အသက်နှင့်သေခြင်းတို့ကြား ရွေးချယ်မှု
Vol. 3 Ch. 39
လီယွမ်သည် ကျိုးကုန်းတောင်တန်း၌မွေးဖွားသူမဟုတ်သော်လည်း ကျိုးကုန်းတောင်တန်း၏ဓလေ့ထုံးတမ်းကို နားလည်ထားသည်။
ကျိုးကုန်းဂူအသိုက်အား မျိုးရိုးအမည်ချီဟုခေါ်သော လူတစ်ယောက်မှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ချီမိသားစုသည် ကျိုးကုန်းတောင်တန်းရှိလှိုဏ်ဂူများအတွင်း မျိုးဆက်ပေါင်းများစွာနေထိုင်လာခဲ့ရာ သူတို့မျိုးနွယ်စု၏ အယူအဆများနှင့် အတွေးအခေါ်များက အလွန်အရေးပါလာခဲ့သည်။
ထိုသို့သောပတ်၀န်းကျင်တွင် မိသားစုတစ်ခုတည်းမှ ဆင်းသက်လာသော ကျိုးကုန်းဂူအသိုက်၏ နဂိုအဖွဲ့၀င်များကြား ဖော်ပြမရနိုင်သော သွေးချင်းဆက်မှုတို့ရှိကြသည်။
သူတို့သည် သူတို့မျိုးနွယ်အတွက် ပေးဆပ်ရသည်ကို ဂုဏ်ယူကြသည်။
ယင်းအတွက်ကြောင့် ကျိုးကုန်းဂူအသိုက်သည် နှစ်ပေါင်းထောင်ချီကြာရပ်တည်နိုင်ခဲ့ကာ မင်းဆက်များစွာပြိုလဲပျက်စီးမှုဒဏ်ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။သူတို့သည် မယိမ်းယိုင်သောစိတ်သဘောထားနှင့် အားကောင်းသောခံယူချက်တို့ကြောင့် ဤကမ္ဘာပေါ်၌ ခိုင်မြဲစွာရပ်တည်နိုင်ခြင်းဖြစ်သည်။
ယခင်က လီယွမ်သည် ထိုကိစ္စနှင့်ပတ်သက်၍ လေးလေးနက်နက်မခံစားဖူးပေ။
သို့သော်လည်း ထိုသို့စည်းလုံးညီညွတ်သော အဖွဲ့အစည်းတစ်ခု၏ စိတ်ဆန္ဒသည် မည်မျှထိပြင်းထန်အားကောင်းလှကြောင်းကို ယခုလိုတိုက်ပွဲ၀င်ရန် ဆုံးဖြတ်လိုက်ချိန်မှသာ မည်မျှထိထိတ်လန့်စရာကောင်းကြောင်း နားလည်လာခဲ့သည်။
ဖေးလော့ချင်က ပြုံး၍ပြောလိုက်သည်။
"မင်းနဲ့ငါနှစ်ယောက်လုံးက တခြားမျိုးနွယ်စုတွေကလာကြတာပဲ...စည်းမျဉ်းတွေအရဆိုရင် ဂူသခင်မျိုးနွယ်စုထဲကနေပြီး ပါ၀င်ဖို့ဆန္ဒရှိတဲ့သူမလုံလောက်ရင် မင်းနဲ့ငါက မဲနှိုက်ရလိမ့်မယ်"
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။သူသည် လုံး၀သွေးအေးသူတစ်ယောက်မဟုတ်ပေ။သူသည် အမှတ်၁၂ဂူနန်းမှ အကျိုးကျေးဇူးများရရှိခဲ့၍ သူ့ဘက်ကလည်းပြန်၍ပေးဆပ်ရမည်ဖြစ်သည်။
ယခုလို၀င်ပါရမည့်အချိန်မျိုးတွင် သူကတွန့်ဆုတ်နေမည်မဟုတ်ပေ။
"မဲနှိုက်တဲ့အစီအစဉ်ကို မနက်ဖြန်ပုရှီခန်းမမှာကျင်းပသွားမှာဖြစ်တယ်...ရှောင်ကျောက်ကိုရော မင်းနဲ့အတူခေါ်သွားလိုက်"
ဖေးလော့ချင်က သတိပေးလိုက်သည်။
…
နောက်တစ်နေ့တွင်...
လီယွမ်နှင့်၀မ်ကျောက်ကျောက်တို့၂ယောက်လုံး စောစောနိုးထလာကြသည်။
ယခုတစ်ကြိမ်သည် လီယွမ်အတွက် စန်းဂူမျှော်စင်မှနေ၍ ဒုတိယအကြိမ်ထွက်ခွာလာခြင်းဖြစ်သည်။ပထမတစ်ကြိမ်က လူအိုကြီး၀မ်သေဆုံးသည့်အချိန်ကဖြစ်ပြီး ယခုတစ်ကြိမ်သည်ကား နတ်ဆိုးများနှင့်သစွာဖောက်များ၏လက်ချက်ကြောင့် ကြေကွဲဖွယ်သေဆုံးသွားရသော ကျိုးကုန်းဂူအသိုက်၏ အဖွဲ့၀င်များအတွက်ဖြစ်သည်။
ပုရှီခန်းမတည်ရှိရာ တောင်ကုန်းပေါ်သို့ရောက်ချိန်တွင် ခန်းမတစ်ခုလုံးက လူများဖြင့်ပြည့်ကျပ်နေခဲ့သည်။လီယွမ်က ထိုလူအုပ်ကြားတွင် တိတ်တဆိတ်ရပ်နေခဲ့သည်။
အမှတ်၁၂ဂူနန်းရှိ တပည့်အများစုက လီယွမ်အားမရင်းနှီးကြပေ။သူတို့အတွက် ဂူကောင်များကို တောင်းခံရန်အတွက် စန်းဂူမျှော်စင်သို့ မကြာမကြာလာရောက်တတ်ကြသည့် တပည့်အနည်းငယ်ကသာ လီယွမ်အားသိကြပေသည်။
မကြာမှီဖေးလော့ချင် ပေါ်ထွက်လာကာ မဲနှိုက်ရန်အခမ်းအနားကို ကိုယ်တိုင်ဦးဆောင်မှုပြုလုပ်ခဲ့သည်။
"အမှတ်၁၂ဂူနန်းက တပည့်တွေအားလုံး ငါတို့ရဲ့ကျရှုံးသွားခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေကို ဂုဏ်ပြုပေးဖို့ ပုရှီခန်းမကို လာရောက်ပေးတဲ့အတွက် အကုန်လုံးကို ကျေးဇူးတင်ပါတယ်"
ဖေးလော့ချင်သည် ၀မ်းနည်းခြင်းအမှတ်သင်္ကေတအရ အဖြူရောင်အ၀တ်အစားများအား ၀တ်ဆင်ထားခဲ့ကာ ပုရှီခန်းမသို့ရောက်ရှိနေသော တပည့်များကို ဦးညွတ်လိုက်သည်။
"ဒီနေ့မင်းတို့နှိုက်ရမဲ့ မဲကနှစ်ခုရှိတယ်"
"အသက်မဲကိုနှိုက်မိတဲ့သူတွေက ဂူအသိုက်မှာပဲဆက်နေရလိမ့်မယ်...သေခြင်းမဲကိုနှိုက်မိတဲ့သူတွေကတော့ ဂူအသိုက်ကနေထွက်ခွာသွားပြီးတော့ ငါတို့ရဲ့ကျရှုံးသွားခဲ့ရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် တိုက်ခိုက်လက်စားချေပေးရမယ်...သူရဲကောင်းဆန်စွာကျရှုံးခဲ့ရတဲ့ သူတို့ရဲ့ဝိညာဉ်တွေကို ရန်သူ့သွေးနဲ့ပူဇော်ကြရမယ်"
"ခုချိန်ကစပြီးတော့ ခန်းမတစ်ခုစီတိုင်းရဲ့ အကြီးအကဲတွေ တာ၀န်ခံတွေကရှေ့ဆုံးကဦးဆောင်ရမယ်...ပြီးတော့သူတို့ရဲ့အဖွဲ့၀င်တွေက အစဉ်လိုက်မဲနှိုက်ကြရမယ်"
"ပထမဆုံးကတော့ စစ်ပွဲအုပ်ချုပ်မှုခန်းမ"
အမှတ်၁၂ဂူနန်း၏ အဓိကတိုက်ပွဲခန်းမဖြစ်သည့်အလျှောက် ထိုလူများက ဤမဲနှိုက်ပွဲအားဦးဆောင်ရသည်မှာ မထူးဆန်းလှပေ။
လူတိုင်းစိတ်ရှုပ်ထွေးနေကြချိန်တွင် စစ်ပွဲအုပ်ချုပ်ရေးခန်းမ၏ ခေါင်းဆောင်က စတင်မဲနှိုက်လိုက်သည်။ထို့နောက်သူသည် သေတ္တာထဲမှ စာလိပ်တစ်ခုအားရွေးထုတ်ကာ ဖေးလော့ချင်အား ပေးလိုက်သည်။
"ချီဟွမ်...သေခြင်းမဲလိပ်"
ဖေးလော့ချင်က ကျယ်လောင်စွာအော်ပြောလိုက်သည်။
"ဟားဟား...ငါကမရှောင်နိုင်ခဲ့ဘူးပဲ"
ချီဟွမ်က ရလဒ်အားဂရုမစိုက်သကဲ့သို့ ကျယ်လောင်စွာရယ်မောလိုက်သည်။
ထို့နောက်တွင် လက်ထောက်ခေါင်းဆောင်၃ယောက်က တစ်ယောက်ပြီးတစ်ယောက်ရှေ့ထွက်လာခဲ့သည်။ထိုလက်ထောက်ခေါင်းဆောင်၃ယောက်အနက် ၂ယောက်ကသေခြင်းမဲကိုရွေးချယ်မိကာ ကျန်၁ယောက်က အသက်မဲကိုရွေးချယ်မိသည်။အသက်မဲကိုရွေးမိသူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိလိုက်သည်။
နာရီ၀က်ခန့်ကြာပြီးနောက် စစ်ပွဲအုပ်ချုပ်ရေးခန်းမမှ လူ၃၀၀လုံး မဲနှိုက်ပြီးသွားကြသည်။
သူတို့အားလုံးသည် သေခြင်းမဲလိပ်၁၀၀နှင့်အသက်မဲလိပ်၂၀၀ကို ရရှိခဲ့ကြသည်။
မဲနှိုက်မှုအဆုံးသတ်သွားပြီးနောက် စစ်ပွဲအုပ်ချုပ်ရေးခန်းမမှ လူများကအနောက်သို့ရောက်လာကြသည်။ထိုအထဲမှတစ်ယောက်က လီယွမ်အားလာရောက်နှုတ်ဆက်ခဲ့သည်။
"လီယွမ်...မတွေ့ရတာတောင်ကြာပြီ"
လီယွမ်က ထိုလူအားလှည့်ကြည့်ကာ အသိအမှတ်ပြုလိုက်သည်။
"ချီလင်း...မတွေ့ရတာအတော်ကြာပြီ..."
သူကျိုးကုန်းတောင်တန်းသို့ ပထမဆုံးအကြိမ်ရောက်ရှိချိန်က သူ့အားဂူသခင်စမ်းသပ်မှု၌ ပါ၀င်နိုင်အောင်လုပ်ဆောင်ပေးခဲ့သူမှာ ချီလင်းပင်ဖြစ်သည်။ထိုအချိန်ကချီလင်းသည် သူ၏အမြင်တွင်လျှို့ဝှက်ဆန်းကြယ်နေသော်လည်း ယခုအခါသူကအလယ်အလတ်အဆင့်လောက်သာ ရှိတော့သည်။
"မရဏမဲကို ငါရခဲ့တယ်...မင်းကံကောင်းဖို့ ငါဆုတောင်းပေးမယ်"
ချီလင်းက ပေါ့ပေါ့တန်တန်ပြောလိုက်သည်။
"ငါ့အတွက် ဘာရရကိစ္စမရှိဘူး"
လီယွမ်က မထူးခြားဟန်ဖြင့် ပြောလိုက်သည်။
"မင်းခုချိန်ထိ စန်းဂူမျှော်စင်မှာပဲ ဆက်ရှိနေတုံးလား..."
ချီလင်းက ထပ်မေးလိုက်သည်။
"ဟုတ်တယ်..."
လီယွမ်က ခေါင်းညိတ်ပြလိုက်သည်။
ချီလင်းက ပြုံး၍ပြောလိုက်သည်။
"မင်းက အထီးကျန်မှုကို ခံနိုင်ရည်ရှိပုံရတယ်...မင်းရဲ့ခန္ဓာကိုယ်က သွေးချီစွမ်းအင်တွေနဲ့ပြည့်နှက်နေတာပဲ...ခုချိန်ထိမင်းရဲ့ပင်မဂူကောင်ကို အစားမထိုးသေးဘူးလား...မင်းကတတိယအဆင့်ဂူသခင်ဖြစ်နေပြီမဟုတ်လား..."
"ချီနဲ့သွေးဂူကောင်က ငါ့အတွက်အတော်အဆင်ပြေပါတယ်..."
လီယွမ်က ပြုံး၍ရေရွတ်လိုက်သည်။ယခုအချိန်တွင် အရာအားလုံးပြောင်းလဲသွားခဲ့ပြီဖြစ်ကာ လူသားများကအချိန်နှင့်အမျှပြောင်းလဲနေခဲ့ပြီး ဘ၀၏ပျက်စီးယိုယွင်းမှုများကို လီယွမ်ကရုတ်တရက်ခံစားမိလိုက်သည်။
ခဏကြာ စကားစမြည်ပြောပြီးနောက် ချီလင်းသည် စစ်ပွဲအုပ်ချုပ်ရေးခန်းမရှိရာသို့ပြန်လည်ထွက်ခွာသွားခဲ့သည်။သူနှုတ်ဆက်စကားပြောချိန်တွင် လီယွမ်ကသူ့အတွက် ကံကောင်းစေရန် ဆုတောင်းပေးခဲ့သည်။
ဤသို့ဖြင့် မဲနှိုက်ခြင်းအခမ်းအနားကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ခန်းမတစ်ခုစီတိုင်းသည် မရဏမဲလိပ်၃၀ရာခိုင်နှုန်းနှင့် အသက်မဲလိပ်၇၀ရာခိုင်နှုန်းစီကို ရရှိခဲ့ကြသည်။
"နောက်တစ်ခု...စန်းဂူမျှော်စင်"
အချိန်အတော်ကြာပြီးနောက် အဆုံးသတ်၌ လီယွမ်တို့အလှည့်ကျရောက်လာခဲ့သည်။
အခြားသောခန်းမများနှင့်ယှဉ်ပါက စန်းဂူမျှော်စင်၌ လီယွမ်နှင့်၀မ်ကျောက်ကျောက်သာရှိ၍ အလွန်ပင်အားငယ်စရာကောင်းလှပေသည်။
လီယွမ်သည် သစ်သားသေတ္တာအနားတိုးကပ်သွားကာ သေတ္တာထဲမှမဲလိပ်အား ပေါ့ပေါ့ပါးပါးဆွဲထုတ်လိုက်သည်။
၀မ်ကျောက်ကျောက်သည်ကား အလွန်စိုးရိမ်နေခဲ့ကာ ကြောက်ရွှံနေသောအမူအရာဖြင့် လီယွမ်၏နောက်မှစောင့်နေခဲ့သည်။
"လီယွမ်...အသက်မဲ"
ဖေးလော့ချင်က အော်ဟစ်ကြေငြာလိုက်သည်။
ထိုသို့ကြေငြာပြီးနောက် ပုရှီခန်းမ၏အကြီးအကဲက အမှတ်၁၂ဂူနန်း၏စာရင်းတွင် မှတ်တမ်းတင်ထားလိုက်သည်။
ထို့နောက် ၀မ်ကျောက်ကျောက်၏အလှည့်ဖြစ်သည်။သူမသည် သစ်သားသေတ္တာထဲမှနေ၍ မဲလိပ်ကိုနှိုက်ထုတ်လိုက်ကာ ဖေးလော့ချင်အားပေးလိုက်ချိန်၌ သူမ၏လက်များက အနည်းငယ်တုန်ယင်နေခဲ့သည်။
"၀မ်ကျောက်ကျောက်...မရဏမဲ..."
"မရဏမဲလား..."
၀မ်ကျောက်ကျောက်က ညဉ်းညူမိလိုက်သည်။သူမသည် မရဏမဲကျရောက်သည်ကို မကြောက်လန့်ပေ။သို့သော် မရဏမဲရရှိသောကြောင့် သူမသည် အစ်ကိုကြီးယွမ်နှင့်အချိန်အတော်ကြာခွဲရတော့မည်ဖြစ်သည်။
သူမသည် အမှန်ပင်၀မ်းနည်းပူဆွေးသွားခဲ့ရသည်။သူမသည်လည်း တောင်ပေါ်ရောက်ကတည်းက ဝါးတောထဲမှနေ၍ တစ်ခါမှထွက်မသွားဖူးပေ။သူမသည် စန်းဂူမျှော်စင်ထဲ၌ လီယွမ်နှင့်သာအမြဲအချိန်ကုန်ဆုံးခဲ့သည်။
ယနေ့ သူမတို့ရုတ်တရက်ခွဲခွာရတော့မည်ကို သိရှိလိုက်ရ၍ သူမအနည်းငယ်၀န်လေးနေမိသည်။ထိုအရာသည် ကောင်းမွန်သောခံစားချက်မဟုတ်ပေ။
"အဆင်ပြေသွားမှာပါ...ရှောင်ကျောက်"
လီယွမ်က ၀မ်ကျောက်ကျောက်၏နောက်ကျောကို ညင်သာစွာပွတ်သပ်လိုက်သည်။
"အပြင်စည်းရဲ့ဂူနန်း၇၂ခုက ဆောင်ရွက်ရမယ့်မစ်ရှင်တွေက အရမ်းမရှုပ်ထွေးပါဘူး...ငါတို့ရဲ့အဓိကတိုက်ခိုက်ရမယ့်နေရာတွေက ဂိုဏ်းကြီး၃ဂိုဏ်းရဲ့ အမျိုးမျိုးသောစီးပွားရေးလုပ်ငန်းတွေနဲ့ဆက်စပ်အင်အားစုတွေပဲ...မင်းရဲ့ခွန်အားနဲ့ဆို အလွယ်တကူကိုင်တွယ်နိုင်မှာပါ..."
"ဟုတ်ကဲ့..."
၀မ်ကျောက်ကျောက်က ခေါင်းညိတ်ပြလိုက်သည်။
"ငါအမြန်ဆုံးပြန်လာခဲ့မယ် အစ်ကိုကြီးယွမ်...တကယ်လို့ အစ်ကိုကြီးယွမ်က အ၀တ်ေလျှာ်ဟင်းချက်ဖို့ လူလိုတယ်ဆိုရင် ဝါးတောထဲရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကို အကူအညီတောင်းလိုက်လို့ရတယ်"
သူမသည် အချိန်အတော်ကြာအောင် လီယွမ်နှင့်အတူနေခဲ့၍ လီယွမ်၏ဆွဲဆောင်နိင်စွမ်းကို မသိရှိဘဲမနေပေ။
စန်းဂူမျှော်စင်သို့ ဂူကောင်များအားရယူရန်အတွက် ရောက်လာကြသော စီနီယာအစ်မတိုင်းလိုလိုပင် လီယွမ်အားပရောပရည်လုပ်ခဲ့ကြသော်လည်း အစ်ကိုကြီးယွမ်က ဂူကောင်ပေါင်းစပ်ရေးကိုသာ အလွန်စွဲလမ်းနေသောကြောင့် သူမတို့ကိုဂရုစိုက်ခြင်းမရှိခဲ့ပေ။
ငါထွက်သွားခဲ့ရင်...
အစ်ကိုကြီးယွမ်က ငါ့နေရာမှာတခြားတစ်ယောက် အစားသွင်းမှာလား...မဖြစ်နိုင်ဘူး ငါကအစ်ကိုကြီးယွမ်ဘေးနားမှာ တစ်နှစ်ပတ်လုံး အတူနေရမယ့်သူပဲ
ထိုအကြောင်းကိုတွေးရင်း သူမကအနည်းငယ်စိတ်မကျေမနပ်ဖြစ်သွားခဲ့သည်။
လီယွမ်၏ပါးစပ်ထောင့်စွန်းက အနည်းငယ်ကော့တက်သွားခဲ့သည်။သူသည် ရှောင်ကျောက်၏စိတ်ထဲ၌ မည်သို့ဖြစ်နေသည်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်ပေသည်။ထိုကောင်မလေး၏စကားထဲ၌ပါ၀င်နေသော မကျေနပ်မှုများက နှလုံးသားကိုပင်ပြည့်လျှံစေတော့မည်ဖြစ်သည်။
"ဟ..ဟ...သူကတခြားကောင်မလေးတွေကိုပါ တောင်ပေါ်ခေါ်ခိုင်းတာပဲ"
လီယွမ်က ၀မ်ကျောက်ကျောက်ကိုကြည့်ရင်း ပြုံး၍ပြောလိုက်သည်။
"သူများတွေချက်တဲ့ဟင်းက ငါကြိုက်တဲ့အရသာမျိုးမဟုတ်ဘူး...ဒီမှာသူစိမ်းတွေအများကြီးရှိတယ်....မင်းစောစောလေးပြန်လာသင့်တယ်"
"ကောင်းပါပြီ"
၀မ်ကျောက်ကျောက်က အလွန်၀မ်းသာသွားခဲ့သည်။လီယွမ်၏ပါးစပ်မှနေ၍ ယခုလိုကြည်နူးဖွယ်စကားများကို ထုတ်ပြောသည်မှာ အလွန်ရှားပါးလှပေသည်။
လီယွမ်သည် စန်းဂူမျှော်စင်သို့ရောက်သည်နှင့် ၀မ်ကျောက်ကျောက်အကြောင်းတွေးမိလိုက်ကာ မိမိကိုယ်ကိုခုခံကာကွယ်နိုင်စွမ်းမြင့်အောင် နည်းလမ်းတစ်ချို့အား ပြင်ဆင်ပေးခဲ့သည်။၀မ်ကျောက်ကျောက်သည် အတော်လေးသန်မာသော်လည်း လက်တွေ့ကျကျ အတွေ့အကြုံမရှိသေးရာ ကျရှုံးနိုင်ခြေရှိပေသည်။
"ရှောင်ကျောက်...ငါမင်းကိုလက်ဆောင်တစ်ခုပေးမယ်"
"ဘာလက်ဆောင်လဲ"
အတွေးထဲနစ်မြောနေသော ၀မ်ကျောက်ကျောက်က ရုတ်တရက်မေးလိုက်သည်။
"အဲ့ဒါတော့ လျှို့ဝှက်ချက်ပဲ"
လီယွမ်သည် ထိုကောင်မလေးအား ပေးမည့်လက်ဆောင်အဖြစ် ဂူကောင်အချို့ကိုသာ သန့်စင်နိုင်မည်ဖြစ်သည်။
…
ညနေစောင်း၌...
လီယွမ်သည် ဝါးတောထဲသို့ပြန်ရောက်လာပြီးနောက် စန်းဂူမျှော်စင်တွင်းသို့ ချက်ချင်း၀င်ရောက်သွားခဲ့ကာ ၀မ်ကျောက်ကျောက်အတွက် အရည်အသွေး မြင့်မားသော ဂူကောင်အချို့အားစတင်သန့်စင်ခဲ့သည်။
အိပ်ဆောင်အတွင်း၌...
၀မ်ကျောက်ကျောက်သည် မှန်တင်ခုံရှေ့၌ထိုင်ကာ သူမ၏မျက်လုံးကိုရစ်ပတ်ထားသော အနက်ရောင်ဖဲပြားကိုဖယ်ထုတ်လိုက်သည်။ထို့နောက်ဗီရိုအတွင်း ဂရုတစိုက်ဝှက်ထားသော သစ်သားသေတ္တာငယ်အား ထုတ်ယူလိုက်သည်။
သေတ္တာထဲတွင် မည်သည့်အထူးအဆန်းအရာမျိုးမှမရှိပေ။ထိုအရာက အမျိုးသမီးတိုင်းသုံးကြသည့် အနီရောင်မျက်နှာချေမှုန့်သာဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူမသည် အစ်ကိုကြီးယွမ်ပေးလာမည့်လက်ဆောင်ကို အကောင်းဆုံးအနေအထားဖြင့် လက်ခံရယူရန် စိတ်ကူးထားပေသည်။