပ်ခြင်း၏အနှစ်သာရကို ခံစားရစေခဲ့သည်။

လီယွမ်က သူ၏စိတ်ဝိညာဉ်နယ်ပယ်သည် သမုဒ္ဒရာတစ်ခုကဲ့သို့ တစ်ချိန်လုံးကျယ်ပြန့်လာနေကြောင်း တွေ့မြင်လိုက်ရသည်။

စိတ်ဝိညာဉ်ပင်လယ်၏အဆုံးတွင် အဆုံးမရှိသောတောင်တန်းများ မြစ်ချောင်းများကိုတွေ့ရပေသည်။

ပင်လယ်ပြင်များ ၀န်းရံထားပုံရသည့် တောင်တန်းများ၊မြစ်များဖြင့် ပြည့်နှက်နေသောနယ်မြေတစ်ခုသည် "အဆင့်မြင့်ဂူထိန်းချုပ်ခြင်းလျှို့ဝှက်နည်းစနစ်"တွင် မှတ်ထားတင်ထားပေသည်။ထိုသို့အခြေအနေမျိုးတွင် ဂူသခင်၏ဝိညာဉ်စွမ်းအားသည် နယ်မြေအဆင့်သို့တဖြည်းဖြည်းချဉ်းကပ်၀င်ရောက်လာပြီဟု ဆိုလိုခြင်းဖြစ်ပေသည်။

"ငါ့ရဲ့ဝိညာဉ်နယ်ပယ်က နယ်မြေအဆင့်နဲ့အရမ်းကြီးမဝေးလောက်တော့ဘူးထင်တယ်..."

"ငါဆဌမအဆင့်ကိုမရောက်ခင် နယ်မြေအဆင့်စိတ်စွမ်းအားကို ရသွားလောက်တယ်"

လီယွမ်သည် စိတ်လှုပ်ရှားသွားခဲ့ကာ သူ၏အချက်အလက်ဇယားကို စစ်ဆေးလိုက်သည်။

(ဂူသခင် - လီယွမ်)

(အနက်ရောင်အိုး - ပဉ္စမအဆင့် ၇၃-၁၅၀၀)

(အဆင့် - ပဉ္စမအဆင့်ဂူသခင်)

(ဝိညာဉ်စွမ်းအား - ဝိညာဉ်ပင်လယ်အဆင့်)

(ပင်မဂူ - သွေးနှင့်ချီဂူကောင်၊ပြန်လည်မွေးဖွားခြင်းဂူကောင်၊သုံးရောင်ခြယ်မီးတောက်စပါးအုံးဂူကောင်၊ပုံရိပ်ယောင်ပိုးခြည်ဂူကောင်၊ပင့်ကူဘုရင်မဂူကောင်)

(ဂူအိမ် - မရှိပါ)

ဆဌမအဆင့်သို့ရောက်ရှိရန်မှာ အချိန်၄နှစ်ကျော်လိုအပ်ပေသည်။ထိုသည်မှာ အသက်ငယ်ရွယ်သေးသော လီယွမ်အတွက်ဆိုပါက ရှည်လျားလှသောကာလတစ်ခုပင်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် သူသည်ယခုလိုအခြေအနေမျိုးဖြင့် လျင်မြန်စွာအသားကျသွားခဲ့သည်ဖြစ်ကာ သူ၏နှလုံးသားထဲ၌ကြီးမားသော ခံစားချက်များမဖြစ်ပေါ်ခဲ့ပေ။

.....

မျက်စိတစ်မှိတ်အတွင်း...

အချိန်တစ်လခွဲက ထပ်မံကုန်ဆုံးသွားခဲ့သည်။

လီလောချမ်သည် ဝါးတောထဲ၌တဖန်ပြန်ပေါ်လာကာ လီယွမ်ကိုလာရောက်ရှာဖွေခဲ့သည်။

"တောင်တန်းတွေပေါ်က မင်းသမီးလေးရဲ့၂လတာလေ့ကျင့်မှုက အဆုံးသတ်သွားခဲ့ပြီ...အရှင်က မင်းသမီးလေးကိုပြန်ခေါ်ခိုင်းလိုက်ပြီး န၀မနန်းတော်ရဲ့အတွင်းစည်းထဲကို ပို့ဆောင်ဖို့အတွက်စီစဉ်ထားခဲ့တယ်"

ရှောင်ချင်းအာနှင့်လီယွမ်တို့သည် တူညီသောအဆင့်မျိုးမဟုတ်ကြပေရာ အနှေးနှင့်အမြန်ခွဲခွာရမည်ဖြစ်သည်။

လီယွမ်သည် ငယ်ရွယ်သောမင်းသမီးလေးနှင့်ပတ်သက်၍ အမြင်ကောင်းရှိခဲ့ပေသည်။သူမသည် ဂူတာအိုအမှန်တကယ်နှစ်သက်ပြီး သူ၏အချိန်နှင့်လုံ့လဝိရိယတို့ကို ရင်းနှီးမြုပ်နှံထားခဲ့သည်။

"အစ်ကိုလီယွမ်...ငါတို့ပြန်တွေ့တဲ့အချိန်ကျရင် ငါကတကယ့်ဂူသခင်တစ်ယောက်ဖြစ်လာလိမ့်မယ်"

ရှောင်ချင်းအာသည် ဝါးတောလေးထဲတွင် နေထိုင်ရသောဘ၀ကို အမှန်တကယ်နှစ်သက်မိသည်။သို့သော်လည်း သူမသည်အသက်ကန့်သတ်ချက်ကို ချိုးဖျက်၍ဂူသခင်တစ်ယောက်ဖြစ်လာရန်အတွက် န၀မနန်းတော်၏အတွင်းစည်းထဲ၀င်ရောက်ကာ လျှို့ဝှက်နည်းစနစ်များကို သင်ကြားခွင့်ရရန် ပို၍မျှော်လင့်မိနေခဲ့သည်။

"ငါတို့ပြန်တွေ့တဲ့အခါကျ မင်းသမီးရှောင်က အရမ်းတော်တဲ့ဂူသခင်တစ်ယောက်ဖြစ်လာမှာ သေချာပါတယ်"

လီယွမ်က အားပေးစကားဆိုလိုက်သည်။

"ငါ့ရဲ့ရည်မှန်းချက်က အစ်ကိုလီယွမ်လောက်နီးနီး တော်ဖို့ဘဲ"

နတ်ဆိုးများကျူးကျော်ဝင်ရောက်လာသည့်ညက လီယွမ်မှနတ်ဆိုးများအား တိုက်ခိုက်ချေမှုန်းပုံကို မျက်ဝါးထင်ထင်တွေ့မြင်ပြီးနောက် လီယွမ်အပေါ်ထားရှိသော ရှောင်ချင်းအာ၏ ယုံကြည်ကိုးစားမှုသည် မြင့်မားသောတောင်တန်းကြီးသဖွယ်ပင်ဖြစ်သည်။ထိုညကဖြစ်ရပ်များသည် သူမဘ၀တစ်ခုလုံး မမေ့နိုင်မည့် အရာများဖြစ်သည်။

"ငါ့ထက်ပိုတော်လာမှာပါ..."

လီယွမ်က ပြုံးပြုံးလေးပြောလိုက်သည်။

"ကောင်းပြီ...ငါအစ်ကိုလီယွမ်ကို တစ်နေ့မှာကျော်နိုင်လိမ့်မယ်"

ရှောင်ချင်းအာက သူမ၏နူးညံ့သောလက်သီးလေးများကိုဆုပ်၍ ကျိန်ဆိုလိုက်သည်။

"မင်းသမီးလေး ငါတို့သွားသင့်ပြီ"

လီလောချမ်ထံတွင် အခြားသောခံစားချက်များမရှိပေ။မင်းသမီးလေးသည် ‌ကလေးဘ၀ကပင် အပြစ်ကင်းစင်ကာ စိတ်ထားဖြူစင်ပေသည်။ဖြစ်ကောင်းဖြစ်နိုင်မှာ လီယွမ်နှင့်မင်းသမီးလေးတို့သည် တစ်ယောက်တစ်ကမ္ဘာစီဖြစ်ကြကာ ပြန်လည်ဆုံတွေ့ကြမည်မဟုတ်ပေ။

လူတစ်ယောက်၏ဘ၀တွင် လူပေါင်းများစွာနှင့် ပထမဆုံးအကြိမ်တွေ့ကောင်းတွေ့နိုင်သော်လည်း ထိုပထမဆုံးအကြိမ်ကပင် နောက်ဆုံးတွေ့ဆုံမှုလည်းဖြစ်ပေသည်။

"မစ္စလီ...ငါမင်းကိုမေးစရာရှိတယ်..."

လီယွမ်က လီလောချမ်အား ကြည့်၍မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

လီလောချမ်က မျက်ခုံးပင့်လိုက်မိသည်။

"မစ္စလီ...စန်းလန်စစ်တပ်က နတ်ဆိုးတွေကိုတိုက်ခိုက်ကြတဲ့အခါ သူတို့သတ်ဖြတ်လိုက်တဲ့ နတ်ဆိုးတွေရဲ့အလောင်းကို ဘာတွေလုပ်ကြတာလဲ"

လီယွမ်က စိတ်၀င်တစားမေးမြန်းလိုက်သည်။

"အဲ့အလောင်းတွေကို အဆင့်မြင့်ဆေးဝါးတွေဖော်စပ်သည်ဖြစ်စေ အသုံးမလိုသေးသည့်အစိတ်အပိုင်းတွေကို စုဆောင်းထားတာဖြစ်စေ လုပ်ဆောင်ကြတယ်"

လီလောချမ်က ပြန်ဖြေလိုက်သည်။

"မင်းတို့အသုံးမလိုတဲ့ ‌နတ်ဆိုးအလောင်းတွေဆိုရင် ငါ့ကိုရောင်းပေးလို့အဆင်ပြေမလား"

နတ်ဆိုးအလောင်းများက လီယွမ်အတွက်ရတနာများဖြစ်ကြသည်။စန်းလန်နန်းတော်သည် သူနှင့်ပူးပေါင်းလုပ်ဆောင်မည်ဆိုပါက ထိုအရာသည် မရေမတွက်နိုင်သောကုန်ကြမ်းများကို ရရှိလာနိုင်မည့်လမ်းကြောင်းတစ်ခုပင်ဖြစ်သည်။

"ကိစ္စမရှိပါဘူး...မင်းကဘာနဲ့လဲလှယ်ချင်တာလဲ"

လီလောချမ်က ခေါင်းညိတ်ပြလိုက်သည်။

"ဂူကောင်တွေနဲ့ပါ"

လက်ရှိအချိန်တွင် လီယွမ်အသုံးပြုနိုင်သော တစ်ခုတည်းသောအရာမှာ ဂူကောင်များဖြစ်သည်။

"စန်းလန်‌တပ်မှာ တပ်သားအများစုကစစ်သည်တော်တွေဖြစ်ကြပြီး အနည်းငယ်ကသာ ဂူသခင်တွေဖြစ်ကြတယ်...မင်းရဲ့ဂူကောင်တွေက ငါတို့အတွက်အသုံး၀င်မယ်လို့ ငါမထင်ဘူး"

လီလောချမ်က ဆွေးနွေးလိုစိတ်မရှိ ချက်ချင်းငြင်းဆန်ခဲ့သည်။

"မဟုတ်ဘူး...ဂူတာအိုက အကန့်အသတ်မရှိကျယ်ပြန့်တယ်...ဒါကမင်းအတွက်တောင်မှ အထောက်အကူပြုနိုင်မှာသေချာတယ်..."

လီယွမ်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်မိသည်။

ထို့နောက်သူ၏လက်ဝါးကို ဖြန့်ချပြလိုက်ကာ အနီရောင်ပိုးကောင်ငယ်လေးကို ဖော်ပြလိုက်သည်။

"ဒါကချီနဲ့သွေးဂူကောင်...သွေးချီစွမ်းအားကို အတိုင်းအတာတစ်ခုထိ ပြန်လည်ဖြည့်ဆည်းပေးနိုင်တယ်...စစ်သည်တော်တွေအတွက် သွေးချီစွမ်းအားက အရမ်းအရေးကြီးတယ်မဟုတ်လား"

"မင်းကဂူသခင်မဟုတ်ရင်တောင်မှ ဒါကိုအသုံးပြုလို့ရတယ်ပေါ့"

လီလောချမ်က အနည်းငယ်စိတ်၀င်စားလာခဲ့သည်။

"ဒီကောင်လေးက ဂူသခင်တွေကိုယ်တိုင်သန့်စင်နိုင်သလို စစ်သည်တော်တွေသာမက သာမန်လူတွေတောင်မှ အသုံးပြုနိုင်တယ်"

"မင်းဘက်ကဘယ်လောက်ပေးနိုင်မလဲ..."

"စန်းလန်နန်းတော်ကသာ ငါ့ကိုနတ်ဆိုးအလောင်းတွေ အဆက်မပြတ်ထောက်ပံ့ပေးနေသရွေ့ ငါ့ဘက်ကလည်းသွေးနဲ့ချီဂူကောင်တွေကို ထုတ်ပေးနိုင်တယ်"

"သေချာလား..."

"လုံး၀အာမခံတယ်"

လီယွမ်က လေးလေးနက်နက်ဖြင့် ကတိပေးလိုက်သည်။

လီလောချမ်၏အမူအရာကလည်း စတင်လေးနက်လာခဲ့သည်။

"ဒီကိစ္စကို ငါတစ်ယောက်တည်းဆုံးဖြတ်ချက်ချလို့မရဘူး...ငါဒီကိုပြန်လာပြီးရင် မင်းကိုလာရှာမယ်"

"ဒါဆိုလည်း အနှောင့်အယှက်ပေးရတာ အားနာပါတယ် မစ္စလီ"

လီယွမ်က သူ၏လက်သီးကိုဆုပ်၍နှုတ်ဆက်လိုက်ကာ ကျောက်စိမ်းပုလင်းကို လီလောချမ်လက်ထဲ ထည့်ပေးလိုက်သည်။

"ဒါက ငါကိုယ်တိုင်လုပ်ထားတဲ့ သွေးနဲ့ချီဂူကောင်တွေပါ...စစ်မြေပြင်မှာရှိတဲ့ စစ်သားတွေက သူတို့ရဲ့သွေးချီစွမ်းအင်တွေကို မြန်မြန်ဖြည့်တင်းဖို့ ဒါတွေကိုအသုံးပြုနိုင်တယ်"

"စန်းလန်ဘုရင်က ဒါတွေကိုစမ်းကြည့်ပြီးရင် အနှေးနဲ့အမြန် ဒီအကြောင်းကိုသိလာမှာပါ"

"ကောင်းပြီ...ငါမင်းဆီကို အမြန်ဆုံးပြန်လာခဲ့မယ်"

လီလောချမ်က ခေါင်းညိတ်ပြလိုက်သည်။

…

နေ့၀က်ကြာပြီးနောက်...

လီလောချမ်သည် ရှောင်ချင်းအာကို စန်းလန်စစ်စခန်းဆီ ပြန်ခေါ်လာခဲ့သည်။

"‌အဖေရေ သမီးပြန်လာပြီ...အဖေအဖေ သမီးစာမေးပွဲအောင်ပြီမဟုတ်လား...ခုန၀မနန်းတော်ဆီ ပို့ပေးလို့ရပြီမဟုတ်လား"

ရှောင်ချင်းအာက ရွှင်မြူးစွာကခုန်ရင်းပြောလိုက်သည်။

"ကောင်းပြီ..."

ရှောင်ယွမ်သည် သူ၏အပြစ်ကင်းစင်သောသမီးလေးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏အကြည့်များ၌ ရှုပ်ထွေးသောခံစားချက်များရှိနေခဲ့သည်။

"အဖေ...ဘာလို့သက်ပြင်းချနေတာလဲ...သမီးနဲ့ပေးထားတဲ့ကတိကိုဖျက်တော့မလို့လား"

ရှောင်ချင်းအာက ဒေါသတကြီးပြောလိုက်သည်။

"မဟုတ်ပါဘူး...အဖေကချင်းအာကို တစ်ယောက်တည်းလွှတ်ပေးဖို့အတွက် စိတ်မချဖြစ်နေတာပါ"

ရှောင်ယွမ်က ညင်သာစွာခေါင်းခါပြလိုက်သည်။

"စိတ်မပူပါနဲ့အဖေ...သမီးကအစွမ်းအထက်ဆုံးဂူသခင်တစ်ယောက်ဖြစ်လာပြီးရင် ကိုယ်ပိုင်တပ်ဖွဲ့ကိုစုစည်းပြီးတော့ နတ်ဆိုးတွေအားလုံးကိုသတ်ဖြတ်မယ်...ကမ္ဘာကြီးကိုအနိုင်ယူပြမယ်"

ရှောင်ချင်းအာက ဂုဏ်ယူစွာရေရွတ်လိုက်သည်။

"ကောင်းလိုက်တာ...ချင်းအာကအစွမ်းအထက်ဆုံး ဂူသခင်ဖြစ်လာမှာသေချာတယ်..."

ရှောင်ယွမ်သည် သမီးဖြစ်သူအားချီးကျူးစကားဆိုလိုက်ပြီးနောက် ဘူးသီးခြောက်တစ်လုံးအားထုတ်ယူ၍ သမီးဖြစ်သူအားပေးကာ လေးနက်စွာပြောလိုက်သည်။

"ချင်းအာ...ဒါကမင်းအမေချန်ထားခဲ့တဲ့ မှော်ဘူးသီးခြောက်ပဲ...ဒါကိုမင်းနဲ့အတူသိမ်းထားလိုက်...န၀မနန်းတော်ကိုရောက်မှသာ ဒီဟာကိုဖွင့်ကြည့်ပါ"

…

All Chapters