ရှင်းကျန်းတောင်ပိုင်းမှ နိုးထလာသောနဂါး
Vol. 3 Ch. 38
"အဖေ...ဒီဘူးသီးခြောက်က အမေချန်ထားခဲ့တာလား...အထဲမှာဘာပါလဲဆိုတာ အဖေမသိဘူးလား"
ရှောင်ချင်းအာက အံ့ဩသွားခဲ့သည်။
"အဖေလည်းမသိဘူး..."
ရှောင်ယွမ်က ခေါင်းခါပြလိုက်သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ၏ဇနီးသည် တိုက်ပွဲ၌ကျဆုံးခဲ့ပြီးနောက် အဖိုးတန်ဘူးသီးခြောက်ကို ချန်ရစ်ထားခဲ့သည်။
သူ၏မိန်းမသည် သူမ၏အလောင်းကိုမီးရှို့ခိုင်းပြီးနောက် ကြွင်းကျန်သောပြာကို ဘူးသီးခြောက်ထဲထည့်သိမ်းခိုင်းထားခဲ့သည်။
တစ်နေ့တွင် လီအာသို့မဟုတ် ချင်းအာက ဂူသခင်လမ်းစဉ်အား လျှောက်လမ်းရန်ဆုံးဖြတ်လိုက်ပါက ဤမှော်ဘူးသီးခြောက်ကိုထုတ်ပေးရန်အတွက် စန်းလန်ဘုရင်အားမှာကြားခဲ့သည်။
ယနေ့တွင် မိန်းမဖြစ်သူ၏နောက်ဆုံးစကားကို အသက်သွင်းရန်အချိန်ရောက်လာခဲ့သည်။
ရှောင်ယွမ်သည် ထိုကိစ္စနှင့်ပတ်သက်၍ အလွန်၀မ်းနည်းကြေကွဲခဲ့ရသည်။
သူ၏မိန်းမသည် ချင်းအာကိုဒုက္ခမပေးဟု သူယုံကြည်နေခဲ့သည်။န၀မနန်းတော်၏ သူတော်စင်ဟောင်းတစ်ယောက်အဖြစ် သူ၏မိန်းမသည် နန်းတော်သခင်များ၏အလေးပေးမှုကို ရရှိခဲ့သူဖြစ်သည်။သို့ဖြစ်ရာ သူမချန်ရစ်ခဲ့သောအရာများက သမီးဖြစ်သူအတွက် အလွန်ပင်အကျိုးများမည်ဖြစ်သည်။
"ဒါက ကံကြမ္မာပဲလား..."
…
နောက်တစ်နေ့...
နေ့လည်စာစားပြီးနောက် စန်းလန်ဘုရင်သည် သမီးဖြစ်သူအား နှုတ်ဆက်ပွဲတစ်ခုပြုလုပ်ပေးခဲ့ကာ ရှောင်ချင်းအာကို ကျိုးကုန်းတောင်တန်းဆီ စေလွှတ်ခဲ့သည်။သူသည် သမီးဖြစ်သူကိုမည်သည့်အချိန်မှ ပြန်တွေ့ရမည်မှန်း မသိရသေးပေ။
လီလောချမ်သည် စစ်စခန်းသို့ပြန်ရောက်ပြီးနောက် လီယွမ်ပြောလိုက်သောစကားကို တင်ပြခဲ့သည်။
"အရှင်မင်းကြီး...တင်ပြစရာရှိပါတယ်"
"ဘာပြောမလို့လဲ..."
သူ၏သမီးနှင့်ခွဲခွာရသည့်အတွက် ရှောင်ယွမ်က သူ့ကိုယ်သူအပြစ်ရှိသကဲ့သို့ ခံစားရစေခဲ့သည်။
န၀မနန်းတော်သည် သမီးဖြစ်သူကို ဆိုးဆိုးရွားရွား ညှင်းပန်းနှိပ်စက်မည်မဟုတ်ကြောင်း သူသိရှိထားပေသည်။သို့သော် ကွယ်လွန်သူဇနီးတောင်းဆိုခဲ့သလို သူ၏သမီးကိုကောင်းကောင်းမစောင့်ရှောက်နိုင်ဘဲ ဓားစာခံအဖြစ် ကျိုးကုန်းတောင်ဆီပို့လွှတ်လိုက်ရသည်။
"န၀မနန်းတော်ရဲ့ အမှတ်၁၂ဂူနန်းက လီယွမ်ဟာ စန်းလန်နန်းတော်နဲ့ပူးပေါင်းဖို့ အဆိုပြုလာပါတယ်...စန်းလန်နန်းတော်ကသူ့ကိုနတ်ဆိုးအလောင်းတွေပေးရမှာပါ..."
လီလောချမ်က ပြောလိုက်သည်။
သူ၏သမီးဖြစ်သူကြောင့် ရှောင်ယွမ်သည် လီယွမ်၏အမည်ကို မှတ်မိနေသော်လည်း ထိုမျှသာဖြစ်ပေသည်။
"လီယွမ်ဆိုတာ အမှတ်၁၂ဂူနန်းရဲ့တာ၀န်ခံလေးတစ်ယောက်ပဲမဟုတ်လား...သူကငါ့ရဲ့စန်းလန်နန်းတော်နဲ့ပူးပေါင်းချင်တယ်ဆိုတော့ သူ့ရဲ့စားလိုစိတ်က အရမ်းကြီးမားနေတာမဟုတ်ဘူးလား"
လီလောချမ်သည် စကားတစ်ခွန်းမှမပြောလိုက်ဘဲ လီယွမ်ပေးလိုက်သော ကျောက်စိမ်းပုလင်းကို ရှောင်ယွမ်အားပေးလိုက်သည်။
"အရှင်မင်းကြီး...ဒါကလီယွမ်ကိုယ်တိုင်လုပ်ဆောင်ထားတဲ့ သွေးနဲ့ချီဂူကောင်ပါ...သူကစစ်သားတွေရဲ့ သွေးချီစွမ်းအင်ကို အချိန်မရွေးဖြည့်တင်းပေးနိုင်ပါတယ်"
"ဒီလောက်ပဲလား..."
ရှောင်ယွမ်သည် သွေးနှင့်ချီဂူကောင်၏ အကျိုးသက်ရောက်မှုကို သိရှိထားပေသည်။သို့သော်လည်း ဤမျှလောက်ဖြင့်ဆိုပါက စန်းလန်နန်းတော်နှင့်ပူးပေါင်းဆောက်ရွက်ရန်အတွက် အရည်အချင်းပြည့်မှီရန်လိုအပ်နေသေးသည်။
"လီယွမ်ရဲ့အဆိုအရ စန်းလန်နန်းတော်ကသာ သူ့ကိုနတ်ဆိုးအလောင်းတွေထောက်ပံ့နေသရွေ့ သူ့ဘက်ကလည်း မရေမတွက်နိုင်တဲ့သွေးနဲ့ချီဂူကောင်တွေ ထောက်ပံ့ပေးသွားမှာပါ"
လီလောချမ်က ရှင်းပြလိုက်သည်။
"သူ့လို တာ၀န်ခံလေးတစ်ယောက်က ဒါမျိုးကိုလုပ်ဆောင်နိုင်လို့လား..."
ရှောင်ယွမ်က ထိုစကားကိုယုံတစ်၀က် မယုံတစ်၀က်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
"လီယွမ်မှာ အရည်အချင်းကောင်းတွေရှိတယ်...သူကအသက်၂၀လောက်ပဲရှိသေးပေမဲ့ ပဉ္စမအဆင့်ဆန်းကြယ်ဂူသခင်ဖြစ်နေပြီ...သူ့ကိုန၀မနန်းတော်ရဲ့အတွင်းစည်းက မဟာအကြီးအကဲ ယုဟွမ်းချွမ်ကတပည့်အဖြစ်လက်ခံထားပြီးပြီ"
"မဟာအကြီးအကဲတောင်မှ လီယွမ်ရဲ့အရည်အချင်းကို အံ့ဩသွားတယ်လို့သိရတယ်"
"လီယွမ်က ထူးကဲတဲ့စိတ်စွမ်းအားနဲ့မွေးဖွားလာပုံရတယ်...သူက လက်အောက်ခံဂူကောင်အများကြီးကို ထိန်းချုပ်နိုင်ခဲ့ပြီး အနှစ်၁၀၀၀မှာ တစ်ကြိမ်မြင်တွေ့ရဖို့ခဲယဉ်းတဲ့ ရှားပါးဂူကောင်ကိုရရှိသွားခဲ့တယ်...သူကနောင်တစ်ချိန်မှာ န၀မနန်းတော်ရဲ့အကြီးပိုင်းထဲကတစ်ယောက်ဖြစ်လာနိုင်တယ်"
"မကြာသေးခင်က နတ်ဆိုးတွေနဲ့သစ္စာဖောက်လူသားတစ်စုက အမှန်၁၂ဂူနန်းကိုတိုက်ခိုက်ခဲ့ကြတယ်...ပဉ္စမအဆင့်နတ်ဆိုး၂ကောင်နဲ့ ပဉ္စမအဆင့်စစ်သည်တော်တစ်ယောက်က လီယွမ်ရှိနေတဲ့ဝါးတောလေးကို တပြိုင်နက်တိုက်ခိုက်ခဲ့ကြတယ်"
"တိုက်ပွဲအဆုံးမှာတော့ နတ်ဆိုးအားလုံးသေသွားခဲ့ရပြီးတော့ လီယွမ်ကတော့အ၀တ်အစားနည်းနည်းညစ်ပတ်ရုံလောက်ပဲရှိခဲ့တယ်"
လီလောချမ်သည် လီယွမ်နှင့်ပတ်သက်သော သတင်းအချက်အလက်အားလုံးကို အမှန်အတိုင်းတင်ပြခဲ့သည်။
"လီယွမ်က အဲလောက်တောင်အံ့ဩဖို့ကောင်းတာလား..."
ရှောင်ယွမ်၏မျက်လုံးများက အရောင်တောက်လာခဲ့သည်။သူသည် လီယွမ်ကဲ့သို့အလားအလာရှိသော ဂူသခင်မျိုးကိုမလျော့တွက်ရဲပေ။သူ၏ဆရာဖြစ်သူ ယုဟွမ်းချွမ်သည်ကား သူကိုယ်တိုင်ပင်လေးစားရသည့်သူမျိုးဖြစ်သည်။
ကြည့်ရတာ ဒီကောင်လေးက င့ါရဲ့စန်းလန်နန်းတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အရည်အချင်းပြည့်မှီတယ်...
"သူနဲ့အသေးစားပူးပေါင်းဆောင်ရွက်မှုတစ်ခုကို အရင်စတင်လိုက်...သူ့ကိုနတ်ဆိုးအလောင်းအချို့ပေးရတာ ဘာမှမဖြစ်ပါဘူး...သူ့ရဲ့ဂူကောင်တွေက စန်းလန်တပ်တော်ကို အမှန်တကယ်အကျိုးပြုတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြင့်ဖို့ဆိုတာပြဿနာမဟုတ်ဘူး"
ရှောင်ယွမ်က ခေါင်းညိတ်ကာသဘောတူလိုက်သည်။
"လောချမ်...မင်းကဒီကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် တာ၀န်ယူရမယ်"
"နားလည်ပါပြီ..."
လီလောချမ်က ဦးညွတ်လိုက်သည်။
"မင်းသတင်းနောက်တစ်ခုကို စုံစမ်းထားပေး...ဒါကဒါယန်းတော်၀င်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်အကြောင်းဖြစ်တယ်...မကြာသေးခင်က အဲ့ဒါနဲ့ပတ်သက်တဲ့အချက်အလက်အချို့ ပေါက်ကြားခဲ့တယ်"
ရှောင်ယွမ်က ဆက်ပြောလိုက်သည်။
လီလောချမ်က အလွန်ပင်အံ့ဩသွားခဲ့သည်။
"ဒီကမ္ဘာပေါ်မှာ အသက်ရှင်သန်နေသေးတဲ့ တော်၀င်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေကျန်ရှိနေသေးတာလား...ညဇီးကွက်အစောင့်တွေက လက်ရှိအခြေအနေကိုတည်ငြိမ်စေဖို့ သတင်းမှားတွေလျှောက်လွှင့်နေတာလို့ အမြဲထင်နေခဲ့တာ"
"အမှန်လား...အမှားလားဆိုတာ ဘယ်သူသိမှာလဲ"
ရှောင်ယွမ်က တိုးတိုးလေးသက်ပြင်းချလိုက်သည်။
"အဲ့ဒါက အတုဖြစ်နေရင်တောင်မှ သိုင်းနတ်ဘုရားရဲ့ရတနာနဲ့သက်ဆိုင်နေခဲ့တယ်...ကမ္ဘာကြီးကစည်းလုံးညီညွတ်နေရင် ပင်လယ်၄ခုနဲ့မြေရိုင်းနယ်မြေ၈ခုရဲ့ အနေအထားကို ကြီးကြီးမားမားပြောင်းလဲစေလိမ့်မယ်"
"အရှင်...ဘယ်တော်၀င်မျိုးဆက်က ရှင်ကျန်နေသေးတယ်လို့ ကောလဟာလတွေကပြောနေတာပါလဲ"
လီလောချမ်က မေးမြန်းလိုက်သည်။
"တော်ဝင်ကိုယ်လုပ်တော်အန်းက မွေးဖွားလာတဲ့ မင်းသားငယ်လေးပဲ...သူကအာတိတ်ရေခဲပြင်မျိုးနွယ်စုနဲ့ဆက်စပ်နေတယ်"
ရှောင်ယွမ်က မျက်မှောင်ကြုတ်၍ပြောလိုက်သည်။
"ဒါယန်းတော်၀င်မိသားစု အစုလိုက်အပြုံလိုက်သုတ်သင်ခံရတဲ့ဖြစ်စဉ်မှာ ရဲ့ရှောင်ရဲ့လူတွေက နောက်ကျမှရောက်လာခဲ့ပြီး မင်းသားလေးကိုသာကယ်တင်နိုင်ခဲ့ကြတယ်"
"နောက်တော့ မင်းသားလေးကိုကာကွယ်ပေးနေတဲ့ ညဇီးကွက်အစောင့်တွေဟာ နတ်ဆိုးတွေရဲ့ ကြားဖြတ်တိုက်ခိုက်သတ်ဖြတ်တာကို ခံခဲ့ရတယ်...မင်းသားလေးက အဲချိန်ကတည်းကပျောက်ဆုံးသွားပြီး ခုထိသူဘယ်မှာလဲဆိုတာ ဘယ်သူမှမသိကြဘူး"
…
တောင်တန်းများ၏အနက်ပိုင်းရှိ အမှတ်၁၂ဂူနန်း....
စန်းဂူမျှော်စင်...
မျက်စိတစ်မှိတ်အတွင်း အချိန်၂လကုန်ဆုံးသွားခဲ့ရသည်။
လီယွမ်သည် လှုပ်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေခဲ့ကာ ရှားရှားပါးပါးအားလပ်ချိန်ကို ခံစားနေခဲ့သည်။သူ၏ပုခုံးနှစ်ဖက်ပေါ်တွင် ရှောင်ကိုင်နှင့်ဝူမေ့တို့က လူသားဆန်သည့်အမူအရာဖြင့် ရှိနေခဲ့ကြသည်။
လီယွမ်က ဤလုပ်ငန်းစဉ်ကို ပင်မဂူကောင်နှင့်ဂူသခင်ကြား တိတ်ဆိတ်စွာနားလည်မှုချိတ်ဆက်ခြင်းဟုခေါ်သည်။
ဤအရာသည် နောင်တချိန်ဂူအိမ်တည်ဆောက်ပါက အရေးပါလာမည့်အရာဖြစ်သည်။
လီယွမ်သည် ယခင်ဘ၀က ရုပ်ရှင်ကားကြီးတစ်ကားကို သတိရသွားခဲ့သည်။လောင်းကစားဘုရင်တစ်ယောက်သည် သူနှင့်မာကျောက်အကြား နားလည်မှုတိုးစေရန် မာကျောက်နှင့်အတူ နေ့တိုင်းအိပ်ခဲ့သည်။
ရှောင်ကိုင်နှင့်ဝူမေ့တို့သည် မာကျောက်လို့ဖဲချပ်မျိုးထက် ပိုမိုညဏ်ကောင်းသင့်ပေသည်။
ယခုလည်း သူအိပ်ပျော်နေသောအချိန်တွင် ရှောင်ကိုင်နှင့်ဝူမေ့တို့က သူ၏ပုခုံးနှစ်ဖက်တွင် သူနှင့်အတူအိပ်စက်အနားယူရမည်ဖြစ်သည်။
ရုတ်ချည်းဆိုသလိုပင် လီယွမ်ကတစ်စုံတစ်ခုကို ခံစားမိ၍ မျက်မှောင်ကြုတ်လိုက်မိသည်။
"စီနီယာအစ်ကိုဖေးရောက်လာပြီ...ရှောင်ကိုင်၊ဝူမေ့ မြန်မြန်ပုန်းကြ"
သုံးရောင်ခြယ်မီးတောက်စပါးအုံးနှင့်ပင့်ကူဘုရင်မတို့သည် သူတို့၏အော်ရာများကို ဖုံးကွယ်နိုင်ရန်အတွက် အနက်ရောင်အိုးထဲ ချက်ချင်းပြေး၀င်သွားကြသည်။
လီယွမ်ကထိုမြင်ကွင်းကိုကြည့်၍ အနည်းငယ်ရယ်ချင်သွားခဲ့သည်။
ကြက်လာခိုးတဲ့ သူခိုးလူမိလို့ထွက်ပြေးသလိုပါလား...
အဆုံးသတ်တွင် သူ၏ကိုယ်ပိုင်ခွန်အားကမလုံလောက်သေးပေ။ထို့ကြောင့် သူ၏ကိုယ်ပိုင်ပင်မဂူကောင်များနှင့်အတူ တိတ်ဆိတ်စွာကျင့်ကြံရန် မဖြစ်နိုင်သေးပေ။
ခဏအကြာတွင် ဖေးလော့ချင်က ဝါးတောလေးထဲ၌ ထွက်ပေါ်လာခဲ့သည်။
"ဂျူနီယာညီလေး..."
အသက်ရှုချိန်အနည်းငယ်အကြာတွင် ဖေးလော့ချင်က သူ့အနားသို့ရောက်လာခဲ့သည်။
"ဂျူနီယာညီလေး...ငါ့မှာသတင်းကောင်းရှိတယ်...ငါတို့ကျိုးကုန်းဂူအသိုက်ကို နတ်ဆိုးတွေနဲ့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တဲ့ သစ္စာဖောက်တွေကိုရှာတွေ့ပြီတဲ့"
"အဲ့ဒါဘယ်သူတွေလဲ..."
လီယွမ်က သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"သစ္စာဖောက်တွေဟာ ရှင်းကျန်းတောင်ပိုင်းဒေသရဲ့ အကြီးမားဆုံးသိုင်းဂိုဏ်း၃ဂိုဏ်းပဲ...အဲ့ဒါတွေက ဖန်းရွယ်ဓားစံအိမ်၊ထျန်းတာအိုချိုင့်ဝှမ်းနဲ့ရှင်းယွဲ့နန်းတော်တို့ဖြစ်ကြတယ်"
ဖေးလော့ချင်က ပြောလိုက်သည်။
လီယွမ်သည် အနည်းငယ်အံ့ဩသွားခဲ့သည်။
"သူတို့ကဘာလို့ နတ်ဆိုးတွေနဲ့ပူးပေါင်းနေရတာလဲ..."
"အဲ့ဒီအဖွဲ့၃ခုဟာ ရှင်းကျန်းတောင်ပိုင်းမှာ အစွမ်းအထက်ဆုံးလို့ယူဆနိုင်ပေမဲ့ တကယ်တမ်းတော့ နန်းတော်ကိုးခုဂူအသိုက်က သူတို့ကိုအမြဲလိုလိုဖိနှိပ်ထားခဲ့တာလေ..."
"သူတို့ကဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ နန်းတော်ကိုးခုဂူအသိုက်ကို ယိမ်းယိုင်စေချင်တာဖြစ်ရမယ်"
"ဒါမှမဟုတ် နတ်ဆိုးတွေက သူတို့ရဲ့မိသားစုတစ်ခုလုံး သုတ်သင်ခံရလောက်တဲ့အထိ အန္တာရယ်ကြီးမားနေတာတောင်မှ လျစ်လျူရှုနိုင်လောက်တဲ့ အကျိုးအမြတ်ပမာဏကို ပေးစွမ်းခဲ့တာဖြစ်နိုင်တယ်"
"ဒါပေမဲ့ နန်းတော်ကိုးခုဂူအသိုက်က သူတို့လာပြီးရန်စတဲ့နေ့ကစပြီး ဘယ်တော့မှ ကျေအေးမပေးတော့ဘူးဆိုတာ သူတို့မေ့နေကြတယ်...ခုဆိုအမှန်တရားတွေ ပေါ်ထွက်လာပြီဆိုတော့ ဒီတိုက်ပွဲကသေတဲ့ထိဆက်သွားလိမ့်မယ်"
ဖေးလော့ချင်၏လေသံက အလွန်ကြမ်းတမ်းနေခဲ့သည်။
"ဒါဆိုရင် နန်းတော်ကိုးခုဂူအသိုက်က လက်စားချေဖို့အတွက် တန်ပြန်တိုက်ခိုက်မှုစတင်ဖို့ စီစဉ်နေပြီလား"
လီယွမ်က မေးမြန်းလိုက်သည်။
ဖေးလော့ချင်က ခေါင်းညိတ်ပြလိုက်သည်။
"နန်းတော်ကိုးခုဂူအသိုက်က ဂိုဏ်းကြီး၃ဂိုဏ်းက အဖွဲ့၀င်တွေအားလုံးကိုသတ်ဖြတ်ပြီးတော့ သူတို့ရဲ့အစီအစဉ်အားလုံးကို ဖျက်ဆီးဖို့အမိန့်ထုတ်ထားတယ်"
"အဓိကဂိုဏ်းကြီး၃ခုလုံး ပျောက်ကွယ်သွားပြီးတော့ သူတို့ရဲ့ဂိုဏ်းသားတစ်ယောက်မှ ဒီကမ္ဘာပေါ်မကျန်ခဲ့တဲ့အချိန်ထိ လုံး၀ရပ်တန့်နေမှာမဟုတ်ဘူး"
ငါတို့က မလုပ်ရင်လည်းမလုပ်ဘူး...ဒါပေမဲ့ တကယ်လုပ်ရင်လည်း တစ်ဖက်ရန်သူကို လုံး၀ညာတာနေမှာမဟုတ်ဘူး...
မင်းတို့ကောင်တွေ အစကတည်းက လာပြီးမနှောင့်ယှက်ရင် ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး...
ဤကိစွသည် နန်းတော်ကိုးခုဂူအသိုက်တစ်ခုလုံးနှင့် သက်ဆိုင်နေသောကြောင့် လီယွမ်က ဤပြဿနာကိုမရှောင်လွဲနိုင်ကြောင်း နားလည်လိုက်သည်။
"အစ်ကိုဖေး...မင်းမှာဘာညွန်ကြားချက်ရှိလဲ"
ဖေးလော့ချင်က လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
"နန်းတော်ကိုးခုဂူအသိုက်ရဲ့ စည်းမျည်းတွေအရဆိုရင် ဂိုဏ်းအဖွဲ့၀င်တစ်ယောက်က ပြင်ပအင်အားစုတစ်ခုရဲ့ သတ်ဖြတ်တာကိုခံလိုက်ရပြီဆိုရင် နန်းတော်ကိုးခုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ န၀မနန်းတော်နဲ့ဂူနန်း၇၂ခုလုံးက ကလဲ့စားချေတဲ့အစီအစဉ်မှာ မဖြစ်မနေပါ၀င်ရလိမ့်မယ်"
"နန်းတော်သခင်အဆင့်ကနေ အောက်ခြေတပည့်ထိ ဘယ်သူမှကင်းလွှတ်ခြင်းမရှိဘူး..."
"ဒီလုပ်ငန်းစဉ်မှာ ပါ၀င်ရတဲ့သူတွေကို မဲနှိုက်သွားမှာဖြစ်တယ်...မဲပေါက်သွားတဲ့သူတွေက တိုက်ခိုက်ရေးအဖွဲ့၀င်တွေအဖြစ် သတ်မှတ်ခံရမယ်...အောင်ပွဲရခဲ့မယ်ဆိုရင်တော့ သူတို့ရဲ့ထောက်ပံ့ကြေးကနှစ်ဆတိုးမှာဖြစ်သလို ဂုဏ်ပြုမှုကိုလည်းရရှိမှာဖြစ်တယ်"
"မင်းတို့သာ ဒီတိုက်ပွဲမှာသေရင် မင်းရဲ့ကျန်ရစ်တဲ့မိသားစုကို ဂိုဏ်းကကြည့်ရှုပေးမှာဖြစ်ပြီး မင်းရဲ့သားစဉ်မြေးဆက်တွေကို နန်းတော်ကိုးခုက ထာ၀ရကာကွယ်ပေးလိမ့်မယ်"
…